Myaelatt Athan Broadcasting

Myaelatt Athan Broadcasting To provide the right information to people

Myaelatt Athan Broadcasting Page ဟာ မြေလတ်အသံသတင်းဌာနရဲ့ ရုပ်သံသတင်းတွေ၊ ရုပ်သံဆောင်းပါးတွေနဲ့ Podcast အစီအစဥ်တွေကို တင်ဆက်ပေးသွားမယ့် တရားဝင် စာမျက်နှာခွဲ တခုဖြစ်ပါတယ်။


Myaelatt Athan Broadcasting Page is an official sub-page of Myaelatt Athan Media that has been producing daily video programs for news, articles, and podcasts.

ကပစ ၁၄ ကထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး PDF ဆီဘက်ပြောင်းခိုလှုံငဖဲ၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။မကွေးတိုင်း၊ မင်းဘူးခရို...
18/09/2025

ကပစ ၁၄ ကထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး PDF ဆီဘက်ပြောင်းခိုလှုံ

ငဖဲ၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ မင်းဘူးခရိုင်၊ ငဖဲမြို့အခြေစိုက် အမှတ် ၁၄ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၄) ကထွက်ပြေးလာတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦး မင်းဘူးခရိုင် အမှတ် ၆ တပ်ရင်းဆီကို ဘက်ပြောင်းခိုလှုံလာတယ်လို့ တပ်ရင်းတာဝန်ရှိသူတွေဆီက သိရပါတယ်။

အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင် ၄ ဦးဟာ စက်တင်ဘာ ၄ ရက် ကပစ ၁၄ ကထွက်ပြေးလာချိန် ငဖဲမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့တွေ့ပြီး ဘက်ပြောင်းလိုက်ပါလာခဲ့တာလို့ ဆိုပါတယ်။

“သူတို့အလင်းဝင်လာတဲ့အကြောင်းကတော့ သူတို့က ပေါ်တာအဆွဲခံရတာ၊ စစ်တိုက်တာ၊ သေနက်ကိုင်တာတွေ သိလည်းမသိခဲ့ဘူး၊ သူတို့ကအချိန်ပြည့်ထွက်ပြေးဖို့ ကြိုးစားနေတဲ့သူတွေပါ၊ သူတို့ရဲ့ စိတ်ထဲမပါတဲ့ အလုပ်မဟုတ်လို့ ထွက်ပြေးလာကြတာ”လို့ မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

ဘက်ပြောင်းလာသူ ၄ ဦးဟာ အသက် ၂၅ နှစ်အရွယ် ချင်းပြည်နယ်က ၁ ဦး၊ စစ်ကိုင်းက ၂ ဦးနဲ့ နေပြည်တော်က ၁ ဦး တို့ဖြစ်ပြီး အခုနှစ်ဧပြီလ သက်ဆိုင်ရာမြို့နယ်တွေကနေ ပေါ်တာဆွဲဖမ်းဆီးပြီးနောက် မိတ္ထီလာဘက်ကစစ်သင်တန်းကျောင်းတခုမှာ စစ်မှုထမ်းအပတ်စဥ် ၁၄ တက်ပြီးနောက် အဲ့ဒီကနေမှ ကပစ ၁၄ ကိုပို့ဆောင်ခံခဲ့ရတာလို့ ဆိုပါတယ်။

လက်ရှိမှာတော့ ၄ ဦးစလုံးကို တပ်ရင်းကစောင့်ရှောက်ထားပြီး မိသားစုဝင်တွေနဲ့လည်း ပြန်တွေ့ဆုံချင်ကြတာကြောင့် ပြန်တွေ့နိုင်ဖို့ ပြင်ဆင်နေတယ်လို့ အထက်ပါတာဝန်ရှိသူကပြောပါတယ်။

မင်းဘူးမြို့နယ်အခြေစိုက် မင်းဘူးခရိုင်အမှတ် ၆ တပ်ရင်းဆီကို အထက်ပါ ၄ ဦးအပါအဝင် ဘက်ပြောင်းခိုလှုံလာသူ စစ်ကော်မရှင်တပ်ဖွဲ့ဝင် စုစုပေါင်း ၁၅ ဦးကျော်ရှိပြီလို့ သိရပါတယ်။

သတင်း - ဒိန်းဂျား၊ စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #ငဖဲ #ကပစ ၁၄ #စစ်ကော်မရှင်တပ်ဖွဲ့ဝင် #ဘက်ပြောင်းခိုလှုံ

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

နတ်တလင်းက ရာအိမ်မှူးတဦး အသတ်ခံရ မြေလတ်အသံ၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်ကော်မရှင်ခန့် ရာအိမ်မှူး ...
18/09/2025

နတ်တလင်းက ရာအိမ်မှူးတဦး အသတ်ခံရ

မြေလတ်အသံ၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်ကော်မရှင်ခန့် ရာအိမ်မှူး ၁ ဦးကို စက်တင်ဘာ ၁၇ ရက်မနက် ၉ နာရီကျော်မှာ ပစ်ခတ်ရာသေဆုံးခဲ့တယ်လို့ သာယာဝတီခရိုင် ၃၈၀၁၊ တပ်ခွဲ ၇ ဆီကသိရပါတယ်။

အသတ်ခံရသူဟာ ရှားစီးဘိုရွာအောက်စု အသက် ၅၀ ကျော်အရွယ် ရာအိမ်မှူးဖိုးကျော်ဖြစ်ပြီး သူ့ရဲ့နေအိမ်အနီးမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပစ်ခတ်ရာမှာ သေဆုံးခဲ့တာလို့ ဆိုပါတယ်။

"ကျနော်တို့ရဲဘော်တွေ သူ့အိမ်ရှေ့ရောက် ထွက်ပြေးတော့ သူ့အိမ်နဲ့ဆိုအရမ်းတော့မဝေးဘူး။ သုံး၊ လေး အိမ်လောက်ပဲကျော်မယ်။ အဲ့ သုံး၊ လေးအိမ်အရောက်မှာ လှမ်းပြီးပစ်လိုက်တော့ မှန်သွားတော့လဲသွားတာ။ အဲ့နေရာမှာဘဲ ရှင်းလင်းခဲ့တယ်ပေါ့ "လို့ ၃၈၀၁၊ တပ်ခွဲ ၇ မှ တပ်ခွဲမှူးလှော်ကြီးက ပြောပါတယ်။

ရာအိမ်မှူးလုပ်သက် ၃ နှစ်ရှိပြီဖြစ်တဲ့ ဖိုးကျော်ဆီကနေ ဆိုင်ကယ် ၁ စီး၊ လက်ကိုင်ဖုန်း ၁ လုံးတို့ကို သိမ်းဆည်းရရှိခဲ့ကာ သူနေထိုင်တဲ့ ရှားစီးဘိုရွာဟာ စစ်ကောင်စီတပ်စခန်းရှိတဲ့ ဒမင်ငယ်ကျေးရွာနဲ့ ၁ မိုင်ကျော်ကွာတာကြောင့် ပစ်ခတ်ပြီးပြန်လည်ဆုတ်ခွာခဲ့တယ်လို့ တပ်ခွဲမှူးလှော်ကြီးက ဆိုပါတယ်။

ရာအိမ်မှူး ဖိုးကျော်ဟာ စစ်ကော်မရှင်တပ်ဘက်က အမာခံရပ်တည်ပြီး ပြည်သူလူထုကို စစ်မှုထမ်းဖို့ ပေါ်တာဆွဲတာ၊ စစ်မှုထမ်းကြေး အတင်းအဓမ္မကောက်ခံတာတွေကို လုပ်ဆောင်နေသူတဦးလည်းဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်၊ မတ် ၁၅ ရက်ကလည်း နတ်တလင်းမြို့နယ်၊ ကျောက်ခွက်အုပ်စု၊ စစ်ကော်မရှင်ခန့် အုပ်ချုပ်ရေးမှူး အသက် ၅၅ နှစ်အရွယ်ရှိတဲ့ ကိုဝင်းသိန်း ကိုလည်း သူနေတဲ့ကျောက်စွယ်ရွာမှာဘဲ နတ်တလင်းမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က သေနတ်နဲ့ပစ်ခတ်ခဲ့ပါသေးတယ်။

သတင်း - အောင်စိုး၊ စာတည်း - လင်း

#မြေလတ်အသံ
#ပဲခူး #နတ်တလင်း #ရာအိမ်မှူး #အသတ်ခံရ

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

မြိုင်၊ ကျောက်ခွက်ရေနံမှော် ဗုံးကြဲခံရလို့ အလုပ်သမ တဦးသေဆုံး မြိုင်၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။ မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျေ...
18/09/2025

မြိုင်၊ ကျောက်ခွက်ရေနံမှော် ဗုံးကြဲခံရလို့ အလုပ်သမ တဦးသေဆုံး

မြိုင်၊ စက်တင်ဘာ ၁၈၊ ၂၀၂၅။

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ခွက်ရေနံမှော်နဲ့အနီးတဝိုက်ကို စစ်ကော်မရှင်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ရေနံတူးဖော်နေတဲ့အမျိုးသမီး ၁ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စက်တင်ဘာ ၁၇ ရက်မနက် ၁၁ နာရီခန့်မှာ ကျောက်ခွက်ရေနံမှော်နဲ့ အနီးတဝိုက်နေရာတွေကို ဗုံး ၃ လုံးကြဲချရာ ၁ လုံးက ရေနံတူးဖော်နေတဲ့နေရာကိုကျရောက်ပေါက်ကွဲပြီး အသက် ၃၈ အရွယ်အမျိုးသမီး ၁ ဦး သေဆုံးခဲ့တာပါ။

“ဘာမှတော့မရှိဘူး၊ နှစ်ရက်ဆက်တိုက် လာနေတာပဲ၊ အမြင့်ကြီးတွေကနေချတာ၊ (စက်) လှည့်နေတဲ့သူတွေတောင် စက်တွေပျက်ကုန်တယ်ပြောတယ်” လို့ ဒေသခံတဦးကဆိုပါတယ်။

ဒါ့အပြင် ဗုံးစထိမှန်တာကြောင့် သေဆုံးသူအမျိုးသမီးရဲ့ သမီးဖြစ်သူနဲ့ နောက်ထပ်အမျိုးသမီး ၁ ဦးအပါ ၃ ဦးမှာ ထိခိုက်ဒဏ်ရာရခဲ့ကာ သေဆုံးသူအမျိုးသမီးကို စက်တင်ဘာ ၁၈ ရက် ဒီကနေ့နေ့လယ်မှာ သင်္ဂြိုဟ်မယ်လို့သိရပါတယ်။

စက်တင်ဘာ ၁၆ ရက်က ပခုက္ကူတပ်မ ၁၀၁ က တက်လာတဲ့ပါရာမော်တာ ၂ စီးနဲ့ မြိုင်မြို့နယ်၊ ဆူးဝန်းကျေးရွာ အရှေ့မြောက်ဘက်ကို ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့ပြီး ဒီတိုက်ခိုက်မှုမှာတော့ ထိခိုက်မှုတွေမရှိခဲ့ဘူးလို့ သိရပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၅ ရက်ညနေ ၄ နာရီခန့်မှာ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်အစပ်ရေနံမှော်တွေရှိတဲ့ နယ်သတ်ကျေးရွာကို စစ်ကောင်စီရဲ့ဂျက်ဖိုက်တာ ၁ စင်းပေါ်ကနေ ဗုံး ၁ လုံးကြဲချခဲ့ရာ အသက် ၄၀ အရွယ်အမျိုးသမီး ၁ ဦးသေဆုံးပြီး အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရခဲ့ပါသေးတယ်။

၂၀၂၁၊ စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၅၊ စက်တင်ဘာ ၁၇ ရက်အထိ စစ်ကော်မရှင်တပ်နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကြောင့် သေဆုံးခဲ့တဲ့ပြည်သူစုစုပေါင်း ၇,၂၆၅ ဦးရှိခဲ့တယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP ကထုတ်ပြန်ထားပါတယ်။

ပုံစာ - စစ်ကော်မရှင်တပ်သုံး စက်တပ်လေထီးအားတွေ့ရစဉ်။ (ပုံဟောင်း)

သတင်း - ဟယ်သာ၊ စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #မြိုင် #ကျောက်ခွက်ရေနံမှော် #ဗုံးကြဲ #အလုပ်သမ #သေဆုံး

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

မုံရွာနဲ့အနီးတဝိုက်မှာ ပေါ်တာဆွဲဖမ်းဆီးမှုများနေပြီး နမခ၊ အဆရ ၁၂ အတွင်း ဖမ်းဆီးခံလူငယ် ၁၅၀ ကျော်အထိရှိမုံရွာ၊ စက်တင်ဘာ ၁...
17/09/2025

မုံရွာနဲ့အနီးတဝိုက်မှာ ပေါ်တာဆွဲဖမ်းဆီးမှုများနေပြီး နမခ၊ အဆရ ၁၂ အတွင်း ဖမ်းဆီးခံလူငယ် ၁၅၀ ကျော်အထိရှိ

မုံရွာ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နဲ့ အနီးတဝိုက်မှာ စစ်ကော်မရှင်တပ်က ပေါ်တာဆွဲဖမ်းဆီးနေပြီး ဖမ်းမိသူတွေကို မုံရွာ နမခအနီး အမှတ် ၁၂ ဆက်သွယ်ရေးတပ်ရင်းကို ပို့ဆောင်ထားကာ စုစုပေါင်း ၁၅၀ ဦးကျော်ထိရှိနေတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

ဖမ်းခံထားရသူတွေက မုံရွာ၊ ဒီပဲယင်း၊ ရေဦး၊ ရွှေဘိုမြို့နယ်အတွင်းက အသက် ၁၈ နှစ်ကနေ ၄၀ ကြား အမျိုးသားတွေပါဝင်ပြီး စက်တင်ဘာ ၁ ရက်ကနေ ၁၄ ရက်အတွင်း ဖမ်းဆီးပို့ဆောင်ခံထားရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

"ကျနော်အသိနဲ့ဆက်သွယ်ကြည့်တော့ အထဲမှာဆွဲထားသူများတယ်လို့ သိရတယ်။ မိဘတွေနဲ့လည်း တွေ့ခွင့်ရတယ်။ သူနဲ့အဆက်သွယ်ရတော့ သူတို့လည်းစစ်သင်တန်းတော့သွားရတော့မယ်လို့တော့ ပြောတယ်။ လူမပြည့်သေးလို့စောင့်နေရတာတဲ့"လို့ ဖမ်းဆီးခံထားရသူတဦးနဲ့နီးစပ်သူ မုံရွာမြို့ခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၅ ရက်မှာ စစ်ကော်မရှင်က ပြည်သူစစ်မှုထမ်းအပတ်စဥ် ၁၇ ကို ထပ်မံဖွင့်လှစ်ခဲ့ပြီး အဲ့ဒီအပတ်စဥ်မှာ အမှတ် ၁၂ ဆက်သွယ်ရေးတပ်မှာဖမ်းဆီးခံထားရသူအချို့ ပါ၊ မပါတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

အခုလို ဖမ်းမိသူတွေကို အဆရ ၂ မှာဖမ်းဆီးထားတာနဲ့ပတ်သက်ပြီး နမခနဲ့ နီးစပ်သူတဦးကတော့ "အဆရ ၁၂ က နမခဌာနချုပ်အတွင်းထဲမှာ ရှိတဲ့တပ်ပါ။ ဘေးမှာက လစရ ၆၊ စနခ ၇၄၇၊ စအရ ၉၀၉ တပ်တွေက ကပ်လျက်ရှိလို့ ထွက်ပြေးဖို့ခက်တာကြောင့် အဲ့ဒီတပ်မှာပဲစုထားတာ" လို့ ပြောပါတယ်။

စစ်ကော်မရှင်အဖွဲ့တွေဟာ မုံရွာမြို့နယ်အတွင်းမှာ အရပ်ဝတ် အိမ်စီးကားတွေနဲ့ပတ်သွားနေပြီး ဒေသခံတွေ အလုပ်သွား၊ အလုပ်ပြန်ချိန် ညဘက်လမ်းသွားလမ်းလာသူတွေကိုဖမ်းဆီးတဲ့အပြင် စစ်ဆေးရေးဂိတ်တွေမှာလည်း ခရီးသွားကားတွေနဲ့ လာသူတွေကို ဆွဲချဖမ်းဆီးထားတာလို့ သိရပါတယ်။

ဒါ့အပြင် ဆိုင်ကယ်တွေနဲ့ မုံရွာမြို့ကိုလာရောက်တဲ့ ပြည်သူတွေကိုလည်း ကားကြီးကွင်း အရှေ့ကနေ ‌‌‌‌‌‌‌‌‌‌‌‌‌စောင့်ပြီး ပေါ်တာဆွဲဖမ်းဆီးနေခဲ့တာလို့ ဒေသခံတဦးကမြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်ဘက်က ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ပြီးကတည်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ နည်းလမ်းပေါင်းစုံနဲ့ စစ်မှုထမ်းဖမ်းဆီးနေပြီး ဖမ်းဆီးခံရသူတွေထဲက ငွေကျပ် သိန်း ၅၀ ဝန်းကျင်အထိပေးပြီး ပြန်လွတ်လာသူတွေရှိသလို ငွေပေးမရဘဲ စစ်မှုထမ်းပါ လိုက်သွားရသူတွေလည်းအများအပြားရှိနေတယ်လို့ သိရပါတယ်။

ပုံစာ - ၂၀၂၃ ၊ ဇန်နဝါရီ ၂ ရက်နေ့က မကွေးမြို့အဝင်မုခ်ဦးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းသွားလမ်းလာများကို စစ်ဆေးနေစဉ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်း

#မြေလတ်အသံ
#စစ်ကိုင်း #မုံရွာ #ပေါ်တာဆွဲဖမ်းဆီးမှု #များပြား

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

17/09/2025

ကုန်ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကော်မရှင်တပ်တွေ မိုင်းဆွဲခံရ (ရုပ်/သံ)

မုံရွာ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ မုံရွာမြို့၊ မုံရွာ-မန္တလေးလမ်းပေါ်မှာ ကုန်ကားတွေကို ပိုက်ဆံကောက်‌နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာ ၄ ဦး သေဆုံးခဲ့တယ်လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force က သတင်းထုတ်ပြန်ထားပါတယ်။

စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီ ၅၀ မိနစ်ခန့်မှာမုံရွာမြို့ အထွက်က မုံရွာ-မန္တလေးလမ်းပေါ်မှာ အင်အား ၁၂ ဦးနဲ့ ကုန်ကားတွေကို ပိုက်ဆံကောက်နေတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို ပဒေသာမိုင်းနဲ့ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“မုံရွာ-မန္တလေး‌လမ်းပေါ်မှာ ဂိတ်တခုနဲ့တခုအကြားမှာ ပိုက်ဆံကောက်ကြတာ၊ အဲ့ဒါကိုမှ မိုင်းခွဲခဲ့တာ၊ မိုင်းကတော့ ပဒေသာခွဲတဲ့အတွက် အလုံးရေကများတယ်၊ အဓိကကောက်တာမှာ ကုန်ကားအကြီးတွေ ကောက်တာ၊ ဆိုင်ကယ်သမားတွေတော့ မကောက်ဖူး၊ ဆိုင်ကယ်သမားတွေကိုတော့ သူတို့မထင်ရင် မထင်သလို စစ်တဲ့ပုံစံရှိတယ်၊ ၄ ဦးသေဆုံးတယ်လို့ ရဲဘော်တွေက သတင်းပို့ထားပါတယ်”လို့ မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံ ကိုပေတလူက ပြောပါတယ်။

အဆိုပါစစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေသေဆုံးမှုနဲ့ပတ်သက်ပြီး မြေလတ်အသံအနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

မုံရွာ-မန္တလေးလမ်းမပေါ်မှာ စစ်ကော်မရှင်တပ်ရဲ့ စစ်ဆေးရေးဂိတ် ၁၀ ခုကျော်ရှိပြီး အဆိုပါဂိတ်တွေနဲ့ စစ်ကော်မရှင်တပ်ဖွဲ့တွေကို မကြာခဏသွားရောက်တိုက်ခိုက်လေ့ရှိတယ်လို့လည်း ဆိုပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မုံရွာခရိုင် အမှတ် ၄ တပ်ရင်း Chindwin Attack Force၊ အထူးကွန်မန်ဒိုတပ်ဖွဲ့ Monywa The Boys၊ တပ်ခွဲ ၂ 5/ Commando Force၊ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း ၂၈ တပ်ခွဲ ၃၊ တမူးခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၄ တပ်ရင်း တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

မိုင်းဆွဲတိုက်ခိုက်ခံရပြီးချိန်ကစလို့ စက်တင်ဘာ ၁၇ ရက် ဒီနေ့မနက်အထိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်‌တွေက မုံရွာ-မန္တလေးလမ်းပေါ်မှာ လမ်းကြောင်းတွေကိုပိတ်ဆို့ကာ စစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။

ဩဂုတ် ၁ ရက်နေ့ကလည်း မုံရွာ-မန္တလေးလမ်းမပေါ်မှာ လုံခြုံရေး ယူနေတဲ့ စစ်ကော်မရှင်တပ်ကို ဒေသခံကာကွယ်ရေးတပ်တွေကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ပါသေးတယ်။

သတင်း - ဒိန်းဂျား၊ တည်းဖြတ် - HP

#မြေလတ်အသံ⁩
#စစ်ကိုင်း #မုံရွာ #ကုန်ကား #ပိုက်ဆံကောက် #စစ်ကော်မရှင်တပ် #မိုင်းဆွဲခံရ

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

ကလေး-တီးတိန်လမ်းပိုင်းမှာတပ်စွဲနေတဲ့ စစ်ကြောင်းက စစ်သား ၁၄ ဦး လက်နက်ခဲယမ်းအများအပြားယူပြီး ဘက်ပြောင်းလာမြေလတ်အသံ၊ စက်တင်...
17/09/2025

ကလေး-တီးတိန်လမ်းပိုင်းမှာတပ်စွဲနေတဲ့ စစ်ကြောင်းက စစ်သား ၁၄ ဦး လက်နက်ခဲယမ်းအများအပြားယူပြီး ဘက်ပြောင်းလာ

မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကလေး-တီးတိန်လမ်းပိုင်းမှာ တပ်စွဲနေတဲ့စစ်ကြောင်းက စစ်ကော်မရှင်တပ်သား ၁၄ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံလာတယ်လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၇ ရက် ဒီကနေ့မှာ ​ထုတ်ပြန်ပါတယ်။

ဘက်ပြောင်းလာသူတွေဟာ ကလေးမြို့နယ်မှာ လှုပ်ရှားနေတဲ့ Wing of Kalay ဒရုန်းတပ်ဖွဲ့ထံ ချိတ်ဆက်ကာ ဇူလိုင်လမှာ ၆ ဦး၊ ဩဂုတ်လမှာ ၈ ဦး ခိုလှုံလာတာဖြစ်ပြီး ကလေး-တီးတိန်လမ်းပိုင်းမှာ ဖြန့်ခွဲတပ်စွဲနေတဲ့ အင်အား ၃၀၀ ခန့်ရှိ စစ်ကြောင်းကနေ ထွက်ခွာလာကြတာလို့ ဆိုပါတယ်။

" သူတို့နောက်ကွယ်မိသားစုလုံခြုံရေးအရ လွတ်မြောက်ရာတွေအရွှေ့အပြောင်းလုပ်နေဆဲအချိန်တွေမို့ ဘယ်တပ်ဆိုတာမျိုးကို မထုတ်ပြန်တာပါ။ မိဘတွေနဲ့ ပြောဆိုပြောင်းရွှေ့ဖို့ သူတို့မိသားစုများကို မှာကြားနေဆဲတွေမို့ပါ။ တပ်အမည်တွေ ကျနော်တို့ဖက်က ရေးသားတင်လိုက်တာနဲ့ စကစမှနောက်ချန်မိသားစုတွေ ချက်ချင်းလိုက်ပြီး ထိန်းသိမ်းမှုတွေရှိတဲ့အတွက်ပါ" လို့ ကလေးခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူတဦးက မြေလတ်အသံကို ပြောပါတယ်။

ဘက်ပြောင်းစစ်သားတွေနဲ့အတူ MA-3 ၅ လက်၊ MA - 1 ၂ လက်၊ လက်ပစ်ဗုံး ၉ လုံး၊ အီနာဂါဗုံးသီး ၇ လုံး၊ ကျည်ဘောက် ၁၅ ဘောက်၊ ၅.၅၆ မမ ကျည် ၁,၂၀၀ တောင့်တို့ ယူဆောင်လာတာကြောင့် ၁ ဦးကို ငွေကျပ် သိန်း ၃၀ စီ ပေးအပ်ခဲ့တယ်လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

၎င်းတို့ ၁၄ ဦးဟာ အသက် ၂၀ နဲ့ ၃၀ ကြားရှိ နေပြည်တော်၊ ဧရာဝတီ၊ မန္တလေး၊ ရန်ကုန်ဒေသတွေကနေ စစ်မှုထမ်းအဖြစ်အဓမ္မဖမ်းဆီးစုဆောင်းခံခဲ့ရသူတွေဖြစ်ပြီး ဇာတိနေရပ်ကိုပြန်ချင်သူတွေကိုတော့ သက်ဆိုင်ရာမိဘ၊ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ပို့ပေးထားပြီဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေ နဲ့ ဇွန်လတွေမှာလည်း ချင်းပြည်နယ်၊ ဖလမ်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ရေးစေလွှတ်ခံရတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(ဒကစ)ကလေးမှ အင်အား ၅၀၀ ကျော် စစ်ကြောင်းကနေ ထွက်ပြေးလာတဲ့ တပ်သား ၂၀ ဦးကို ကလေးမြို့ ပြပြောက်ကျားစီမံချက်အဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။

သတင်း - အောင်စိုး၊ စာတည်း - ဟိန်းစံ

#မြေလတ်အသံ
#စစ်ကိုင်း #ကလေး-တီးတိန်လမ်းပိုင်း #စစ်ကြောင်း #စစ်သား ၁၄ ဦး #လက်နက်ခဲယမ်း #ဘက်ပြောင်းခိုလှုံ

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့ကာ Non CDM တွေကို ခေါ်ထုတ်ပြီးနောက် မြို့ပြင်ထွက်ခွင့် ပိတ်လိုက်လို့ မြ...
17/09/2025

တိုက်ပွဲဖြစ်နေတဲ့ဗန်းမောက်ကို လေယာဥ်နဲ့ဗုံးကြဲခဲ့ကာ Non CDM တွေကို ခေါ်ထုတ်ပြီးနောက် မြို့ပြင်ထွက်ခွင့် ပိတ်လိုက်လို့ မြို့ခံတွေပိတ်မိနေ

မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

တိုက်ပွဲဖြစ်နေတဲ့ စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့အနီးကို စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့ပြီးနောက် မြို့ပေါ် ရှိ Non CDM ဝန်ထမ်းတွေကို ရှမ်းနီအမျိုးသားတပ်မတော်-SNA တပ်က ၎င်းတို့စိုးမိုးထားတဲ့ မြို့နယ် အနောက်ခြမ်းကို ခေါ်ထုတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော်-KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဗန်းမောက်မြို့ရဲ့ ကာကင်းစခန်းတွေ ကို စက်တင်ဘာ ၁၅ ရက်မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် Non CDM ဝန်ထမ်းနဲ့ မိသားစု ၂၀၀ ကျော်ကို စက်တင်ဘာ ၁၆ ရက်မနက်ပိုင်းမှာ ကားတွေနဲ့ အသီးသီးပြောင်းရွှေ့လိုက်တာလို့ ဆိုပါတယ်။

"အနောက်ခြမ်းဘက်ပြောင်းနေလိုက်ပြီဗျ။ စကစလက်အောက်ခံ ဝန်ထမ်းတွေကိုလေ။ အနောက်ခြမ်း ကျတော့ ရှမ်းနီးက စိုးမိုးထားတာ။ မြို့ထဲကပြည်သူတွေကိုတော့ မြို့ပြင်ထွက်ခွင့်ပိတ်ထားတယ်။ ဝန်ထမ်းမိသားစုတွေကိုပဲပို့တာ"လို့ မြေပြင်အခြေအနေကိုသိရှိတဲ့ ဗန်းမောက်ဒေသခံအမျိုးသားတဦး ကပြောပါတယ်။

စစ်ကော်မရှင်တပ်က ၎င်းတို့လက်အောက်ခံ ဝန်ထမ်းမိသားစုတွေကိုပါ နေရာရွေ့ပြောင်းပေးခဲ့ပေမယ့် မြိုခံပြည်သူတွေကိုတော့ ပြောင်းရွေ့တာလုပ်မပေးတဲ့အပြင် မြို့တွင်းကနေ မြို့ပြင်ပထွက်ခွင့်ကိုပါ စက်တင်ဘာ ၁၆ ရက်ကစလို့ ပိတ်ပင်လိုက်တယ်လို့ အထက်ပါအမျိုးသားက ဆိုပါတယ်။

တိုက်ပွဲဖြစ်နေတဲ့ စက်တင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီကျော်မှာလည်း စစ်ကော်မရှင်တပ်က မြို့အနီး ကာကင်းနေရာတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဘက်က ထိခိုက်မှုရှိခဲ့တယ်လို့ အထက်ပါအမျိုးသားကဆိုပါတယ်။

ဗန်းမောက်မြို့ပေါ်မှာ ၂၀၁၄ သန်းခေါင် စာရင်းအရ မြို့ပေါ်ရပ်ကွက် ၃ ခုရှိပြီး လူဦးရေ ၆,၀၀၀ ကျော်ရှိတယ်လို့သိရပြီး စက်တင်ဘာ ၁၆ နဲ့ ၁၇ ရက်ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်တာမရှိဘူးလို့ သူကဆက်ပြောပါတယ်။

ဒ့ါအပြင် စစ်ရေးကြောင့်ဆိုကာ အင်းတော်မြို့နယ်နဲ့ ဗန်းမောက်မြို့နယ်တို့ကို ဆက်သွယ်ထားတဲ့ အင်းတော်-ဗန်းမောက် ဗျူဟာလမ်းအပါအဝင် တခြားကားလမ်းပိုင်းတွေအကုန်လုံးကို ရက်အကန့်အသတ်မရှိပိတ်လိုက်တယ်လို့ အင်းတော်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က စက်တင်ဘာ ၁၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ပုံစာ - ရှမ်းနီအမျိုးသားကာကွယ်ရေးတပ် တပ်ဖွဲ့ဝင်များ(ပုံဟောင်း)။ ဓာတ်ပုံ - SNA Army

သတင်း - အောင်စိုး၊ စာတည်း - လင်း

#မြေလတ်အသံ
#စစ်ကိုင်း #ဗန်းမောက် #တိုက်ပွဲ #စစ်ကော်မရှင်တပ် #ဗုံးကြဲ

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

အထက်မင်းလှမှာ ရေနံနဲ့ကျောက်မီးသွေးအလုပ်သမား ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ပြန်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရမြေလတ်အသံ၊ စက်...
17/09/2025

အထက်မင်းလှမှာ ရေနံနဲ့ကျောက်မီးသွေးအလုပ်သမား ၅ ဦးကို ပေါ်တာဆွဲဖမ်းဆီးပြီး ပြန်လာတဲ့စစ်ကြောင်း တိုက်ခိုက်ခံရ

မြေလတ်အသံ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

မကွေးတိုင်း၊ အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမအနီးကဒေသခံတွေကို စစ်ကြောင်းထိုးဖမ်းဆီးခဲ့တဲ့ စစ်ကော်မရှင်စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်မှုရှိခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

စက်တင်ဘာ ၁၆ ရက်မနက် ၁၀ နာရီကျော်မှာ အင်အား ၁၀၀ ကျော်ပါ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေက စစ်ကြောင်းထိုးဝင်ရောက်လာချိန် အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာကားလမ်းမနံဘေးရှိ ရေနံနဲ့ ကျောက်မီးသွေးလုပ်ကွက်တွေက အသက် ၂၀ နဲ့ ၃၀ အရွယ် လုပ်သား ၅ ဦးကို ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

"အဲ့မှာ(ကျောက်မီးသွေးလုပ်ကွက်) အမ်းမြို့နယ်ကနေ စစ်ရှောင်တဲ့ရခိုင်လူငယ်တွေရှိတယ်။ ပေါ်တာဆွဲခံရတာက ဒေသခံလား၊ ရခိုင်ဘက်က စစ်ဘေးရှောင်တွေလားဆိုတာကို ခွဲခြားမသိရဘူး။ ယောကျာ်း ၅ ဦးပါသွားတယ်။ ဖြစ်နိုင်ခြေက အဲ့ကျောက်မီးသွေးလုပ်ကွက်တွေမှာ အများဆုံးအလုပ်လုပ်နေတာက ရခိုင်လူငယ်တွေများတယ်" လို့ ဖြစ်စဥ်ကိုသိရှိထားတဲ့ ဒေသခံတဦးက ပြောပါတယ်။

ဒေသခံတွေကိုဖမ်းဆီးပြီး ကန်တုတ်ကျေးရွာရှိတပ်စခန်းကိုဆက်သွားတဲ့စစ်ကြောင်းကို အဲ့ဒီနေ့ နေ့လယ် ၁ နာရီကျော်မှာ မုံရွာ-ပုသိမ်ကားလမ်းမဘေးတနေရာမှာ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေက ဖြတ်တောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ခိုက်မှု ညနေ ၅ နာရီအထိ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

"ကန်တုတ်ဘက်ကနေ ဖြန့်တက်လာတဲ့စစ်ကြောင်းကို ဖြတ်တောက်ပိတ်ဆို့တာမျိုးပါ။ နေ့လယ် ၁ နာရီလောက်ကနေ ဖြစ်တာ။ ညနေ ၅ နာရီလောက်အထိ အပြန်အလှန်ဖြစ်ခဲ့တယ်။ ၇ ယောက်ထိတယ်။ မျက်မြင် ကားပေါ်တင်တာလို့ လမ်းဘေးမြင်တဲ့သူကပြောတာ"လို့ အထက်ပါဒေသခံက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်မှုတွေရှိတယ်လို့ပြောပေမယ့် ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မြေလတ်အသံကသီးခြားအတည်မပြုနိုင်သေးပါဘူး။

ဖမ်းဆီးခံ အမျိုးသား ၅ ဦးအလုပ်လုပ်ကိုင်တဲ့ ရေနံနဲ့ကျောက်မီးသွေးလုပ်ကွက်ဟာ ရေနံမ၊ ဓာတ်ကုန်း၊ ဆပ်ပြာ၊ ဆင်မကျ၊ ရွာပုလဲစတဲ့ကျေးရွာတွေ အနီးမှာတည်ရှိပြီး ၅ ဦးစလုံးကိုတော့ စက်တင်ဘာ ၁၇ ရက်ဒီမနက်ပိုင်းမှာ ကပစ ၂ (မလွန်) ဘက်ကိုပို့လိုက်တယ်လို့သိရကြောင်း သူကဆက်ပြောပါတယ်။

စစ်ကြောင်းကတော့ စက်တင်ဘာ ၁၇ ရက်ဒီကနေ့အထိ စစ်အင်အား ၅၀ ကျော်နဲ့တပ်စွဲထားတဲ့ ပုသိမ်-မုံရွာကားလမ်းမပေါ်က ကန်တုတ်ရွာတပ်စခန်းနဲ့ ၁ ဖာလုံခန့်သာကွာဝေးတဲ့ မြောက်မျှားကျေးရွာ အတွင်းမှာ ဝင်ရောက်တပ်စွဲထားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ပြီးခဲ့တဲ့သြဂုတ် ၂ ရက်ကလည်း စစ်ကော်မရှင်တပ်သားတွေက အထက်မင်းလှမြို့နယ်၊ ပုသိမ်-မုံရွာလမ်းနံဘေးရှိ စက်စက်ယိုကျေးရွာအနီးက ကျောက်မီးသွေးတွင်းလုပ်ကွက်မှာ အလုပ်လုပ်ကိုင်နေတဲ့ စစ်ရှောင် ရခိုင်အမျိုးသား ၇ ဦးကို ဖမ်းဆီးခဲ့ပြီးနောက် ကပစ ၂ ဘက်ကို ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

ပုံစာ-၂၀၂၄ခုနှစ်က ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ လုံခြုံရေးယူနေတဲ့ အထက်မင်းလှပကဖတပ်ဖွဲ့၀င်များ။ (ပုံဟောင်း)

သတင်း - အောင်စိုး၊ စာတည်း - လင်း

#မြေလတ်အသံ
#မကွေး #အထက်မင်းလှ #ဒေသခံဖမ်းဆီး #စစ်ကော်မရှင်စစ်ကြောင်း #တိုက်ခိုက်ခံရ

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

မြင်းမူမှာ ရပ်ကျေးပကဖစခန်း စီးနင်းမီးရှို့ခံရပြီး လက်နက်ခဲယမ်းတချို့ဆုံးရှုံးမြင်းမူ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။ စစ်ကိုင်းတိုင်း...
17/09/2025

မြင်းမူမှာ ရပ်ကျေးပကဖစခန်း စီးနင်းမီးရှို့ခံရပြီး လက်နက်ခဲယမ်းတချို့ဆုံးရှုံး

မြင်းမူ၊ စက်တင်ဘာ ၁၇၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ပဲကူကျေးရွာက ရပ်ကျေးပကဖစခန်းတခုကို စစ်ကော်မရှင်တပ်တွေက မီးရှို့ဖျက်ဆီးပြီးနောက် လက်နက်ခဲယမ်းတွေနဲ့ ဆက်စပ်ပစ္စည်းတချို့ကို သိမ်းဆည်းသွားတယ်လို့ မြင်းမူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

စက်တင်ဘာ ၁၅ ရက် နေ့လယ် ၂ နာရီခန့်မှာ မြင်းမူမြို့ဘက်ကနေ အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ပျူစောထီးအဖွဲ့ဟာ ပဲကူကျေးရွာအပြင်ဘက်ရှိ အထက်ပါ ကျေးရွာပကဖ စခန်းကို ဝင်ရောက်စီးနင်းခဲ့တာလို့ ဆိုပါတယ်။

"သူတို့ဆီမှာလည်း သတင်းပေးပါတယ်။ စခန်းဝင်စီးပြီး မီးရှို့သွားတာ။ တိုက်ပွဲကတော့ ပဲကူးရွာထဲတော့ မဖြစ်ဘူး၊ အပြင်ဘက် ထိတွေ့မှုပုံစံနည်းနည်းတော့ရှိခဲ့တယ်။ ကိုယ့်ဘက်ကတော့ ထိခိုက်မရှိဘူး။ သူတို့ဘက်ကထိခိုက်ရှိ မရှိတော့မသိဘူး။ ညပိုင်းမှာရွာကနေ ပြန်ထွက်သွားတယ်"လို့ မြင်းမူမြို့နယ် ပကဖ တာဝန်ရှိသူတဦးကပြောပါတယ်။

တိုက်ပွဲဖြစ်ချိန် စခန်းရှိတပ်ဖွဲ့ဝင်တွေဆုတ်ခွာသွားတာကြောင့် ထိခိုက်သေဆုံးမှုတွေမရှိခဲ့ဘဲ စစ်ကော်မရှင်စစ်ကြောင်းဟာ စခန်းတဲတွေကို မီးရှို့သွားပြီးနောက် လက်လုပ် ၉ လက်၊ ခဲယမ်းအနည်းငယ်၊ ရိက္ခာတွေ၊ တဲအဆောက်အဦ ၃ လုံး၊ ဆိုင်ကယ် ၂ စီး သိမ်းဆည်းခံလိုက်ရတယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင်ဘက်က စစ်ကြောင်းထိုးလာတာကြောင့် ပဲကူ၊ ရုံခါး၊ ညောင်ပင်ကန်ကျေးရွာတွေက ဒေသခံ ၂,၀၀၀ ခန့်ဟာ စက်တင်ဘာ ၁၅ ရက်ကတည်းက ထွက်ပြေးခဲ့ရပြီး စစ်ကြောင်းပြန်သွားပြီးနောက် ကျေးရွာကို ပြန်ရောက်လာကြပြီလို့ ဆိုပါတယ်။

စစ်ကော်မရှင်ဝါဒဖြန့်တယ်လီဂရန်ချန်နယ်တွေမှာလည်း ပဲကူးရွာအနီး ပကဖစခန်းတခုကိုသိမ်းပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းရမိတယ်လို့ ပုံနဲ့တကွဖော်ပြထားကာ ပုံပါပစ္စည်းတွေဟာလည်း ရပ်ကျေးပကဖစခန်းက ဟုတ်မှန်ကြောင်း မြင်းမူမြို့နယ် ပကဖ တာဝန်ရှိသူတဦးက အတည်ပြုပါတယ်။

စစ်ကြောင်းကတော့ စခန်းကိုမီးရှိ့ဖျက်ဆီးတဲ့နေ့မှာပဲ မြင်းမူဘက်ကို ပြန်ဆုတ်သွားပြီး စက်တင်ဘာ ၁၇ ရက် ဒီကနေ့အထိ ထပ်မံစစ်ကြောင်းထိုးတာမျိုးမရှိသေးဘူးလို့ သိရပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၂ ရက်ကလည်း စစ်ကော်မရှင်စစ်ကြောင်းဟာ မြင်းမူမြို့နယ်၊ ခြေတော်ရာကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၆ လုံးမီးလောင်ပျက်စီးခဲ့ပါသေးတယ်။

သတင်း - ကျော်ကြီး၊ စာတည်း - လင်း

#မြေလတ်အသံ
#စစ်ကိုင်း #မြင်းမူ #ရပ်ကျေးပကဖစခန်း #မီးရှို့ခံရ #လက်နက်ခဲယမ်း #ဆုံးရှုံး

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

တိုက်ပွဲကြောင့်ဆိုကာ မန္တလေး-မုံရွာလမ်းကို စစ်ကော်မရှင်တပ်က ယာယီပိတ်◼ မုံရွာမြို့တွင်းမှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိန...
16/09/2025

တိုက်ပွဲကြောင့်ဆိုကာ မန္တလေး-မုံရွာလမ်းကို စစ်ကော်မရှင်တပ်က ယာယီပိတ်

◼ မုံရွာမြို့တွင်းမှာလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေရှိနေ

မုံရွာ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ တိုက်ပွဲတွေဖြစ်နေလို့ဆိုပြီး စစ်ကော်မရှင်တပ်က စက်တင်ဘာ ၁၆ ရက် မနက် ၈ နာရီခန့်မှာ မအူဂိတ်နဲ့ မြေနဲရွာအကြား ခရီးသွားကားတွေကို ပြည်လှည့်ခိုင်းခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

‌ဒီလိုပြန်လှည့်ခိုင်းတာကြောင့် ခရီးသည်တင်ကားတွေဟာ ကားဂိတ်တွေဆီပြန်ထိုးကာ လမ်းကြောအခြေနေကောင်းရင် ပြန်လည်ထွက်မယ်လို့ ခရီးသွားပြည်သူတွေကို ပြန်လည်အသိပေးတယ်လို့ ဆိုပါတယ်။

"ပြန်လှည့်ဆိုလို့သာပြန်လှည့်ရတာ အခြေနေကဘယ်လိုလည်းမသိရဘူး၊ တော်လှန်ရေးဘက်က ဘာမှ ကြေညာချက်ထုတ်တာတော့မတွေ့ဘူး"လို့ အမည်မဖော်လိုသူ ခရီးသွားလုပ်ငန်းလုပ်ကိုင်နေတဲ့ အမျိုးသားတဦးက မြေလတ်အသံကိုပြောပါတယ်။

မုံရွာမြို့ပတ်ဝန်းကျင်မှာ တိုက်ပွဲတွေဆက်တိုက်ဖြစ်နေပြီး‌တဲ့နောက် မုံရွာမြို့ ကားကြီးကွင်းနားမှာလည်း စစ်ကော်မရှင်တပ်က လူငယ်တွေကိုပေါ်တာဆွဲနေတယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောပါတယ်။

ဆိုင်ကယ်တွေနဲ့ မုံရွာမြို့ကိုလာရောက်တဲ့ ပြည်သူတွေကို ကားကြီးကွင်း အရှေ့ကနေ ‌‌‌‌‌‌‌‌‌‌‌‌‌စောင့်ပြီး ပေါ်တာဆွဲဖမ်းဆီးနေခဲ့တာလို့ သိရပါတယ်။

သံပြားကာကားသုံးစီးနဲ့စောင့်ပြီးဖမ်းနေတာဆိုတဲ့ သတင်းစကားကြောင့် အချို့မြို့ခံတွေလည်း အပြင်မထွက်ရဲကြဘဲ အိမ်မှာနေနေကြရတယ်လို့ဆိုပါတယ်။

"၁၈ နှစ် နဲ့ ၂၀ ကျော်တွေဆွဲခံရတယ်။ အခြေနေတွေရှုပ်နေတာမို့ ဘယ်လောက်အဖမ်းခံရတယ်ဆိုတာတော့ မသိရဘူး။ အချို့လည်း သိတော့လှည့်ပြန်ကြတယ်"လို့ ဒေသခံတဦးကမြေလတ်အသံကို ပြောပါတယ်။

စစ်ကော်မရှင်ဟာ မုံရွာမြို့မှာ ဇူလိုင်လဒုတိယအပတ်ကစတင်ကာ ပေါ်တာဆွဲနေပြီး သြဂုတ်လ ပထမပတ်မှာရပ်နားကာ စက်တင်ဘာ ၁၆ ရက်မှာ ထပ်မံပေါ်တာပြန်ဆွဲနေတာလို့ သိရပါတယ်။

ပုံစာ - ဩဂုတ်လက မန္တလေး-မုံရွာလမ်းပိုင်းတိုက်ပွဲဖြစ်နေစဉ်။

သတင်း - သိုက်ထွန်း၊ စာတည်း - မြတ်

#မြေလတ်အသံ
#စစ်ကိုင်း #မန္တလေး-မုံရွာလမ်း #တိုက်ပွဲ #စစ်ကော်မရှင် #ယာယီပိတ်

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

မတ္တရာမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါ ၆ ဦး သေဆုံးမြေလတ်အသံ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။မန္တလေးတိုင်း၊ မတ္တရာမြိ...
16/09/2025

မတ္တရာမှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်လို့ ကလေး ၂ ဦးအပါ ၆ ဦး သေဆုံး

မြေလတ်အသံ၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ကို စစ်ကော်မရှင်တပ်က စက်တင်ဘာ ၁၅ ရက်နေ့လယ် ၁ နာရီကျော်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေး ၂ ဦးအပါအဝင် ၆ ဦးသေဆုံးခဲ့တယ်လို့ဒေသခံတွေက ပြောပါတယ်။

မတ္တရာမြို့နယ်၊ အရှေ့မြောက်ခြမ်းရှိ ဒီယာနဲ့ ဥက္ကံစတဲ့ကျေးရွာ ၂ ရွာအနီး ကားလမ်းမကို တိုက်ခိုက်ရေးလေယာဥ် ၂ စီး၊ ပေါင် ၅၀၀ နဲ့ ၃၀၀ ဗုံးသီး ၃ လုံးကြဲချခဲ့တာလို့ ဆိုပါတယ်။

"တိုက်ပွဲဖြစ်တာလုံးဝမရှိပါဘူး။ ဥက္ကံနဲ့ ဒီယာရွာက ၂ မိုင်လောက်ပဲဝေးပါတယ်။ ဗုံးသီးက နေအိမ်ပေါ်ကျလားဆိုတော့ ကားလမ်းဘေးဝန်းကျင်ကျတာ။ ကားလမ်းဘေးက ပြည်သူတွေသေရတာပါဗျ"လို့ Wetlet Informational Network မှ တာဝန်ရှိသူ အမျိုးသားတဦးကပြောပါတယ်။

သေဆုံးသူ ၆ ဦးမှာ ဥက္ကံကျေးရွာမှ အမျိုးသား ၃ ဦး နဲ့ ဒီယာကျေးရွာမှ အမျိုးသား ၃ ဦးတို့ဖြစ်ပြီး အဲဒီထဲမှာ အသက် ၁၀ ကျော်အရွယ်အမျိုးသား ၂ ဦးပါဝင်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ ဆက်သွယ်ရေးအခက်အခဲကြောင့် လောလောဆယ် မသိရှိရသေးဘူးလို့ အထက်ပါအမျိုးသားက ပြောပါတယ်။

ပြီးခဲ့တဲ့စက်တင်ဘာ ၁၃ ရက်ကလည်း မတ္တရာမြို့နယ်အရှေ့ခြမ်းရှိ အင်ကြင်းမြိုင် ကျေးရွာအနီးကို စစ်ကော်မရှင်တပ်က Y12 လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနဲ့ သီလရှင်ကျောင်းတွေကို ကျရောက်ပေါက်ကွဲခဲ့တာကြောင့် ကိုရင် ၁ ပါးအပါအဝင် ၃ ဦးသေဆုံးတယ်လို့ သိရပါတယ်။

သတင်း - အောင်စိုး၊ စာတည်း - လင်း

#မြေလတ်အသံ
#မန္တလေး #မတ္တရာ #လေကြောင်း #ဗုံးကြဲ #တိုက်ခိုက် #သေဆုံး

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။

16/09/2025

စစ်ဘေးရှောင်ကလေးငယ်တွေအတွက် မီးပုံးအလှူ (ရုပ်/သံ)

ဆားလင်းကြီး၊ စက်တင်ဘာ ၁၆၊ ၂၀၂၅။

စစ်ကိုင်းတိုင်း၊ ဆားလင်ကြီးမြို့နယ်နဲ့ မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်စခန်း ၂ ခုက ကလေးငယ်တွေကို မီးပုံးတွေလှူဒါန်းပေးခဲ့တယ်လို့ လက်ပံတောင်းတောင် ပင်မသပိတ်အဖွဲ့ဆီက သိရပါတယ်။

စစ်ဘေးရှောင်စခန်းတွေမှာနေထိုင်နေကြရတဲ့ ကလေးငယ်အများစုမှာ သီတင်းကျွတ်ကာလ ဆော့ကစားဖို့ မီးပုံးတွေဝယ်နိုင်ဖို့ခက်ခဲတာကြောင့် ခဏတာပျော်ရွှင်ကြစေဖို့ ရည်ရွယ်ချက်နဲ့ ကလေးငယ် ၃၀၀ ကျော်အတွက် စက်တင်ဘာ ၁၅ ရက်မှာလှူဒါန်းပေးခဲ့တာလို့ ဆိုပါတယ်။

“စစ်ရှောင်နေရပ်စွန့်ခွာစခန်းတွေက ကလေးတွေမှာက မိသားစုကစားဝတ်နေရေးကြပ်တည်းနေရတဲ့ ကာလမှာ ကလေးတွေအတွက် ဒီလိုပစ္စည်းတွေဝယ်ပေးဖို့ဆိုတာ ခဲယဉ်းတယ်လေ။ ကလေးတွေက လိုချင်ပေမယ့်လည်း မတောင်းရဲကြဘူး။ သူတို့ရဲ့သတင်းကျွတ်အချိန်ခါသမယမှာ ဒီလိုမီးပုံးလေးတွေ ကိုင်ပြီးပျော်ချင်ကြမယ်၊ အဓိက သူတို့ရဲ့စိတ်ကလေးတွေ ခေတ္တခဏပျော်ပါစေဆိုတဲ့ရည်ရွယ်ချက်နဲ့ လှူပေးဖြစ်တာပါ“လို့ လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒါ့အပြင် မကွေးတိုင်းအတွင်း စစ်ရှောင်စခန်းတချို့က တာဝန်ခံတွေကလည်း လာရောက်လှူဒါန်းပေးဖို့ ဆက်သွယ်ပြောဆိုထားတွေရှိပြီး ပေါက်မြို့နယ်ရှိ စစ်ရှောင်စခန်းဘက်ကိုလည်းထပ်ပြီး လှူဒါန်းပေးချင် တယ်လို့ ဆိုပါတယ်။

“ပေါက်ဘက်က စစ်ရှောင်စခန်းက ကလေးလေးတွေဆီလည်း သွားပြီးလှူပေးချင်ပါသေးတယ်၊ ထပ်ပြီးတော့လှူဖို့ရှိတယ်၊ တချို့မကွေးထဲကစစ်ရှောင်စခန်းထဲက ကလေးလေးတွေလည်းလိုချင်ကြောင်း တာဝန်ခံလေးတွေကနေတဆင့် ဆက်သွယ်တာလေးတွေရှိတယ်။ မဖြစ်ဖြစ်အောင်တော့ ရအောင်ပို့ ပေးဖို့လေးတွေရှိပါသေးတယ်။” လို့ အထက်ပါအဖွဲ့ဝင်တဦးက ဆက်ပြောပါတယ်။

အလှူရှင်တချို့ရဲ့အလှူငွေကိုမတည်ကာ လိုအပ်တဲ့ငွေကိုအဖွဲ့ဘက်က စိုက်ထုတ်လှူဒါန်းခဲ့တာဖြစ်ပြီး ကျန်ရှိနေတဲ့ စစ်ရှောင်စခန်းတွေကိုလည်း ထပ်ပြီးလှူဒါန်းသွားဖို့ကြိုးစားမယ်လို့ ဆိုပါတယ်။

လက်ပံတောင်းတောင်ပင်မသပိတ်အဖွဲ့အနေနဲ့ ပြီးခဲ့တဲ့ ၂၀၂၄၊ သီတင်းကျွတ်ကာလတုန်းကလည်း အညာဒေသရှိ စစ်ရှောင်စခန်းက ကလေးငယ်တွေအတွက် မီးပုံးတွေလှူဒါန်းပေးခဲ့တာရှိပြီး ဒီနှစ်လှူဒါန်းတာက ဒုတိယအကြိမ်မြောက် ဖြစ်တယ်လို့ သိရပါတယ်။

သတင်း - ဟယ်သာ၊ စာတည်း - လင်း၊ တည်းဖြတ် - M

#မြေလတ်အသံ
#စစ်ကိုင်း #ဆားလင်းကြီး #စစ်ရှောင် #သီတင်းကျွတ် #မီးပုံး

Myaelatt Athan Broadcasting Page ကို React, Comment , Share လုပ်ပေးခြင်းဖြင့် မြေလတ်အသံ ရေရှည်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီနိုင်ပါတယ်။⁩

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Myaelatt Athan Broadcastingผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์