29/05/2026
ကျွန်တော်တို့တွေ ဘဝမှာ ဆုံးဖြတ်ချက်တွေချတဲ့အခါ အသစ်တွေထပ်ပေါင်းထည့်နေမယ့်အစား မလိုအပ်တာတွေကို ဖယ်ထုတ်ပစ်လိုက်တာက ပိုကောင်းတဲ့ရလဒ်ကိုရစေတယ်ဆိုတာ သိပါသလား။
ဒီသဘောတရားကို Via Negativa လို့ခေါ်ပါတယ်။ သူက ပြဿနာတစ်ခုကို ဖြေရှင်းတဲ့အခါ အဖြေအသစ်တွေ လိုက်ရှာနေတာမျိုး မဟုတ်ပါဘူး။ ကိုယ့်ကို နှောင့်နှေးစေတဲ့အရာတွေ ရှုပ်ထွေးစေတဲ့အရာတွေကို ဖယ်ထုတ်ပစ်လိုက်တဲ့ နည်းလမ်းဖြစ်ပါတယ်။
ဥပမာအနေနဲ့ Content Creator တစ်ယောက် Video Editing လုပ်တဲ့အချိန်ကို စဉ်းစားကြည့်ပါ။ ပိုမိုက်သွားအောင်ဆိုပြီး effect တွေ အရောင်တွေ အများကြီးထည့်လိုက်ရင် ဗီဒီယိုက ရှုပ်သွားတတ်ပါတယ်။ တကယ်တော့ မလိုအပ်တဲ့ အပိုင်းတွေကို ဖြတ်ထုတ်လိုက်မှသာ ကြည့်ရတာ ရှင်းလင်းပြီး လူကြိုက်များတဲ့ ဗီဒီယိုတစ်ခု ဖြစ်လာတာပါ။ ဒီသဘောတရားပါပဲ။
ကျွန်တော်တို့ နေ့စဉ်ဘဝမှာ ဆုံးဖြတ်ချက်တွေ အများကြီးချရပါတယ်။ အလုပ်ထဲမှာရော Facebook ပေါ်မှာရော ရွေးချယ်စရာတွေ အချက်အလက်တွေက အရမ်းများပါတယ်။ အဲ့ဒီအခါ ဦးနှောက်က ပင်ပန်းလာပြီး မှားယွင်းတဲ့ ဆုံးဖြတ်ချက်တွေ ချမိတတ်ပါတယ်။
ဒါကို ဖြေရှင်းဖို့ Via Negativa ကို သုံးလို့ရပါတယ်။ ရွေးချယ်စရာတွေ အများကြီးထဲက အကောင်းဆုံးကို လိုက်စဉ်းစားမယ့်အစား ကိုယ်မလုပ်ချင်တာတွေ မလိုအပ်တာတွေကို အရင်ဆုံး ရှင်းထုတ်လိုက်ပါ။ ရွေးချယ်စရာ နည်းသွားတဲ့အခါ ခေါင်းရှုပ်သက်သာသွားပြီး ပိုမှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို မြန်မြန်ဆန်ဆန် ချနိုင်ပါလိမ့်မယ်။
လုပ်ငန်းခွင်မှာဖြစ်ဖြစ် AI သုံးပြီး အလုပ်လုပ်တဲ့အခါမှာဖြစ်ဖြစ် အတူတူပါပဲ။ အသစ်တွေ အများကြီး ထပ်ထည့်နေတာထက် မလိုအပ်တဲ့ အဆင့်တွေကို လျှော့ချလိုက်တာက အလုပ်ပိုတွင်စေပါတယ်။ ကိုယ့်ရဲ့ အချိန်တွေ စွမ်းအင်တွေကို တကယ်အရေးကြီးတဲ့ နေရာမှာပဲ အပြည့်အဝ အာရုံစိုက်လို့ရသွားတာပေါ့။
ဒါကြောင့် နောက်တစ်ခါ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တစ်ခု ချရတော့မယ်ဆိုရင် ဘာတွေထပ်လုပ်ရမလဲ ဆိုတာထက် ဘာတွေကို ဖယ်ထုတ်ပစ်ရမလဲ ဆိုတာကို အရင်စဉ်းစားကြည့်ပါ။ မလိုအပ်တာတွေ ကင်းရှင်းသွားရင် အကောင်းဆုံး ဆုံးဖြတ်ချက်ဆိုတာ အလိုလို ပေါ်လာပါလိမ့်မယ်။
Kyi Soe Win's VLOG
နောက်ထပ်လဲ စိတ်ဝင်စားစရာအကြောင်းအရာတွေ တင်ဆက်ပေးဉီးမှာဖြစ်လို့
Like & Share လုပ်ထားပါဗျ