
09/11/2022
မဲဆောက်မြို့တွင် တန်ဆောင်တိုင်ပွဲတော် (လွိုင်ကထုံ) ပွဲတော်နှင့်နိဗ္ဗာန်ဈေးပွဲကျင်းပခဲ့ပြီး မြန်မာအများအပြား လာရောက်ဆင်နွှဲ
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မဲဆောက်မြို့တွင် တန်ဆောင်တိုင်ပွဲတော် (လွိုင်ကထုံ) မီးမျှော ပွဲတော်နှင့် နိဗ္ဗာန်ဈေးပွဲတော်ကို နိုဝင်ဘာ ၈ ရက် ညပိုင်းက ကျင်းပခဲ့ရာ မဲဆောက်ရောက် မြန်မာအများအပြား ပါဝင် ဆင်နွှဲခဲ့ကြောင်း သိရသည်။
မဲဆောက်မြို့တွင် ပျော်ပွဲရွှင်ပွဲ၊ ပွဲလမ်း သဘင်နှင့် တန်ဆောင်တိုင်မီးမျှောပွဲတော် တို့မှာ ကိုဗစ်ကြောင့် နှစ်နှစ်ကျော် သုံးနှစ်နီး ပါး ရပ်နားခဲ့ရာမှ ပြန်လည်စတင်သည့်ပျော် ပွဲရွှင်ပွဲဖြစ်ဖြစ်၍ အကန့်အသတ်ဖြင့် ကျင်းပ ခဲ့သော်လည်း အထူးစည်ကားခဲ့ကြောင်း သိ ရသည်။
ယခင်နှစ်များကဲ့သို့ နှစ်နိုင်ငံချစ်ကြည် အထိမ်းအမှတ်အဖြစ် သောင်ရင်းမြစ်တွင် လွိုင်ကထုံ မီးမျှောပွဲတော်ကို ကျင်းပခြင်းမရှိ သော်လည်း မဲဆောက်မြို့နေရာအနှံ့တွင် ကျင်း ပခဲ့ကြသည်ဟု ဆိုသည်။
မဲဆောက်မြို့တွင်နေထိုင်သူ ကိုကြီးမန်း က “ဒီနှစ်မှာ နှစ်နိုင်ငံချစ်ကြည်ရေး မီးမျှောပွဲ တော်ကို သောင်ရင်းမြစ်မှာ မကျင်းပနိုင်ခဲ့ပေ မဲ့ ရေရှိတဲ့ ကန်၊ မြောင်းရှိတဲ့ နေရာအနှံ့မှာ ကျင်းပခဲ့ကြတယ်။ လွိုင်ကထုံဆိုတာကတော့ ထိုင်းရိုးရာအရ ကြာပန်းမီးခွက်ကိုမျှောပြီး ဆု တောင်းပွဲပြုလုပ်ခြင်းတစ်မျိုးပါ။ ဒီနေ့ထူးခြား တာက မဲဆောက်က နှစ်ပေါင်း၁၀၀ ကျော်ရှိပြီ ဖြစ်တဲ့ကျောင်းကြီးကျောင်းမှာ နိဗ္ဗာန်ဈေးပွဲ တော်လည်း ကျင်းပတော့ မဲဆောက်ရောက် မြန်မာတွေ ၃၀၀၀ လောက်ရှိမယ်ထင်တယ် စည်စည်ကားကားနဲ့ ပျော်စရာလည်း ကောင်း ပါတယ်” ဟု ပြောကြားသည်။
အချို့မှာ မိမိနေအိမ်ရှိ ရေကန်ငယ်၌ လည်း ကြာပန်းမီးမျှောကာ ဆုတောင်းပွဲပြု လုပ်ခဲ့ကြသည်ဟု သိရသည်။
ယခင်က တန်ဆောင်တိုင်ပွဲတော်သို့ ရောက်တိုင်း ထိုင်း-မြန်မာ နှစ်နိုင်ငံချစ်ကြည် ရေးမီးမျှောပွဲတော်ကို သောင်ရင်းမြစ်ကမ်း စပ်တွင် ကျင်းပသည့်အပြင် လက်ဝှေ့ပြိုင်ပွဲ၊ အလှမယ်ပြိုင်ပွဲများလည်း ကျင်းပခဲ့ကြသည်။
သတင်း - ကိုရွှေသိန်း (မြဝတီ)
ဓာတ်ပုံ - ကိုကြီးမန်း