Sure Success Digital Marketing

Sure Success Digital Marketing ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Sure Success Digital Marketing, Bangkok.

Sure Success Digital Marketing is to help our clients business growth by using digital marketing and advertising services and we can connect and find customers for our clients for their business and we can grow together with Sure Success in our business.

ပျောက်ပျက်မသွားတဲ့ ငွေဝင်လမ်းကြောင်းဝင်ငွေလမ်းကြောင်း အမျိုးအစား ၇ မျိုးရှိကြောင်းကို သိရှိခဲ့ပြီးဖြစ်မယ်ထင်ပါတယ်။ ဒါတွေ...
06/12/2021

ပျောက်ပျက်မသွားတဲ့ ငွေဝင်လမ်းကြောင်း
ဝင်ငွေလမ်းကြောင်း အမျိုးအစား ၇ မျိုးရှိကြောင်းကို သိရှိခဲ့ပြီးဖြစ်မယ်ထင်ပါတယ်။ ဒါတွေကတော့
(1) Earned Income
(2) Profit Income
(3) Dividend Income
(4) Capital Gain Income
(5) Royalty Income
(6) Interest Income
(7) Rents Income တို့ ပဲဖြစ်ပါတယ်။
ဒီတစ်ခါမှာတော့ Royalty Income ဆိုတဲ့အကြောင်းကို နည်းနည်း အသေးစိတ် ထပ်ပြီး မျှဝေပေးချင် ပါတယ်။ Royalty Income ဆိုတာဟာ မိမိရဲ့ ပိုင်ဆိုင်မှု တစ်ခုခုကို အခြားသူတစ်ဦး က တစ်နည်းနည်းနဲ့ အသုံးချ တဲ့အခါမှာ မိမိကို ဥပဒေ အရ အခကြေးငွေ တစ်ခုခု ပေး ရတဲ့ ဝင်ငွေ အမျိုးအစား ဖြစ်ပြီး Passive Income အမျိုးအစား တစ်ခုပဲဖြစ်ပါတယ်။ တစ်နည်း အား ဖြင့်တော့ Royalty Income ဟာ Intellectual Property လို့ခေါ်တဲ့ ဉာဏဆိုင်ရာ အဖိုးတန် ပိုင်ဆိုင်မှုတွေ ကနေ ဝင်ငွေ ရရှိတဲ့ Passive Income အမျိုးအစား ပါပဲ။ ဥပမာ အားဖြင့် စာရေး ဆရာ တစ်ဦးက ဝတ္တု စာအုပ်တစ်အုပ် ရေးသား ဖန်တီးလိုက်တယ်ဆိုပါစို့။ ဒါဆိုရင် ဒီ စာမူ တွေပါတဲ့ ဝတ္တု စာအုပ်ဟာ ပုံနှိပ် ထုတ်ဝေ သူကနေ အကြိမ် ကြိမ် ပြန်လည် ရိုက်နှိပ်ထုတ်ဝေ ရတိုင်းမှာ ဝင်ငွေ ပမာဏ တစ်ခု ရရှိနေမှာ ဖြစ်ပါတယ်။ သီးချင်းရေးဆရာ များ ရဲ့ သီချင်းများ ဆိုရင်လဲဒီလိုပဲဖြစ်ပါတယ်။
ပိုပြီး ထင်ရှားတဲ့ ဥပမာ ကတော့ ကွန်ပျူ တာတွေ ကို Operate လုပ်ပေးတဲ့. Window software ဟာ Microsoft Company ရဲ့ Intellectual Property ဖြစ်တဲ့ အတွက် အသုံးပြုတဲ့ ကွန်ပျူတာ ထုတ်လုပ်ရေး တိုင်းဟာ Microsoft ကို အခကြေးငွေတစ်ခု ပေးရလေ့ရှိပါတယ်။ ဒီလိုပါပဲ။ လျှပ်စီးမီးသီး တီထွင်တာ၊တယ်လီဖုန်း တီထွင်တာ၊ သံလိုက်ရထား ဒီဇိုင်း၊ လက်နက် အသစ်တစ်ခုခု စသည့် တို့တီထွင်သူတွေဟာ တီထွင် ပြီး ရင်. Patent အနေနဲ့ မှတ်ပုံတင်ကာ ပြန်လည် အသုံးချသူ လူတွေ company တွေ ဆီကနေ အခကြေးငွေကို ပုံမှန် ရယူကြလေ့ရှိပါတယ်။ ဒါကြောင့် နိုင်ငံ တကာမှာ ဒီလို Intellectual Property. တွေကို ဖန်တီးနိုင်ဖို့ အထူးတလည် အားစိုက် ကြိုးစား ကြလေ့ ရှိပါတယ်။
လူတစ်ဦးချင်းစီသာမကပဲ လုပ်ငန်း တွေ Company တွေ မှာလည်း Royalty Income ပေးတဲ့ Intellectual Property တွေ ရှိလေ့ရှိပါတယ်။ company ကနေ ရှာဖွေထားတဲ့ နည်းပညာတွေ၊ Research data တွေ၊ Product Design တွေကို အခြား အသုံးပြုလိုသူတွေ ကို ရောင်းချ ခြင်း တို့ ကနေ ဝင်ငွေရရှိနိုင်ပါတယ်။
အားသာချက်တွေက…
Royalty Income ဟာ ပိုင်ဆိုင်မှု Asset တစ်ခုခုကို ဝယ်ယူပြီး ပြန်လည် ငှားရမ်း ရတဲ့ Rental Income လိုမျိုး အရင်းစိုက် ပြီး ငွေတစ်လုံးထဲ ဝယ်ယူရတာမျိုးမဟုတ် ပါဘူး။ ဒါ့အပြင် မိမိ ကိုယ်တိုင် တစ်ဦးထဲ ဖန်တီးနိုင်လေ့ရှိတဲ့ ပိုင်ဆိုင်မှု အမျိုးအစား ဝင်ငွေအမျိုးအစား တစ်ခုလဲ ဖြစ်ပြန်ပါတယ်။ အချို့ သော ကျွမ်းကျင်မှုတွေ မိမိ မှာ ရှိလာတဲ့ အခါမှာ Royalty Income တစ်ခုခုကို အလွယ်တကူလေး ဖန်တီး နိုင် လေ့လဲရှိနိုင်ပါတယ်။ ဥပမာ မိမိက ဖက်ရှင်ဒီဇိုင်း ပညာ ပိုင်းမှာ အတွေ့အကြုံလဲရှိ ဖန်တီးမှုလဲ အားကောင်းတဲ့အခါ လူကြိုက်များတဲ့ ဒီီဇိုင်းတွေ ဖန်တီးပြီး ဒါတွေကို အဝတ်အထည် လုပ်ငန်းကြီးတွေကို ရောင်းချလို့ရပါတယ်။ ဒါမှမဟုတ် မိမိရဲ့ ဖက်ရှင် ဒီဇိုင်း ပညာရပ်ကို Online Training သင်တန်း တစ်ခုအနေနဲ့အသွင်းပြောင်းကာ Royalty Income ကိုဖန် တီးနိုင် ပြန်ပါတယ်။
အားနည်းချက်တွေ…
မိမိဖန်တီးလိုက်တဲ့ Intellectual Property ဟာ လူကြိုက်များ ပြီး စျေးကွက်ဝင်ကာအ ဖိုးတန်တဲ့ဖန် တီးမှုမျိုးတော့ ဖြစ်ဖို့လိုပါတယ်။ ဒီလိုဖြစ်ဖို့အတွက် မိမိ မှာ လုံလောက်တဲ့ အတွေ့အကြုံ နဲ့ ပညာတွေ ရှိဖို့တော့လိုပြန်ပါတယ်။ Rental Income လို asset ကို ဝယ်လိုက်ဖို့ ငွေအလုံးအရင်းမသုံး ရပေမယ့် အားထုတ်ရတာတွေ က ပိုပြီး များပြားလေ့ရှိပါတယ်။ ဥပမာ သီချင်းတစ်ပုဒ်ရေးရတာ၊ ဒီဇိုင်းတစ်ခု ဖန်တီးရတာ တွေဟာ စိတ်ပိုင်းဆိုင်ရာ အားထုတ်ရမှုတွေ များလေ့ရှိပါတယ်။ နည်းပညာအသစ်တွေ Product Design တွေ ဆိုရင်လည်း Research တွေ လေ့လာမှုတွေ များစွာ ပြုလုပ်ရတဲ့အတွက် ကုန်ကျ စရိတ်တွေက များပြားတတ်လေ့ရှိပြန်ပါတယ်။ Passive Income ဆိုပေမယ့် ကိုယ်တိုင် ဖန်တီး ရတဲ့အတွက် ဖန်တီးနေချိန်မှာတော့ အချိန်ပြည့် အလုပ်လုပ်နေရလေ့ရှိပါတယ်။

Royalty Income အမျိုးအစားတွေ…
(၁) Book Royalty
ဒါကတော့ စာအုပ်ထုတ်ဝေမှုကနေ ရတဲ့ income အမျိုးအစား ဖြစ်ပါတယ်။ စာရေးဆရာ အဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး ရသ စာပေ တွေ ရေသားထုတ်ဝေသလိုပဲ ပညာရပ်တစ်ခုခုမှာ ကျွမ်းကျင် တစ်ဖက်ကမ်းခတ်တတ်မြောက်သူတွေကလဲ သက်ဆိုင်ရာ ပညာရပ်အကြောင်းတွေ ကို စာအုပ် များအနေနဲ့ ဖန်တီး နိုင်ကြလေ့ရှိပါတယ်။ ဥပမာ စိုက်ပျိုးရေးပညာ၊ ငွေကြေးပညာ၊ စီမံခန့်ခွဲမှု စသည်ဖြင့်ပါပဲ။ တစ်ကြိမ် ထုတ်ဝေထား တဲ့ စာအုပ် ကို ဘယ်အချိန် ဖြစ်ဖြစ် ပြန်လည်ထုတ်ဝေတဲ့ အခါ ထုတ်ဝေသူနဲ့ သဘောတူညီထားတဲ့ ငွေပမာဏကို စာတစ်အုပ် စီတိုင်း အတွက် ရရှိလေ့ရှိ ပါတယ်။ စာရေးဆရာ ကြီးတွေ ဆိုရင် ကွယ်လွန်သွားပြီးတဲ့အထိရေး ခဲ့တဲ့ စာအုပ်တွေက မိသားစု အဆက်ဆက် ဝင်ငွေ ရရှိစေနေလေ့ရှိပါတယ်။
(၂) Performance Royalty
ဒါကတော့ စွမ်းဆောင်ရည် တစ်ခုခု ပေါ်မူတည်ပြီး ရရှိတဲ့ Income အမျိုးအစားပါပဲ။ ဥပမာ အောင်မြင် တဲ့ သီချင်းတစ်ပုဒ် ရေးသား နိုင်တာ၊ ဗီဒီယို ရုပ်ရှင်ကားကြီး မှာ သရုပ်ဆောင် ထားပြီး ရုံတင်ပြသတိုင်း ဝင်ငွေရနေတာ၊ ပန်းချီ အနုပညာ တစ်ခုခု ဖန်တီး နိုင်တာ၊ ဒါမှမဟုတ် လူကြိုက်များတဲ့ ကာတွန်းဇာတ် ကောင် တစ်ခုဖန်တီး နိုင်တာ စတဲ့ ဖန်တီးမှုတွေ ကနေ ရတာ ဖြစ်ပါတယ်။

(၃) Patent Royalty
ဒါကတော့ သိပ္ဗံပညာရှင်တွေလိုမျိုး တီထွင်ဖန်တီး သူ တွေရဲ့ မူပိုင်ခွင့် ကနေ တစ်ဆင့် ရရှိတဲ့ ဝင်ငွေ အမျိုးအစားဖြစ်ပါတယ်။ ဥပမာ လျှပ်စစ် ကား တစ်စီး တီထွင်ပြီး မူပိုင်ခွင့်တင်ထား တဲ့အခါ အဲဒီကား ကို ထုတ်လုပ်တဲ့ company ဆီကနေ ကားတစ်စီးရောင်းရတိုင်း ဝင်ငွေပမာဏ တစ်ခုရနေတာ မျိုးဖြစ်ပါတယ်။ နည်းပညာ အသစ် တွေ၊ ထုတ်ကုန် အသစ်တွေ၊ အရေးကြီး ရှာဖွေတွေ့ရှိချက်တွေ၊ စတာတွေ ကနေ ရလေ့ရှိပါတယ်။ လူတစ်ဦးချင်းစီ အပြင် company လုပ်ငန်းတွေအများစု ကဒီ အမျိုးအစား ကနေ ဝင်ငွေရတတ်လေ့ရှိကြပါတယ်။
(၄) Franchise Royalty
Franchise ဆိုတာကတော့ အောင်မြင်တဲ့ စီးပွားရေး လုပ်ငန်းတစ်ခုကအခြား Third party တစ်ခုခုကို သူတို့ရဲ့ လုပ်ငန်းအမည်၊ လုပ်ငန်း ဆောင်ရွက်ပုံ၊ ကုန်ကြမ်းထောက်ပံရေး၊ စတောတွေ မျှဝေပေးပြီး လုပ်ငန်းအခွဲလုပ်စေကာ ရောင်းရငွေထဲက တစ်စိတ်တစ်ပိုင်းကို ရယူ တဲ့ income အမျိုးအစား ဖြစ်ပါတယ်။ဥပမာ မက်ဒေါ်နယ် ဘာဂါ ဆိုင်တွေဟာ တစ်ကမ္ဘာလုံးအနှံကို Franchise နည်းလမ်းနဲ့ ဖြန့်ကျက်ခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင်တော့ CP ကြက်ကြော် ဆိုင်တွေကို Franchise အနေနဲ့ တွေ့ကြရပါလိမ့်မယ်။
(၅) Mineral Royalty
Mineral ဆိုတာကတော့ ဓာတ်သတ္တုတွေ တွင်းထွက်တွေ စတဲ့ သယံဇာတ တွေဖြစ်ပါတယ်။ ဒီဝင်ငွေ အမျိုးအစားကိုတော့ နိုင်ငံ တွေရဲ့ အစိုးရတွေက ၊ နယ်မြေတစ်ခုခုကို အပိုင်စား ရရှိသူတွေ ကသာ လုပ်ဆောင်နိုင်လေ့ရှိပါတယ်။ ကိုယ့်နယ်မြေထဲက တွင်းထွက်တစ်ခုခုကို တူးယူခွင့်ပေးပြီး အဲဒီက နေ ထွက်တဲ့ ပမာဏရဲ့ တစ်စိတ်တစ်ပိုင်းကို ပိုင်ရှင်က ရယူတဲ့ နည်းလမ်းပါပဲ။ ဥပမာရေအားလျှပ်စစ် ထုတ်လုပ်ရေးတွေ ချပေးပြီး လျှပ်စစ်ဓာတ်အား ပမာဏ တစ်ခု ပြန်ယူတာ၊ ကမ်းလွန် သဘာဝ ဓာတ်ငွေ တူးဖော်စေတာ စတာတွေ ဖြစ်ပါတယ်။
(၆) Professional Royalty
ဒါကတော့ အတတ်ပညာတစ်ခုခုမှာ ကျွမ်းကျင် တတ်မြောက်သွားတဲ့ အခါမှာ ဒီ ပညာရပ်ကို Book Royalty နည်းလမ်းမ ဟုတ်တဲ့ အခြားနည်းလမ်းတစ်ခုခုနဲ့ ဖန်တီးပြီး ဝင်ငွေရရှိတဲ့ နည်းဖြစ် ပါတယ်။ ဥပမာ အင်္ဂလိပ်စာ ကို ကျွမ်းကျင် တဲ့သူတစ်ဦးက အင်္ဂလိပ်စာ သင်တန်းတစ်ခု ဖန်တီး ပြုလုပ်ပြီး online Trainingအနေနဲ့ သင်ကြားတာ၊ Udemy တို့လို Platform တွေ ၊ App တွေမှာ တင်ထားပြီး လေ့လာသူ တွေရှိတဲ့အခါတိုင်း ဝင်ငွေရစေတာဖြစ်ပါတယ်။ ပညာရပ် အမျိုးစုံကို ဒီလို နည်းလမ်းတွေနဲ့ လုပ်ဆောင်ကြလေ့ရှိပါတယ်။ သင်တန်းအနေနဲ့ မဟုတ် ပဲ လဲ ဆောင်ရွက်နိုင်ပါတယ်။ ဥပမာ အချို့ နိုင်ငံတကာ knowledge Sharing Web တွေဆိုရင်လဲ လစဉ် Member ကြေးနဲ့ ဝင်ထားပြီး ရေးသားထားတဲ့ စာတွေ ကို ဖတ်ရှုနိုင်တာ၊ နောက်ဆုံးပေါ် သတင်း တွေကို အမြန်ဆုံး ချက်ချင်းသိနိုင်ဖို့အတွက် Premium ကြေးနဲ့ ကြည့်နိုင်တာ စတာတွေဖြစ်ပါတယ်။ ဒီဖက်ခေတ်မှာတော့ ၀ိတ်ချ ဖို့နည်းလမ်းတွေ body building နည်းတွေကိုတောင် app အနေနဲ့ ဖန်တီးပြီး Royalty Income ပြုလုပ်လာကြပါတယ်။
(၇) Licensing Royalty
ဒါကတော့ ကုန်ပစ္စည်း တစ်ခုခုကို သက်ဆိုင်ရာ နယ်မြေ တစ်ခုခု အတွက် သတ်မှတ် အချိန် အတွင်း တစ်ဦးထဲ မူပိုင် ထုတ်လုပ်ရောင်းချ ဖြန့်ချီ ခွင့် ပေးပြီး income ရယူတဲ့ နည်းလမ်းဖြစ်ပါတယ်။ လုပ်ငန်းတွေ ရော နိုင်ငံတွေကပါ လုပ်ဆောင်ကြတဲ့ နည်းလမ်းလဲဖြစ်ပါတယ်။ ဥပမာ ရုရှားနိုင်ငံ ဟာ သူတို့ရဲ့ နိုင်ငံကျော် ရိုင်ဖယ်ဖြစ်တဲ့ AK 47 ကို အခြား မိတ်ဖက် နိုင်ငံ အများအပြား အား ထုတ်လုပ်ခွင့် လိုင်စင် ရောင်းချပေးပြီး ထုတ်လုပ် စေတာမျိုး ပါပဲ။
အထက်က နည်းတွေကတော့ Passive Income တစ်ခုဖြစ်တဲ့ Royalty Income ရအောင် ဘယ်လိုနည်းလမ်းနဲ့ တည်ဆောက်နိုင်သလဲ ဆိုတာကိုမျှဝေပေးခဲ့တာဖြစ်ပါတယ်။ Royalty Income ဟာ ပုံမှန် ဝင်ငွေတစ်ခု ရနေစေနိုင်သလို ပမာဏ အားဖြင့်လဲများပြားလေ့ရှိတာကြောင့် ယနေ့ ခေတ် မှာ ချမ်းသာကြွယ်ဝ သူတိုင်း ဖန်တီး ထားလေ့ရှိကြတဲ့ ဝင်ငွေအမျိုးအစား ဖြစ်လာပါတယ်။
မိတ်ဆွေလဲ အထက်က နည်းလမ်းတွေ မှာ ဘယ်နည်းလမ်း နဲ့ မိမိကိုယ်ပိုင် Royalty Income တစ်ခု ဖန်တီးနိုင်မယ်ဆိုတာ သုံးသပ် စဉ်းစား ကြည့်ပါဦးဗျား…
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

ဆရာကောင်းဟိန်းစိုးဧ။် ဝင်ငွေလမ်းကြောင်းများ အကြောင်းမျှဝေမှုများ စုစည်းမှုဒီနေ ့မှာတော့ လူတိုင်း ဘဝ အတွက်သိပ် ကို အသုံးဝ...
05/08/2021

ဆရာကောင်းဟိန်းစိုးဧ။် ဝင်ငွေလမ်းကြောင်းများ အကြောင်းမျှဝေမှုများ စုစည်းမှု
ဒီနေ ့မှာတော့ လူတိုင်း ဘဝ အတွက်သိပ် ကို အသုံးဝင်စေမယ့် မျှဝေမှု တစ်ခုကို ပြုလုပ်လို ပါတယ်။ ကျွန်တော်ဟာ ငွေ ကြေးဆိုင်ရာအသိပညာ Personal Finance (Financial Literacy) ဆိုတဲ့ သင်တန်းကို ကိုယ်တိုင် ဖြတ်သန်း ခဲ့တဲ ့အတွေ ့အကြုံ များကို အသုံး ပြုပြီး လွန်ခဲ ့တဲ ့၂နှစ်ကျော် ကထဲ က သင်တန်းသား အတော်များများကို ပို ့ချ ခဲ့ပါတယ်။ ဒီသင်တန်းက ဖော်မြူလာတွေ အသိပညာတွေကို လက်တွေ ့တကယ် အသုံးချ နိုင်လို ့ငွေ ရေးကြေးရေး မှာ အကြွေး နဲ ့လုံးလည်လိုက်နေရာကနေ လုပ်ငန်းအသေးတစ်ခု လုပ်နိုင် သွားတဲ့ သူတွေ ၊ ငွေ ကြေးကို အသုံးချပြီး လက်တွေ ့စီမံနိုင်သွားတဲ့ သူတွေ အများအပြားရှိ ခဲ့ပါတယ်။ အခုတော့ အဲဒီ သင်တန်း စစချင်းမှာ အရင်ဆုံး ရှင်းပြလေ့ရှိတဲ့ ဝင်ငွေ လမ်း ၇ မျိုး အကြောင်းကို မျှဝေပေးလိုတာဖြစ်ပါတယ်။
လူတစ်ဦးမှာ သူ ့ရဲ ့လစာနဲ ့ဝင်ငွေ ပမာဏချင်းက တူညီနေပြီ ဆိုရင် ငွေ ကြေးဆိုင်ရာ ပြသနာ တစ်ခုခု ဖြစ်ဖို ့အလားအလာ များနေပြီ ဖြစ်ပါတယ်။ လူအတော်များများ က လစာ နဲ ့ဝင်ငွေ ဟာ အတူတူပဲ လို ့ဆိုကြသလို အဲဒီလို ပဲယုံကြည်ကြပါတယ်။ တကယ်တော့ ဒီလို ယုံကြည်လိုက်တာနဲ ့သူ့အတွက် ဝင်လာနိုင်တဲ့ ဝင်ငွေ အမျိုးအစားဟာ လစာ တစ်ခု ပဲရှိ တယ်လို ့စိတ်ထဲမှာ စွဲ မြဲ ယုံကြည်သွားတော့တာပါပဲ။ တကယ်တော့ လစာ ဟာ ငွေ ဝင်လမ်းကြောင်း အမျိုးအစားတစ်ခုသာ ဖြစ်ပြီး ဝင်ငွေ အမျိုးအစား ၇ ခု ထဲက Earned Income ဆိုတဲ့ ခေါင်းစဉ်အောက်က ခေါင်းစဉ် ခွဲ လေး တစ်ခုသာဖြစ်ပါသေးတယ်။ ဘယ်လို လဲ..မိတ်ဆွေ အံ သြသွားပြီလား။
အခု က စပြီးတော့ ကျွန်တော် ဆက်ပြောပြမှာတွေ ဟာ မိတ်ဆွေ အနေနဲ ့တက်ကျမ်း များ လား လို ့ယူဆမယ် ဆိုရင်တော့ ဆက်မဖတ် ပါနဲ ့တော့။ ငါအနေနဲ ့လစာ အပြင် တခြား ငွေ ဝင်လမ်း တစ်ခုခုကို လဲ အာရုံအနောက်ခံပြီး မစဉ်းစားချင်ဘူးဆိုရင်လဲ ဆက်ဖတ်စရာမလိုပါဘူး။
တကယ်တော့ ဝင်ငွေ အမျိုးအစား အားလုံးပေါင်း ၇ မျိုးရှိပါတယ်။ ဒါဟာကျွန်တော် က တီထွင်ပြီး ပြောတာမဟုတ်ပဲ တစ်ကမ္ဘာလုံးက စီးပွားရေး ဆိုင်ရာ လေ့လာသူတွေ လက်ခံထားကြတဲ့ အမျိုးအစားတွေ ဖြစ်ပါတယ်။ ဒါတွေ ကတော့…
1. Earned Income
2. Profit Income
3. Interest Income
4. Dividend Income
5. Rental Income
6. Capital Gain Income
7. Royalty Income
တို ့ပဲဖြစ်ပါတယ်။
1. Earned Income
Earned Income ဆိုတာကတော့ မိမိ က အချိန်နဲ ့လုပ်အား ကိုအသုံးပြုကာ ကိုယ်တိုင်ဝင်ရောက် အားထုတ် လုပ်ကိုင်တဲ့အတွက် ရရှိတဲ့ ဝင်ငွေ အမျိုးအစားဖြစ်ပါတယ်။ ဒါကတော့ လက်ရှိ လူအများစု ဝင်ငွေ ရအောင် ပြုလုပ်နေကြတဲ့ လမ်းကြောင်းဖြစ်ပါတယ်။ လုပ်ငန်းတစ်ခုခုမှာ ဝန်ထမ်း အနေနဲ ့ဝင်ရောက် လုပ်ကိုင်ခြင်း အားဖြင့် လစာ ရရှိပါတယ်။ ဒီလစာ ဟာ Earned Income အမျိုးအစား ထဲက တစ်ခု ဖြစ်ပါတယ်။ လူတိုင်း ဟာ Earned Income ကို တစ်ခုထက် ပိုပြီးရအောင် အလွယ်တကူ လုပ်နိုင်ပါတယ်။ မိမိကိုယ်တိုင်သတိမမူမိဖြစ်နေလေ့ရှိတာကြောင့် သာ earned income တစ်မျိုးထဲကိုသာ ရယူနေကြလေ့ရှိပါတယ်။ ဒါ့အပြင် တကယ်တော့ Earned income ဟာ အခြားသော income တွေ နဲ ့ချမ်းသာကြွယ်ဝမှု wealth ကိုတည်ဆောက် ရာမှာ အဓိက အရေးကြီး ဆုံးအရာဖြစ်ပါတယ်။ သာမာန် ဝန်ထမ်းတစ်ဦးအနေနဲ့ ကိုယ့်ရဲ ့Earned income ကို များသထက်များ အောင် ပထမအဆင့်ကြိုးစားပြီး အခြား income တွေကို တည်ဆောက် ရမှာ ဖြစ်ပါတယ်။
Earned Income အမျိုးအစားတွေ လဲရှိပါတယ်။ ဒါတွေ ကတော့ Full Time Earned Income, Part time Earned Income, Freelance Earned Income တို ့ပဲဖြစ်ပါတယ်။ Full Time ကတော့ ရှင်းပါတယ်။ လခစား အနေနဲ ့မနက် ၈ နာရီကနေ ညနေ ၅ အထိ အလုပ် တက်ကာ လာကုန်ရင်ရလာတဲ့ လစာငွေ ဟာ full time earned income ဖြစ်ပါတယ်။
Part time earned income ကလဲ အချိန်ပိုင်း လုပ်ငန်းတွေ ဝင်ရောက် လုပ်ကိုင် ခြင်းက ရတဲ့ ငွေ အမျိုးအစားဖြစ်ပါတယ်။ ဒီ ၂ မျိုးလုံးကတော့ သတ်မှတ်ထား တဲ့ အလုပ်ချိန် အတိုင်း မဖြစ်မနေ လုပ် ကိုင်ပေးမှ သာ အဲဒီ ဝင်ငွေ ရတဲ့ အခြေအနေတစ်ခု ဖြစ်ပါတယ်။
Earned Income ထဲမှာ မှ ပိုပြီး လွတ်လဲလွတ်လပ် အချိန်သတ်မှတ် ချက်လဲ မရှိတာကတော့ Freelance income ဖြစ်ပါတယ်။ ဥပမာ ဒီနေ ့လို FB page တွေ မျိုးစုံ ရှိချိန်မှာ ကိုယ်ဝါသနာပါ တဲ့ အကြောင်း အရာလေးတွေကို Content အနေနဲ ့ရေး ပြီး ရောင်းစားလို ့ရပါတယ်။ ဒါမှမဟုတ် ဒီဇိုင်းတွေ လိိုဂိုတွေ ဆွဲတာ စသဖြင့် ဖန် တီးနိုင်ပါတယ်။ ဒီ အမျိုးအစားကတော့ အချိန် သတ်မှတ် ချက် လဲ မရှိကာ ပြီးရင်ပြီးသလောက် ရနိုင်တဲ့ ဝင်ငွေ အမျိုးအစားဖြစ်ပါတယ်။
ကောင်းကျိုး. နဲ ့ဆိုးကျိုး က….
Earned Income မှာ လဲ ကောင်းတာ ဆိုးတာ ရှိတာပါပဲ။ ကောင်းတာကတော့ earned income ကို အဓိက ရစေတဲ့ ဝန်ထမ်း ဘဝ ဟာ ကိုယ်ပိုင် အလုပ် လုပ်တာထက်တော့ ဖိအား နည်းပါတယ်။ လကုန်တာနဲ ့ရမယ့် လစာ ပမာဏ ကအတိအကျရှိနေပါတယ်။ ဒီအတွက် ငွေ ကြေးနဲ ့ဆိုင်တဲ့ Plan တွေ သေချာ ဆွဲလို ့လုပ်လို ့ရပါတယ်။ ဥပမာ အိမ် တွေ ကားတွေ အရစ်ကျ နဲ ့ဝယ်တာ မျိုးတွေ အေးအေးဆေးဆေးလုပ်နိုင်ပါတယ်။ နောက်တစ်ခုက သတ်မှတ်ထားတဲ့ အရည်အချင်းနဲ ့လုပ်ရည်ကိုင်ရည် ရှိရင် ဒီ ဝင်ငွေ ကလဲ ဆ နဲ ့တိုးသွားနိုင် ပါတယ်။ ဥပမာ ၂ သိန်း ရတဲ့ အရောင်း ဝန်ထမ်း က အရောင်းမန်နေဂျာ ဖြစ်တဲ့ အခါ လစာ သိန်း ၂၀ မက ရနိုင်ပါတယ်။ (၂၀၁၉ salary survey တစ်ခုအရ မြန်မာနိုင်ငံ ရဲ ့အရောင်းမန်နေဂျာ တစ်ဦး အမြင့်ဆုံးလစာ ဟာ သိန်း ၄၀ ကျော်ထိရှိပါတယ်)။ ဒီတော့ လိုတာလေးတွေ ဖြည့် သင်တန်းလေးတက် လုပ်လို ့ရပါတယ်။ နောက်တစ်ခုကတော့ ဒီဝင်ငွေ မျိုးကို အလွယ်တကူ ရှာဖွေ ရယူနိုင်ပါတယ်။ ဥပမာ လုပ်သက် ၂ နှစ် ၃ နှစ် ရှိသွားတာနဲ ့အလုပ်လျှောက် လို ့ရတဲ့ company တွေ အများအပြား ကို ရှိပါတယ်။ part time ကလဲ အချိန်အများကြီး မလိုပဲနဲ ့ဝင်ငွေ ပမာ ဏ ထပ် ရစေပါတယ်။ Freelance ဆိုရင်တော့ အချိန် အတိုင်း လုပ်စရာမလို တဲ့ လွတ်လပ်မှု ကိုပါရနိုင်ပါသေးတယ်။ တကယ်တော့ ဝန်ထမ်းဘဝ Earned Income ယူ ပြီး အောင်မြင် ချမ်းသာနေသူတွေ လဲ အများကြီး ရှိပါတယ်။ လုပ်သက်ရင့် မန်နေဂျာ တစ်ဦး လစာဟာ တော်ရုံ SME လုပ်ငနး်ရှင် ဝင်ငွေ ထက် တောင် သာ ကောင်း သာနိုင်ပါတယ်။
ဆိုးကျိုး ကဘာတွေ ရှိမလဲဆိုရင် Earned Income ဟာ အခြားသူအပေါ်မှီခို မှု အပြည့် နဲ ့လည်ပတ်နေတာဖြစ်ပါတယ်။ဥပမာ သူဌေးက အလုပ်ဖြုတ်လိုက်တာနဲ ့ဒါမှမဟုတ် company ပျက် တာနဲ ့ကိုယ် လဲ ဝင်ငွေ ပျောက် မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အကြီးမားဆုံး အားနည်းချက်ကတော့ Earned Income ဟာ ကိုယ်လုပ်မှ ကိုယ်ရတာ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုယ်တိုင် အင်အား နဲ ့အချိန် ကို စိုက်ထုတ် ပြီး လုပ်မှသာ ဒီ ဝင်ငွေ ကရပါတယ်။ တကယ်လို ့နေမကောင်းတာဖြစ်ဖြစ် လို အကြောင်းတစ်ခုခုကြောင့် အလုပ် မသွား နိုင်ရင် တစ်ရက် ဆို ဆိုသလောက် ငွေ လျော့မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပါးသူက ခိုင်းစေမှာ ဖြစ်တဲ့ အတွက် စည်းမျဉ်းတွေ လိုက်နာရတာတွေ လဲ အများသားကို ကြုံပါလိမ့်မယ်။
အချုပ်က …ဒီ ဝင်ငွေ ဟာ အလွယ်တကူ ရနိုင်တာဖြစ်ပြီး သူကို အခြေတည်ကာ အခြား income တွေကို တည်ဆောက်နိုင်တာကြောင့် မိမိဟာ မွေးရာပါ ဘောစိမဟုတ်ရင် ၊ ထီလဲ မပေါက်သေး ဘူး ဆိုရင်တော့ ရွေးချယ်ပြီး လုပ်သင့်ပါတယ်။ ငွေ အပြင် အတွေ ့အကြုံ ကိုပါ ရနိုင် တဲ့ အတွက် ဖြစ်ပါတယ်။ဒါပေမယ့် တစ်သက်လုံး ဒီ တစ်ခု ထဲ ကို သာ ရွေး လုပ်သင့်တဲ့ အမျိုးအစားတော့ မဟုတ်ပါဘူး။
2. Profit Income
ဒီ ဝင်ငွေ အမျိုးအစားကတော့ မိတ်ဆွေ ကကိုယ်ပိုင် အရင်းအနှီး နဲ ့စီးပွားရေး လုပ်ငန်းတစ်ခုကို လည်ပတ်လုပ်ကိုင်ရာကနေ ရရှိတဲ့ အမြတ်အစွန်း ဝင်ငွေ အမျိုးအစား ဖြစ်ပါတယ်။ အိမ် ဆို်င်လေး တစ်ဆိုင် ဖွင် ့တာဖြစ်ဖြစ် online shopping လုပ်တာဖြစ်ဖြစ် စွန် ့ဦးတီထွင် company တစ်ခု ထောင် တာဖြစ်ဖြစ် အားလုံးဟာ ဒီ profit income ထဲကို ပါဝင်ပါတယ်။ ကို်ယ်ပိုင် လုပ်ငန်းတစ်ခု လုပ်ရင် လွတ်လပ်မယ် လို ့ထင်ရပေမယ့် တကယ်တမ်းက ဆိုင်မဖွင့် ဘူး အိပ်နေမယ် ကွာ လို ့လုပ်လို ့မရပါဘူး။ ဝန်ထမ်း ဘဝ မှာက ခွင့်ယူပြီးအိ်ပ်လို ့ရပေမယ့် လုပ်ငန်းရှင် ဘဝ ကျတော့ ပိတ်ထားလိုက်ရင် ငွေ မဝင်တာအပြင် Fixed Cost တွေ ကုန် တာက ကုန်နေမှာ ဖြစ်တဲ့ အတွက် အရင်နေ ့ကအမြတ်ကိုတောင် သွားထိမှာ ဖြစ်တဲ့ အတွက် အချိန်တွေ ခွန်အားစိုက်ထုတ် မှုတွေ အများကြီး သုံးရတတ်ပါတယ်။ ဒါပေမယ့် အခြေကျသွား ရင်တော့ ဝင်တဲ့ ငွေ ပမာဏ ကတော့ များသောအားဖြင့် ဝန်ထမ်း ဘဝ က ပမာဏ ထက် များသွားတတ်ပါတယ်။ အခြေမကျချင်မှာ ပဲ အရင်းပြုတ်သွားတာမျိုး လဲ အတော်များများ ကြုံနိုင်ပါသေးတယ်။
တစ်ချို ့ကတော့ Full time အလုပ် ရော Part time အလုပ် ရော earned income နှစ်ခုကို ပြိုင်လုပ်ပြီး ဝင်ငွေ ပမာဏကြီးအောင် လုပ်ကြသလို ့အချို ့ကတော့လဲ Full time အလုပ် လုပ် ပြီး အားတဲ့ အချိန်ကို Profit income ရအောင် လုပ်ကြပါတယ်။ ဥပမာ ရုံးဝန်ထမ်းပေမယ့် online shopping တစ်ခု လုပ်တာတို ့၊ ရုံး ကဝန်ထမ်းတွေကို ဖုန်းဘေရောင်း ပေးတာတို့ ဖြစ် ပါတယ်။
သူ ့ရဲ ့အားနည်းချက် ကလဲ ကိုယ်တိုင် ဝင်ပါ နေရတာပဲဖြစ်ပါတယ်။ SME လုပ်ငန်းသေး ဘဝ မှာ ဆိုရင် Earned income အလုပ်တွေ ထက်တောင် ပို ပြီး အချိန် တွေ ပေးရပါသေးတယ်။
ကောင်းတာကတော့ ဒီ ဝင်ငွေကို business အဆင့်ထိ တိုး မြှင် ့ပြီး System တစ်ခု နဲ ့ကိုယ် ့ရဲ ့ပါဝင်မှု အနည်းဆုံးဖြစ်အောင် လျော့ချ လို ့လဲ နောင်တစ်ချိန်မှာ လုပ်လို ့ရနိုင်ပါတယ်။
3. Interest Income
ဒါကတော့ အတိုးဝင်ငွေ လို ့ပြောရပါလိမ့်မယ်။ တစ်နည်းအားဖြင့် သင့် ရဲ ့ငွေ ကို အခြား သူတစ်ဦးဦး သို ့မဟုတ် လုပ်ငန်းတစ်ခုခု ကို ချေး လိုက်ပြီး အတိုး အဖြစ် ရတဲ့ ဝင်ငွေကို ခေါ်ဆို တာဖြစ် ပါတယ်။ ငွေချေးတယ်ဆိုတာမှာ ဘဏ် ထဲကို ငွေ ထည့် ပြီး အတိုးရတာ၊ အစိုးရ ကထုတ် ဝေ တဲ့ အစိုးရငွေ တိုက်စာချုပ်တွေ ဝယ်ပြီး တစ်နှစ် တစ်ကြိမ် အတိုးရတာတွေ ကို ပါ interest income ထဲ ထည့်သွင်းနိုင်ပါတယ်။
ဒီ ဝင်ငွေ အမျိုးအစားရဲ ့ကောင်းကွက်ကကတော့ တစ်ကြိမ် တစ်ခါ investment လုပ်ပြီး လိုက် တာနဲ ့နောက် ထပ် ကိုယ်တိုင် ဝင်ပါစရာ မလို တော့ပဲ လစဉ် နှစ် စဉ် ငွေရင်းက အတိုးက ပုံမှန် ရနေ တော့မှာ ဖြစ်ပါတယ်။ Earned income ကို ပမာဏကြီးအောင် လုပ်ပြီး ပုံမှန်စု လို ့ရလာတဲ့ ပမာဏကို ဒီ ဝင်ငွေ အမျိုးအစားအဖြစ် ဖန် တီးလေ ့ရှိ ကြပါတယ်။
ဆိုးကျိုးကနေနဲ ့ကတော့ ဒီ ဝင်ငွေဟာ အမြတ် များရင် risk များ သလို ငွေ မဆုံးမယ့် Safety များမယ် ဆိုရင် လဲ Profit က နည်းသွား ပြန်ပါတယ်။ ဥပမာ ဘဏ်မှာ ငွေ ထည့်တာ ဆုံးရှုံးဖို ့အလွန် ကိုနည်းပေမယ့် အတိုးကတော့ တစ်နှစ် လုံးမှ ၈.၅ % ပဲရပါတယ်။ ဒါပေမယ့် စျေးထဲမှာ နေ့ပြန် တိုး ပေးရင်တော့ တစ်ရက်ထဲကို ၁၅ ကျပ် တိုး ၂၀ ကျပ်တိုး လောက် ကိုက်နိုင်ပါတယ်။ ဒါပေမယ့် အရင်းဆုံးနိုင်ချေလဲ များပါတယ်။
ကောင်းတာ တစ်ခုကတော့ ဒီဝင်ငွေ အမျိုးအစား ဟာ မတည်ငွေ ပမာဏ နည်းနည်း နဲ ့လုပ်လို့ ရတတ် လေ့ရှိပါတယ်။ Profit income တစ်ခု ဖန်တီးတာထက် ဒီ interest Income ဖန် တီး တာက ငွေ ပမာဏ လိုအပ်ချက်ပို နည်းပါတယ်။ ဥပမာ ကုန်စုံဆိုင်တစ်ဆိုင်ကို သိန်း ၅၀ လောက် မှစဖွင့်လို့ ရမယ် online shopping ဆိုလညး် ၁၀ သိန်းလောက် စလို မယ်။ ဒါပေမယ့် သူငယ်ချင်း သိုမ့ဟုတ် အလုပ်ထဲက လုပ်ဖော်ကိုင်ဖက်ကို ၅ ကျပ်တိုးနဲ ့ငွေ ချေးမယ် ဆိုရင်၁ သိန်း လောက် နဲ ့လဲ စလို ့ရပါတယ်။
တကယ်တော့ ဒီ ဝင်ငွေ အမျိုးအစားဟာ risk and return ကစားတဲ့ အထဲမှာပါဝင်ပါတယ်။ return များ လို့risk များ တယ်ဆိုပေမယ့် ကြုံလာနိုင်တဲ့ Risk တွေကို ကာကွယ်နို်င်မယ် လျော့ချနိုင် မယ် ဆိုရင်တော့ အတော် ကို အမြတ်များနိုင်တဲ့ အလုပ်လဲ ဖြစ် ပါတယ်။ ဥပမာ ခိုင်မာတဲ့ စာချုပ်စာတမ်းနဲ့ လုပ်ဆောင်တာ၊ တန်ဖိုး ပိုများတဲ့ အပေါင်းပစ္စည်း လက်ခံတာ၊ အာမခံ ပေးဆပ်မယ့် သူ ရှိတာ၊ စတာတွေ ဖြစ် ပါတယ်။ ဒါ့အပြင်ကိုယ့် ရဲ ့လူကဲခတ် နိုင်စွမ်း ပေါ် မူတည်ပြီး ဒီလူက ဘယ်လောက် ပမာဏဆို ပြန်ဆပ်နိုင်လောက်တယ် အရည်အချင်းက ဘယ်လိုရှိတယ်. အခုချေးယူတာက ဘာလုပ်ဖို ့အတွက်ဖြစ်တယ် စတာတွေ နဲ ့အကဲခတ်ပြီး လညး် risk ကို လျော့ချနိုင် ပါတယ်။
အချို ့ကျတော့ ပမာဏ များတဲ့ Earned Income ကို ရပြီးတဲ့နောက် ဆုံးရှုံးသွားလည်း အလွယ်တကူ အချိ်န်တိုတိုနဲ ့ပြန်စု လို ့ရမယ့် ဆိုတဲ့ ငွေ ပမာဏလောက်ကို ဒီ Interest Income ရဖို ့အတွက် အသုံး ပြုပြီး ငွေ မြန်မြန်ပွားအောင် လုပ်ဆောင်ကြပါတယ်။
4. Dividend Income
Dividend income ဆိုတာကတော့ လုပ်ငန်း တွေ မှာ ဒါမှ မဟုတ် Stock Exchange တွေ မှာ စာရင်း တင် listed လုပ်ထားတဲ့ Company ကြီး တွေ မှာ ရှယ်ယာ ဝယ်ယူ ရာကနေ ရရှိတဲ့ ဝင်ငွေ အမျိုးအစားဖြစ်ပါတယ်။ သူငယ်ချင်း ရဲ ့လုပ်ငန်းထဲကို ငွေ ထည့် ထားပြီး လစဉ် အမြတ်ရ နေတဲ့ သဘောဟာ လည်း ဒီ ဝင်ငွေ အမျိုးအစားထဲမှာ ပါဝင်ပါတယ်။
တကယ်တမ်းတော့ Stock Exchange ဖွံ ဖြိုး တဲ့ နိုင်ငံ တွေ မှာတော့ လူတိုင်း နီးပါးဟာ Companyကြီး တွေ ရဲ ့Stock share တွေကို ဝယ်ယူ ကြလေ့ရှိပါတယ်။ ဥပမာ အမေရိကန် မှာ ဆိုရင် ငွေ အပို စုထားမယ့် အစား အာမခံချက်ရှိတဲ့ Apple, Facebook တို့ လို လုပ်ငန်းကြီးတွေ ရဲ ့ရှယ်ယာတွေကို သာဝယ်ထားလေ့ရှိပါတယ်။ လက်ထဲမှာ ဒီအတိုင်း ငွေကို ထားမယ် ဆိုရင် ငွေ ကြေးဖောင်းပွ မှုအရ နှစ် စဉ် တန်ဖိုးကလျော့နေမှာ ဖြစ်ပေမယ့် ဒီလို ရှယ်ယာ ဝယ်ယူ လိုက်ရင်တော့ ငွေ ကြေးဖောင်းပွမှုကို လဲ ကာကွယ်နိုင်လေ့ရှိပါတယ်။
မြန်မာနိုင်ငံမှာ လည်း Yangon Stock Exchange လည်ပတ်ခဲ့တာ နှစ် နှစ်ကျော် သုံးနှစ်လောက် ရှိလာပြီဖြစ်ပေမယ့် ကောင်းမွန် အသားကျစွာ လည်ပတ်ခြငး်တော့ မရှိသေးပါဘူး။ Listed company တွေ ထဲက လုပ်ငန်းကြီးတွေ ဖြစ်တဲ့ FMI, သီလဝါ အထူးစီးပွားရေး ဇုန် တို ့ရဲ ့ရှယ်ယာတွေ ဆိုရင် တစ်စု ကို သောင်းဂဏာန်း ဝန်းကျင်သာရှိ တဲ ့အတွက် လူတန်းစား မရွေး ဝယ်ယူနိုင်ပေမယ့် တစ်နှစ် လုံး အနေနဲ့ အမြတ် က တစ်စု ကို ကျပ် ၂၀၀ ခန် ့သာ ရှိတာကြောင့် ဘဏ် တိုးလောက်တောင် မရနိုင် တဲ့ အတွက် Dividend income အနေနဲ မက်လောက်စရာ တော့မရှိသေးပါဘူး။
မြန်မာနိုင်ငံမှာ Dividend income ကို ရအောင် ကိုယ်သိတဲ့ အသိမိတ်ဆွေ တွေ ရဲ ့လုပ်ငန်း ငယ်တွေ သာမက အွန်လိုင်းကနေ ရှယ်ယာခေါ်တဲ့ အလုပ်တွေ မှာလဲ ထည့်ဝင်ကြသူတွေ ရှိပါတယ်။ ဒီလို ထည့်ဝင်သူတွေ ကတော့ တစ်လကို အနည်းဆုံး ၂ ကျပ်တိုး ၃ ကျပ်တိုး ခန် ့ရလေ့ ရှိတတ်ပါတယ်။
Stockexchange list company တွေ နဲ့ ပြင်ပ လုပ်ငန်းကြီးတွေ ကတော့ ခြောက်လ တစ်ကြိမ် သို့မဟုတ် တစ်နှစ် တစ်ကြိမ် company policy ပေါ်မူတည်ပြီး အမြတ်ကို ပြန်လည် ထုတ် ပေးလေ့ရှိပါတယ်။ လုပ်ငန်းငယ်လေးတွေ မှာတော့ တစ်လ တစ်ကြိမ် သို့မဟုတ် သုံးလ တစ်ကြိမ် ထုတ် ပေးနေလေ့ရှိပါတယ်။
ဒီ Income ကို ဖန်တီးချင်တယ်ဆိုရင်တော့ ရှယ်ယာ နဲ့ ဆိုင်တဲ့ အသိပညာအပြင် ငွေ ကြေးဆို်င်ရာ Financial knowledge တွေ လိုအပ်ပါတယ်။ ကိုယ်ရှယ်ယာ ထည့်ဝင်မယ့် လုပ်ငန်းရဲ ့Profit and loss statement အရှုံးအမြတ် ရှင်းတမ်းကို ဖတ် တတ်ဖို ့ ကိုယ်ထည့်ဝင်မယ့် လုပ်ငန်းဟာ စီးပွားရေး အခြေအနေအရ ထပ်မံ ပြီးGrowth ကြီးထွား နိုင်ခြေရှိ မရှိ တို့ ကို ခန့်မှန်းဖို ့၊ ကိုယ်ထည့်ဝင်မယ့် လုပ်ငန်းဟာ ခိုင်မာမှု ရှိနိုင်မရှိနိုင် ဆနး်စစ်ဖို ့တွေ လို အပ်ပါတယ်။
နောက်တစ်ခုကတော့ လုပ်ငန်းကလဲ အမှန်အကန် ဖြစ်တယ်ဆိုပေမယ့် စီးပွားရေး အခြေအနေမကောင်း လို ့ဖြစ်ဖြစ် လုပ်ငန်းစီမံမှု ချို ့ယွင်းတာဖြစ်ဖြစ် နို်င်ငံရေး ကြောင့် ဖြစ်ဖြစ် မိမိ ရှယ်ယာ ထည့်ဝင်ထားတဲ့ လုပ်ငန်းဟာ အရှုံးပေါ်တာမျိုးဖြစ်ရင် အဲဒီ နှစ် အတွက် သို့မဟုတ် လ အတွက် အမြတ် မရနိုင်တာမျိုးရှိပါတယ်။ ရှုံးရုံဆိုရင်တော့ ပြန်မြတ်လာအောင် လုပ်နိုင်သေးပေမယ့် ငွေ ကြေးအရ တောင့်မခံနိုင်လို ့လုပ်ငန်း ပျက်သွားရင်တော့ မိမိ ရှယ်ယာ ပါဆုံးနိုင်တဲ့ အနေအထားမျိုးလဲရှိပါသေးတယ်။
အကြမ်းအားဖြင့်တော့ ဒီ ဝင်ငွေ အမျိုးအစား ကို ဖန်တီးမယ်ဆိုရင် လုပ်ငန်းခိုင်မာမှု၊ အမြတ်အစွန်း ရရှိမှု၊ လုပ်ငန်းဦးဆောင်သူ ရဲ ့ကျွမ်းကျင်စီမံနို်င်မှု၊ စီးပွားရေး အခြေအနေ၊ နိုင်ငံရေး အခြေအနေ၊ လုပ်ငန်းလည်ပတ်မှု ကောင်းမွန် မှု၊ စတဲ့ အချက် တွေ ကို မူတည်စဉ်းစားဖို ့လိုအပ်ပါတယ်။
ဒီ income ဟာ လည်း Risk များ return များ တဲ့ အထဲမှာ ပါဝင်ပါသေးတယ်။ ကောင်းကောင်း မြတ်စွန် းနေတဲ့ ရှယ်ယာ တစ်ခု ကနေ ဘဏ်တိုးထက် ပိုတဲ့ အကျိုးအမြတ် တွေ ရနိုင်ရုံသာမက လုပ်ငန်းလည်ပတ်ပုံ နဲ ့အတွေ ့အကြုံတွေ ပါရနိုင်ပါသေးတယ်။ ကျွန်တော့် ကိုယ်တိုင်လဲ ဒီ ဝင်ငွေ အမျိုးအစားသုံးလေး ခု ဖန်တီးထားပါတယ်။
Dividend Income ဟာ အဓိက ကောင်းကျိုးကတော့ သူဟာ Passive income လို ့ခေါ်တဲ့ ကိုယ်တိုင်ပါဝင်မှု အနည်းငယ်သာရှိတဲ့ တစ်နည်းအားဖြင့် အလုပ်မလုပ်ပဲ ငွေဝင်တဲ့ ဝင်ငွေ အမျိုးအစားတစ်ခုဖြစ်ပါတယ်။
ဒါကြောင့် သူဟာလည်း interest income လို ပါပဲ။ မိမိ ရဲ ့ပမာဏ ကြီးမားလာတဲ့ Earned income ကနေ ပုံမှန် အလွယ်တကူ ပြန်စုနိုင်လောက်တယ်ဆိုတဲ့ ပမာဏကို ရှယ်ယာ ဝယ်ယူပြီး Dividend income ကို ဖန် တီး ရင် အဆင်ပြေနိုင်ပါတယ်။
5. Rent Income
Rent Income ဆိုတာကတော့ ပိုင်ဆိုင်မှု Asset တစ်ခုခုကို ငွေကြေး အမြတ် အစွန် းတစ်ခု ရဖို ့အခြား သူကို အချိန် အတိုင်းအတာ တစ်ခု ငှားရမ်းပေးခြင်းကနေရတဲ့ ဝင်ငွေ အမျိုးအစားဖြစ် ပါတယ်။ အမြင်သာဆုံး ဥပမာ ကတော့ တိုက်ခန်း တစ်ခန်း ဝယ်ပြီး ငှားစားလိုက်မယ် ဆိုရင် ဒါဟာ Rent income အမျိုးအစားဖြစ်ပါတယ်။
နောက်ထပ်ဥပမာ ထပ်ပေးရရင်တော့ တက်စီ တစ်စီး ဝယ်ပြီး အငှားပြန် ပေးလိုက်တာလဲ Rent income ထဲပါဝင်ပါတယ်။ တက်စီ တစ်စီးကို သိန်း ၁၅၀ လောက်နဲ့ ဝယ်ယူပြီး အငှား ချရင်Owner ကြေး တစ်လ သုံးသိန်း ခန် ့ရနိုင်ပါတယ်။ တစ်နည်းအားဖြင့် ဒါဟာ တစ်လကို ၂ ကျပ် တိုး ခန် ့ကိုက် နေတဲ့ အနေအထား ဖြစ်ပါတယ်။
ဒါဆိုရင် Rent income ဟာ သိန်းရာကျော် ရှိမှ စလုပ်လို ့ရတာလား ဆိုရင်တော့ လဲမဟုတ် ပြန်ပါဘူး။ အထက်က ဥပမာ နှစ် ခုကတော့ လူအတော်များများ ကအလွယ်တကူလုပ်ကြ လို့ မြင်သာအောင်ဥပမာ ပေးတာဖြစ်ပါတယ်။ ငွေ အရင်း အနည်းငယ်လောက်နဲ လဲ Rent income ရအောင် လုပ်လို့ ရပါတယ်။
ရပ်ကွက်ထဲက အိမ်ရှင်မတစ်ဦးဟာ အိမ်ထောင် စကျကထဲက ၀ါသနာ အရ ကြွေပန်းကန် အလှ တွေ ကို set လိုက် စုထားလေ့ရှိတာ နှစ်အတော်ကြာတော့ အမျိုးအစား အတော်စုံ လာပါတယ်။ နောက်ဆုံး ပတ်ဝန်းကျင် အိမ်နီးချင်းတွေ ကလဲ တိုက်တွန်းတာနဲ ့ရပ်ကွက် ထဲက အလှူတွေ အိမ်တက်တွေ ဆိုရင် ဒီ ပန်းကန် တွေကို ငှားရမ်းခြင်း နဲ ့rent income တစ်ခု ဖန်တီး နိုင်တာကို တွေ ့ရပါတယ်။
သူငယ်ချင်းတစ်ဦး ဟာ လည်း ဓာတ်ပုံဆိုင်တွေ ဖွင် ့ထားတဲ့ အသိ တွေ အတော်များပါတယ်။ သူက လဲဝါသနာပါတာနဲ ့သိန်း ၂၀ ကျော် လောက် ကင်မရာတစ်လုံးကို ဝယ်ယူ ထားပြီး သူ မရိုက်တဲ့နေ ့တွေ မှာ လိုအပ်တဲ့ ဓာတ်ပုံဆရာတွေကို တစ်ရက် သုံး လေးသောင်းနဲ ့ပြန်အငှား ချတာမျိုးလဲတွေ ့ရဖူးပါတယ်။
ရန်ကုန် မှာ ဆိုရင် ခေတ် စားလာတာက ကားပါကင် ငှားစားတာ လဲ တစ်ခု ဖြစ်ပါတယ်။ ကိုယ်အိမ်ရှေ ့တည့်တည့် နေရာအလွတ်မှာ အပိုကားတစ်နေရာစာရှိတယ် ဆိုရင် အခြား က ကားတစ်စီးစီး ကို တစ်လ ဘယ်လောက်ဆိုပြီး ပါကင် ငှားတာမျိုးလဲ ရှိပါတယ်။ ဒါ့အပြင် စျေး တွေ ထဲက အိမ်တွေ ဆိုရင် လဲ သူ ့ရဲ ့အိမ်ရှေ ့နေရာမှာ စျေးသည် ရောင်းချ ဖို ့တစ်ရက်ကို ၂၀၀၀ ၃၀၀၀ နဲ ့နေရာ တစ်နေရာ စာ မနက် ၆ ကနေ နေ ့လယ် ၁၂ ထိ ငှား ကြတာမျိုး လဲ ရှိပါတယ်။ ဒီနည်းလမ်းတွေ ကတော့ ငွေ ကြေး အရင်းအနှီးတောင် တစ်ခု မှ မလို အပ်ပဲ Rent income ကို ဖန်တီး ကြတာတွေ ဖြစ်ပါတယ်။
ဒါ့အပြင် နယ်ပယ် အသီးသီးမှာလဲ Rent income ကို ဖန်တီး ပြီး ရပ်တည်နေတာတွေ ရှိပါတယ်။ ဥပမာ သတို ့သမီး သတို့ သားဝတ်စုံ ငှားရမ်းတာ၊ လက်ဝတ်ရတနာ ငှားရမ်းတာ၊ ကိုယ်ပိုင်ကား ငှား ရမ်းတာ ၊ ပန်းခြံတွေ မှာ အပျော် နင်းဖို ့စက်ဘီး ငှားရမ်းတာ၊ ရေကန်တွေ မှာ လှေ ကားတာ၊ တိုက်ခန်းကို အစည်းအဝေး ခန်းမ အဖြစ် ပြောင်းလဲ ပြီး လုပ်ငန်းလေးတွေကို ငှားရမ်းတာ၊ စာသင်ခန်း ငှားရမ်းတာ၊ လူတစ်ဦး အလုပ်လုပ်ဖို ့နေရာလေး တွေ အများကြီး ဖန်တီးကာ Co working space ဆိုပြီး ငှားရမ်းတာ၊ ထိုင်ခုံ စားပွဲတွေ ငှားရမ်းတာ၊ စတဲ့ Rent Income Business အများအပြားကို တွေ ့နိုင်ပါလိမ့်မယ်။
Rent Income ကို လူတွေ ဖန်တီးကြတာကလဲ သူဟာ Passive income လို ့ခေါ်တဲ့ ကိုယ်တိုင် ဝင်ရောက်လုပ်ကိုင်မှု အနည်းငယ်သာရှိတဲ့ တစ်နည်းအားဖြင့် အလုပ်မလုပ်ပဲ ငွေဝင်တဲ့ ဝင်ငွေ အမျိုးအစားဖြစ်တဲ့အတွက်ဖြစ်ပါတယ်။ ပိုင်ဆိုင်မှု တစ်ခုကို ငှားရမ်းပြီးတာနဲ ့ကိုယ် အိပ်ပဲနေနေ ခရီး ပဲထွက်ထွက် အချိန်တန်ရင် ငှားရမ်းခကို ရနေမှာ ဖြစ်ပါတယ်။ ဒါကတော့ အဓိက အားသာချက်ပါပါပဲ။
Rent Income ရဲ ့သဘောကတော့ ငွေ ရင်းများများ နိုင်လေလေ Rent income တည်ဆောက်ရတာ လွယ်လေလေဖြစ်ပါတယ်။ ဥပမာ သိန်း ၂၀၀ လောက် တတ်နိုင် မယ်ဆိုရင် လူစည်ကားရာ အရပ် က တိုက်ခန်း ငါးလွှာ ခြောက်လွှာကို အလွယ်တကူ ဝယ်ယူပြီး အငှား ဝင်ငွေ ရနိုင်ပါတယ်။ ဒီလို မဟုတ်ပဲ အရင်း နည်းတဲ့ ဥပမာ မီးဖို ချောင်သုံးပစ္စည်းတွေ လောက်ကို ပဲ ငှားမယ် ဆိုရင်တော့ ဒီ ပစ္စည်းဟာ လူတွေ တကယ် ငှားနိုင်လား လိုအပ်လားဆိုတာကို သေချာ ရှာဖွေ ဆန်းစစ်ဖို ့လိုအပ်လာပါတယ်။ Rent income ကို business တစ်ခု အဖြစ် ရပ်တည်မယ် ဆိုရင်တော့ ပိုမို တဲ့ အားထုတ် မှုတွေ လိုအပ်လာပါလိမ့်မယ်။
ကျွန်တော့် အနေနဲ ့ဝင်ငွေ အမျိုးအစားတွေ အကြောင်းရယ် တစ်ခုချင်းစီ ရဲ ့ ကောင်းခြင်း ဆိုးခြင်း တွေ ဘယ်လို တွေ ဖန်တီး လို ့ရမယ် ဆိုတဲ ့အကြောင်းတွေကို တင်ဆက်ပေးခဲ့ တာ အခု ဆိုရင် အပိုင်းသုံးကိုရောက်လာခဲ့ပြီ ဖြစ်ပါတယ်။ Share တွေ အများကြီး ရသလို အများအပြား က ကြိုက်နှစ် သက်ကြတဲ့ အတွက်လဲ ဝမ်းသာပါတယ်။
တကယ်တော့ ငွေ ကြေး ဆိုင်ရာ အခက်အခဲဆိုတာ လူ တစ်ရာမှာ ကိုးဆယ်လောက်က ကြုံ နေရတဲ့ အခက်အခဲ တစ်ခု လဲဖြစ်ပါတယ်။ လူတစ်ယောက် အတွက် သူ ့ဘဝ တစ်သက်မှာ မိဘ အမွေ ရတာလို မျိုးဖြစ်ဖြစ် ထီပေါက် ဖို ့ဖြစ်ဖြစ် ဖြစ်လာဖို ့ဆိုတာ လူ တစ်သိန်းမှာ တစ်ဦး ဖြစ် နိုင် ဖို ့ခက်ခဲလှပါတယ်။ ဒါကြောင့် အများစု အတွက်က တော့ မိမိ ရဲ ့ငွေ ကြေးချမး်သာကြွယ်ဝ မှု ဆိုတာ မိမိကိုယ်တိုင် ကျားကုတ်ကျားခဲ အားထုတ် ဖန် တီးရမယ့် အရာသာဖြစ်ပါတယ်။ တစ်နည်း အားဖြင့် မိမိ ကိုယ်တိုင်ချမ်းသာ ဖို ့အတွက် မိမိ ကိုယ်တိုင် မှာသာ တာဝန်ရှိပါတယ်။ ဒီလိုပါပဲ မိမ ဆီကို စဉ်ဆက်မပြတ် ဝင်နေမယ့် ငွေ စီးကြောင်းတွေ ရှိနေဖို ့ဆိုတာလဲ နှစ် ရှည် ဆက်တိုက် ကြိုးစားဖန်တီး လာမှုရဲ ့အသီးအပွင့်တွေ သာဖြစ်ပါတယ်။
အရင် ပိုစ် ့တွေ မှာ မျှဝေခဲ့ တဲ့ ဝင်ငွေ အမျိုးအစား ၅ မျိုးထဲမှာ အချို ့သော Income အမျိုးအစား တွေ ဟာ Passive Income လို ့ခေါ်တဲ့ မိမိ ရဲ ့ပါဝင် လုပ်ကိုင်အားထုတ်ရမှု ရာခိုင်နှုန်း နည်း ပါး လှတဲ့ ဝင်ငွေ အမျိုးအစားတွေ ဖြစ်ပါတယ်။ လူ အတော်များများ က ငွေ ရဖို ့အတွက် အလုပ်လုပ် ရမယ်လို ့ယူဆ ယုံကြည်ကြပါတယ်။ အလုပ်မလုပ် ပဲ ငွေ ရနိုင်လားလို ့မေးရင် လဲ အတော်များများ ကမဖြစ်နို်င်ဘူး မရနိုင်ဘူး လို ့ပြောကြမှာဖြစ်ပါတယ်။ တကယ်တမ်းကျတော့ အမျိုးအစားမတူတဲ့ income အမျိုးအစားတွေ ထဲက တစ်ချို ့ဟာ အလုပ်မလုပ် ပဲ ငွေ ရအောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် ဘိုးဘိုအောင် ကမန်းမှုတ် လိုက်သလို ဝုန်းခနဲ ထဖြစ်မှာ မဟုတ်ပဲ. စိတ်ခိုင်ခိုင် နဲ ့ကြိုးစားတည်ဆောက်ရတာဆိုတာကိုတော့ ထပ်ပြီး အသိပေးလို ပါတယ်။
အခုပိုစ့် ထိ တစ်စိုက် မတ်မတ် ဖတ်လာခဲ့ပြီး ဆိုရင်တော့ အလုပ်မလုပ်ပဲ ငွေ ရအောင် ဆိုတဲ့ ကျွန်တော် ့ရဲ ့ဒီ ပိုစ် ့တွေ ဟာ တက်ကျမ်း သာသာ မဟုတ်ဘူးဆိုတာကိုတော့ လက်ခံ လောက်ပြီ လို ့ယူဆပါတယ်။
ကဲဗျာ ဒါဆိုရင်နောက်ဆုံး ၂ မျိုးဖြစ်တဲ့ ဝင်ငွေ အမျိုးအစားတွေကို ထပ်လေ့လာကြည့်ရအောင်ပါ။
(6) Capital Gain Income
Capital Gain ဆိုတဲ့ အသုံးအနှုန်းက တော့ ရှယ်ယာ အရောင်းအဝယ် လောက ကနေ လာတဲ့ စကားလုံးဖြစ်ပါတယ်။ Common share လို ့ခေါ်တဲ့ အရောင်းအဝယ် လုပ်ကြတဲ့ ရှယ်ယာ တစ်စု ကို ဝယ်လိုက်မယ်ဆိုရင် အကျိုးကျေးဇူးက ၂ ခု တစ်ပြိုင်တည်းရနိုင်ပါတယ်။ ပထမ တစ်ခု က Dividend income ဖြစ်ပါတယ်။ (အထက်က ပိုစ့် မှာ Dividend income အကြောင်း သေချာ ရှင်းထားပြီး ဖြစ်ပါတယ်။)။ နောက် တစ်ခု ကတော့ အခု ဝင်ငွေ အမျိုးအစားဖြစ်တဲ့ Capital gain ဖြစ်ပါတယ်။ Capital gain ဆိုတာကတော့ မိမိ ပိုင်ဆိုင်မှု asset ကို မူလ ဝယ်ယူတုန်းက တန်ဖိုး ထက် ပိုမြင့် တဲ့ တန်ဖိုး နဲ ့ရောင်း ချလိုက်တဲ့ အခါမှာ တစ်လုံးထဲ ဝင်လာ တဲ့ အမြတ် ငွေ တွေကို ဆိုလိုတာဖြစ်ပါတယ်။ ဥပမာ ရှယ် ယာ တစ်စု ကို ၁၀၀ နဲ ့ဝယ်ယူ လိုက်ပြီ အချိန်တစ်ခု ကြာ လို ့ရှယ်ယာ တန်ဖိုး တက်သွားလို ့တစ်စု ကို ၅၀၀ ဖြစ်သွား တဲ့ အချိန် ပြန်ရောင်း ရင် အသားတင် အမြတ် ၄၀၀ ရရှိခြငး်ဟာ Capital gain ဖြစ်ပါတယ်။
Capital Gain Income နဲ ့အဓိက ရပ်တည်နေကြ တဲ့ သူတွေ ကတော့ အိမ်ခြံမြေ သို့မဟုတ် မော်တော်ကား လိုမျိုး ပိုင်ဆိုင်မှုတွေကို ဝယ်ရောင်း အနေနဲ ့လုပ်ဆောင် ကြတဲ့ ပွဲ စားတွေ ကို ပြနိုင်မှာ ဖြစ်ပါတယ်။ လ အစမှာ ကားတစ်စီးကို သိန်း ၁၀၀ နဲ ့ဝယ်လိုက်ပြီး ၂ ပတ်အကြာ မှာ ၁၁၀ နဲ ့ပြန်ရောင်း နိုင်ရင် ၁၀ သိန်းအမြတ် ရမှာဖြစ်ပြီး ဒီဝင်ငွေ အမျိုးအစားဟာ Capital gain အမျိုးအစားဖြစ်ပါတယ်။ တစ်လ အတွင်း ဒီလို အကြိမ်ရေ များများ လုပ်နိုင် လေလေ capital gain ဝင်ငွေ ပမာဏ များလေလေ ဖြစ်ပါလိမ့်မယ်။
ဒီဝင်ငွေ အမျိုးအစားဟာ ပုံမှန် Earned Income တစ်ခုကို လုပ်နေရင်းနဲ ့လဲ အလွယ်တကူ တွဲ ဖက် လုပ်ဆောင် နိုင်တဲ့ အမျိုးအစားဖြစ်ပါတယ်။ Capital Gain income ကို အရင်းအနှီး မရှိပဲ နဲ ့အကျိုးဆောင် ပွဲစားတွေ အနေနဲ ့လုပ်ဆောင်ပြီးတော့လဲ ရယူနိုင်ပါသေးတယ်။ ကျွန်တော် ရဲ ့Rent Income အနေနဲ ့တိုက်ခန်း တစ်ခန်း ကို ဝယ်ယူတုန်းက အကျိုးဆောင်ပေးသူ ဟာ ရပ်ကွက် ထဲက ပွဲစား အစ်မကြီး ဖြစ်ပါတယ်။ သူဟာ ပုံမှန်ဆိုရင်တော့ ဆန် နဲ ့ဆီ ရောင်းတဲ့ ဆိုင် လေးဖွင့် ပြီး Profit income ရနေသူဖြစ်ပါတယ်။ ဒါပေမယ့် သူ ့ရဲ ့လစဉ် အကျိုးဆောင်ခ က Profit income ထက် အဆ များစွာ ဝင်နေသူဖြစ် ပါတယ်။ ဒါ့အပြင် သူ အကျိုးဆောင်ပေးတဲ့ အိမ် ဝယ်သူ အိမ်ရောင်းသူ အိမ်ငှား သူ အိမ်ငှားတင် သူအားလုံးက သူ ့ရဲ ့ဆန်ဆိုင်ကို အားပေးကြတဲ့ အတွက် လဲ သူ ့ရဲ ့income နှစ် ခုလုံးဟာ အပြန်အလှန်အကျိုးပြုနေပါသေးတယ်။
Capital gain income ကိုရချင်တယ်ဆိုရင်တော့ သက်ဆိုင်ရာ နယ်ပယ် ရဲ ့ကျွမ်းကျင်မှု ၊ ဗဟုသုတ တွေကို ရနိုင် ဖို ့လိုအပ်ပါတယ်။ ကားအရောင်း အဝယ် လား၊ ဒေါ်လာ အရောင်းအဝယ် လား၊ ရွှေ အရောင်းအဝယ်လား၊ တိုက်ခန်း လား အားလုံး ဟာ သက်ဆိုင်ရာ ကျွမ်းကျင်မှု အပြည့် လိုအပ်ပါတယ်။ မဟုတ်ရင်တော့ တိုက်ခန်းစျေး တွေ ကျတော့မှ ကိုယ် က စျေးကြီး ပေးပြီး ဝယ်မိတာ၊ မတန်တဲ့ ကား ကို ဝယ်မိတာ၊ တိုက်ကြေ ကားကို ဂျင်းမိတာ ၊ အရှုပ် အရှင်း ရှိတဲ့ တိုက် ကို ဝယ် မိတာ စတာတွေ အများအပြားဖြစ်တတ်ပါတယ်။
အတော်များများ ကတော့ capital gain ကို ဖန် တီး ဖို ့သက်ဆိုင်ရာ နယ်ပယ် က ကျွမ်းကျင် သူ အကျိုးဆောင်တွေ ကို အသုံးချ လေ့ရှိပါတယ်။ ဥပမာ နိုင်ငံခြား တွေ မှာ ရှယ်ယာ ဝယ်ဖို ့ဆိုရင် ရှယ်ယာ ဝယ်ယူရေး အကျိုးဆောင် အကြံပေးတွေကို သုံးကြပါတယ်။ ဒါ့အပြင် အိမ်ပွဲစား ခြံပွဲ စား စတဲ့ သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ အကျိုးဆောင်တွေ ကို သုံးတာ မျိုးတွေ လဲရှိပါတယ်။
(၇) Royalty Income
Royalty Income ဆိုတဲ့ သစ္စာရှိ ဝင်ငွေ ဆိုတာကတော့ များသော အားဖြင့် Intellectual Property လို ့ခေါ်တဲ့ ဉာဏဆိုင်ရာ တန်ဖိုးရှိပိုင်ဆိုင်မှု တွေ ဆီက နေ ရလေ့ရှိပါတယ်။ Royalty Income ဆိုတာဟာ အဲဒီ ဉာဏပိုင်ဆိုင်မှုတွေကို ငှားရမး်တာ ရောင်းဝယ် တာတွေ ပြုလုပ်တဲ့ အကြိမ်တိုင်းမှာ တစ်သက်လုံး ဝင်ငွေ ရနေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ များသောအားဖြင့် တော့ မူပိုင်ခွင့်တွေ ဖြစ်တဲ့ Patent, Copy right စတာတွေ ကနေ ရနိုင်လေ့ ရှိပါတယ်။ ဥပမာ သီချင်းရေးဆရာ တစ်ယောက် ရဲ ့အောင်မြင်တဲ့ သီချင်းတစ်ပုဒ်ဟာ ဘယ်အဆိုတော် က ပြန်ဆိုဆို တေးရေး ဆရာ အတွက် ဝင်ငွေ ရရှိနေမှာ ဖြစ်ပါတယ်။
စီးပွားရေး လုပ်ငနး်တွေ ဆိုရင်တော့ သူ တို ့ရဲ ့Brand က နာမည်ကျော်ကြား ပြီး လူသိများ လာပြီ ဆိုရင် Royalty Income ကို စတင်ဖန်တီး လေ့ရှိကြပါတယ်။ Franchise ပေးတယ်ဆိုတာ ဟာလည်း တစ်နည်းအားဖြင့် စီးပွားရေး လုပ်ငန်းတွေ လုပ်လေ့ရှိတဲ့ Royalty income ဖြစ်ပါတယ်။ ဥပမာ ကိုယ့် ဟာကိုယ် ကြက်ကြော် ကြော် ပြီး ရောင်းမယ် ဆိုရင် အနည်းငယ်သော ဝယ်ယူသူတွေ သာရှိနိုင်ပါလိမ့်မယ်။ ဒီလို မဟုတ်ပဲ FKC ဆိုတဲ့ ကမ္ဘာကျော် ကြက်ကြော်ဆိုင် နာမည် နဲ ့ရောင်းမယ်ဆိုရင်တော့ ဝယ်ယူစားသုံးသူများစွာ ကို အလွယ်တကူ ရနိုင်ပါတယ်။ ဒါကြောင့် လဲ KFC ကြက်ကြော် ဆိုင်ဟာ တစ်ကမ္ဘာလုံးမှာ Franchise ပေးထားတဲ့ ဆိုင်ပေါင်း များ စွာ ကိုဖွင့် လှစ်ထားပါတယ်။ Franchise ပေးရတဲ့ အတွက် အမည် အသုံးပြုခွင့်ကို သတ်မှတ် ငွေ ကြေးပမာဏ ပေးသွင်း ပြီး ဝယ်ရသလို လစဉ် ရောင်းအား ထဲက ရာခိုင်နှန်း တစ်ခုကို လဲ franchise ဆိုင်တွေက KFC ကို ပေးရလေ့ရှိပါတယ်။ ဒါကတော့ လုပ်ငန်းတွေ ကဖန် တီး တဲ့ royalty income ပုံစံဖြစ်ပါတယ်။
လူတိုင်းမှာ လဲ royalty income ကို ဖန်တီး နိုင်ပါတယ်။ ကျွန်တော် ကကျတော့ စာသင်တဲ့ ဆရာ တစ်ယောက် ဖြစ် တဲ့ အတွက် ကျွန်တော့်ရဲ ့လက်ချာတွေ ကို online learning platform တစ်ခု မှာ တင်ထားလိုက်ပါတယ်။ ဒီသင်ခန်းစာတွေကို ဝင်ရောက် လေ့လာသူတွေရှိတိုင်း ကျွန်တော် ဟာ ဝင်ငွေ ရနေ မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကျွန်တေ်ာ့ ရဲ ့နောက်ထပ် royalty income တစ်ခုကတော့ စာအုပ် ထုတ် တာပဲဖြစ် ပါတယ်။ လက်ရှိမှာ စာတိုပေစု ဆိုတဲ့ အမည်နဲ ့စာအုပ် ၂ အုပ် အောင်မြင်စွာ ထုတ်ဝေ ဖြန် ့ဖြူး ပြီး ဖြစ် ပါတယ်။ ဒီစာ အုပ်တွေဟာ နောင် ဘယ် အချိန်မှာ ဖြစ်ဖြစ် ပြန်လည် ရိုက် နှိပ် ထုတ်ဝေ တာနဲ ့ကျွန်တော့် က ဝင်ငွေ ရနိုင်မှာ ဖြစ် ပါတယ်။
ဒီလောက်ဆိုရင်တော့ ဝင်ငွေ လမ်းကြောင်း ပေါင်းများစွာကို သိရှိသွားပြီလို ့ယူဆပါတယ်။ မိိတ်ဆွေ ရဲ ့လက်ရှိအနေအထားအပေါ်မူတည်ပြီး အလုပ်က ရတဲ့ လစာ ဆိုတာနဲ ့မတူတဲ့ ဝင်ငွေ အမျိးအစားတွေကို ဖန် တီး နိုင်ပါတယ်။
ပိုစ် ့အစမှာပြောခဲ့သလိုပါပဲ လစာ ဆိုတာ ဝင်ငွေ နဲ ့ပမာဏ တူနေရင် မိတ်ဆွေ မှာ ငွေကြေးဆိုင်ရာ ပြသနာ တစ်ခုခုကြုံဖို ့အလားအလာ များနေပါပြီ။ လစာ ဟာ တစ်ခု တည်းသော ငွေဝင်လမ်းမဟုတ်ပါဘူး။ လစာ ဆိုတာ ဝင်ငွေ လမ်းကြောင်း ၇ ခုထဲက Earned income ဆိုတဲ့ ခေါင်းစဉ် ကြီးအောက်က. ခေါင်းစဉ် အခွဲလေး ၃ ခုထဲက တစ်ခု သာဖြစ် ပါတယ်။
ဒါလေးနဲ ့ပဲမိတ်ဆွေ ကျေနပ် နေတော့မှာလား။ ဒါမှမဟုတ် ပေါများ လှတဲ့ အခြား ဝင်ငွေ အမျိုးအစား တွေကို ဖန်တီး ဦးမလား။ တစ်ခု တော့ ထပ်သတိပေးပါမယ်။ မိတ်ဆွေ ချမ်းသာ ဖို ့အတွက် ဘယ်သူ ့မှာမှ တာဝန်မရှိ ပါဘူး။ ဒီတော့ ကိုယ့် တာဝန်ကို ကိုယ် က ပဲကျေ အောင် ထမ်း ရမှာပါပဲ။
အဲ…ဒါပေမယ့် မိတ်ဆွေက မြန်မာပြည် လူဦးရေ ငါးဆယ့် လေးသန်း ကျော် ထဲက သိန်းတစ်သောင်းခွဲ ထီ ဆု နဲ ့အခြား ဆုကြီးတွေ ပေါက် မယ့် လူ ဆယ် ဂဏာန်း လောက် မှာ ငါ ပါနိုင်တယ်လို ့ယုံကြည် ယူဆနေတယ် ဆိုရင်တော့ လဲ…ဒီအတိုင်း နေမြဲ အတိုင်းလေး အတိုင်း ဆက်နေလို ့ရပါတယ်..ဟုတ်ကဲ့….. ကျွန်တော် လဲ မိတ်ဆွေ ထီပေါက် ဖို ့ဆုတောင်းပေးနေပါဦးမယ်…
လုံလောက်တဲ့ အသိပညာ ဟာ ပြင်းထန်တဲ့အခက်အခဲတွေကို လွယ်ကူစွာကျော်ဖြတ်စေနိုင် ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

ที่อยู่

Bangkok

เวลาทำการ

จันทร์ 09:00 - 17:00
อังคาร 09:00 - 17:00
พุธ 09:00 - 17:00
พฤหัสบดี 09:00 - 17:00
ศุกร์ 09:00 - 17:00

เบอร์โทรศัพท์

+959977960537

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Sure Success Digital Marketingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์