
12/02/2025
🌕“ဩဝါဒပါတိမောက် အခါတော်နေ့”🌕
တရားချစ်ခင် သူတော်စင်အပေါင်းတို့ လွန်လေပြီးသော နှစ်ပေါင်း (၂၅၈၅) ခုနှစ်ရဲ့ တပို့တွဲလပြည့်နေ့တုန်းက ရဟန္တာပေါင်း (၁၂၅၀) တို့ ပါဝင်တက်ရောက်တော်မူကြတဲ့ သံဃာ့အစည်းအဝေးကြီးကို မဂဓတိုင်း၊ ရာဇဂြိုလ်မြို့ ဝေဠုဝန်ကျောင်းတော်ကြီးမှာ ကျင်းပခဲ့ပါတယ်။
အဲ့ဒီ တပို့တွဲလပြည့်နေ့က မြတ်စွာဘုရားရှင် ဗုဒ္ဓအဖြစ်သို့ ရောက်ပြီးနောက် “ကိုးလတင်းတင်း” ပြည့်မြောက်သည့်နေ့ ဖြစ်ပါတယ်။
ဘုရားဖြစ်၍ ကိုးလပြည့်ရာ တပို့တွဲလပြည့်နေ့မှာ ရာဇဂြိုဟ်ပြည်မွန် ဝေဠုဝန်တွင် ကျင်းပသည့် ပထမ သံဃသန္နိပါတဝယ် မြတ်ဗုဒ္ဓသည် ပါတိမောက်ဩဝါဒကို မိန့်မြွက်တော်မူခဲ့ခြင်း ဖြစ်ပါတယ်။
သက္ကရာဇ်နှစ် (၆၈) မှာ မင်းသိဒ္ဓတ်ကို ဖွားမြင်တော်မူခဲ့ပါတယ်။ သက္ကရာဇ် (၁၀၃) ခု ကဆုန်လပြည့်နေ့မှာ မင်းသိဒ္ဓတ်သည် သမ္မာသမ္ဗုဒ္ဓစင်စစ် ဘုရားအဖြစ်သို့ ရောက်ရှိခဲ့ပါတယ်။
ဘုရားဖြစ်ပြီးနောက် (၂) လပြည့်မြောက်သည့် ဝါဆိုလပြည့်နေ့မှာ မြတ်ဗုဒ္ဓသည် တရားဦးဓမ္မစက်ကို စတင် ဟောမြွက်တော်မူခဲ့ပါတယ်။
မြတ်ဗုဒ္ဓသည် ဓမ္မစက်ကို စတင်လှည့်သည့် ထိုနှစ် ဝါတွင်းမှာပင် ရဟန္တာပေါင်း (၆၀) တို့ကို ရရှိတော်မူခဲ့ပါတယ်။ ဘုရားဖြစ်သည့် ထိုနှစ်မှာ ရဟန္တာပေါင်း (၆၀) တို့နှင့် မိဂဒါဝုန်မှာ ဝါဆိုတော်မူပါတယ်။
ဝါလကင်းလွတ် သီတင်းကျွတ်သည့်အခါ ရဟန္တာအပါး (၆၀) တို့ကို သာသနာပြုခရီးထွက်ကြဖို့ တစ်ပါးတစ်ခရီးကြွ တရားဟောကြဖို့ မိန့်မြွက်တော်မူခဲ့ပါတယ်။
မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်သည် မိမိသပိတ်သင်္ကန်းကို မိမိကိုယ်တော်တိုင်ကိုင်၍ တစ်ပါးတည်းကြွတော်မူခဲ့ရာ တန်ဆောင်မုန်းလဆန်းတွင် ကပ္ပါသိကတောအုပ်သို့ ရောက်ခဲ့ပါတယ်။
ကပ္ပါသိက တောအုပ်ဝယ် ဘဒ္ဒဝဂ္ဂီ ညီနောင်သုံးကျိပ်တို့နှင့် တွေ့ဆုံ၍ တရားဟောပြ ဆုံးမတော်မူရာ မင်းသားသုံးကျိပ်တို့ ရဟန်းပြုကြပါတယ်။
ဆက်လက်၍ ခရီးထွက်ခဲ့ရာ ပြာသိုလဆန်းမှာ ဥရုဝေလတောအုပ်သို့ ပြန်ရောက်ပါတယ်။
ဥရုဝေလတောအုပ် နေရဉ္ဇရာ မြစ်ကမ်းနားမှာရှိကြတဲ့ ကဿပညီနောင် သုံးယောက်ခေါင်းဆောင်တဲ့ “ရသေ့ပေါင်း တစ်ထောင်”တို့ကို “အာဒိတ္တပရိယာယသုတ္တန်” ဖြင့် ဆုံးမတော်မူရာ အားလုံး ရဟန္တာဖြစ်၍ ရဟန်းပြုကြပါတယ်။
ထိုကဿပညီနောင် သုံးယောက် ခေါင်းဆောင်တဲ့ ရဟန္တာပေါင်းတစ်ထောင် ခြံရံလျှက် ခရီးဆက်ခဲ့ပြန်ရာ “ပြာသိုလပြည့်နေ့” မှာ ရာဇဂြိုဟ်မြို့တော်သို့ ရောက်ပါတယ်။
ရာဇဂြိုဟ်မြို့အနီး ထန်းတောဥယျာဉ်ဝယ် မဂဓတိုင်း၏ပြည့်ရှင် ဘုရင်ဗိမ္ဗိသာရမင်းနှင့် ပရိသတ်အပေါင်း တစ်သိန်းတစ်သောင်းတို့ကို သောတာပတ္တိမဂ်ဖိုလ်အရောက် ချီးမြောက်တော်မူပြီး ဗိမ္ဗိသာရမင်းတရား လှူဒါန်းသော ဝေဠုဝန်ဥယျာဉ်ကို အလှူခံတော်မူခဲ့ပါတယ်။
မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ပြာသိုလပြည့် ဘုရားဖြစ်ပြီးနောက် (၈)လ အကြာမှစ၍ ရာဇဂြိုဟ်မြို့ ဝေဠုဝန်ကျောင်းတိုက်မှာ ရဟန္တာပေါင်း (၁၀၀၀) တို့နှင့် အတူတကွ သီတင်းသုံးနေထိုင်တော်မူခဲ့ပြီ
ဖြစ်ပါတယ်။
ရာဇဂြိုဟ်မြို့တော်သည် တောတောင်တွေ ထူထပ်လှသည့် ရသေ့၊ ရဟန်း၊ ပရိဗိုဇ်၊ ယောဂီတို့ အလွန်ပျော်မွေ့ရာမြို့ ဖြစ်ပါတယ်။
ဗုဒ္ဓကောလာဟလ ဖြစ်ပေါ်ခဲ့ရာ ဗုဒ္ဓမပွင့်မီ လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်လောက်ကပင် လူတို့၏ ကိုးကွယ်ခံ၊ ရဟန်းအမည်ခံ ရသေ့ ယောဂီပေါင်းများစွာတို့ ပေါ်ပေါက်နေခဲ့ပြီ ဖြစ်ပါတယ်။
သာမညဖလသုတ်တော်ဝယ် ဗိမ္ဗိသာရမင်း၏သားတော် အဇာတသတ်သည် တိတ္ထိဆရာကြီးပေါင်း (၆) ယောက်တို့ထံ သွားရောက်ခဲ့ကြောင်း၊ ရဟန်းဘဝရရှိသည့် အကျိုးကျေးဇူးများကို မေးမြန်းခဲ့ကြောင်း၊ မေးရာတစ်ခြား ဖြေရာတစ်ခြား ဖြစ်ကြသည့်အတွက်ကြောင့် သူ့တိုင်းပြည်တွင်းက သမဏ ဗြဟ္မဏတွေကို မကျေမနပ်ဖြစ်ခဲ့ကြောင်း၊ သို့သော် သူ့စိတ်ကိုဖြေ၍ ထိုကဲ့သို့သော ရသေ့ ရဟန်းတို့ကို ချမ်းသာစွာ နေစေခဲ့ကြောင်း၊ ခွင့်လွှတ်သည်းခံခဲ့ကြောင်း စသည် ဖော်ပြထားပါတယ်။
ဒါကြောင့် တိတ္ထိဂိုဏ်းဆရာအားလုံးတို့ အများဆုံး စုဝေးရာဒေသဟာ မြို့တော်ရာဇဂြိုဟ် ဖြစ်ပါတယ်။
ဆန့်ကျင်ဘက် အယူရှိသူတို့ဒေသမှာ ညီညွတ်သည့်အင်အားကို ဖော်ပြသည့် ပထမအကြိမ် သမဂ္ဂ သံဃသန္နိပါတကို ကျင်းပခဲ့သည်မှာ အလွန်ပင် အားရကြည်နူးဘွယ် ကောင်းလှပါတယ်။
မြတ်ဗုဒ္ဓ၏ အဂ္ဂမဟာသာဝကကြီးများ ဖြစ်တော်မူကြသည့် အရှင်သာရိပုတ္တရာ၊ အရှင်မောဂ္ဂလာန်၊ အရှင်မဟာကဿပ မထေရ်မြတ်ကြီးများသည်လည်း ရာဇဂြိုဟ်အနီး နာလန္ဒမြို့နယ်သားများ ဖြစ်ကြပါတယ်။
ဝါကျွတ်ချိန် မိဂဒါဝုန်မှ သာသနာပြုခရီး ကြွချီတော်မူခဲ့သည့် ရဟန္တာ (၆၀) တို့အနက် ပဉ္စဝဂ္ဂီတွင် အငယ်ဆုံးဖြစ်သည့် အရှင်အဿဇိ ရဟန္တာတစ်ပါးသည် ရာဇဂြိုဟ်မြို့မှာ စောစီးစွာ ရောက်နှင့်နေပြီ ဖြစ်ပါတယ်။
တိတ္ထိဆရာ (၆) ယောက်တို့တွင် အမရာဝိက္ခေပဝါဒဖြင့် ထင်ရှားသော သဉ္စယဗေလဋ္ဌပုတ္တအမည်ရှိ တိတ္ထိဆရာတစ်ယောက်လည်း တပည့်ပရိဗိုဇ်ပေါင်း (၂၅၀) တို့နှင့်အတူ ရာဇဂြိုဟ်မှာ စခန်းချနေ-နေဆဲ ဖြစ်ပါတယ်။
အဂ္ဂမဟာသာဝက အလောင်းလျာများ ဖြစ်ကြတဲ့ ဥပတိဿနှင့် ကောလိတ (သာရိပုတ္တရာနှင့် မောဂ္ဂလာန်) နှစ်ယောက်တို့သည် တောင်ထိပ်ပွဲ ကြည့်ရှုပျော်ရွှင်ရာမှ သံဝေဂဝင်ကာ တောထွက်ခဲ့ကြရာ သိဉ္စည်းဆရာကြီးထံ လမ်းမှားရောက်ကြပြီး တပည့်ခံ၍ ပရိဗိုဇ်လုပ်နေကြပါတယ်။
ဥပတိဿပရိဗိုဇ်သည် ရာဇဂြိုဟ်တွင် ဆွမ်းခံဝင်ရာ သာသနာပြုဓမ္မဒူတ အရှင်အဿဇိကို ဆွမ်းခံလမ်းမှာ တွေ့ခဲ့ပါတယ်။
ဥပတိဿပရ်ိဗိုဇ်သည် အဿဇိအရှင်မြတ်ကို မြင်ကာမျှမှာပင် သမဏစင်စစ် တကယ်ဖြစ်ကြောင်း
ကောင်းစွာသိသဖြင့် တရားဟောရန် တောင်းပန်ရာ
အရှင်အဿဇိက -
ယဓေမ်မာ ဟတေုပ်ပဘဝါ၊
တေသံ ဟေတုံ တထာဂတော အာဟ။
တေသဉ္စ ယော နိရောဓော၊
ဧဝံဝါဒီ မဟာသမဏော။
ငါ့ရှင် ….. ခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့သည် သမုဒယသစ္စာ တဏှာလောဘလျှင် အမွန်အစ အခြေခံအကြောင်းရင်း ရှိကြကုန်၏။
ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့ကို လည်းကောင်း၊ ထိုခန္ဓာငါးပါး ဒုက္ခသစ္စာတရားတို့၏ အခြေခံအကြောင်းရင်း သမုဒယသစ္စာ တဏှာလောဘကို လည်းကောင်း၊ ထိုဒုက္ခသစ္စာနှင့်သမုဒယ ဝဋ်သစ္စာ နှစ်ပါးတို့၏ချုပ်ရာ နိရောဓသစ္စာနှင့် ချုပ်ငြိမ်းရာ ချုပ်ငြိမ်းကြောင်း အကျင့်ကောင်း မဂ္ဂသစ္စာ ဤနှစ်ပါးတို့ကို လည်းကောင်း ငါတို့၏ဆရာ မြတ်ဗုဒ္ဓက ခွဲခြမ်းစိတ်ဖြာ ဟောကြားတော်မူပါ၏။
ငါတို့၏ဆရာ မြတ်ဗုဒ္ဓသည် သစ္စာလေးပါးကို ဝေဘန် ဟောကြားတတ်သည့် သစ္စာဝါဒီ ဝိဘဇ္ဇဝါဒီ ဖြစ်တော်မူ၏ဟု ဟောတော်မူခဲ့ရာ သာရိပုတ္တရာအလောင်းလျာ ဥပတိဿပရိဗိုဇ်သည် တရားဒေသနာတစ်ဝက်မျှ နာရစဉ်မှာပင် နည်းထောင်ပေါင်းများစွာဖြင့် ချဲ့ထွင်သိမြင်ကာ သောတာပန် ဖြစ်ခဲ့လေသည်။ ကျန်သော တရားတစ်ဝက်ကို သောတာပန်ဖြစ်ပြီးမှ ဆက်လက်၍ ပြီးဆုံးအောင် နာကြားခဲ့လေသည်။
ဥပတိဿသည် မိမိနာယူခဲ့ရသော သစ္စာလေးပါးတရားကို ပရိဗိုဇ်တို့ အာရာမ်သို့ ပြန်ရောက်သောအခါ သူ၏ငယ်သူငယ်ချင်း ကောလိတပရိဗိုဇ်အား ပြန်လည်ဟောပြရာ ကောလိတလည်း သောတာပန် ဖြစ်ခဲ့လေသည်။
သောတာပန် အရိယာဖြစ်ပြီးသော ဥပတိဿနှင့် ကောလိတ (သာရိပုတ္တရာနှင့် မောဂ္ဂလာန်) တို့သည် သိဉ္စည်းဆရာ၏ တပည့် ပရိဗိုဇ်ပေါင်း (၂၅၀) တို့အား ဆက်လက်ဟောကြားကြပြန်ရာ အားလုံးက မြတ်ဗုဒ္ဓ၏ “သစ္စဝိဘဇ္ဇဝါဒ” ကို ကျေနပ်စွာ လက်ခံကြလေသည်။
ထို့ကြောင့် သူတို့အားလုံး ဝေဠုဝန်မှာရှိနေသော မြတ်ဗုဒ္ဓထံ တပည့်ခံသွားကြဖို့ သဘောတူ ဆုံးဖြတ်ခဲ့ကြလေသည်။
ဒီနေရာမှာ တပည့်အားလုံးက သူတို့၏ ဆရာဟောင်းကြီး သဉ္စယဗေလဋ္ဌပုတ္တကိုလည်း ခေါ်သွားလိုကြသဖြင့် မြတ်စွာဘုရားထံ လိုက်ပါဖို့ သွားပြောကြပါတယ်။
သို့သော် သဉ္စည်းဆရာက - “လောကမှာ ဆရာကြီးတစ်ဆူလုပ်ပြီးကာမှ သူတစ်ပါးတပည့် မခံနိုင်တော့ဘူး။ အမှန်တရားကြိုက်တဲ့ သူတော်ကောင်းတွေ ဂေါတဗုဒ္ဓထံ သွားကြလျှင် အမှားကြိုက်တဲ့ လူမိုက်တွေ ငါ့ဆီလာကြမှာပါ။ လောကမှာ သူတော်ကောင်းတွေက နည်းပါတယ်၊ လူမိုက်တွေက များပါတယ်။ မင်းတို့ နှစ်ရာ့ငါးဆယ်သွားရင် တခြား လူနှစ်ထောင့်ငါးရာ ငါ့ဆီလာမှာပါ” ဟု ငြင်းပယ်၍သာ ကျန်နေခဲ့ပါတယ်။
မဟာသက္ကရာဇ် (၁၀၃) ခုနှစ် တပို့တွဲလဆန်း (၁) ရက်နေ့ ညနေခင်းမှာ ဥပတိဿ ကောလိတ ဦးဆောင်သော ပရိဗိုဇ်ပေါင်း (၂၅၀) တို့ ရာဇဂြိုဟ်မြို့ ဝေဠုဝန်မှာ သီတင်းသုံးနေနေသော မြတ်ဗုဒ္ဓထံတော်သို့ ရောက်ရှိ တပည့်ခံကြပါတယ်။
မြတ်ဗုဒ္ဓသည် ထိုပရိဗိုဇ်တို့အား အနှစ်သုံးပါးတရားကို ဟောကြားတော်မူပါတယ်။ တရားအဆုံးမှာ ပရိဗိုဇ် (၂၅၀) တို့ ရဟန္တာ ဖြစ်ကြပြီး မြတ်ဗုဒ္ဓထံ ရဟန်းဘဝ တောင်းခံကြပါတယ်။ အားလုံးကို မြတ်ဗုဒ္ဓက ဧဟိဘိက္ခုနည်းဖြင့် ရဟန်းပြုပေးတော်မူခဲ့ပါတယ်။
ဤသို့လျှင် သာရိပုတ္တရာ မောဂ္ဂလာန်နှင့်တကွ တပည့်ပေါင်း (၂၅၀) တို့သည် နိယျာနိကသာသနာဝယ် ရဟန်းဘဝကို လှလှကြီးရခဲ့ကြပြီး ဖြစ်ပါတယ်။ သာရိပုတ္တရာနှင့် မောဂ္ဂလာန်တို့မှာ ရဟန်းဖြစ်ခဲ့ကြသော်လည်း ရဟန္တာကား မဖြစ်ကြသေးပါ။
အဂ္ဂသာဝကရာထူးနှင့် ပါရမီက ကြီးကျယ်လှသောကြောင့် အရှင်မောဂ္ဂလာန်က (၇) ရက်၊ အရှင်သာရိပုတ္တရာက (၁၅) ရက် ဆက်လက်၍ အားထုတ်တော်မူခဲ့ကြရပါတယ်။
အရှင်မောဂ္ဂလာန်သည် ကလဝါလပုတ္တရွာအနီး တောအုပ်တစ်ခုဝယ် မြတ်စွာဘုရားဟောသော “ပစလာယမာနသုတ္တန်”ကို နာကြားရင်း တပို့တွဲလဆန်း (၇) ရက်နေ့မှာ ရဟန္တာဖြစ်တော်မူခဲ့ပါတယ်။
အရှင်သာရိပုတ္တရာသည် ဂိဇ္ဈကုဋ်တောင်ခြေ သူကရခတလိုဏ်ဂူ၌ မြတ်စွာဘုရားဟောသော “ဝေဒနာပရိဂ္ဂဟ ဒီဃနခသုတ္တန်”ကို နာကြားကာ တပို့တွဲလပြည့်နေ့၌ ရဟန္တာ ဖြစ်တော်မူခဲ့ပါတယ်။
ဤသို့လျှင် ဘုရားဖြစ်ပြီးနောက် ကိုးလအကြာ အင်္ဂါလေးပါးနှင့် ပြည့်စုံသော သံဃသန္နိပါတ အစည်းအဝေးကြီး မဟာသက္ကရာဇ် ၁၀၃ ခုနှစ် တပို့တွဲလပြည့်နေ့၌ -
၁။ ဆီးနှင်း မြူတိမ် အသူရိန် မီးခိုး အညစ်အကြေး ငါးမျိုးကင်းစင် သန့်ရှင်းကြည်လင်သည့် လပြည့်ညဖြစ်ခြင်း၊
၂။ ကိလေသာ အညစ်အကြေး လုံးဝကင်းစင် ရဟန္တာကြီးပေါင်း (၁၂၅၀) တို့ အလိုအလျောက် ဝေဠုဝန်မှာ စည်းဝေးမိခြင်း၊
၃။ ကဿပညီနောင် (၃) ယောက်၏ တပည့်ပေါင်း (၁၀၀၀) နှင့် အဂ္ဂသာဝကကြီး (၂) ပါး၏ တပည့်ပေါင်း (၂၅၀) တို့သည် အားလုံး ဧဟိဘိက္ခုချည်း ဖြစ်တော်မူကြခြင်း၊
၄။ ထိုရဟန်းအားလုံး၏ အဘိညာဏ် (၆) ပါး ရတော်မူကြသည့် ဆဠာဘိည ရဟန္တာကြီးများချည်း ဖြစ်တော်မူကြခြင်း၊
ဤ အင်္ဂါလေးပါးနှင့် ပြည့်စုံသော ရဟန္တာ ၁၂၅၀ တို့ တက်ရောက်တော်မူကြသည့် ပထမသံဃသန္နိပါတ ပထမဦးဆုံးသော သံဃာ့ အစည်းအဝေးကြီးကို တောင်ငါးလုံးကာခို မြို့တော် ရာဇဂြိုဟ်ရဲ့ ဝေဠုဝန်ကျောင်းတိုက်ကြီးမှာ ကျင်းပခဲ့ပါတယ်။
ဤသံဃာ့အစည်းအဝေးကြီးမှာ မြတ်စွာဘုရားက အရှင်သာရိပုတ္တရာ မထေရ်မြတ်အား “ပထမအဂ္ဂသာဝက” ရာထူးကို အပ်နှင်း ချီးမြှင့်တော်မူခဲ့ပါတယ်။ အရှင်မောဂ္ဂလာန် မထေရ်မြတ်ကိုတော့ “ဒုတိယအဂ္ဂသာဝက” ရာထူး ပေးအပ်ချီးမြှင့်တော်မူခဲ့ပါတယ်။
အဂ္ဂသာဝကကြီး (၂) ပါး ရွေးချယ်၍ ရာထူးခန့်အပ်ပြီး ထိုသံဃာ့အစည်းအဝေးကြီးမှာပင် ဘုရားအဆူဆူတို့ ချီးမြှောက်တော်မူမြဲဖြစ်သည့် ဩဝါဒပါတိမောက်ဒေသနာတော်ကို ချီးမြှောက်ပေးသနား ဟောကြားတော်မူခဲ့ပါသည်။ မြတ်စွာဘုရားရှင်သည် ဘုရားဖြစ်ပြီးနောက် (၉)လတင်းတင်း ပြည့်မြောက်ခဲ့ပါပြီ။
ပထမအကြိမ် သံဃာ့အစည်းအဝေးကြီးကို ရာဇဂြိုဟ်ပြည်မွန် ဝေဠုဝန်မှာ ကျင်းပနေခဲ့ပါသည်။ ဝေပုလ္လတောင်၊ ဝေဘာရတောင်၊ ပဏ္ဍဝတောင်၊ ဣသိဂိလိတောင်၊ ဂိဇ္ဈကူဋတောင်ဟူသော တောင်ကြီးငါးလုံးတို့၏အလယ် မြို့တော်ရာဇဂြိုဟ်ဝယ် မဂဓပြည့်ရှင် ဘုရင်ဗိမ္ဗိသာရသည်လည်း သောတာပန်အရိယာ ဖြစ်ခဲ့လေပြီ။
ဝေဠုဝန်ဟူသော မင်းဥယျာဉ်သည်လည်း သာသနာ့ဥယျာဉ် ဖြစ်ခဲ့လေပြီ။ မင်းကြီးသည် သူ၏ ဥယျာဉ်ကျောင်းဝယ် ပထမသံဃာ့ အစည်းအဝေးကြီး ကျင်းပနေသည်ကို ကြည်နူးဝမ်းသာ ဖြစ်နေပါသည်။
ကိလေသာကင်း သန့်ရှင်းသော သံဃာ့အစည်းအဝေးကြီးဖြင့် ဝေဠုဝန်သည် ကျက်သရေရှိလှပါသည်။ သာသနာဝင်မှာ မှတ်တိုင်ကြီးတစ်ခု စိုက်ထူခဲ့ပါပြီ။
အဂ္ဂသာဝက ရွေးချယ်ပွဲကြီးကလည်း ဝေဠုဝန်ကို ဂုဏ်ကျက်သရေတက်စေခဲ့ပါတယ်။
ဝါးတောကြီး၏ စိမ်းစိမ်းစိုစို ညို့ညို့မှောင်မှောင် အရောင်များ၏အတွင်းမှာ ရဟန္တာအရှင်သူမြတ် (၁၂၅၀) တို့၏ သင်္ကန်းတော်တို့မှ ထွက်လာသော ဝါဝင်းသော ရွှေရောင်ခြည်တို့က လွှမ်းမိုးလျှက် ရှိပါသည်။
တောင်တန်းကြီးများနှင့် သစ်တောကြီးများ၏ ခိုတောင်လိုလို ညိုမှောင်နေသည့် သဘာဝပေါ်ဝယ် မြူလည်းမဆိုင်း၊ မီးခိုးလည်းမဝိုင်း၊ ဆီးနှင်းလည်း မသိုင်းသည့်အတွက် အသူရိန်နှင့် တိမ်ကင်းစင်သည့် ပုဏ္ဏမီလစန်းက ဆွတ်ဖြန်းလိုက်သော ရောင်ခြည်တို့သည် ငွေရည်ဘော်ရည်များ သွန်းဖျန်းထားသကဲ့သို့ ဖွေးဖွေးဖြူလျှက် ရှိပါတော့သည်။
ဟိမဝန္တာမှ ပြေးလာသော အေးတမြမြရှိသည့် ဆောင်းနှောင်း၏ မြောက်လေပြေသည် ဝေဠုဝန် သံဃာ့အစည်းအဝေးကြီးကို ဦးခိုက်ကာ ရာဇဂြိုဟ်တောင်တန်းကြီးများဆီသို့ နှုတ်ဆက်ဝင်ရောက်သွားပါသည်။
ကြည်လင်နေသော ကောင်းကင်ပြာကြီးထဲဝယ် မိဂသီနှင့်ယှဉ်သော နက္ခတ်အပေါင်း ကြယ်တာရာအပေါင်းတို့က အရောင်တဖိတ်ဖိတ်ဖြင့် မြတ်ဗုဒ္ဓအား ပူဇော်နေကြပါသည်။
ဝေဠုဝန်ရှိ ကျေးငှက်တို့ တိတ်ဆိတ်ရိုသေစွာ နားစွင့်နေကြပါသည်။ အစဉ်တွန်ကျူးလေ့ရှိသော ရှဉ့်နက်ကြီးတို့လည်း ငြိမ်သက်စွာ မြတ်ဗုဒ္ဓ၏ ဩဝါဒကို နားစွင့်နေကြပါသည်။
၁၂၅၀ သော ရဟန္တာအရှင်မြတ်ကြီးများသည် မြတ်ဗုဒ္ဓဆီသို့ ဦးညွှတ်၍ နားစိုက်တော်မူနေကြပါသည်။
မြတ်ဗုဒ္ဓ၏ ကိုယ်တော်မှ ၆- သွယ်သော ရောင်ခြည်တော်တို့သည် တော၊ တောင်၊ ရေ၊ မြေ၊ နေ၊ လ၊ နက္ခတ်တာရာတို့ကို လွှမ်းမိုး၍ လူးလွန့်၊ မြူးကွန့်တက်လာကြပါသည်။
(၆) မျိုးသော ရောင်ခြည်တော်များသည် စကြာဝဠာအနှံ့ ပြန့်ပွား ပြေးသွားလေဘိသကဲ့သို့ မြတ်ဗုဒ္ဓဟောမြွက်သည့် ဩဝါဒပါတိမောက်ဒေသနာသည် အင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော အသံတော်ဖြင့် အကနိဋ္ဌဗြဟ္မာ့ပြည်သို့တိုင်အောင် လျှံ၍ ညံ၍ တက်ခဲ့ပါပြီ။
“ဩဝါဒပါတိမောက္ခဒေသနာ သုံးဂါထာ”
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
၁။ ခန္တီ ပရမံ တပေါ တိတိက္ခာ၊
နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ။
န ဟိ ပဗ္ဗဇိတော ပရူပဃာတီ၊
န ဟိ သမဏော ဟောတိ ပရံ ဝိဟေဌယန္တော။
တိတိက္ခာ- တိတိက္ခာဟု ဆိုအပ်သော၊ ခန္တီ- သူတစ်ပါးတို့ ပြစ်မှားစော်ကား စွပ်စွဲခြင်းနှင့် အချမ်းအပူစသည်ကို မျက်နှာမနွမ်း မညှိုးပန်းအောင် ခံနိုင်စွမ်းရှိခြင်းသည်၊ ပရမံ- မွန်မြတ်စွာသော၊ တပေါ- သူတော်ကောင်းတို့ အကျင့်ပေတည်း။
နိဗ္ဗာနံ- တဏှာမှလွတ်မြောက်ရာ နိဗ္ဗာန်တရားကို၊ ပရမံ- အမြတ်ဆုံးဟူ၍၊ ဗုဒ္ဓါ- ဘုရားအဆူဆူတို့သည်၊ ဝဒန္တိ- ဟောတော်မူကုန်၏။
ပရူပဃာတီ-ဘတစ်ပါးသော သတ္တဝါကို သတ်ဖြတ်လေ့ရှိသူသည်၊ ပဗ္ဗဇိတော- ရဟန်းသူမြတ်သည်၊ န ဟောတိ-မဖြစ်နိုင်ပေ။
ပရံ- သူတစ်ပါးကို၊ ဝိဟေဌယန္တော- ညှဉ်းဆဲ နှိပ်စက်သောသူသည်၊ သမဏော- ကိလေသာခပ်သိမ်းကို ငြိမ်းအေးစေတတ် ရဟန်းမြတ်သည်၊ န ဟောတိ- မဖြစ်နိုင်ပါပေ။
၂။ သဗ်ဗပါပဿ အကရဏံ၊
ကုသလဿ ဥပသမ္ပဒါ။
သစိတ္တပရိယောဒပနံ၊
ဧတံ ဗုဒ်ဓါန သာသနံ။
သဗ္ဗပါပဿ- အပြစ်ရှိငြား ခပ်သိမ်းသော မကောင်းမှုများကို၊ အကရဏံ- မပြု မလုပ်ရခြင်းလည်းကောင်း၊ ကုသလဿ- အပြစ်ကင်းငြား ကောင်းမှုများကို၊ ဥပသမ္ပဒါ- ပြည့်စုံအောင် စုဆောင်းရခြင်းလည်းကောင်း၊ သစိတ္တပရိယောဒပနံ- မိမိစိတ်ကို အညစ်အကြေး သုတ်သင် သန့်ရှင်းအောင် ပြုပြင်ရခြင်းလည်းကောင်း၊ ဧတံ- မကောင်းမှုကင်း ကောင်းမှုသွင်း၍ စိတ်ရင်းစင်ရိုး ဤသုံးမျိုးသည်၊ ဗုဒ္ဓါနံ- အဆူဆူသော ဘုရားရှင်တို့၏၊ သာသနံ- အဆုံးအမ ဩဝါဒပေတည်း။
၃။ အနူပဝါဒေါ အနူပဃာတော၊
ပါတိမောက္ခေ စ သံဝရော၊
မတ်တညုတာ စ ဘတ်တသ်မိံ၊
ပန်ထဉ်စသယနာသနံ၊
အဓိစိတ္တေ စ အာယောဂေါ၊ ဧတံ ဗုဒ္ဓါနသာသနံ။
အနူပဝါဒေါ- သူတစ်ပါးတို့ကို မစွပ်စွဲရခြင်းလည်းကောင်း၊ အနူပဃာတော- သူတစ်ပါးတို့ကို မညှဉ်းဆဲ မနှိပ်စက်ရခြင်းလည်းကောင်း။
ပါတိမောက္ခေ- ပါတိမောက္ခသံဝရသီလနှင့် ဣနြ္ဒိယသံဝရသီလ (၂) ပါး၌၊ သံဝရော စ- ထိန်းသိမ်း စောင့်ရှောက်ရခြင်းလည်းကောင်း။
ဘတ္တသ္မိံ- ဆွမ်းခဲဘွယ် ဘောဇဉ်၌၊ မတ္တညုတာ- ခံယူမှု သုံးဆောင်မှု ဤနှစ်ခုဝယ် အတိုင်းအရှည်ကို
သိရခြင်းလည်းကောင်း။
ပန္ထဉ္စသယနာသနံ- လူနှင့်ဝေးကွာ အစွန်အဖျားကျရာ ဆိတ်ငြိမ်ရာကျောင်း၌ ကိန်းအောင်းမွေ့လျော်ရခြင်းလည်းကောင်း။
အဓိစိတ္တေ- သာမန်စိတ်ထက် လွန်ကဲသော သမာဓိစိတ်၌၊ အာယောဂေါ- အမြဲကြိုးကုတ် အားထုတ်ရခြင်းလည်းကောင်း။
ဧတံ- ဤအကျင့်တရား ခြောက်ပါးသည်၊ ဗုဒ္ဓါနံ- ဆူဆူထွဋ်ထား မြတ်စွာဘုရားတို့၏၊ သာသနံ- လိုရင်းနှုံးပြ ထုံးအရဖြင့် သုံးကြပစေ ဆုံးမတော်မူချက်ပါပေသတည်း။
ဤ ဩဝါဒပါတိမောက်သုံးဂါထာကို သက်တော်ရှည် မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်တို့သည် အသက်ထက်ဆုံး သံဃာအား ပြသဆုံးမတော်မူကြသည်။
သက်တော်တို မြတ်စွာဘုရားများမှာ ပထမဗောဓိဟူသော ဝါတော် (၂၀) အတွင်းမှာသာ ဟောပြောပြသ ဆုံးမတော်မူကြပါသည်။
● ဝိပဿီ မြတ်စွာဘုရားသည်
ဤဩဝါဒပါတိမောက်ကို (၇) နှစ် တစ်ကြိမ်၊
● သိခီမြတ်စွာဘုရားသည် (၆) နှစ် တစ်ကြိမ်၊
● ဝေဿဘူ မြတ်စွာဘုရားသည်လည်း
(၆) နှစ် တစ်ကြိမ်၊
● ကကုသန် မြတ်စွာဘုရားနှင့်
ကောဏာဂုံ မြတ်စွာဘုရားတို့သည်
တစ်နှစ်တစ်ကြိမ် ဩဝါဒပါတိမောက်ဖြင့်
သံဃာအား ဩဝါဒပေး ဆုံးမတော်မူသည်။
● ကဿပမြတ်စွာဘုရားသည်
(၆) လတစ်ကြိမ် ပြသဆုံးမတော်မူသည်။
● ဂေါတမ မြတ်စွာဘုရားကဲ့သို့သော
သက်တော်တိုသည့် မြတ်စွာဘုရားတို့သည်
(၁၅) ရက်တစ်ကြိမ် လပြည့်၊ လကွယ်နေ့တိုင်း
ပထမဗောဓိဟူသည့် ဝါတော် (၂၀) အတွင်းမှာ
ဤဩဝါဒပါတိမောက်ဖြင့် သံဃာတော်များအား
ဆုံးမတော်မူပါသည်။
ငါတို့၏ဆရာ ဂေါတမမြတ်စွာဘုရားရှင်ကိုယ်တော်မြတ်သည် ဝါတော် (၂၀) ဆိုသည့် ပထမဗောဓိအတွင်း၌သာ ဩဝါဒပါတိမောက်ဖြင့် ရဟန်းတို့အား ဆုံးမဩဝါဒပေးတော်မူသည်။
ဝါတော် (၂၀) နောက်ပိုင်း ဒုတိယဗောဓိသို့ ရောက်သောအခါ မိမိသည် မည်သည့် ပါတိမောက်ကိုမျှမပြတော့ဘဲ တပည့်ရဟန်းတို့ကိုသာ အာဏာပါတိမောက်ကိုသာ လခွဲတစ်ကြိမ် ပြသစေခဲ့ပါသည်။
ဤသည်ကား တပို့တွဲလပြည့်နေ့၏ ထူးခြားသော ဝိသေသလက္ခဏာနှစ်ရပ်နှင့် စပ်၍ မှတ်သားဖွယ်ကောင်းလှသော-
၁။ ပထမသံဃသန္နိပါတ အစည်းအဝေးကြီး၊
၂။ ဘုရားအဆူဆူ လက်မလွှတ်သည့် ဩဝါဒပါတိမောက် ဒေသနာတော်ဟူသည့် သာသနဝံသစာတမ်းပင် ဖြစ်ပါသတည်း။
သီတဂူ စန်းလပမာ ချမ်းမြသာယာ ရှိကြပါစေ။
【ဒေါက်တာအရှင်ဥာဏိဿရ အဓိပတိဆရာတော်- သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်】
[ တပို့တွဲလပြည့်နေ့ ဓမ္မဒါနအဖြစ် ပူဇော်အပ်ပါသည် ]