03/10/2025
ကျောက်ကပ် ရောင်းပြီး iPhone ဝယ်ခဲ့တဲ့ သူ ငယ်ငယ်ရွယ်ရွယ်ပဲ မသန်စွမ်း ဖြစ်သွား
တကယ်တော့ အဲဒီအချိန်က သူ့အတွက် iPhone 4 တစ်လုံး ပိုင်ဆိုင်ရခြင်းက အရာအားလုံးထက် ပိုအရေးကြီးခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်စုနှစ်တစ်ခုကျော်ကြာပြီးနောက်မှာတော့ အသက် ၁၇ နှစ်အရွယ်က ပြုလုပ်ခဲ့တဲ့ ဆုံးဖြတ်ချက်မှားတစ်ခုအတွက် သူဟာ တစ်ဘဝလုံးရဲ့ ကျန်းမာရေးကိုရင်းပြီး ပြန်ပေးဆပ်နေရပါတယ်။ အခု အသက် ၃၁ နှစ်အရွယ်မှာတော့ သူဟာ အလုပ်မလုပ်နိုင်တော့တဲ့ မသန်စွမ်းတစ်ယောက်အဖြစ် ကျောက်ကပ်ဆေးရင်း ဘဝကို ဖြတ်သန်းနေရပါပြီ။
၂၀၁၀ ခုနှစ်တုန်းက Apple ရဲ့ iPhone 4 ဟာ တရုတ်နိုင်ငံက ဆယ်ကျော်သက်တွေကြားမှာတော့ တော်တော်နာမည်ကြီးခဲ့ပါတယ်။ Anhui ပြည်နယ်က ဆင်းရဲတဲ့ မိသားစုမှာ ကြီးပြင်းခဲ့တဲ့ Wang Shangkun ဆိုတဲ့ ၁၇ နှစ်အရွယ် လူငယ်လေးဟာလည်း သူငယ်ချင်းတွေကြားမှာ မျက်နှာမငယ်ရဖို့ iPhone 4 တစ်လုံးကို အရူးအမူး လိုချင်ခဲ့ပါတယ်။
ဒါပေမဲ့ သူ့မိသားစုရဲ့ စီးပွားရေးအခြေအနေအရ အဲဒီဖုန်းကို ဝယ်ဖို့ဆိုတာ အိပ်မက်တောင် မမက်နိုင်ခဲ့ပါဘူး။ အွန်လိုင်းပေါ်မှာ ဟိုကြည့်ဒီကြည့်လုပ်ရင်းနဲ့ သူ့ဘဝကို တစ်ဆစ်ချိုး ပြောင်းလဲသွားစေမယ့် ကြော်ငြာတစ်ခုကို သူတွေ့ရှိခဲ့ပါတယ် — အဲဒါကတော့ ကျောက်ကပ်ရောင်းချင်သူတွေအတွက် အဆက်အသွယ်တစ်ခုပါပဲ။ Wang ဟာ မိသားစုကို အသိမပေးဘဲ လူမှောင်ခိုအဖွဲ့ကို ကိုယ်တိုင်ဆက်သွယ်ခဲ့ပြီး သူ့ရဲ့ ညာဘက်ကျောက်ကပ်ကို ယွမ် ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၃,၀၀၀ ဝန်းကျင်) နဲ့ ရောင်းချဖို့ သဘောတူခဲ့ပါတယ်။
ခွဲစိတ်မှုပြီးသွားတဲ့အခါ Wang ဟာ သူရလာတဲ့ ပိုက်ဆံတွေနဲ့ iPhone 4 တစ်လုံးနဲ့ iPad 2 တစ်လုံးကို ဝယ်ယူပြီး အိမ်ကို ဂုဏ်ယူစွာနဲ့ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ဈေးကြီးတဲ့ ပစ္စည်းတွေ ရုတ်တရက် ဝယ်လာနိုင်တဲ့ သူ့သားကို မိခင်ဖြစ်သူက သံသယဝင်ပြီး မေးမြန်းတဲ့အခါမှာတော့ အမှန်တိုင်း ဖွင့်ပြောခဲ့ရပါတယ်။ သူ့အမေအတွက်တော့ ကမ္ဘာပျက်သလိုပါပဲ။
ပိုဆိုးတာက Wang ခွဲစိတ်ခဲ့တဲ့နေရာဟာ တရားမဝင်ဖြစ်ပြီး သန့်ရှင်းမှုမရှိတဲ့အတွက် သူ့ရဲ့ခွဲစိတ်ဒဏ်ရာကနေ ပြင်းထန်တဲ့ ပိုးဝင်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက်ဆက်တွဲအနေနဲ့ ကျန်ရှိနေတဲ့ သူ့ရဲ့ ဘယ်ဘက်ကျောက်ကပ်ကပါ ကောင်းကောင်းအလုပ်မလုပ်နိုင်တော့ပါဘူး။ နောက်ပိုင်းမှာ အာဏာပိုင်တွေက အဲဒီမှောင်ခိုဂိုဏ်းကို ဖမ်းဆီးပြီး သူ့မိသားစုကို လျော်ကြေးငွေ ယွမ် ၁.၄၈ သန်းကျော် ပေးဖို့ အမိန့်ချခဲ့ပါတယ်။ ဒါပေမယ့် Wang ရဲ့ ကျန်းမာရေးကတော့ ပြန်မကောင်းလာခဲ့ပါဘူး။
အခုဆိုရင် Wang ဟာ ကျောက်ကပ်ရဲ့ လုပ်ဆောင်နိုင်စွမ်း ၇၅% ဆုံးရှုံးသွားပြီး အဆင့် ၃ မသန်စွမ်းတစ်ယောက်အဖြစ် သတ်မှတ်ခံထားရကာ ဘယ်လိုအလုပ်မျိုးမှ မလုပ်နိုင်တော့ပါဘူး။ "သူများတွေထက် မနိမ့်ကျချင်တဲ့စိတ်ကြောင့်ပါ" လို့ သူက ဝန်ခံခဲ့ပြီး ဒါဟာ သူ့ဘဝရဲ့ "အကြီးမားဆုံး နောင်တ" ဖြစ်တယ်လို့ ဆိုပါတယ်။
Ref : Thethaiger cD