13/06/2026
မဘိမ်းတိုက်ပွဲတွင် သူရဘွဲ့ရ ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် ဒဏ်ရာပြင်းထန်ရ၊ ရဟတ်ယာဉ်ဖြင့် နေပြည်တော်သို့ ကယ်ထုတ်(သတင်း)
ပြည်သူ့ခေတ်၊ ဇွန် ၁၃
ရှမ်းမြောက်နှင့် ကချင်အစပ် မဘိမ်းမြို့နယ်အတွင်း ဖြစ်ပွားနေသော တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ သူရဘွဲ့ရ ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် ဒဏ်ရာအပြင်းအထန် ရရှိသွားပြီး စစ်ရဟတ်ယာဉ်ဖြင့် နေပြည်တော် ကုတင်(၁၀၀၀) စစ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသနေရကြောင်း သတင်းရင်းမြစ်များက ဆိုသည်။
သတင်းများအရ မဘိမ်းမြို့နယ်ဘက်သို့ အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင် ဦးဆောင်သည့် စစ်ကြောင်းမှာ အထိနာခဲ့ပြီး ၎င်းကိုယ်တိုင်လည်း ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း သိရသည်။
ထိခိုက်ဒဏ်ရာရပြီးနောက် ကယ်ဆယ်ရေးအကူအညီ တောင်းခံခဲ့သော်လည်း အစပိုင်းတွင် ခွင့်ပြုချက်မရခဲ့ကြောင်း၊ နောက်ပိုင်းတွင် အဆင့်မြင့် စစ်ခေါင်းဆောင်များထံ တိုက်ရိုက်ဆက်သွယ်မှုများ ပြုလုပ်ပြီးမှ ရဟတ်ယာဉ်ဖြင့် လာရောက်ကယ်ထုတ်ခဲ့ရကြောင်း သတင်းရင်းမြစ်များက ပြောဆိုထားသည်။
ဗိုလ်မှူးကြီး သူရဝဏ္ဏလှိုင်သည် စစ်တက္ကသိုလ် အပတ်စဉ် (၄၃) ဆင်းဖြစ်ပြီး ကရင်ပြည်နယ် အနန်းကွင်းဒေသ တိုက်ပွဲများတွင် တာဝန်ထမ်းဆောင်စဉ် “သူရဘွဲ့” ချီးမြှင့်ခံခဲ့ရသူဖြစ်သည်။ လက်ရှိ မဘိမ်းစစ်မျက်နှာတွင် ပြင်းထန်သော တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်တပ်များအကြား စစ်ရေးတင်းမာမှု မြင့်တက်နေဆဲဖြစ်ကြောင်း သိရသည်။
#ပြည်သူ့ခေတ်သတင်း