04/02/2023
(ပျောက်ကွယ်လုဆဲ လူပျိုလှည့်ခြင်း ဓလေ့)
“အလာကောင်းခကေလေ့ အခါမကောင်းလိုက်ယာကား မောင်းမောင်”တဲ့။ ဒါကတော့ ကျနော်တို့ရဲ့ ဒေသိယ စကားပေါ့။ ဆုံတွေ့ခဲ့ကြရပေမဲ့ နောက်ကျသွားပြီလို့ သတိပေးသံလို့လည်း ဆိုနိုင်တာပေါ့။ ရမ်းဗြဲ စကားပြောသူအများစုမှာ “မောင်းမောင်”ဆိုတဲ့ အသုံးစကားဟာ အမျိုးသမီးတစ်ဦးက သူစိမ်းယောက်ျားလေး တစ်ဦးကို လေးစားသမှုနဲ့ “အစ်ကို”လို့ခေါ်ဆိုတဲ့ အသုံးအနှုန်းတစ်ခု ဖြစ်ပါတယ်။
အဲဒါကတော့ ဒေသအခေါ်အဝေါ်အရ “ရွာလည်ခြင်း”လို့ ခေါ်ဆိုတဲ့ လူပျိုလှည့်တဲ့အခါ အမြဲတမ်းကြားနေရဆဲ စကားလို့တောင် ပြောနိုင်ပါတယ်။ အမျိုးသမီးက သူ့မှာ ချစ်သူရှိနေပြီလို့ သတိပေးသံတစ်ခုလည်း ဖြစ်ပါတယ်။ ဒါပေမဲ့လည်း ကိုယ့်ဖက်က အမှန်တကယ်စိတ်ဝင်စားရင်တော့ ဆက်ပြီးကြိုးစားခွင့် ရှိပါသေးတယ်။
“လူပျိုလှည့်”တဲ့အခါ “ဇမ်း”စကားလို့ခေါ်တဲ့ ကာရံတွေ၊ နဘေတွေနဲ့ ဉာဏ်စမ်းပဟေဠိမျိုးကိုလည်း မေးတတ်ကြတဲ့အတွက် လူပျိုလှည့်သူ ယောက်ျားလေးဖြစ်သူက ဖြတ်ထိုးဉာဏ်နဲ့ ကဗျာ၊ ကာရံတို့ဖြင့် ပြန်လည်ဖြေကြားရပါတယ်။ “ဇမ်း”စကားကိုတော့ ရမ်းဗြဲကျွန်းနဲ့ တောင်စဉ်ကမ်းလို့ခေါ်တဲ့ တောင်ကုတ်မြို့နယ် မြောက်ဖက်အခြမ်း မအီ၊ လမူး ဒေသတွေမှာ လူပျိုလှည့်တဲ့အခါ အသုံးပြုကြလေ့ ရှိပါတယ်။
မျက်မှောက်ကာလမှာ နည်းပညာဖွံ့ဖြိုးမှုနဲ့အတူ လူမှုမီဒီယာတွေမျိုးစုံ ထွန်းကားလာသည်နဲ့အမျှ ရိုးရာဓလေ့ တချို့ဟာ တဖြည်းဖြည်း ငုပ်လျှိုးကွယ်ပျောက်လို့လာနေတာကို တွေ့မြင်လာရပါတယ်။ လက်ရှိအချိန်မှာ လူမှုစာမျက်နှာတွေကတဆင့် ခုမြင်၊ ခုချစ်၊ ခုညား၊ မကြာခင်မှာပဲ ကွဲသွားကြတာတွေကို မြင်တွေ့ရမှုတွေ ခပ်စိပ်စိပ်တွေ့လာနေရပါတယ်။ ဒါဟာ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင်ပြီး ရင်းနှီးမှု၊ ယုံကြည်မှုတွေကို မတည်ဆောက်ခဲ့ကြလို့ပဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုလောက်အထိက အမျိုးသမီးတစ်ဦးကို အမျိုးသားတစ်ဦးက ချစ်ခွင့်ပန်ဖို့ဆိုတာ အတော်လေး မလွယ်ကူတဲ့ အနေအထားပါ။ ဒီနေ့ခေတ်မှာတော့ ဖေ့စ်ဘုတ်(မက်ဆင်ဂျာ)တွေက ဒါမှမဟုတ် ဖုန်းမက်ဆေ့ခ်ျတွေကတဆင့် အလွယ်တကူ ပြောလို့ရနေကြပါပြီ။ အရင်တုန်းကဆိုရင် ရည်းစားစာကိုတောင် အောင်သွယ်လုပ်သူကတဆင့် ပေးကြရတာပါ။
ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆတစ်ခုမဟုတ်ပေမဲ့လည်း ကိုယ့်ရိုးရာဓလေ့တစ်ခုကိုတော့ ပျောက်ဆုံး မသွားစေချင်တဲ့ ဆန္ဒကြောင့် လူပျိုလှည့်ခြင်း ဓလေ့အကြောင်းကို သိရသလောက် ပြန်လည်မျှဝေပေးရခြင်း ဖြစ်ပါတယ်။ အမှန်တကယ်လည်း ချစ်စရာကောင်းတဲ့ဓလေ့တစ်ခုလို့ မြင်မိပါတယ်။
လူပျိုလှည့်ခြင်းဓလေ့မှာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုတည်ဆောက်တာ၊ ကိုယ့်ကျင့်သိက္ခာကို ဘယ်လောက်ထိ စောင့်ထိန်းတယ်ဆိုတာကအစ တာဝန်ယူမှု,တာဝန်ခံမှုနဲ့ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းကာကွယ်တဲ့အပိုင်းတွေပါ ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။
ဒီနေ့ခေတ်မှာတော့ ဒီနေ့ပဲ သမီးရည်းစားဖြစ်ရသေးတယ်၊ မနက်ဖြန်ကျတော့ လူမှုကွန်ယက်မှာ စုံတွဲဓာတ်ပုံတွေတင်လို့။ ကွဲကြ၊ ပြတ်ကြတော့မှ ဘာအခွင့်အရေး၊ ညာအခွင့်အရေး ဆိုတာတွေနဲ့ တိုင်တည်ပြီးတော့ ငိုချင်းချနေကြတာလည်း မမြင်ချင်မှ အဆုံးပါ။ ဟိုအရင်က လူကြီးတွေ သုံးနှစ်လောက် သမီးရည်းစားဖြစ်နေတာတောင် အောင်သွယ်လုပ်သူကလွဲပြီး ဘယ်သူမှ မသိခဲ့ရပါဘူး။ သိုသိုသိပ်သိပ်နဲ့ နေထိုင်ခဲ့ကြပါတယ်။
လူပျိုလှည့်ခြင်း ဓလေ့ဟာ ဟိုးအရင်က ရခိုင်ပြည်မြောက်ပိုင်းမြို့နယ်များမှာပါ ရှိခဲ့တယ်လို့ လေ့လာသိရှိရပေမဲ့ ဒီနေ့အချိန်မှာတော့ ပျောက်ကွယ်သွားပြီး ရခိုင်ပြည် တောင်ပိုင်းမြို့နယ်တစ်ချို့က ကျေးလက်ဒေသတွေမှာသာ တွေ့ရှိရပါတော့တယ်။ အထူးသဖြင့် ကျောက်ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲနဲ့ မာန်အောင်မြို့နယ်ထဲက ကျေးရွာတချို့မှာသာ ဒီဓလေ့ဟာ မှေးမှိန်စွာနဲ့ ရှင်သန်နေတာကို တွေ့ရပါတယ်။
အခုလို ပွင့်လင်းရာသီမျိုး ရောက်ပြီဆိုရင်တော့ လူပျိုလှည့်လို့ရတဲ့ ကျေးရွာတွေကို အလည်သွားဖို့ အကောင်းဆုံး အချိန်အခါပေါ့။ တစ်ဖက်မှာလည်း ဒီဓလေ့ဟာ အမျိုးသမီးတွေအတွက် ထိခိုက်နစ်နာစေတယ်ဆိုတဲ့ အမြင်မျိုး ရှိကြသလို နောက်တစ်ဖက်က ပြန်စဉ်းစားကြည့်ရင် အမျိုးသမီးတွေအတွက် ရွေးချယ်ခွင့် အခွင့်အလမ်း ပိုများတယ်လို့ ဆိုလို့ရနိုင်မယ်ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိမိအပေါ် ချစ်ရေးဆိုလာသူတွေထဲကမှ ကိုယ်သဘောအကျဆုံးလူကို ရွေးချယ်ခွင့် ရှိနေလို့ပါပဲ။
လူပျိုလှည့်တဲ့အခါ ပုံစံသုံးမျိုးလောက်ကို ဒေသအလိုက် ကွဲပြားခြားနားတာမျိုးကိုလည်း လေ့လာတွေ့ရှိရပါတယ်။ ဒါပေမဲ့လည်း တူညီတဲ့တစ်ချက်ကတော့ ကျေးရွာမှာရှိတဲ့ လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်တွေရဲ့ ခွင့်ပြုချက်ကို ရယူရတာပဲ ဖြစ်ပါတယ်။ ရခိုင်ကျေးလက်သေတွေမှာ လူပျိုအရွယ်၊ အပျိုအရွယ်ရောက်လာတာနဲ့ ကျေးရွာရဲ့ လူပျို၊ အပျို ခေါင်းဆောင်ဆီမှာ စာရင်းပေးသွင်းထားရပါတယ်။ သာရေး,နာရေးကိစ္စ၊ ရပ်ရေးရွာရေး ကိစ္စတွေအတွက်ဆိုလည်း အချိုးကျ ငွေကြေးထည့်ဝင်ပေးကြရလေ့ ရှိပါတယ်။
ထူးခြားမှုကတော့ လူပျိုလှည့်(ရွာလည်)ခွင့်ရှိတဲ့ ကျေးရွာတွေမှာ အပျိုခေါင်းဆောင်တွေကို ထားရှိကြပြီး မိန်းမပျိုလေးတွေကို သူတို့ကပဲ စီမံအုပ်ချုပ်ကြပါတယ်။ ကျေးရွာကို ရောက်ရှိလာတဲ့ ဧည့်သည်ကို ဦးစားပေးတတ်ကြပေမဲ့ ဧည့်သည်အမျိုးသားဟာလည်း လူပျိုဖြစ်နေမှသာ ဒီအခွင့်အရေးကို ရရှိမှာဖြစ်ပြီး အိမ်ထောင်ရှိသူတွေအနေနဲ့ ဒီလိုအခွင့်အရေးကို မရရှိနိုင်ပါဘူး။ ဒေသခံ အသိမိတ်ဆွေကလည်း လူပျိုဖြစ်ကြောင်း ထောက်ခံပေးရပါတယ်။
ကျေးရွာတွေရဲ့ဓလေ့အတိုင်း ညနေပိုင်းတွေမှာ အမျိုးသမီးတွေ ရေခပ်ဆင်းနေကြတဲ့ မြင်ကွင်းကို မြင်တွေ့ကြရမှာပါ။ ရေခပ်ဆင်းလာတဲ့ ပျိုမေတွေထဲကမှ ကိုယ်သဘောကျ နှစ်သက်သူကို လူပျိုလှည့်ချင်တယ်ဆိုရင်တော့ ရွာခံအသိ/သူငယ်ချင်းကို အသိပေးပြီး အဲဒီကတစ်ဆင့် လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်တွေဆီ သတင်းပို့ကာ အပျိုခေါင်းဆောင်ကတစ်ဆင့် ကာယကံရှင်အမျိုးသမီးကို အသိပေးရပါတယ်။
အမျိုးသမီးဖြစ်သူမှာ ချစ်သူရှိနေရင်လည်း လူပျိုလှည့်တာကို လက်ခံစကားပြောရပါတယ်။ ဒါဟာ ကျေးရွာလူပျို,အပျိုအဖွဲ့က ချမှတ်ထားတဲ့ စည်းမျဉ်းပဲဖြစ်ပါတယ်။
တောင်ကုတ်မြို့နယ်၊ မအီမြို့အပိုင်ထဲက ကျေးရွာတချို့မှာတော့ အမျိုးသမီးငယ်တွေဟာ လုံခြုံတဲ့အိမ်တွေမှာ စုပေါင်းအိပ်လေ့ရှိကြပြီး လူပျိုလှည့်တဲ့ ယောက်ျားလေးတစ်ယောက်ဟာ ညသန်းခေါင်အချိန်ခန့်မှာ သွားရောက်ပြီး ချစ်ရေးဆိုရပါတယ်။ ပထမဆုံး သူတို့တွေ အိပ်နေတဲ့နေရာကိုသွားပြီး အိမ်အောက်ကနေ အသံတိုးတိုးနဲ့နှိုးရပြီး တစ်ခါတလေကျရင် ကြမ်းကြားကနေ နှီးပြားနဲ့ထိုးပြီး နှိုးရတာမျိုးတွေလည်း ကြုံရတတ်ပါတယ်။ နိုးလာတဲ့တစ်ယောက်ကို ဘယ်သူနဲ့ ချိန်းထားတာပါဆိုမှ အိပ်ချင်မူးတူးသံနဲ့ စကားသံတိုးတိုးကို ကြားခွင့်ရပါတယ်။ ကြမ်းတစ်ချပ်ခြားပြီး ပြောရတဲ့ ရည်းစားစကားပေါ့။ ဒီလိုတွေ့ဆုံမှုမျိုးနဲ့ ညားသွားကြတဲ့ စုံတွဲတွေလည်း အများအပြားရှိကြပါတယ်။
ညသန်းခေါင်ယံမှာ လူပျိုလှည့်ပြီး တစ်ယောက်ကိုတစ်ယောက် သဘောကျနှစ်သက်တယ်ဆိုရင်တော့ အပြင်မှာချိန်းတွေ့ တစ်ယောက်အကြောင်းတစ်ယောက် လေ့လာပြီး သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်သွားကြသူတွေ လက်ရှိအချိန်ထိ ရှိနေပါသေးတယ်။
နောက်တစ်မျိုးကတော့ မာန်အောင်မြို့နယ်ထဲက ကျေးရွာတချို့မှာ ကြုံတွေ့ရတဲ့ ပုံစံပါ။ သမီးဖြစ်သူ အရွယ်ရောက်လာတာနဲ့ လူပျိုလှည့်တဲ့ လူငယ်လေးတွေကို လက်ခံစကားပြောဖို့အတွက် နေအိမ်ပေါ်မှာပဲ နေရာတစ်ခု သတ်မှတ်ပေးထားရပါတယ်။ ယခုကာလလို လျှပ်စစ်မီးတွေ အသုံးမပြုနိုင်ကြသေးတော့ ဒေသထွက် ရေနံစိမ်းတွေကို အသုံးပြုပြီး မီးခွက်ကိုသာ အသုံးပြုကြရပါတယ်။
လူပျိုစကားပြောနေတဲ့ နေရာနဲ့ မလှမ်းမကမ်းမှာလည်း ကျေးရွာဒေသခံ ကာလသားတချို့က စောင့်ကြည့်နေကြပြီး ယောက်ျားလေးဖက်က အမှားတစ်ခုခုကို ကျူးလွန်ခဲ့ရင် သေချာပေါက် အပြစ်ပေးခံရမှာလည်း ဖြစ်ပါတယ်။ ယောက်ျားလေးဖြစ်သူနဲ့ မိန်းကလေးဖြစ်သူတို့ဟာ ဆီမီးခွက်ကို အလယ်မှာထားပြီး မျက်နှာချင်းဆိုင် စကားပြောလို့ရနိုင်ပေမဲ့ ယောက်ျားလေးဖက်က ယောင်မှားလို့တောင် လက်ကိုင်လို့ မရပါဘူး။ ဆီမီးခွက်ကိုလည်း ယောက်ျားလေးက မှုတ်(ငြိမ်း)ခွင့် မရှိပါဘူး။ တစ်ဖက်အမျိုးသမီးက မီးခွက်ကို ငြိမ်းသတ်ရင်တော့ ယောက်ျားလေးကို သူ့အိမ်ထောင်ဖက်အဖြစ် လက်ခံတဲ့သဘော သက်ရောက်ပါတယ်။
ဒါကြောင့်လည်း ကိုယ်တကယ်တမ်း မချစ်ကြိုက်၊ မနှစ်သက်ဘဲနဲ့ လူပျိုလှည့်တာဟာ အခန့်မသင့်ရင် အိမ်ထောင်ကျသွားနိုင်တဲ့ အနေအထားပါ။ တနည်းအားဖြင့်တော့ အမျိုးသမီးရဲ့ ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် ယောက်ျားတစ်ယောက်ရဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကို ရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။
ရမ်းဗြဲကျွန်းပေါ်က ကျေးရွာတချို့မှာကျတော့ ပုံစံတစ်မျိုးနဲ့ လူပျိုလှည့်(ရွာလည်) ကြရပါတယ်။ လူပျိုစကားပြောခံရမယ့် အမျိုးသမီးက အိမ်နံဘေး ဒါမှမဟုတ် အိမ်ရှေ့မြေကွက်လပ်ကို ဆင်းလာပြီး ထိုင်စကားပြောရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားပြောတာ အပေးအယူမျှရင် အချိန်တွေအများကြီး စကားထိုင်ပြောနိုင်သလို အဆင်မပြေကြရင်လည်း မငြိုငြင်ဘဲ နှုတ်ဆက်ပြန်သွားရုံပါပဲ။ ကိုယ့်ကျင့်သိက္ခာနဲ့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေးစားမှုမျိုးကို ဒီနေရာမှာ မြင်တွေ့ရနိုင်ပါတယ်။
ဒီလူပျိုလှည့်ခြင်းဓလေ့မှာ တူညီချက်တွေကတော့ ကိုယ်က သဘောကျတဲ့သူတစ်ယောက်ကို ချစ်ရေးဆိုချင်ရင် ကျေးရွာရဲ့ လူပျိုခေါင်းဆောင်၊ အပျိုခေါင်းဆောင်တွေကနေတဆင့် ကာယကံရှင် အမျိုးသမီးကို နားဖောက်ရတာ၊ လူပျိုစကား ချစ်ရေးဆိုနေချိန် မလှမ်းမကမ်းမှာ ဒေသခံကာလသားတချို့က စောင့်ကြည့်နေတတ်တာတွေကတော့ တစ်ပုံစံတည်းပါပဲ။
လက်ရှိအချိန်မှာတော့ ဒီရိုးရာဓလေ့တစ်ခုဟာ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး လူမှုကွန်ယက် မီဒီယာတွေကိုသာ အသုံးချမှု များလာတဲ့အတွက် လင်မယားကွာရှင်းပြတ်စဲမှုနှုန်းဟာလည်း နှစ်စဉ် တိုးလာနေပါတယ်။ လူပျိုလှည့်ခြင်းဓလေ့(ရွာလည်ခြင်း)မှာ အားသာချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် စကားပြောရတဲ့အတွက် ရင်းနှီးကျွမ်းဝင်မှုကို ပိုမိုနွေးထွေးစေပြီး တစ်ယောက်ကိုတစ်ယောက် အပြန်အလှန် လေ့လာခွင့်ရတာပါပဲ။
ယနေ့ခေတ်မှာတော့ ဆိုရှယ်မီဒီယာတွေကနေ ချစ်သူရည်စားဖြစ်၊ ချိန်းတွေ့ကြ၊ သိပ်မကြာခင်မှာပဲ ကျော်မကောင်း ကြားမကောင်းတွေ ဖြစ်ကြရတော့တာပါပဲ။ ဟိုးရှေးက လူကြီးသူမတွေ အောင်သွယ်တော်တွေကတဆင့် သမီးရည်းစားဖြစ်ကြပေမဲ့ နှစ်နဲ့ချီပြီး ချိန်းတွေ့ခွင့် မရကြပါဘူး။ ဒါပေမဲ့လည်း သူတို့ချင်း အိမ်ထောင်ကျသွားကြတဲ့အခါ သက်ဆုံးတိုင် ပေါင်းသင်းနေထိုင်သွားကြပါတယ်။
တစ်ယောက်နဲ့တစ်ယောက် အဆင်မပြေကြရင်တောင် သားသမီးမျက်နှာ၊ နှစ်ဖက်အသိုင်းအဝိုင်း မျက်နှာကိုထောက်လို့ တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးလို့ ပေါင်းသင်းနေထိုင်ခဲ့ကြတာကြောင့် လင်မယားကွာရှင်းမှုဟာ အလွန်ပဲ နည်းပါးခဲ့ကြပါတယ်။
မျက်မှောက်ခေတ်ကာလမှာ နည်းပညာဖွံ့ဖြိုးတိုးတက်မှုတွေနဲ့အတူ လေ့လာစရာ၊ သင်ယူစရာတွေ များပြားလာတဲ့အတွက် လူငယ်တွေအတွက် ဘဝတိုးတက်ရေး အခွင့်အလမ်းတွေ ပိုမိုများပြားလာနေပါတယ်။ တစ်ဖက်မှာလည်း ကွာရှင်းပြတ်စဲမှုနှုန်းဟာ လူငယ်စုံတွဲတွေကြားမှာ မြင့်တက်လို့နေပါတယ်။
လူပျိုလှည့်ခြင်းဓလေ့ဟာ ခေတ်မီတဲ့ယဉ်ကျေးမှုတစ်ခု မဟုတ်တော့ပေမဲ့လည်း မိမိတို့ရဲ့ ဓလေ့တစ်ခု ဖြစ်တာနဲ့အညီ ကိုယ်ကျင့်တရား၊ လူဂုဏ်သိက္ခာနဲ့ အပြန်အလှန် လေးစားတန်ဖိုးထားမှုတွေ ရှိနေတာကြောင့် ဆက်လက်ရှင်သန်နေသင့်ပါတယ်။
ဘယ်လိုပဲ ဖြစ်ပါစေ “ရှေးထုံးကိုလည်း မပယ်နဲ့၊ ဈေးသုံးကိုလည်း မလွယ်နဲ့”ဆိုတဲ့ စကားပုံလို နည်းပညာနဲ့ အခွင့်အလမ်းတွေ ပေါများလာတယ်ဆိုပေမဲ့လည်း ရခိုင်တို့ရဲ့ ချစ်စရာကောင်းတဲ့ လူပျိုလှည့်ခြင်း (ဝါ) ရွာလည့်ခြင်း ဓလေ့ကိုတော့ ဆက်လက်ထိန်းသိမ်း စောင့်ရှောက်ထားသင့်တယ်လို့ မြင်မိပါတယ်။
#ဖိုးဇော်-ရေးသည်
#လှည်းကူးမြို့စားကြီး