Ko Leo Vlog ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Ko Leo Vlog, ครีเอเตอร์ดิจิทัล, No. 71, Sukhumvit Road, Bangkok.

MAI Boarding Pass ပေါ်မှ သိထားသင့်သော အချက် (၈) ချက်(၁) NAME (ခရီးသည်အမည်)🔸ခရီးသွားမယ့်သူရဲ့ အမည်ဖြစ်ပါတယ်။🔸အမည်ပေါင်းထာ...
05/09/2026

MAI Boarding Pass ပေါ်မှ သိထားသင့်သော အချက် (၈) ချက်
(၁) NAME (ခရီးသည်အမည်)
🔸ခရီးသွားမယ့်သူရဲ့ အမည်ဖြစ်ပါတယ်။
🔸အမည်ပေါင်းထားတာ မှန် ၊ မမှန် ကို မိမိ Passport ပေါ်က အမည်နဲ့ တိုက်ဆိုင်စစ်ဆေးဖို့ လိုအပ်ပါတယ်။
📌ဥပမာ - THWIN/ZAW MIN/MR

(၂) FROM (ထွက်ခွာမည့် လေဆိပ်)
🔸မိမိ ခရီးစဉ် စတင်မည့်နေရာ ဖြစ်ပါတယ်။
🔸"ICN" ကတော့ အင်ချွန်းလေဆိပ် (Incheon International Airport) ရဲ့ ကုဒ်ဖြစ်ပါတယ်။
📌ဥပမာ - SEOUL-ICN

(၃) TO (ဆိုက်ရောက်မည့် လေဆိပ်)
🔸မိမိ သွားရောက်မည့် နေရာဖြစ်ပါတယ်။
🔸"RGN" ကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရဲ့ ကုဒ်ဖြစ်ပါတယ်။
📌ဥပမာ - YANGON-RGN

(၄) FLIGHT (လေယာဉ်အမှတ်စဉ်)
🔸"8M" ကတော့ MAI လေယာဉ်လိုင်းရဲ့ Airline Code ဖြစ်ပြီး၊ "802" ကတော့ မိမိ စီးနင်းမယ့် လေယာဉ်ခရီးစဉ် အမှတ်စဉ်ဖြစ်ပါတယ်။
🔸ဒီနံပါတ်ကိုကြည့်ပြီး လေဆိပ် Terminal ထဲမှာ မိမိသွားရမယ့် Gate ကို အလွယ်တကူ ရှာဖွေနိုင်ပါတယ်။
📌ဥပမာ - 8M802

(၅) DATE (သွားမည့်ရက်စွဲ)
🔸ဒါကတော့ ခရီးသွားမယ့်ရက် ဖြစ်ပါတယ်။
🔸28 ကတော့ ရက်စွဲဖြစ်ပြီး MAY ကတော့ မေလ (May) ကို ဆိုလိုတာပါ။ လေယာဉ်လက်မှတ်တွေမှာ လအမည်ကို အင်္ဂလိပ်စာလုံး အတိုကောက် (၃) လုံးနဲ့ပဲ ရေးလေ့ရှိပါတယ်။
📌ဥပမာ - 28MAY

(၆) BOARDING TIME (လေယာဉ်ပေါ်တက်ရမည့်အချိန်)
🔸ဒါဟာ လေယာဉ်ပျံသန်းမယ့်အချိန် (Departure Time) မဟုတ်ဘဲ၊ လေယာဉ်ပေါ်ကို စတင်ဝင်ရောက်ဖို့ ဂိတ်ပေါက်ဖွင့်တဲ့အချိန် ဖြစ်ပါတယ်။
🔸လေယာဉ်မထွက်ခွာမီ မိနစ် ၃၀-၄၀ အလိုမှာ ဂိတ်ပိတ်လေ့ရှိတာကြောင့် ဒီအချိန်ထက် နောက်မကျအောင် ဂိတ်ပေါက် (Gate) ရှေ့မှာ အဆင်သင့်ရှိနေဖို့ အရေးကြီးပါတယ်။
📌ဥပမာ - 15:30 (ညနေ ၃ နာရီခွဲ)

(၇) GATE (ဂိတ်ပေါက်နံပါတ်)
🔸လေယာဉ်ပေါ်တက်ဖို့ သွားရောက်စောင့်ဆိုင်းရမယ့် ဂိတ်ပေါက်နံပါတ်ဖြစ်ပါတယ်။
🔸လေဆိပ်အတွင်းရှိ Boarding Gate (ဂိတ်ပေါက်) တွေဟာ တစ်ခါတစ်ရံ အပြောင်းအလဲရှိနိုင်တာကြောင့် လေဆိပ်ထဲက Information LED Screen တွေမှာ မိမိရဲ့ Flight နံပါတ်နဲ့ ဂိတ်နံပါတ်ကို နောက်ဆုံးအကြိမ် ထပ်မံစစ်ဆေးသင့်ပါတယ်။
📌ဥပမာ - GATE 37

(၈) SEAT (ထိုင်ခုံနံပါတ်)
နံပါတ် 23 ကတော့ ခုံတန်း (Row) ကို ဆိုလိုပြီး C ကတော့ ထိုင်ခုံနေရာကို ပြောတာပါ။
🔸A နှင့် F - ပြတင်းပေါက်ဘေး (Window Seat)
🔸B နှင့် E - အလယ်ခုံ (Middle Seat)
🔸C နှင့် D - လူသွားလမ်းဘေး (Aisle Seat)
📌ဥပမာ - 23C (ပုံထဲက C ကတော့ လူသွားလမ်းဘေးခုံ ဖြစ်ပါတယ်)

📌Ko Leo Vlog မှ အကြံပြုချက်
🔸ပထမဆုံးအကြိမ် လေယာဉ်စီးပြီး ခရီးသွားမယ့်သူတွေဆိုရင် လေဆိပ်သို့ လေယာဉ်မထွက်ခွာမီ အနည်းဆုံး (၃) နာရီခန့် ကြိုတင်ပြီး ရောက်ရှိနေပါက ပို အဆင်ပြေပါတယ်။
🔸မိမိ လက်ထဲ့သို့ Boarding Pass ရောက်လာပါက Boarding Pass အပေါ်က အချက်တွေကို သေချာ စစ်ဆေးပါ။
🔸Boarding Pass ပေါ်မှာ တခါတရံ သီးသန့်မှာယူထားတဲ့ အစားအသောက် ကုဒ်တွေကိုလည်း တွေ့နိုင်ပါတယ်။ ဥပမာ - မိမိက သက်သတ်လွတ် စားဖို့ မှာယူထားပါက Boarding Pass ပေါ်မှာ VGML (သက်သတ်လွတ်) ရေးထားမှာ ဖြစ်ပါတယ်။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

Baggage Tag ဆိုတာဘာလဲ? ဘာကြောင့် အရေးကြီးတာလဲ?🔹Baggage Tag ဆိုတာ လေဆိပ် Check-in ကောင်တာမှာ အိတ်အပ်နှံသည့်အခါ လေကြောင်းလ...
04/09/2026

Baggage Tag ဆိုတာဘာလဲ? ဘာကြောင့် အရေးကြီးတာလဲ?
🔹Baggage Tag ဆိုတာ လေဆိပ် Check-in ကောင်တာမှာ အိတ်အပ်နှံသည့်အခါ လေကြောင်းလိုင်း ဝန်ထမ်းများက ခရီးသည်၏ ခရီးဆောင်အိတ် (Checked Baggage) ပေါ်တွင် ချည်နှောင်/ကပ်ပေးလိုက်သည့် ဘားကုဒ်ပါ စတစ်ကာအရှည်ဖြစ်ပါတယ်။

Baggage Tag ဘာကြောင့် အရေးကြီးတာလဲ?
(၁) ခရီးသည် အချက်အလက်များနှင့် ချိတ်ဆက်ထားခြင်း
🔹Tag ပေါ်တွင်ပါဝင်သော Barcode (ဘားကုဒ်) အတွင်း၌ ခရီးသည်၏ အမည်၊ လေယာဉ်အမှတ်စဉ် (Flight Number)၊ ခရီးဆုံးမြို့ (Destination) အပြင် လေကြောင်းလိုင်းစနစ်အတွင်းမှ ခရီးသည်၏ ကိုယ်ရေးအချက်အလက် (PNR - Passenger Name Record) ကို စနစ်တကျ ချိတ်ဆက်ထည့်သွင်းထားပါသည်။

(၂) ပျောက်ဆုံးပါက စက္ကန့်ပိုင်းအတွင်း ခြေရာခံနိုင်ခြင်း
🔹ခရီးစဉ်အဆုံးတွင် Baggage Claim (အိတ်ပြန်ယူသည့်နေရာ) Conveyor Belt ပေါ်၌ မိမိအိတ် ရောက်မလာပါက သို့မဟုတ် လမ်းခုလတ်တွင် ကျန်ခဲ့ပါက လေဆိပ်ဝန်ထမ်းများက အိတ်ခြေရာခံစနစ် WorldTracer System တွင် ထို Tag နံပါတ်ကို ရိုက်ထည့်လိုက်ရုံဖြင့် မိမိအိတ် ဘယ်နိုင်ငံ၊ ဘယ်လေဆိပ်သို့ ရောက်ရှိနေသည်ကို စက္ကန့်ပိုင်းအတွင်း ရှာဖွေပေးနိုင်ပါသည်။

(၃) Transit ခရီးစဉ်များတွင် အိတ်လမ်းမမှားခြင်း
🔹လေယာဉ်တစ်ဆင့် မကဘဲ စီးရမည့် ခရီးစဉ်များတွင် လေဆိပ်၏ အလိုအလျောက် အိတ်သယ်စနစ် (Automated Baggage Handling System) ရှိ Laser Scanner များသည် Tag ပေါ်မှ Barcode ကို ဖတ်ရှုပြီး နောက်ထပ်စီးရမည့် လေယာဉ်ဆီသို့ အလိုအလျောက် လမ်းကြောင်းပြောင်းရွှေ့ပေးပါသည်။
📌မူလကတည်းက ခရီးဆုံးထိ Through Check-in Tag ရိုက်ပေးထားမှသာ လမ်းခုလတ်၌ အိတ်ပြန်ထုတ်စရာမလိုဘဲ ခရီးဆုံးလေဆိပ်သို့ အမှားအယွင်းမရှိ ရောက်ရှိမှာ ဖြစ်ပါတယ်။

(၄) အိတ်မှားယူခြင်းမှ ကာကွယ်ပေးခြင်း
🔹Baggage Claim တွင် မိမိအိတ်နှင့် ပုံစံ၊ အရောင် တူညီသော အိတ်များစွာ ရှိနေနိုင်ပါသည်။ အိတ်အရောင်တူရုံဖြင့် ကောက်မယူဘဲ မိမိ Boarding Pass နောက်ကျောမှ Claim Stub ပေါ်ရှိ နံပါတ်နှင့် အိတ်ပေါ်မှ Tag နံပါတ် တူ၊ မတူ သေချာတိုက်စစ်ပြီးမှ ယူသင့်ပါတယ်။

(၅) တာဝန်ယူမှုနှင့် နစ်နာကြေး တောင်းခံနိုင်ခြင်း
🔹Baggage Tag ကပ်လိုက်သည်နှင့် မိမိအိတ်၏ လုံခြုံရေးအတွက် လေကြောင်းလိုင်းက တရားဝင် စတင်တာဝန်ယူလိုက်ပြီ ဖြစ်ပါသည်။ အကယ်၍ အိတ်ပျောက်ဆုံးခြင်း သို့မဟုတ် ပျက်စီးသွားခြင်းဖြစ်ခဲ့ပါက PIR (Property Irregularity Report) တိုင်ကြားရာတွင် ဤ Tag နံပါတ်သည် မရှိမဖြစ် လိုအပ်ပါတယ်။ ထိုအထောက်အထား ခိုင်လုံမှသာ လေကြောင်းလိုင်းထံမှ သတ်မှတ်ချက်အတိုင်း နစ်နာကြေး (Compensation) တောင်းခံပိုင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

"ထိုင်းနိုင်ငံကို ခရီးမထွက်ခင် မြန်မာပြည်ကနေ ဘတ်ငွေ ကြိုလဲသွားတာ ပိုသက်သာမလား၊ ဒါမှမဟုတ် ဒေါ်လာယူသွားပြီး ဘန်ကောက်ရောက်မ...
03/09/2026

"ထိုင်းနိုင်ငံကို ခရီးမထွက်ခင် မြန်မာပြည်ကနေ ဘတ်ငွေ ကြိုလဲသွားတာ ပိုသက်သာမလား၊ ဒါမှမဟုတ် ဒေါ်လာယူသွားပြီး ဘန်ကောက်ရောက်မှ ဘတ်ပြန်လဲတာ ပိုသက်သာမလား"
(၁) လက်ရှိပေါက်ဈေး (၃) ခုကို အရင်စုံစမ်းပါ
🔹$1 ကို ထိုင်းဘတ် ဘယ်လောက်ရလဲ?
🔹$1 ကို မြန်မာငွေ ဘယ်လောက်ကျသလဲ?
🔹1 ဘတ် ကို မြန်မာငွေ ဘယ်လောက်ကျသလဲ?

(၂) ဥပမာအဖြစ် အတွက်အချက် ပြုလုပ်ကြည့်ခြင်း
$1 = 32 THB (ဘန်ကောက်တွင် လဲလှယ်နိုင်သောဈေး)
$1 = 4,300 MMK (မြန်မာပြည်တွင် ဒေါ်လာဝယ်ဈေး)
1 THB = 128 MMK (မြန်မာပြည်တွင် ဘတ်ငွေ တိုက်ရိုက်ဝယ်ဈေး)

တွက်နည်း (၁) - ဒေါ်လာမှတစ်ဆင့် ဘတ်သို့ လဲလှယ်ပါက ကျသင့်မည့်စရိတ်
🔹ဒေါ်လာမှတစ်ဆင့် ဘတ်ငွေပြောင်းပါက ၁ ဘတ်လျှင် ကျသင့်မည့် မြန်မာငွေကို အရင်ရှာပါ။
🔹ဘတ် 3,200 ရရှိရန်အတွက် ဒေါ်လာဖြင့် ဝယ်ယူပါက $100 ဖြင့်ဝယ်ယူရမည်ဖြစ်ပြီး၊ ဒေါ်လာ 100 ကို မြန်မာကျပ်ဖြင့် ဝယ်ယူပါက စုစုပေါင်း မြန်မာငွေ 430,000 MMK ($100 x 4,300MMK) ကုန်ကျပါမည်။

တွက်နည်း (၂) - မြန်မာငွေဖြင့် ဘတ်ငွေ တိုက်ရိုက်လဲလှယ်ပါက ကျသင့်မည့်စရိတ်
🔹မြန်မာငွေဖြင့် တိုက်ရိုက်လဲပါက ၁ ဘတ်လျှင် 128 MMK သာ ကျသင့်မည်ဖြစ်သည်။
🔹ဘတ် 3,200 ရရှိရန်အတွက် 3,200 x 128 = 409,600 ကျပ် သာ ကုန်ကျပါမည်။

(၃) နှိုင်းယှဉ်ချက်နှင့် ဆုံးဖြတ်ချက်
🔹ယခု ဥပမာအရ မြန်မာငွေဖြင့် ဘတ်ငွေ တိုက်ရိုက်လဲလှယ်ခြင်းက ၂၀,၄၀၀ ကျပ် ပိုမိုသက်သာပါသည်။
🔹ယခု ဥပမာ အရဆို မြန်မာနိုင်ငံမှ မထွက်ခွာမီ ဘတ်ငွေကို တိုက်ရိုက် ကြိုတင်လဲလှယ်သွားခြင်းက အကောင်းဆုံး ဖြစ်ပါတယ်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

လေဆိပ်ရောက်တဲ့အခါ မျက်စိလည်တာမျိုး မဖြစ်အောင် မိမိသွားရမယ့် Gate နဲ့ လေယာဉ်အခြေအနေ ကို ဘယ်လိုကြည့်မလဲ?🔸နိုင်ငံရပ်ခြားကို...
02/09/2026

လေဆိပ်ရောက်တဲ့အခါ မျက်စိလည်တာမျိုး မဖြစ်အောင် မိမိသွားရမယ့် Gate နဲ့ လေယာဉ်အခြေအနေ ကို ဘယ်လိုကြည့်မလဲ?
🔸နိုင်ငံရပ်ခြားကို ပထမဆုံးအကြိမ် သွားမယ့်သူတွေပဲဖြစ်ဖြစ်၊ ခရီးသွားလာမှု အတွေ့အကြုံနည်းသေးသူတွေပဲဖြစ်ဖြစ် နိုင်ငံတကာ လေဆိပ်ကြီးတွေထဲ ရောက်တဲ့အခါ ဘယ်ကစလုပ်ရမှန်းမသိဘဲ မျက်စိလည်တတ်၊ စိတ်လှုပ်ရှားတတ်ကြပါတယ်။
🔸တကယ်တော့ လေဆိပ်ထဲရောက်လို့ Check-in ဝင်၊ Passport Checking (Immigration) ဖြတ်ပြီးပြီဆိုရင် နောက်ထပ်အရေးကြီးဆုံးအလုပ်က မိမိလေယာဉ်ပေါ်တက်ရမယ့် Gate (ထွက်ခွာမည့်ဂိတ်) ကို ရှာရမှာပါ။
🔸မိမိစီးမယ့်လေယာဉ်က ဘယ် Gate မှာလဲ၊ အချိန်ပြောင်းလဲမှုရှိလားဆိုတာကို လေဆိပ် Terminal ထဲမှာရှိတဲ့ Departures LED TV Screen မှာ ကြည့်ပြီး အလွယ်တကူ သိနိုင်ပါတယ်။

(၁) Time / New (ထွက်ခွာမည့်အချိန်)
🔸Time (Scheduled Time) - Screen ပေါ်က ပထမဆုံးကော်လံမှာပြထားတဲ့အချိန်ဟာ လေယာဉ်မူလထွက်ခွာမည့်အချိန် ဖြစ်ပါတယ်။
🔸New ဘေးက "New" ကော်လံမှာ အဝါရောင် (သို့မဟုတ်) အနီရောင်နဲ့ အချိန်ထပ်ပြနေရင်တော့ လေယာဉ်အချိန်ပြောင်းလဲသွားတာ (ဥပမာ - 17:50 မှ 18:45 သို့ Delay ဖြစ်သွားတာမျိုး) ကို ဆိုလိုတာဖြစ်လို့ မိမိရဲ့ Ticket ထဲကအချိန်နဲ့ မတူတော့ရင် ဒီ "New" အချိန်ကိုပဲ အခြေခံပြီး ကြည့်ရပါမယ်။

(၂) Flight (လေကြောင်းလိုင်းနှင့် ခရီးစဉ်နံပါတ်)
🔸မိမိစီးမည့် လေကြောင်းလိုင်း လိုဂို/အမည်နဲ့အတူ Ticket ထဲက Flight Number (ဥပမာ - 8M 802, SQ 601, FD 251) ကို ပြထားတာဖြစ်ပါတယ်။
🔸လေဆိပ်ကြီးတွေမှာ သွားမယ့်နေရာတူပြီး အချိန်မတူတာမျိုး (သို့မဟုတ်) အချိန်တူပြီး သွားမယ့်နေရာမတူတာမျိုး ရှိတတ်လို့ မြို့အမည်ထက် Flight Number ကို သေချာတိုက်စစ်တာက စိတ်ချရဆုံး ဖြစ်ပါတယ်။

(၃) To (သွားမည့်နေရာ / Destination)
🔸မိမိသွားမယ့် မြို့အမည် သို့မဟုတ် လေဆိပ်အမည်ကို ပြထားတာဖြစ်ပါတယ်။
📌ဥပမာ - YANGON, SINGAPORE, SUVARNABHUMI, DON MUEANG စသဖြင့် အင်္ဂလိပ်စာလုံးကြီးတွေနဲ့ ပြသနေမှာ ဖြစ်ပါတယ်။

(၄) Gate (လေယာဉ်တက်ရမည့်ဂိတ်)
🔸မိမိလေယာဉ်ပေါ်တက်ဖို့ သွားရမယ့် ဂိတ်နံပါတ် (ဥပမာ - A7, B10, Gate 124) ကို ပြထားတာဖြစ်ပါတယ်။
🔸ဂိတ်နံပါတ်သိပြီဆိုတာနဲ့ လေဆိပ်အတွင်းက ဆိုင်းဘုတ်တွေမှာပြထားတဲ့ လမ်းညွှန်အတိုင်း (ဥပမာ - Gates 1-20 ခေါင်းစဉ်အောက်က မြှားပြထားတဲ့ဘက်ကို) လျှောက်သွားရပါမယ်။
🔸လေဆိပ်အချို့တွင် Gate သို့သွားရန် လေဆိပ်တွင်း ရထား (Skytrain/Shuttle) စီးရတာမျိုးလည်း ရှိတတ်ပါတယ်။

(၅) Status / Remark (လက်ရှိအခြေအနေနှင့် အချိန်ခန့်မှန်းချက်)
🔸Check-in Open / Baggage Drop - Check-in ကောင်တာမှာ လက်မှတ်လဲလို့ရနေပြီဖြစ်ကြောင်း ပြသခြင်း။
🔸Gate Open / Boarding - ဂိတ်ဖွင့်လှစ်ထားပြီး လေယာဉ်ပေါ်တက်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဂိတ်ဆီကို စတင်သွားရောက်နိုင်ပါပြီ။
🔸Final Call / Last Call - လေယာဉ်ပေါ်တက်ဖို့ နောက်ဆုံးအကြိမ် လူခေါ်နေပြီဖြစ်လို့ မိမိရှိတဲ့နေရာကနေ ဂိတ်ကို အမြန်ဆုံး သွားရပါမယ်။
🔸Delayed - လေယာဉ်ခရီးစဉ် နောက်ကျနေကြောင်း ပြသခြင်း။
🔸Canceled - ခရီးစဉ်ဖျက်သိမ်းလိုက်ခြင်း (ဒီလိုဆိုရင် အနီးနားက လေကြောင်းလိုင်း Counter ကို ချက်ချင်းသွားမေးရပါမယ်)။
🔸မိနစ်ပြကွက် (ဥပမာ - 5 min, 12 min) - အဆိုပါ LED Screen ရှိတဲ့နေရာကနေ မိမိသွားရမယ့် Gate ဆီကို လမ်းလျှောက်ရင် ဘယ်နှမိနစ် ကြာမယ်ဆိုတာ ခန့်မှန်းဖော်ပြပေးထားတာဖြစ်လို့ မိမိအချိန်ကို တွက်ချက်နိုင်ပါတယ်။
"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

ဘန်ကောက်မြို့ နဲ့ ဖူးခက်မြို့က Seven Eleven မှာ ဈေးဝယ်တဲ့အခါ တစ်ခါတလေ Cashier က ပြန်အမ်းတဲ့ ဒီ ဆဲဗင်း Sticker Stamps လေး...
01/09/2026

ဘန်ကောက်မြို့ နဲ့ ဖူးခက်မြို့က Seven Eleven မှာ ဈေးဝယ်တဲ့အခါ တစ်ခါတလေ Cashier က ပြန်အမ်းတဲ့ ဒီ ဆဲဗင်း Sticker Stamps လေးတွေ သိမ်းထားတဲ့သူတွေရှိလား?
🔸ဒီ Sticker Campaign က အမြဲပြုလုပ်ပေးနေတာဖြစ်လို့ ဒီတစ်ခေါက် မလဲဖြစ်လည်း နောက်တစ်ခေါက် Sticker Campaign မှာ လဲလို့ရတာ ဖြစ်လို့ ဆဲဗင် Sticker Stamps လေးတွေကို သိမ်းထားလို့လည်းရပါတယ်။
🔸Seven Eleven မှာ ဈေးဝယ်တဲ့အခါ Cashier ကနေ ပုံထဲကလိုမျိုး ဒီလို ဆဲဗင်း Sticker Stamps လေးတွေပြန်ရပါတယ်။
🔸မိမိ ဝယ်တဲ့ ပမာဏ အပေါ်မူတည်ပြီး ပြန်ပေးတဲ့ ဒီဆဲဗင်း Stamp လေးတွေက Sticker Stamp မှာ ဖော်ပြထားတဲ့ ကိန်းဂဏန်း အတိုင်း နောက်တစ်ကြိမ် ဈေးဝယ်တဲ့ အခါမှာ ပိုက်ဆံအနေဖြင့် ပြန်လည် အသုံးပြုလို့ ရပါတယ်။
📌ဥပမာ - မိမိမှာ ဆဲဗင်း Sticker Stamp 50 ရှိတယ်ဆိုပါစို့။ မိမိဈေးဝယ်တဲ့ Amount က ဘတ် 150 ဖိုးဆို ဆဲဗင်း Sticker Stamp 50 နဲ့ ဘတ် 100 ပေးလိုက်ရုံပါပဲ။
🔸တစ်ချို့က အလှသက်သက် ပြန်ပေးတယ်လို့ ထင်နေကြသလို ၊ တစ်ချို့ကတော့ အိမ်ရဲ့ ရေခဲသေတ္တာ မှာ ကပ်လိုက်ကြတယ်၊ တစ်ချို့ကလည်း လွှင့်ပစ်လိုက်တာလည်းရှိသလို ၊ မိမိရဲ့ ဖုန်းမှာ Sticker အနေနဲ့ ကပ်လိုက်ကြတဲ့ သူတွေလည်း ရှိပါတယ်။
🔸ဆဲဗင်း Stamps က ၁ ဘတ် တန်လည်းရှိသလို ၃ ဘတ် တန်လည်းရှိပါတယ်၊Stamps Sticker ရဲ့ ညာဘက် အောက် ထောင့်စွန်းမှာ အဝိုင်းလေး နဲ့ ဘယ်လောက်ဆိုပြီး ရေးထားပါတယ်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

ရန်ကုန်လေဆိပ်ကနေ ပြည်ပသို့ လေယာဉ်ဖြင့် ခရီးသွားမည့်သူများ သိထားသင့်တဲ့ အချက် (၁၀) ချက်(၁) Terminal အဝင်ဝမှ စတင်၍ စာရွက်စ...
31/08/2026

ရန်ကုန်လေဆိပ်ကနေ ပြည်ပသို့ လေယာဉ်ဖြင့် ခရီးသွားမည့်သူများ သိထားသင့်တဲ့ အချက် (၁၀) ချက်
(၁) Terminal အဝင်ဝမှ စတင်၍ စာရွက်စာတမ်းများ အဆင်သင့်ပြင်ထားပါ
🔹လေဆိပ်အဆောက်အအုံအတွင်းသို့ မဝင်ရောက်မီ အဝင်ဝ၌ Security Check ကို ပထမဆုံး ဖြတ်သန်းရပါတယ်။
🔹နိုင်ငံကူးလက်မှတ်နှင့် လေယာဉ်လက်မှတ်တို့ကို လက်ထဲတွင် အဆင်သင့် ထုတ်ပြနိုင်အောင် ကြိုတင်ပြင်ဆင်ထားပါ။

(၂) Check-In Status နှင့် Counter Row ကို စစ်ဆေးပါ
🔹Terminal ထဲသို့ ရောက်ပြီဆိုပါက Departure Information Display TV Screen ကို ပထမဆုံး ကြည့်ရှုရပါမည်။
🔹မိမိစီးမည့် Flight Number နှင့် လေကြောင်းလိုင်းကို TV Screen ၌ တိုက်ဆိုင်စစ်ဆေးပါ။
🔹လေကြောင်းလိုင်းအလိုက် တန်းစီရမည့် Counter Line Number (Row A, B, C စသဖြင့်) ကို ကြည့်ပြီး သက်ဆိုင်ရာ Counter တွင် သွားရောက်တန်းစီပါ။

(၃) Baggage အပ်နှံခြင်း၊ Boarding Pass နှင့် Departure Card ထုတ်ယူခြင်း
🔹Check-In Counter သို့ ရောက်ရှိပါက ဝန်ထမ်းများထံ Passport နှင့် E-ticket ပြသပါ။
🔹Checked Baggage ကို ကီလိုချိန်တွက်ချက်၍ အပ်နှံရမည်ဖြစ်ပြီး သတ်မှတ်ကီလိုထက် မပိုစေရန် ကြိုတင် ချိန်တွယ်ထားသင့်ပါသည်။
🔹အရည်၊ ဓား၊ ကတ်ကြေး အစရှိသည့် လေယာဉ်ပေါ်မယူရသည့် ပစ္စည်းများကို Checked Baggage ထဲတွင်သာ ထည့်သွင်းရမည်။
🔹လေယာဉ်ပေါ်သို့ မိမိနှင့်အတူ ယူဆောင်မည့် Hand Carry အိတ်ထဲတွင် Power Bank (သတ်မှတ် Capacity အလိုက်)၊ Laptop၊ သောက်ဆေးနှင့် အဖိုးတန်ပစ္စည်းများကို ထည့်သွင်းရပါမည်။
🔹Check In Counter ဝန်ထမ်းများထံမှ Boarding Pass နှင့် Departure Card (ပြည်ပထွက်ခွာကတ်) ကို ထုတ်ယူပါ။

(၄) လုံခြုံရေး ပထမအဆင့် ဖြတ်သန်းခြင်းနှင့် Departure Card ဖြည့်ခြင်း
🔹Immigration Area အတွင်းသို့ မဝင်ရောက်မီ ဝင်ပေါက်တွင် လုံခြုံရေးဝန်ထမ်းများက Boarding Pass, Passport နဲ့ မှတ်ပုံတင် တို့ကို တစ်ကြိမ် ထပ်မံစစ်ဆေးပါသည်။
🔹Immigration မဝင်မီ တန်းစီနေစဉ်အတွင်း Check-In Counter မှ ပေးလိုက်သော Departure Card တွင် မိမိ၏ ကိုယ်ရေးအချက်အလက်၊ Flight Number၊ Passport Number တို့ကို ဘောပင်ဖြင့် ကြိုတင်ဖြည့်စွက်ထားပါ။

(၅) Immigration ဖြတ်သန်းရန် စာရွက်စာတမ်း ပြင်ဆင်ခြင်း
🔹Immigration မှာ တန်းစီသည့်အခါ အချိန်မကြန့်ကြာစေရန် မိမိ၏ Passport၊ Boarding Pass နှင့် ဖြည့်စွက်ထားသော Departure Card တို့ကို လက်ထဲတွင် အဆင်သင့် ကိုင်ထားပါ။

(၆) Immigration (လူဝင်မှုကြီးကြပ်ရေး) ဖြတ်သန်းခြင်း
🔹မိမိအလှည့်ရောက်ပါက Immigration Officer ထံသို့ Passport၊ Boarding Pass နှင့် Departure Card တို့ကို ပေးအပ်ပါ။
🔹Immigration Officer ၏ ညွှန်ကြားချက်အတိုင်း ကင်မရာကို တည့်တည့်ကြည့်၍ Face Scan နှင့် Fingerprint Scan (လက်ဗွေစကင်) ဖတ်ခြင်းတို့ကို ပြုလုပ်ပါ။
🔹Passport ပေါ်တွင် ပြည်ပထွက်ခွာခွင့် တုံးထုပေးပြီးပါက Immigration အဆင့် ပြီးမြောက်ပါပြီ။

(၇) Final Security Check (ဒုတိယအဆင့် လုံခြုံရေးစစ်ဆေးခြင်း)
🔹Immigration ဖြတ်ပြီးသည်နှင့် လေယာဉ်မတက်မီ ဒုတိယအဆင့် အသေးစိတ် လုံခြုံရေးစစ်ဆေးမှု ပြုလုပ်ရပါတယ်။
🔹Hand Carry အိတ်ကို X-ray စက် Conveyor ပတ်လမ်းပေါ်သို့ တင်ရပါမည်။
🔹ဖုန်း၊ Passport၊ ပိုက်ဆံအိတ်၊ ခါးပတ်၊ အပေါ်ထပ်ဂျာကင် နှင့် ဖိနပ်တို့ကို ချွတ်၍ လုံခြုံရေးခြင်းတောင်းထဲ ထည့်ပြီး X-ray စက်ထဲသို့ ဖြတ်သန်း စစ်ဆေးရပါမည်။
🔹မိမိကိုယ်တိုင်လည်း Body Scanner စက်ထဲမှ ဖြတ်သန်းပြီး လုံခြုံရေးဝန်ထမ်း၏ Body Check အစစ်ဆေးခံရပါမည်။

(၈) Gate Number စစ်ဆေးခြင်းနှင့် ဂိတ်ရှေ့တွင် စောင့်ဆိုင်းခြင်း
🔹Security Check ပြီးသည်နှင့် Boarding Pass ပေါ်တွင် ရေးသားထားသော Gate Number (ဂိတ်နံပါတ်) ကို စစ်ဆေးပါ။
🔹စောစီးစွာ Check-In ဝင်ထားပါက Boarding Pass ပေါ်တွင် ဂိတ်နံပါတ် ပါမလာတတ်ပါ။ ထိုသို့ဖြစ်ပါက လေဆိပ်အတွင်းရှိ Departure LED Screen ပေါ်တွင် မိမိ Flight Number ၏ ဂိတ်နံပါတ် အပြောင်းအလဲကို စစ်ဆေးပါ။
🔹သက်ဆိုင်ရာ ဂိတ်အရှေ့သို့ သွားရောက်စောင့်ဆိုင်းပါ။ လေယာဉ်ပေါ်တက်ရန် စတင်ကြေညာ (Final Call) ပါက Boarding Pass နှင့် Passport ပြသ၍ လေယာဉ်ပေါ်သို့ စတင်တက်ရောက်နိုင်ပါပြီ။

(၉) လေယာဉ်ပေါ်ရှိ မိမိထိုင်ခုံကို ရှာဖွေ၍ လက်ဆွဲအိတ် သိမ်းဆည်းခြင်း
🔹လေယာဉ်ပေါ်သို့ ရောက်ရှိသည့်အခါ Boarding Pass ပေါ်တွင် ပါရှိသော ထိုင်ခုံနံပါတ် (ဥပမာ - 12A) ကို ကြည့်၍ ရှာဖွေထိုင်ရပါမည်။
🔹မိမိ၏ Hand Carry လက်ဆွဲအိတ်ကို ထိုင်ခုံအပေါ်ရှိ Overhead Cabin (အိတ်ထည့်သည့်စင်) ထဲသို့ စနစ်တကျ ထည့်သွင်းပါ။ ထိုင်ခုံအောက်တွင်လည်း ထည့်သွင်းနိုင်ပါသည်။
🔹မိမိထိုင်ခုံနံပါတ် သို့မဟုတ် အိတ်ထည့်ရန် နေရာရှာမတွေ့ပါက လေယာဉ်မောင်/လေယာဉ်မယ် (Flight Attendants) များကို Boarding Pass ပြသ၍ အကူအညီတောင်းခံပါ။

(၁၀) လေယာဉ်ပေါ်ရှိ Safety Instructions ကို လိုက်နာခြင်း
🔹ထိုင်ခုံတွင် ထိုင်သည်နှင့် လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို မဖြစ်မနေ လိုက်နာရပါမည်။
🔹ထိုင်ခုံခါးပတ်ကို စနစ်တကျ ပတ်ထားပါ။
🔹ထိုင်ခုံအရှေ့ အိတ်ကပ်ထဲရှိ Safety Instructions စာစောင်ကို ဖတ်ရှုပါ။
🔹လေယာဉ်မထွက်ခွာမီ လေယာဉ်မောင်/မယ်များ သရုပ်ပြသသော အရေးပေါ်လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို ဂရုစိုက်ကြည့်ရှုပါ။
🔹လေယာဉ် ပျံတက်ချိန် (Take-off) နှင့် ဆင်းသက်ချိန် (Landing) များတွင် မိမိဖုန်းကို Flight Mode သို့ မဖြစ်မနေ ပြောင်းထားရပါမည်။

📌 ပြည်ပသို့ ခရီးသွားမည့် ခရီးသွားမိတ်ဆွေများအားလုံး အဆင်ပြေစေရန် Ko Leo Vlog မှ ရေးသားမျှဝေခြင်းသာ ဖြစ်ပါသည်။

လေယာဉ်စီးဖို့ Boarding Pass လက်ထဲရောက်ပြီဆိုတာနဲ့  မဖြစ်မနေ စစ်ဆေးရမည့် (၇) ချက်(၁) ပတ်စပို့ နှင့် Boarding Pass ပါ အမည်...
30/08/2026

လေယာဉ်စီးဖို့ Boarding Pass လက်ထဲရောက်ပြီဆိုတာနဲ့ မဖြစ်မနေ စစ်ဆေးရမည့် (၇) ချက်
(၁) ပတ်စပို့ နှင့် Boarding Pass ပါ အမည် (Passenger Name)
🔹မိမိရဲ့ Passport ထဲက အမည်စာလုံးပေါင်းနဲ့ Boarding Pass ပေါ်က အမည် တစ်ထပ်တည်း ကျ၊ မကျ စစ်ဆေးပါ။
🔹စာလုံးပေါင်း တစ်လုံးမှားရုံနဲ့တင် Security Checkpoint မှာ တားဆီးခံရနိုင်သလို လေယာဉ်စီးခွင့်လည်း ငြင်းပယ်ခံရနိုင်ပါတယ်။
🔹အချို့လေကြောင်းလိုင်းတွေရဲ့ System အရ First Name နဲ့ Last Name တွေ ကပ်လျက်ထွက်လာတတ်ပါတယ် (ဥပမာ - THWIN/ZAWMIN သို့မဟုတ် ZAWMINMR)။ ဒါဟာ လေကြောင်းလိုင်းတွေ သုံးလေ့ရှိတဲ့ Standard Format မို့လို့ စာလုံးပေါင်း မှန်ကန်နေရင် စိုးရိမ်စရာမရှိပါဘူး။ Mr, Mrs, Ms, Miss စတဲ့ Title များ မှန်ကန်မှု ရှိမရှိပါ တစ်ခါတည်း အတည်ပြုပါ။

(၂) ခရီးစဉ်နံပါတ်၊ ရက်စွဲ နှင့် အတန်းအစား (Flight No., Date & Class)
🔹မိမိဝယ်ယူထားတဲ့ ခရီးစဉ်နံပါတ် (ဥပမာ - 8M 332, TG 304) မှန် မမှန် စစ်ဆေးပါ။ Codeshare Flight (အခြားလေကြောင်းလိုင်းနှင့် ပူးတွဲပြေးဆွဲခြင်း) ဖြစ်ပါက မိမိလက်မှတ်ပါ နံပါတ်နှင့် Boarding Pass ပါ နံပါတ် ကိုက်ညီမှုရှိမရှိ ကြည့်ပါ။
🔹Midnight Flights (ညဉ့်နက်/သန်းခေါင်ကျော် ခရီးစဉ်များ) ရက်စွဲ အမှားအယွင်း မဖြစ်စေဖို့ အထူးသတိထားရပါမယ်။
📌ဥပမာ - ၂၈ ရက်နေ့ နံနက်စောစော ၁ နာရီ ခရီးစဉ်ဆိုရင် ၂၇ ရက်နေ့ ညကတည်းက လေဆိပ်ကို ရောက်နေရပါမည်။ ရက်မှားပြီး လေဆိပ်သွားမိ၍ လေယာဉ်လွတ်သွားခြင်းမှာ ခရီးသွားများ မကြာခဏ မှားယွင်းတတ်သည့် အချက်ဖြစ်ပါတယ်။
🔹မိမိဝယ်ယူထားသည့် Travel Class (Economy, Premium Economy, Business, First Class) မှန် မမှန် စစ်ဆေးပါ။

(၃) လေဆိပ်ကုဒ်များနှင့် Terminal (Departure & Arrival Airport Codes)
🔹သွားမည့် မြို့အမည်ထက် လေဆိပ်ကုဒ် ၃ လုံး (IATA Code) ကို ကြည့်တာ ပိုသေချာပါတယ်။ လေဆိပ်နှစ်ခုရှိသည့် မြို့များတွင် ပို၍ သတိထားရပါမည်။
📌ဥပမာ - ဘန်ကောက်မြို့ဆိုပါက BKK (သုဝဏ္ဏဘူမိ) နှင့် DMK (ဒွန်မောင်း)၊ တိုကျိုမြို့ဆိုပါက NRT နှင့် HND စသည်ဖြင့် ခွဲခြားထားတာဖြစ်တာကြောင့် လေဆိပ်မှားသွားပါက လေယာဉ်မီရန် မဖြစ်နိုင်တော့ပါ။
🔹လက်မှတ်တွင် ပါရှိသော Terminal နံပါတ် (ဥပမာ - Terminal 1 သို့မဟုတ် 2) ကိုပါ စစ်ဆေးပါ။ Terminal တစ်ခုနှင့်တစ်ခု အကွာအဝေး ဝေးကွာနိုင်သဖြင့် Terminal မှားယွင်းပါက အချိန်ကြန့်ကြာပြီး လေယာဉ်လွတ်နိုင်ပါတယ်။

(၄) Boarding Time vs Departure Time
ခရီးသွားအများစု အမှားဆုံးနှင့် လေယာဉ်အလွတ်ဆုံး အချက်ဖြစ်သဖြင့် အချိန်နှစ်ခု၏ ကွာခြားချက်ကို သေချာနားလည်ထားရန် လိုအပ်ပါသည်။
🔹Departure Time - လေယာဉ် ကွင်းထဲမှ စတင်ထွက်ခွာမည့် အချိန် ဖြစ်ပါတယ်( လေယာဉ်ပေါ်တက်ရမည့် အချိန်မဟုတ်ပါ)
🔹Boarding Time - လေယာဉ်ပေါ် စတင်တက်ရမည့် အချိန် ဖြစ်ပါတယ်။ Departure Time ထက် မိနစ် ၃၀ မှ ၄၅ မိနစ်ခန့် စောလေ့ရှိပါတယ်။
🔹Boarding Time တွင် ဂိတ်ပေါက်၌ အသင့်မရှိပါက သို့မဟုတ် Gate Close ခေါ်ဆိုချိန်ထက် နောက်ကျပါက လေယာဉ်ပေါ်တက်ခွင့် (Boarding Denied) မရတော့ဘဲ ခရီးစဉ် လွတ်သွားပါလိမ့်မည်။

(၅) ဂိတ်နံပါတ်နှင့် ထိုင်ခုံနံပါတ် (Gate & Seat Number)
🔹Boarding Pass ပေါ်ပါ မိမိသွားရမယ့် Gate နံပါတ်နဲ့ ထိုင်ခုံနံပါတ် (ဥပမာ - 12A, 45C) ကို သေချာ မှတ်သားထားပါ။
🔹Check-in ဝင်ချိန်တွင် Gate မသတ်မှတ်ရသေးတာမျိုး သို့မဟုတ် လေဆိပ်တွင်း အခြေအနေအရ (Gate Change) အချိန်မရွေး ပြောင်းလဲသွားတာမျိုး ရှိနိုင်ပါတယ်။
🔹ဒါကြောင့် လေဆိပ်တွင်းရှိ Flight Information Display System (FIDS) Screen များကို အမြဲမပြတ်ကြည့်ပြီး မိမိ ခရီးစဉ်၏ Gate ကို နောက်ဆုံးအကြိမ် ထပ်မံအတည်ပြုပါ။

(၆) Baggage Claim Tag ကို စစ်ဆေးပါ
🔹Check-in ဝင်စဉ် အိတ်အပ်ခဲ့ပါက Boarding Pass နောက်ကျော တွင် Baggage Claim Tag စတစ်ကာများ ကပ်ပေးပါလိမ့်မည်။ အပ်ခဲ့သည့် အိတ်အရေအတွက်နှင့် စတစ်ကာအရေအတွက် ကိုက်ညီမှု ရှိမရှိ စစ်ဆေးပါ။
🔹အိတ်တွင် ကပ်လိုက်သည့် Tag ပေါ်မှ Destination Code မှန်မမှန် စစ်ပါ။ (အထူးသဖြင့် Transit ခရီးစဉ်များတွင် အိတ်ကို စိုက်ရောက်ရာ မြို့အထိ တိုက်ရိုက် (Check-through) ပို့ပေးမည် သို့မဟုတ် Transit လေဆိပ်တွင် ပြန်ထုတ်ရမည်ကို သေချာမေးမြန်းပါ)။
🔹ဆိုက်ရောက်လေဆိပ်တွင် မိမိအိတ် ပြန်လည်ထုတ်ယူစဉ် အိတ်ပျောက်ရှခြင်း သို့မဟုတ် တခြားသူနှင့် အိတ်မှားယူခြင်းများမှ ကာကွယ်ရန် Claim Tag ကို သေချာသိမ်းဆည်းထားပါ။

(၇) Barcode / QR Code အခြေအနေ
🔹Boarding Pass ပေါ်ရှိ Barcode သို့မဟုတ် QR Code သည် ထင်ရှားပြတ်သားမှု ရှိရပါမည်။ Security Checkpoint နှင့် Boarding Gate များတွင် စကင်ဖတ်စက်ဖြင့် စစ်ဆေးသောကြောင့် ဖြစ်ပါတယ်။
🔹ပျက်စီးနေခြင်း၊ မင်စွန်းနေခြင်း၊ စုတ်ပြဲနေခြင်းများ ရှိပါက Gate တွင် Scan ဖတ်မရဘဲ အချိန်ကြန့်ကြာနိုင်သဖြင့် မထွက်ခွာမီ Check-in ကောင်တာတွင် Boarding Pass အသစ် ပြန်လည်ထုတ်ယူပါ။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

လေယာဉ်ပေါ်ရောက်မှ လေဆိပ်ထဲမှာ ပစ္စည်းတစ်ခုခုကျန်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ?ခရီးသွားတဲ့အခါ စိတ်လှုပ်ရှားလို့ပဲဖြစ်စေ၊ အလောတကြီ...
29/08/2026

လေယာဉ်ပေါ်ရောက်မှ လေဆိပ်ထဲမှာ ပစ္စည်းတစ်ခုခုကျန်ခဲ့ရင် ဘယ်လိုလုပ်ရမလဲ?
ခရီးသွားတဲ့အခါ စိတ်လှုပ်ရှားလို့ပဲဖြစ်စေ၊ အလောတကြီးဖြစ်လို့ပဲဖြစ်စေ လေယာဉ်ပေါ်ရောက်၊ ခုံပေါ်မှာနေရာယူပြီးမှ "ဟာ... လေဆိပ်ထဲမှာ တစ်ခုခုကျန်ခဲ့ပြီ" ဆိုတာမျိုး ကြုံလာခဲ့ရင် စိတ်အေးအေးထားပြီး အောက်ပါအဆင့်တွေအတိုင်း အမြန်ဆုံး ဖြေရှင်းနိုင်ပါတယ်။
(၁) လေယာဉ်မထွက်ခွာခင် (လေယာဉ်ပေါ်ရောက်ခါစ)
🔹လေယာဉ်တံခါး မပိတ်သေးရင် သို့မဟုတ် မထွက်သေးရင် လေယာဉ်အမှုထမ်းတွေကို ချက်ချင်းပြောပြပါ။ သူတို့ကတစ်ဆင့် Ground Staff (မြေပြင်ဝန်ထမ်း) တွေကို ဆက်သွယ်ပြီး Security Check (စစ်ဆေးရေးဂိတ်)၊ Duty-Free Shop ဒါမှမဟုတ် Boarding Gate မှာ ကျန်ခဲ့တဲ့ပစ္စည်းကို လှမ်းရှာခိုင်းလို့ရပါတယ်။
🔹လေယာဉ်တံခါး ပိတ်သွားပြီဆိုရင်တော့ လုံခြုံရေးစည်းမျဉ်းများအရ ဘယ်လိုအကြောင်းနဲ့မှ လေယာဉ်ပေါ်က ဆင်းပြီး ပြန်ယူခွင့် မရှိတော့ပါဘူး။
🔹လေယာဉ်ဆိုက်ရောက်မှ ဆက်လက်ဆောင်ရွက်ရန် ခရီးစဉ်အတွင်း လေယာဉ်အမှုထမ်းထံ Lost Property Form ရှိပါက ကြိုတင်တောင်းခံဖြည့်စွက်ထားပါ။

(၂) လေယာဉ်ထွက်ခွာသွားပြီဆိုရင် (ခရီးစဉ်အတွင်းနှင့် ဆိုက်ရောက်ချိန်)
🔹ပစ္စည်းကျန်ခဲ့နိုင်သည့်နေရာနှင့် အသေးစိတ်ကို မှတ်တမ်းတင်ထားပါ။Security Check၊ Duty-Free ဆိုင်၊ လေဆိပ်သန့်စင်ခန်း၊ Executive Lounge ဒါမှမဟုတ် Gate အနီးက ထိုင်ခုံ စသဖြင့် ဘယ်နေရာမှာ ကျန်ခဲ့တာလဲဆိုတာကို သေချာစဉ်းစားပြီး မှတ်စုတိုရေးထားပါ။
🔹ဆိုက်ရောက်လေဆိပ်၏ Lost and Found Counter သို့ အမြန်သွားပါ။ လေယာဉ်ဆိုက်သည်နှင့် မိမိစီးလာသည့် လေကြောင်းလိုင်း၏ Lost and Found Counter (သို့မဟုတ် Airport Lost & Found) သို့ တိုက်ရိုက်သွားရောက်တိုင်ကြားပါ။ ထွက်ခွာခဲ့သည့် လေဆိပ်ထံ မြေပြင်ဝန်ထမ်းများကတစ်ဆင့် လှမ်းပြီး စုံစမ်းစစ်ဆေးခိုင်းနိုင်ပါသည်။

(၃) အွန်လိုင်း သို့မဟုတ် ဖုန်းဖြင့် သတင်းအချက်အလက် စုံစမ်း/တောင်းခံနည်း
🔹လေဆိပ်တိုင်းတွင် Official Website နှင့် "Lost & Found Inquiry Form" များ ရှိကြပါသည်။ အဆိုပါ Form တွင် မိမိပစ္စည်းအမျိုးအစား၊ အရောင်၊ တံဆိပ်၊ ကျန်ခဲ့သည့်နေရာနှင့် Serial Number (ပါရှိပါက) တို့ကို အသေးစိတ်ဖြည့်စွက်၍ လျှောက်ထားပါ။
🔹ကျန်ခဲ့သည့်ပစ္စည်းသည် Phone၊ Laptop သို့မဟုတ် Wallet မျိုးဖြစ်ပါက "Find My" သို့မဟုတ် Tracking App များမှတစ်ဆင့် လတ်တလော တည်နေရာ (Location) ကို အမြန်ဆုံးစစ်ဆေးပြီး Screenshot ရိုက်ထားပါ။ ဝန်ထမ်းများ ပစ္စည်းရှာဖွေရာတွင် အချိန်တိုအတွင်း တွေ့ရှိနိုင်ရန် အလွန်အထောက်အကူပြုပါသည်။

(၄) ပစ္စည်းပြန်ရဖို့ လျှောက်ထားသည့်အခါ လိုအပ်မည့် အထောက်အထားများ
🔹မိမိစီးနင်းခဲ့သည့် လေယာဉ်အမှတ်နှင့် ထိုင်ခုံနံပါတ်
🔹Boarding Pass & Passport & မှတ်ပုံတင်
🔹ပစ္စည်း၏ ဓာတ်ပုံဟောင်း၊ သေတ္တာ/အိတ်၏ သော့ကုဒ်၊ သို့မဟုတ် Serial Number
🔹ပစ္စည်းတွေ့ရှိပါက ကိုယ်တိုင် ပြန်လည်ထုတ်ယူမည်လား၊ သို့မဟုတ် Courier/Post (အမြန်ချောပို့) မှတစ်ဆင့် အိမ်တိုင်ရာရောက် ပြန်လည်ပေးပို့ခိုင်းမည်လားဆိုသည်ကို လေဆိပ်ဌာနနှင့် ညှိနှိုင်းရပါမည် (ချောပို့ခကို မိမိဘက်မှ ကျခံရလေ့ရှိပါသည်)။

📌Ko Leo Vlog မှ အကြံပြုချက်များ
🔹Smart Tag အသုံးပြုပါ - Wallet၊ Laptop Bag နှင့် ခရီးဆောင်အိတ်များအတွင်း AirTag သို့မဟုတ် SmartTag များ ထည့်သွင်းထားပါက ပစ္စည်းနှင့် အကွာအဝေးဝေးသွားသည်နှင့် ဖုန်းထံ အကြောင်းကြားစာ (Notification) ရရှိမည်ဖြစ်၍ မကျန်ခဲ့အောင် ကြိုတင်ကာကွယ်နိုင်ပါသည်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

MAI လေယာဉ်လက်မှတ် ရက်ချိန်း (Date Change) နည်း🔹အကြောင်းအမျိုးမျိုးကြောင့် သွားမည့်ရက်ကို ပြောင်းလဲချင်ပါက MAI ၏ တရားဝင် ...
28/08/2026

MAI လေယာဉ်လက်မှတ် ရက်ချိန်း (Date Change) နည်း
🔹အကြောင်းအမျိုးမျိုးကြောင့် သွားမည့်ရက်ကို ပြောင်းလဲချင်ပါက MAI ၏ တရားဝင် Website ရှိ "Manage Booking" မှတစ်ဆင့် မိမိကိုယ်တိုင် လွယ်ကူစွာ ပြုလုပ်နိုင်ပါတယ်။ ပြုလုပ်နည်း အဆင့်ဆင့်👇
(၁) Website သို့ ဝင်ရောက်ခြင်း
🔹MAI ၏ တရားဝင် ဝဘ်ဆိုက် www.maiair .com သို့ ဝင်ရောက်ပြီး Menu ဘားရှိ "Manage Booking" ကို နှိပ်ပါ။

(၂) အချက်အလက် ဖြည့်သွင်းခြင်း
🔹မိမိ E-Ticket တွင် ပါရှိသော Booking Reference (PNR) ၆ လုံးကုဒ်နှင့် ခရီးသည်၏ Last Name (မျိုးရိုးအမည် သို့မဟုတ် အမည်၏ နောက်ဆုံးစကားလုံး) ကို ရိုက်ထည့်၍ ရှာဖွေပါ။

(၃) ရက်စွဲအသစ် ရွေးချယ်ခြင်း
🔹မိမိ Booking အသေးစိတ် ပေါ်လာပါက "Modify" (သို့မဟုတ်) "Change Flight" ကို နှိပ်ပြီး ခရီးသွားလိုသည့် ရက်စွဲ/အချိန် အသစ်ကို ပြန်လည်ရွေးချယ်ပါ။

(၄) ကျသင့်ငွေ ပေးချေခြင်း
🔹မိမိဝယ်ယူထားသော လက်မှတ်အမျိုးအစား (Fare Class) ပေါ်မူတည်၍ ကျသင့်မည်ဖြစ်သော ရက်ချိန်းခ (Change Fee) နှင့် ရက်အသစ်၏ လက်မှတ်ဈေးနှုန်း ကွာဟချက် (Fare Difference) တို့ကို အွန်လိုင်းမှတစ်ဆင့် ထပ်မံပေးဆောင်ပါ။

📌သတိပြုရန် အချက်များ👇
🔹ရက်ချိန်းခြင်းကို လေယာဉ်မထွက်ခွာမီ အနည်းဆုံး ၂၄ နာရီမှ ၄၈ နာရီ ကြိုတင် လုပ်ဆောင်ထားပါ။
🔹လေယာဉ်ထွက်ခွာချိန် နီးကပ်မှ (သို့မဟုတ်) လေယာဉ်ထွက်ပြီးမှ ပြောင်းလဲပါက No-Show Fee ထပ်မံ ကုန်ကျနိုင်ပါတယ်။
🔹အချို့သော Promotion လက်မှတ်များသည် ရက်ချိန်းခွင့်မရှိသော (Non-changeable / Non-refundable) အမျိုးအစားများ ဖြစ်တတ်သဖြင့် မပြောင်းမီ လက်မှတ် စည်းကမ်းချက်များကို သေချာစွာ စစ်ဆေးပါ။
🔹Agent မှတစ်ဆင့် ဝယ်ယူထားသူများ သို့မဟုတ် Third-party Website များမှတစ်ဆင့် ဝယ်ယူထားသည့် လက်မှတ်ဖြစ်ပါက ဝယ်ယူခဲ့သည့် Agent ထံ တိုက်ရိုက်ဆက်သွယ်၍ ရက်ချိန်းတာကို ဆောင်ရွက်ရပါမည်။

"ခရီးသွားမိတ်ဆွေများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရန် Ko Leo Vlog မှ မျှဝေပေးခြင်းသာ ဖြစ်ပါသည်။"

လေဆိပ်မှာ Wheel Chair (ဘီးတပ်ကုလားထိုင်) ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရမလဲ? 🔸ခရီးသွားလာတဲ့အခါ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာ...
27/08/2026

လေဆိပ်မှာ Wheel Chair (ဘီးတပ်ကုလားထိုင်) ဝန်ဆောင်မှုကို ဘယ်လိုအသုံးပြုရမလဲ?
🔸ခရီးသွားလာတဲ့အခါ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးအရ လမ်းကောင်းကောင်းမလျှောက်နိုင်သူတွေ၊ ဒါမှမဟုတ် ထိခိုက်ဒဏ်ရာရထားသူတွေအတွက် လေဆိပ်ရဲ့ Wheel Chair Service (ဘီးတပ်ကုလားထိုင် ဝန်ဆောင်မှု) က မရှိမဖြစ် အရေးကြီးတဲ့ အထောက်အကူတစ်ခု ဖြစ်ပါတယ်။
🔸လေဆိပ်ကြီးတွေမှာ ဂိတ်တစ်ခုနဲ့ တစ်ခု၊ Check-in Counter ကနေ Boarding Gate အထိ လျှောက်ရတာ အလွန်ဝေးတာကြောင့် ဒီဝန်ဆောင်မှုကို ကြိုတင်စီစဉ်ထားခြင်းက ခရီးစဉ်ကို အများကြီး ပေါ့ပါးချောမွေ့စေပါတယ်။

Wheel Chair ဝန်ဆောင်မှု အမျိုးအစားများ (ဘယ်လိုအခြေအနေတွေမှာ သုံးလို့ရလဲ?)
လေကြောင်းလိုင်းအများစုဟာ ခရီးသည်ရဲ့ လမ်းလျှောက်နိုင်စွမ်းအပေါ် မူတည်ပြီး အဓိကအားဖြင့် အမျိုးအစား ၃ မျိုး ခွဲခြားပေးထားလေ့ရှိပါတယ်။
🔸WCHR (R - Ramp) - လေဆိပ်အတွင်းမှာ လမ်းအများကြီး မလျှောက်နိုင်ပေမဲ့ လေယာဉ်ပေါ်တက်တဲ့အခါ လှေကားထစ်တွေကိုတော့ အကူအညီနဲ့ အနည်းငယ် တက်နိုင်သူများအတွက်။
🔸WCHS (S - Steps) - လေဆိပ်မှာလည်း လုံးဝမလျှောက်နိုင်၊ လေယာဉ်လှေကားထစ်တွေကိုလည်း လုံးဝမတက်နိုင်ဘဲ ဝန်ထမ်းတွေရဲ့ အထူအကူအညီ (သို့မဟုတ်) စက်ယန္တရားနဲ့မှ လေယာဉ်ပေါ်သို့ တက်ရောက်နိုင်သူများအတွက်။
🔸WCHC (C - Cabin Seat) - ကိုယ်တိုင်လုံးဝမလှုပ်ရှားနိုင်ဘဲ လေယာဉ်ပေါ်က ခရီးသည်ထိုင်ခုံအထိပါ အထူးကုလားထိုင်နဲ့ တိုက်ရိုက် သယ်ဆောင်ပို့ဆောင်ပေးဖို့ လိုအပ်သူများအတွက်။

Wheel Chair ဝန်ဆောင်မှုကို ဘယ်လိုကြိုတင်တောင်းခံရမလဲ?
ဒီဝန်ဆောင်မှုကို ရယူဖို့အတွက် ကြိုတင်အကြောင်းကြားဖို့ က အလွန်အရေးကြီးပါတယ်။
🔸လက်မှတ်ဝယ်ယူချိန်တွင် ချိတ်ဆက်ပါ - လေယာဉ်လက်မှတ် (Ticket) စတင်ဝယ်ယူတဲ့အချိန်မှာပဲဖြစ်ဖြစ်၊ ဝယ်ပြီးနောက် လေကြောင်းလိုင်းရဲ့ Call Center သို့မဟုတ် Customer Service ကို ဆက်သွယ်ပြီး Wheel Chair လိုအပ်ကြောင်း ကြိုတင်တောင်းဆို (Request) ထားရပါမယ်။
🔸လေဆိပ်ရောက်ခါနီးမှ တောင်းခံခြင်း - လေဆိပ်ရောက်မှ တောင်းဆိုမယ်ဆိုရင် ဝန်ထမ်း သို့မဟုတ် ကုလားထိုင် အလုံအလောက် မရှိတာမျိုး၊ စောင့်ဆိုင်းရတာမျိုး ဖြစ်တတ်လို့ ခရီးမထွက်ခင် အနည်းဆုံး ၄၈ နာရီကတည်းက ကြိုတင်ချိတ်ဆက်ထားဖို့ အထူးအကြံပြုလိုပါတယ်။

လေဆိပ်ရောက်ရင် ဘယ်လိုအလုပ်လုပ်လဲ?
🔸လေဆိပ်သို့ ရောက်ရှိခြင်း - လေဆိပ်ဝင်ပေါက် (သို့မဟုတ်) Check-in Counter သို့ ရောက်တာနဲ့ သက်ဆိုင်ရာ လေကြောင်းလိုင်းရဲ့ ဝန်ထမ်းကို Wheel Chair ချိတ်ထားကြောင်း ပြောပြပါ။
🔸ဝန်ထမ်းလာရောက်ခေါ်ဆောင်ခြင်း - လေဆိပ်က သီးသန့်တာဝန်ကျ ဝန်ထမ်း (Airline Assistant) က ဘီးတပ်ကုလားထိုင်နဲ့တကွ လာရောက်ခေါ်ဆောင်ပြီး လိုအပ်တဲ့ Check-in နဲ့ Baggage Drop တွေကို ကူညီလုပ်ဆောင်ပေးပါမယ်။
🔸Immigration နှင့် Security Gate - Wheel Chair အသုံးပြုသူတွေအတွက် သီးသန့်စစ်ဆေးရေးလမ်းကြောင်း (Priority Lane) တွေ ရှိတတ်တာမို့ တန်းစီစရာမလိုဘဲ အချိန်အများကြီး သက်သာစေပါတယ်။
🔸Boarding Gate သို့ ပို့ဆောင်ခြင်း - လေယာဉ်ထွက်မည့် ဂိတ်အထိ လိုက်လံပို့ဆောင်ပေးပြီး၊ လေယာဉ်ပေါ် စတင်တက်ချိန်မှာလည်း ဦးစားပေးအနေနဲ့ အရင်ဆုံး တင်ဆောင်ပေးပါတယ်။
🔸ဆိုက်ရောက်လေဆိပ် (Arrival) တွင် - ခရီးဆုံးလေဆိပ်သို့ ရောက်ရှိတဲ့အခါမှာလည်း လေယာဉ်တံခါးဝမှာ Wheel Chair နဲ့ ဝန်ထမ်းက စောင့်ကြိုနေပြီး ခရီးသည်ထွက်ခွာရာ (Exit/Baggage Claim) အထိ လိုက်လံပို့ဆောင်ပေးပါတယ်။

📌သတိပြုရမည့် အချက်များ
🔸လေယာဉ်ဆိုက်ရောက်သည့်အခါ အခြားခရီးသည်များ အကုန်ဆင်းပြီးမှသာ Wheel Chair စီးမည့်သူများကို နောက်ဆုံးမှ ဆင်းခွင့်ပေးလေ့ရှိပါသည်။
🔸အချို့လေဆိပ်များတွင် ဝန်ထမ်း အင်အားပေါ်မူတည်၍ လေယာဉ်တံခါးဝတွင် ဝန်ထမ်းရောက်ရှိရန် မိနစ် ၂၀ ~ ၃၀ ခန့် စောင့်ရတတ်သဖြင့် စိတ်ရှည်ရှည် စောင့်ဆိုင်းရန် လိုအပ်ပါတယ်။
🔸ခွဲစိတ်ကုသထားသူများ၊ ကြီးမားသော ထိခိုက်ဒဏ်ရာရထားသူများ သို့မဟုတ် ကျန်းမာရေးအခြေအနေ စိုးရိမ်ရသူများအတွက် Wheel Chair တောင်းဆိုရုံဖြင့် မလုံလောက်ဘဲ ဆရာဝန်၏ "Fit to Fly" ဆေးစာ ကြိုတင်လိုအပ်နိုင်ပါတယ်။

"ခရီးသွားမိတ်ဆွေများ အားလုံးအဆင်ပြေကြပါစေ"

ที่อยู่

No. 71, Sukhumvit Road
Bangkok
10110

เบอร์โทรศัพท์

+66827399251

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Ko Leo Vlogผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Ko Leo Vlog:

ทางลัด

แชร์