08/08/2025
မြန်မာပြည်မြောက်ပိုင်းရှိ မြေရှားသတ္တုသယံဇာတက ပြည်တွင်းစွမ်းအားနှင့် ကမ္ဘာ့ပြိုင်ဆိုင်မှုကို ပုံဖော်နေ
------------------------------------
၈ ဩဂုတ် ၂၀၂၅-ချင်းတွင်းရိုးမ (ဘာသာပြန်ဆောင်းပါး)
ကမ္ဘာ့အင်အားကြီးနိုင်ငံများသည် အရေးပါသော သတ္တုသယံဇာတများကို ရရှိရန် ကြိုးပမ်းနေချိန်တွင် မြန်မာနိုင်ငံ၏ ရှားပါးမြေဓာတ်သတ္တုများသည် အဖိုးတန်ရတနာ ဖြစ်လာသကဲ့သို့ ပဋိပက္ခ၏ အဓိကနေရာတစ်ခုလည်း ဖြစ်လာခဲ့သည်။
ပြီးခဲ့သည့်ရက်သတ္တပတ်က ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ ထရမ့်အစိုးရသည် မြန်မာနိုင်ငံမှ ရှားပါးမြေဓာတ်သတ္တုများကို ရရှိရန်အတွက် ယှဉ်ပြိုင်နေသော အဆိုပြုချက်များကို အတွင်းကျကျ ပြန်လည်သုံးသပ်နေကြောင်း သိရသည်။
ထိုအဆိုပြုချက်များတွင် မြန်မာစစ်အုပ်စုနှင့် ထိတွေ့ဆက်ဆံခြင်း၊ မြေရှားသတ္တုတူးဖော်ရေးနေရာများကို ထိန်းချုပ်ထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ကချင်လွတ်မြောက်ရေးတပ် (KIA) နှင့် တိုက်ရိုက်ဆွေးနွေးညှိနှိုင်းခြင်းတို့ ပါဝင်သည်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နယ်စပ်အနီး ကချင်ပြည်နယ်မြောက်ပိုင်း၌ မြေရှားသတ္တု တူးဖော်မှုများ အရှိန်အဟုန်မြင့်လာခဲ့သည်။ ထိုနေရာရှိ အလွန်အဖိုးတန်သော ရှားပါးမြေဓာတ်သတ္တုတွင်းများနှင့် ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင် အရေးပါသောလမ်းကြောင်းကို KIA က သိမ်းပိုက်ထား၏။
ဒေသခံတော်လှန်ရေးအဖြစ် စတင်ဖြစ်တည်ခဲ့သော KIA သည် ယခင်ကတည်းက တရုတ်၊ အိန္ဒိယနှင့် ဆက်ဆံခဲ့ဖူးသကဲ့သို့ ယခုအခါ အမေရိကန်ပြည်ထောင်စုတို့ ပါဝင်လာသည့် သယံဇာတအကြောင်းပြုသော သံတမန်ရေးရာအဖြစ် ပြောင်းလဲလာခဲ့သည်။
တရုတ်နိုင်ငံသို့ အရေးပါသော ထောက်ပံ့ပို့ဆောင်ရေးလမ်းကြောင်းတလျှောက်ကို KIA စိုးမိုးအုပ်ချုပ်နေ
------------------------------
မြန်မာနိုင်ငံသည် တရုတ်နိုင်ငံအတွက် အရေးကြီးဆုံးသော မြေရှားသတ္တု ထောက်ပံ့သူ ဖြစ်လာခဲ့ပြီး၊ မကြာသေးမီနှစ်များအတွင်း နှစ်စဉ်တင်ပို့မှုတန်ဖိုး၏ ၆၀ ရာခိုင်နှုန်းကျော်ကို တင်ပို့ပေးနေခဲ့သည်။ KIA သည်လည်း အဆိုပါမှီခိုအားထားမှုကို ၎င်း၏တရားဝင်မှု (Legitimacy) အတွက် အသုံးချနေပါသည်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် KIA သည် ကမ္ဘာ့အဖိုးတန်ဆုံး မြေရှားသတ္တုသိုက်များ စုဝေးရာနေရာအနီးရှိ ချီဖွေနှင့် ပန်ဝါ မြို့နှစ်မြို့ကို ထိန်းချုပ်ခဲ့သည်။ ယင်းသတ္တုများ၊ အထူးသဖြင့် ဒိုင်စ်ပရိုစီယမ်နှင့် တာဘီယမ်တို့သည် လျှပ်စစ်ကားများ၊ လေရဟတ်တာဘိုင်များနှင့် ခေတ်မီကာကွယ်ရေးစနစ်များ ထုတ်လုပ်ရာတွင် အရေးပါ၏။ တရုတ်နိုင်ငံက နယ်စပ်ဂိတ်များကို ပိတ်ဆို့ပြီး မြန်မာနိုင်ငံမှ မြေရှားဓာတ်သတ္တုတင်ပို့မှုများကို ရပ်တန့်ခြင်းဖြင့် တုံ့ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်နိုင်ငံ၊ ကူမင်းမြို့၌ လျှို့ဝှက်တွေ့ဆုံပြီးနောက် ဆွေးနွေးမှုများ တဖြည်းဖြည်း အရှိန်ရလာခဲ့သည်။ ထို့နောက် KIA က တင်ပို့သည့် မြေရှားဓာတ်သတ္တု အာရုံစူးစိုက်မှုရှိသော ပစ္စည်းများအပေါ် ၂၀ ရာခိုင်နှုန်း တရုတ်အခွန်ကောက်ခဲ့သည်။ ဧပြီလတွင် နှစ်ဖက်စလုံးသည် တစ်တန်လျှင် ယွမ် ၃၅,၀၀၀ (အမေရိကန်ဒေါ်လာ ၄,၈၃၀) နှုန်းဖြင့် သဘောတူညီခဲ့ကြသည်။
KIA ၏ စည်းမျဉ်းများအောက်တွင် ကုန်သွယ်ရေး ပြန်လည်စတင်ခဲ့ရာ ၎င်းသည် နိုင်ငံတော်မဟုတ်သော လက်နက်ကိုင်အဖွဲ့အစည်းတစ်ရပ်အဖြစ် အရေးပါသော ထောက်ပံ့ရေးလမ်းကြောင်းကို တရားဝင် အုပ်ချုပ်ကိုင်တွယ်နိုင်ခဲ့သည်။
ဤဖြစ်စဉ်သည် ဒေသတွင်း မြေရှားသတ္တုတူးဖော်မှုနှင့် တင်ပို့မှုများ လျင်မြန်စွာ တိုးတက်လာသည့် နောက်ခံအခင်းအကျင်းတွင် ပေါ်ပေါက်လာခဲ့သည်။ ISP-Myanmar ၏ အဆိုအရ ၂၀၂၀ ပြည့်နှစ်တွင် ကချင်ပြည်နယ်မြောက်ပိုင်း၌ လှုပ်ရှားနေသော သတ္တုတွင်း ၁၃၀ ခန့်ရှိရာမှ ၂၀၂၄ ခုနှစ်ကုန်တွင် ၃၇၀ ကျော်အထိ တိုးလာခဲ့သည်။ ချီဖွေမြို့ တစ်ခုတည်းတွင်ပင် ယိုစိမ့်ထွက်သည့် တွင်းပေါင်း ၂,၅၀၀ ကျော်ကို မှတ်တမ်းတင်ထားသည်။
၂၀၁၇ ခုနှစ်မှ ၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံကျော်ရှိသော မြေရှားသတ္တု တန်ချိန် ၂၉၀,၀၀၀ ကျော်ကို တရုတ်နိုင်ငံသို့ တင်ပို့ခဲ့ရာ ထိုအထဲမှ ၈၅ ရာခိုင်နှုန်းသည် စစ်အာဏာသိမ်းပြီးနောက် ထွက်ရှိခဲ့ခြင်းဖြစ်သည်။ ထိုပမာဏ၏ သုံးပုံတစ်ပုံခန့်သည် ၂၀၂၃ ခုနှစ်တွင် ထွက်ရှိခဲ့ကြောင်း သိရသည်။
ချီဖွေနှင့် ပန်ဝါကို KIA သိမ်းပိုက်ခြင်းသည် အဆိုပါအဖွဲ့၏ မဟာဗျူဟာမြောက် အခန်းကဏ္ဍကို အသစ်တဖန် ဖြစ်ထွန်းလာစေခဲ့သည်။
ယခင်ကကဲ့သို့ နယ်မြေပိုင်နက်စိုးမိုးရေးအတွက် တော်လှန်တိုက်ခိုက်ခြင်းသီးသန့်မဟုတ်တော့ဘဲ KIA သည် ယခုအခါ အရေးပါသော သယံဇာတနယ်မြေများကို အုပ်ချုပ်ခြင်း၊ တင်ပို့ကုန်များအပေါ် အခွန်အကောက်များကို စီမံခန့်ခွဲခြင်းနှင့် အဓိကဒေသဆိုင်ရာ အင်အားကြီးနိုင်ငံတစ်ရပ်နှင့် တိုက်ရိုက်ဆွေးနွေးခြင်းတို့ကို လုပ်ဆောင်နေပြီ ဖြစ်သည်။
ထိုသို့လုပ်ဆောင်နိုင်စွမ်းကို KIA သည် ၁၉၉၀ ပြည့်လွန်နှစ်များအလယ်ပိုင်းတွင် ကျောက်စိမ်းတူးဖော်ရေးမှ ဝင်ငွေများဖြင့် ၎င်း၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ခိုင်မာစေပြီး အုပ်ချုပ်ရေးစွမ်းရည်ကို တည်ဆောက်ပုံနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
KIA ၏ ပုံစံသည် တရုတ်နိုင်ငံသို့ သံဖြူတင်ပို့မှုကို အချိန်ကြာမြင့်စွာ ထိန်းချုပ်ထားနိုင်ခဲ့သော ‘ဝ’ပြည်သွေးစည်းညီညွတ်ရေးတပ် (UWSA) နှင့် တဖြည်းဖြည်း ဆင်ဆင်တူလာနေသည်။
UWSA သည် တရားမဝင် အခွန်ကောက်ခံမှုများကို အသုံးပြု၍ နိုင်ငံရေးအရ ဝင်ရောက်မစွက်ဖက်ခြင်းတို့ကြောင့် သယံဇာတများကို အေးအေးလူလူ ထုတ်ရောင်းနိုင်ခဲ့သည်။ တရုတ်နိုင်ငံသည် ကချင်ပြည်နယ်တွင်လည်း UWSA ကဲ့သို့ အလားတူ လက်နက်ကိုင်အဖွဲ့၏ကုန်သွယ်ရေးပုံစံကို ခွင့်ပြုနိုင်ဖွယ်ရှိသည်။
သို့သော် UWSA သည် စုစည်းကျစ်လစ်သော်လည်း နိုင်ငံရေးအရအထီးကျန်သောနယ်မြေကို အုပ်ချုပ်နေချိန်တွင် KIA ကတော့ ခရစ်ယာန်ဩဇာလွှမ်းမိုးမှုနှင့် ပြည်ပရောက် ကချင်လူမျိုးများနှင့် ထိတွေ့ဆက်ဆံမှုများရှိသော ဒေသတွင် ခြေကုပ်ယူပြီး လှုပ်ရှားနေသည်။ ပြည်ပရောက် ကချင်အများအပြားသည် အမျိုးသားညီညွတ်ရေးအစိုးရကို ထောက်ခံကြသည်။ ယင်းထောက်ခံမှုက KIA ကို မြန်မာနိုင်ငံ၏ အတိုက်အခံ၊ နယ်စပ်ဖြတ်ကျော်ထောက်ခံမှုနှင့် ဒီမိုကရေစီရေး ရည်မှန်းချက်များနှင့် ချိတ်ဆက်ပေးသည်။
ထို့ကြောင့် KIA သည် တရုတ်နိုင်ငံအတွက် အဖိုးတန်သော သယံဇာတမိတ်ဖက်ဖြစ်နိုင်သော်လည်း ၎င်း၏ နိုင်ငံရေးနှင့် နိုင်ငံတကာဆက်ဆံရေးများအတွက်တော့ အရှုပ်အထွေးရှိနိုင်သည်။
နယ်မြေထိန်းချုပ်မှုကို တရုတ်တင်းကျပ်ချိန်တွင် အိန္ဒိယကလည်း မြန်မာ့မြေရှားပါးသတ္တုကို စောင့်ကြည့်ရင်း ဖြစ်နိုင်ခြေအန္တရာယ်ကိုပါ စဉ်းစား
----------------------------
ထောက်ပံ့ရေးကွင်းဆက်များကို ကွဲပြားအောင် ကြိုးပမ်းနေသော တရုတ်သည် မြန်မာနိုင်ငံမှ အဆိုပါပြတ်တောက်မှုများကြောင့် အားနည်းချက် ကြုံနေရဆဲဖြစ်ပါသည်။ ပြည်တွင်း၌ ဒိုင်စ်ပရိုစီယမ်နှင့် တာဘီယမ် ထုတ်လုပ်မှုသည် အဆင့်အတန်းနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကုန်ကျစရိတ်များကြောင့် အကန့်အသတ်သာ ရရှိနိုင်သည်။
မြန်မာနိုင်ငံ၏ လုပ်အားခနည်းပါးခြင်းနှင့် စည်းမျဉ်းများ လျော့ရဲခြင်းတို့သည် စီးပွားရေးအရ ဆွဲဆောင်မှုရှိနေဆဲ ဖြစ်ပြီး အဖွဲ့အစည်းဆိုင်ရာအားသာချက်များသည် တရုတ်နိုင်ငံ၏ ဝင်ရောက်မစွက်ဖက်ဘဲ ညှိနှိုင်းရယူလိုခြင်းကို ပြသနေသည်။
Global Witness, ISP-Myanmar (၂၀၂၄) နှင့် ဒေသတွင်းသတင်းထောက်များ၏ မကြာသေးမီက စုံစမ်းလေ့လာချက်များအရ ကချင်ပြည်နယ်တွင် သတ္တုတူးဖော်ရေးနေရာများ လျင်မြန်စွာ တိုးတက်လာမှုနှင့် နယ်စပ်ဖြတ်ကျော် ကုန်သွယ်ရေးစီးဆင်းမှုများကို မီးမောင်းထိုးပြပုံကို သိရသည်။
ရှားပါးမြေဓာတ်သတ္တုနှင့် ပတ်သက်၍ ရပ်တည်ချက်သည် အမေရိကန်-တရုတ် ကုန်သွယ်ရေးတင်းမာမှုများ မြင့်တက်လာခြင်းအပါအဝင် ပိုမိုကြီးမားသော ပထဝီဝင်နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများလည်း ဖြစ်ပေါ်လာခဲ့သည်။
တရုတ်နိုင်ငံသည် မြေရှားသတ္တုတင်ပို့မှုကန့်သတ်ချက်များကို တင်းကျပ်ခြင်းအပါအဝင် အဆိုပါသတ္တုဆိုင်ရာ အစီအမံအချို့ကို ချမှတ်ခဲ့သည်။ ပြင်ပမှ လေ့လာသူအများအပြားအတွက် အရေးမပါသော်လည်း မြန်မာနိုင်ငံ၏ မြောက်ပိုင်းစင်္ကြံလမ်းသည် အမေရိကန်-တရုတ်ကုန်သွယ်ရေးအတွက် အရေးပါသော ဖိအားပေးစရာနေရာတစ်ခု ဖြစ်လာခဲ့သည်။
ထိုသို့အခြေအနေကို အိန္ဒိယနိုင်ငံက ကောင်းစွာသတိထားမိခဲ့သည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလတွင် နယူးဒေလီအစိုးရပိုင် အိန္ဒိယမြေရှားသတ္တုလီမိတက် (Indian Rare Earths Limited) မှ အရာရှိများသည် ထိပ်ပိုင်းစီးပွားရေးမိတ်ဖက်ဆက်ဆံရေးများကို အကဲဖြတ်ရန်အတွက် ကချင်ပြည်နယ်သို့ သွားရောက်ခဲ့သည်။ အိန္ဒိယသည် အဆိုပါ ဒေသတွင်းမှာ ခြေကုပ်ရယူခြင်းဖြင့် ပြည်တွင်းအရန်သိုက် အကန့်အသတ်ရှိမှုကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ ရှားပါးမြေဓာတ်သတ္တုအတွက် တရုတ်အပေါ် မှီခိုမှုကို လျှော့ချနိုင်ခြင်းနှင့် အိန္ဒိယနယ်စပ်တလျှောက် တရုတ်ဩဇာကို ဟန့်တားနိုင်ခြင်းတို့ကို ဖြစ်စေနိုင်သည်။
သို့သော် နယူးဒေလီအစိုးရသည် အိန္ဒိယ-မြန်မာနယ်စပ်တလျှောက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ကန့်သတ်ထားသော ထိတွေ့ဆက်ဆံမှုများကို စတင်ခဲ့သော်လည်း မြန်မာအစိုးရမဟုတ်သော အဆိုပါအဖွဲ့များနှင့် ဤသို့နက်ရှိုင်းပြီး ကျယ်ပြန့်သော အတိုင်းအတာဖြင့် အထူးသဖြင့် သယံဇာတစီမံခန့်ခွဲမှုဆိုင်ရာ အခြေအနေမျိုးတွင် ညှိနှိုင်းမှု အပေးအယူမျိုး ယခင်က မလုပ်ဖူးခဲ့ပေ။
ကချင်ပြည်နယ်၏ ရှားပါးသတ္တုသိုက်များကို ရယူခြင်းသည်လည်း ပြန်လည်ပေးဆပ်ရမှု ကြီးမားလွန်းလှသည်။ မြေရှားသတ္တုတူးဖော်ခြင်းသည် သစ်တောပြုန်းတီးမှု၊ မြေအောက်ရေ ညစ်ညမ်းမှုနှင့် အဆိပ်အတောက်များ စီးဆင်းမှုများအပါအဝင် ပြင်းထန်သော သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုများကို ဖြစ်ပေါ်စေသည်။ သတ္တုတူးဖော်မှုမှ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများသည် ထိုင်းနိုင်ငံမြောက်ပိုင်းသို့ပါ ပျံ့နှံ့ခဲ့ပြီး ဒေသခံများကလည်း အသက်မွေးဝမ်းကျောင်းနှင့် မြေယာပိုင်ဆိုင်မှုအပေါ် ခြိမ်းခြောက်မှုများကို ဆန့်ကျင်ဆန္ဒပြမှုများရှိလာခဲ့၍ သယံဇာတအပေါ် အခြေခံသောစီမံမှုများတွင် မတည်ငြိမ်မှုကို ပိုမိုဖြစ်ပေါ်စေသည်။
သယံဇာတအထောက်အပံ့ဖြင့် သံတမန်ရေးရာ တည်ငြိမ်အောင် ဆောင်ကြဉ်း
နိုင်ပါ့မလား
-------------------------------
အရေးပါသော ရှားပါးမြေဓာတ်သတ္တုလမ်းကြောင်းများကို ထိန်းချုပ်ခြင်းအားဖြင့် KIA သည် ဝင်ငွေရရှိရုံသာမက သြဇာအာဏာပါ ကြီးမားလာခဲ့သည်။
တင်ပို့မှုပမာဏသည် ၂၀၂၃ ခုနှစ်အဆင့်နီးပါး ရှိနေပြီး တစ်တန်လျှင် ယွမ် ၃၅,၀၀၀ နှုန်း သတ်မှတ်ထားသဖြင့် KIA သည် နှစ်စဉ် အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကျော်အထိ ဝင်ငွေရရှိနိုင်သည်။ ဒေသခံများနှင့် မကြာသေးမီက ပြုလုပ်ခဲ့သည့် တွေ့ဆုံမေးမြန်းမှုများအရ နယ်စပ်ကုန်သွယ်ရေး၊ အခွန်ကောက်ခံမှုနှင့် သတ္တုတူးဖော်မှုအပေါ် အခြေခံသော အပစ်အခတ်ရပ်စဲရေး မော်ဒယ်အသစ်တစ်ခုအတွက် ရှာဖွေစူးစမ်းဆွေးနွေးမှုများ ရှိနေသည်ဟု ဆိုသည်။
၎င်း၏ အနှစ်သာရမှာ သယံဇာတထိန်းချုပ်မှုသည် နိုင်ငံရေးအရ ပြေလည်စေရေး၏ အဓိကအချက်ဖြစ်သည်ဟူသော အယူအဆဖြစ်သည်။ ရှားပါးမြေဓာတ်သတ္တုများသည် မြန်မာနိုင်ငံမြောက်ပိုင်း၏ နိုင်ငံရေးအခင်းအကျင်းကို ပုံဖော်နေပြီး၊ ထိုနေရာတွင် တော်လှန်ရေးအဖွဲ့အုပ်ချုပ်မှု၊ နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေးနှင့် အင်အားကြီးနိုင်ငံများ၏ ပြိုင်ဆိုင်မှုတို့သည် သွားရောက်ပေါင်းစုံနေသည်။
တရုတ်နိုင်ငံ၏ ဦးစားပေးမှာ ထိတွေ့ဆက်ဆံမှုမှတစ်ဆင့် ရယူခြင်း ဖြစ်သည်။ အိန္ဒိယနှင့် အခြားနိုင်ငံများကမူ နိုင်ငံတော်အဆင့်နီးပါး သက်ဆိုင်ရာအစိတ်အပိုင်းများကို ထိတွေ့ဆက်ဆံခြင်းနှင့် အရှေ့တောင်အာရှ၏ သယံဇာတအနာဂတ်မှ ချန်လှပ်ခံရခြင်းအန္တရာယ်များကို ချိန်ဆနေကြသည်။
KIA သည် မဟာဗျူဟာမြောက် သယံဇာတများ၏ တံခါးစောင့်အဖြစ် ရပ်တည်လာခြင်းသည် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့၏ တရားဝင်မှု (legitimacy) နှင့် ကြားဝင်စေ့စပ်မှုဆိုင်ရာယုတ္တိကို ပြန်လည်ပြင်ဆင်သတ်မှတ်ပေးလိုက်သည်။
နယ်မြေနှင့် တူးဖော်ရေးနေရာများကို ထိန်းချုပ်နိုင်မှုက သြဇာအာဏာကို ဖန်တီးပေးပြီး မြေပြင်ပေါ်တွင် အာဏာကိုင်ထားသူ မည်သူ့ကိုမဆို တရုတ်က လက်တွေ့ကျကျ ထိတွေ့ဆက်ဆံလိမ့်မည်ဟူသော အမြင်ကို ပိုမိုခိုင်မာစေသည်။
ပြောရမည်ဆိုလျှင် ရှားပါးမြေဓာတ်သတ္တုများသည် ထူးခြားချက်နှစ်ခုရှိသော ဓားတစ်လက် ဖြစ်လာသည်။ ထရမ့်အစိုးရ၏ မကြာသေးမီက အစည်းအဝေးများက ဖော်ပြသကဲ့သို့ မြန်မာနိုင်ငံအတွက် ဝါရှင်တန်ရှိ မဟာဗျူဟာမြောက်မူဝါဒဆွေးနွေးမှုများသို့ ဝင်ရောက်နိုင်သည့် ထူးခြားသောအခွင့်အရေးကို ပေးအပ်လာသည်မှာ အဆိုပါသတ္တုကြောင့်ပင်ဖြစ်ပါသည်။
သို့သော် အမေရိကန်ပြည်ထောင်စုက လက်တွေ့ကျကျ ရယူနိုင်မည်လားဆိုသည်မှာ သီးခြားကိစ္စတစ်ရပ် ဖြစ်သည်။ မြန်မာ့အရေးအကျပ်အတည်းကို ရှားပါးမြေဓာတ်သတ္တု ရရှိရေးဆိုသည့် ကျဉ်းမြောင်းသော ရှုထောင့်မှ ကြည့်မြင်မိလျှင် မဟာဗျူဟာကျသော တုံ့ပြန်မှုအစား အပေးအယူဆန်သော တုံ့ပြန်မှုကိုပဲ အားပေးနိုင်ပါသည်။
၎င်းသည် ရေရှည်တည်ငြိမ်ရေး အလားအလာများကို လျှော့ချပြီး အငြင်းပွားနေသော ဒေသများတွင် ပထဝီဝင်နိုင်ငံရေးဆိုင်ရာ ပြိုင်ဆိုင်မှုကို မြင့်တက်စေနိုင်သည်။
မြေရှားသတ္တုများသည် နိုင်ငံတကာအပြောင်းအလဲများတွင် နောက်ခံဇာတ်ကြောင်းတစ်ခုသာ မဟုတ်တော့ဘဲ၊ ပဋိပက္ခဖြေရှင်းရေး၊ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့် ပထဝီဝင်နိုင်ငံရေးအန္တရာယ်တို့၏ ဆုံမှတ်တွင် တည်ရှိနေပြီ ဖြစ်ပါသည်။ ။
ကိုးကား : New Security Beat
(newsecuritybeat.org ဝက်ဘ်ဆိုက်တွင် လွှင့်တင်ထားသော မူရင်းဆောင်းပါးရှင် အမရသီဟ၏ သုံးသပ်ချက်ကို ဆီလျော်အောင် မြန်မာပြန်ဆိုပါသည်)
#ချင်းတွင်းရိုးမ
#ဘာသာပြန်ဆောင်းပါး