23/12/2025
ထိုင်းမှာမြန်မာ ၅,၀၀၀ နီးပါး အပါအဝင် နိုင်ငံခြားသား ၁၂,၀၀၀ ကျော် ဖမ်းဆီးခံရ
MMV - December 23
ထိုင်းနိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို နှိမ်နင်းဖို့အတွက် "Operation Bad Guys Out" ဆိုတဲ့ စစ်ဆင်ရေးကြီးကို ထိုင်းရဲတပ်ဖွဲ့က တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အရှိန်အဟုန်မြှင့် လုပ်ဆောင်နေတယ်လို့ ထိုင်းသတင်းတွေကဖော်ပြပါတယ်။
ဖမ်းဆီးရမိမှု အခြေအနေ
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ (၂၀ ရက်အတွင်း) စစ်ဆင်ရေးကာလမှာ သံသယရှိသူ စုစုပေါင်း ၁၂,၂၀၇ ဦး ကို ဖမ်းဆီးခဲ့ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံသားက ၄,၉၂၂ ဦး နဲ့ အများဆုံးပါဝင်နေပြီး ကမ္ဘောဒီးယား၊ လာအို၊ ဗီယက်နမ်၊ တရုတ်နဲ့ အခြားနိုင်ငံသားတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ စုစုပေါင်း အမှုပေါင်း ၁၂,၈၃၂ မှုအထိ တရားစွဲဆိုထားပါတယ်။
ဘယ်လိုနေရာတွေကို ပစ်မှတ်ထားသလဲ?
လဝက ရဲတပ်ဖွဲ့ဟာ "ပုန်းအောင်းနေသူတွေကို ရှာဖွေခြင်း" ဆိုတဲ့ နည်းဗျူဟာနဲ့အတူ စက်ရုံများနဲ့ အလုပ်သမားစခန်းများ ၊ နေရပ်လိပ်စာ တိုင်ကြားဖို့ ပျက်ကွက်သူများ ၊အလုပ်ရှင်အမည် မတူညီသူများ
အထောက်အထား မစုံလင်သူများ၊ အထူးသဖြင့် ချွန်ဘူရီခရိုင် (ပတ္တရား၊ ဘန်လာမွန်) ဒေသတွေမှာ စစ်ဆေးမှုတွေ ပြင်းထန်နေပြီး မြန်မာလုပ်သား အများအပြား ထပ်မံဖမ်းဆီးခံနေရပါတယ်။
ဘယ်လိုအမှုတွေနဲ့ အရေးယူနေတာလဲ?
ဖမ်းဆီးခံရသူတွေကို အောက်ပါအမှုတွေနဲ့ တရားစွဲဆိုနေတာဖြစ်ပါတယ်။ တရားမဝင် ဝင်ရောက်မှု နှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်မှု (Overstay) ၊ လဝက အက်ဥပဒေ ပုဒ်မ ၃၇ နှင့် ၃၈ (နေရပ်လိပ်စာ အကြောင်းကြားရန် ပျက်ကွက်မှု) ၊ အလုပ်သမားဥပဒေ ချိုးဖောက်ခြင်း (အလုပ်ရှင်၊ အလုပ်အကိုင် မတူညီခြင်း) ၊ မူးယစ်ဆေးဝါးနှင့် အခြားရာဇဝတ်မှုများဖြစ်ပါတယ်။
ထိုင်းရဲတပ်ဖွဲ့၏ သတိပေးချက်
ထိုင်းဒုတိယရဲချုပ် Samran Nualma က အရှိန်အဟုန်မြှင့် စစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ပြီး ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိပါက ဖမ်းဆီးအရေးယူမည့်အပြင် ပြည်နှင်ဒဏ်ပါ ပေးသွားမယ် လို့ အပြတ်အသား ပြောကြားထားပါတယ်။ ဒါ့အပြင် ပြည်သူတွေအနေနဲ့လည်း သံသယဖြစ်ဖွယ် နိုင်ငံခြားသားတွေကို တွေ့ရင် သတင်းပေးဖို့ တိုက်တွန်းထားပါတယ်။
ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအနေဖြင့် မိမိတို့၏ ပတ်စပို့၊ ဘတ် (Pink Card) နှင့် အလုပ်သမားကတ် အထောက်အထားများကို အမြဲဆောင်ထားကြရန်နှင့် နေရပ်လိပ်စာ တိုင်ကြားခြင်း (TM.30) ကိစ္စများကို အထူးဂရုပြုကြရန် အလုပ်သမားအရေးဆောင်ရွက်သူတွေက တိုက်တွန်းထားပါတယ်။
Photo - FB
#ရွှေ့ပြောင်းအသံ
#ထိုင်း
#မြန်မာ
Telegram https://t.me/mmgvoice