27/08/2026
"လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေချိန် နီပေါရေဘေးအတွက် ရဟတ်ယာဉ် ၃၅ စင်း အသုံးပြုနေ"
နီပေါနိုင်ငံ၊ Rasuwa ခရိုင်အတွင်းရှိ Bhotekoshi မြစ် ရုတ်တရက် ရေကြီးရေလျှံမှုကြောင့် ထိခိုက် အသက်ဆုံးရှုံး သူများနှင့် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်ရန် နီပေါစစ်တပ်နှင့် ပုဂ္ဂလိကကဏ္ဍတို့ ပူးပေါင်းကာ ရဟတ်ယာဉ် ၃၅ စင်းအထိ အသုံးပြု၍ ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြသည်။
ကတ္တမလေဆိပ်ရှိ ကယ်ဆယ်ရေးညှိနှိုင်းရေးစင်တာ၏ အချက်အလက်များအရ ပုဂ္ဂလိက ရဟတ်ယာဉ် ၂၉ စင်းနှင့် စစ်တပ်သုံး ရဟတ်ယာဉ် ၆ စင်းတို့ဖြင့် ရေဘေးသင့်ဒေသများဆီသို့ အပြင်းအထန် ပျံသန်းကူညီပေးနေခြင်းဖြစ်ပြီး အချို့သော ဒဏ်ရာရပြည်သူများကိုလည်း ကတ္တမမြို့သို့ လေကြောင်းမှတစ်ဆင့် ပြန်လည်ပို့ဆောင်ပေးလျက်ရှိသည်။
အဆိုပါ ရေကြီးမှုဒဏ်ကြောင့် လမ်းများ၊ တံတားများ၊ ရေအားလျှပ်စစ်စီမံကိန်းများနှင့် ဆက်သွယ်ရေးအခြေခံအဆောက်အအုံများ ပြင်းထန်စွာ ပျက်စီးခဲ့ရသဖြင့် မြေပြင်မှတစ်ဆင့် ကယ်ဆယ်ရေးလုပ်ငန်းများ သွားလာရန် အလွန်ခက်ခဲလျက်ရှိရာ သွားလာရေးပြတ်တောက်နေသည့် Timure၊ Syafru နှင့် Trishuli ကဲ့သို့သော ဒေသများသို့ ရဟတ်ယာဉ်များဖြင့် သွားရောက်ကာ အရေးပေါ်ကယ်ထုတ်ခြင်း၊ ဆေးရုံသို့ ပို့ဆောင်ပေးခြင်းနှင့် ကူညီထောက်ပံ့ရေးပစ္စည်းများ ပို့ဆောင်ခြင်းတို့ကို တက်ကြွစွာ ဆောင်ရွက်နေဆဲဖြစ်သည်။