28/09/2025
ဖိနပ်စုတ်ကလေး
_____________________
ဖတ်ကြည့်နော်…
မောင်ဇော်ဝင်းမောင်…
ဧည့်သည်…
အဆောင်စာကျက်ခန်းထဲမှာ
စာကျက်နေတဲ့ ကျွန်တော်
ဆရာမအသံကြောင့်
ဧည့်ခန်းဘက်ကို ထွက်လာခဲ့ပါတယ်။
ဧည့်ခန်းဖိနပ်ချွတ်မှာတော့
အမြီးပျက်ပြီး
စုတ်ပြတ်နေတဲ့ ဖိနပ်တစ်ရံ။
ကျွန်တော် နှာခေါင်းရှုံ့လိုက်မိတယ်။
ဧည့်ခန်းထဲကို ဝင်မိတော့
ကုလားထိုင်မှာ ထိုင်ပြီး
ကွမ်းသွေးတွေရဲနေတဲ့ သွားတွေ ပေါ်အောင်
ပြုံးနေတဲ့အဖေ။
အဝတ်အစားကလည်း ဖရိုဖရဲ။
သား…
အဖေ သားအတွက်
ငရုပ်သီးကြော်ရယ်
မြေပဲကြော်ရယ်
မုန့်ဖိုးရယ် လာပို့တာလေ။
အဖေက ပြောပြောဆိုဆို
ငရုပ်သီးကြော်ပုလင်း
မြေပဲကြော်ပုလင်း
မုန့်ဖိုးငွေ တချို့ ထုတ်ပေးရင်း
ကျွန်တော့်ကို ပြုံးကြည့်နေပါတယ်။
အဖေရယ်…
လူကြုံနဲ့ ပေးလိုက်ရောပေါ့။
လာရင်လည်း
အဝတ်အစား သပ်သပ်ရပ်ရပ်နဲ့
လာပါလား…
အခု အဖေ့ဟာက စုတ်ပြတ်နေတာပဲ။
အဖေ့ဖိနပ်ကိုလည်း ကြည့်ဦး-?
အမြီးပျက်ပြီး စုတ်ပြတ်နေတာပဲ။
တခြားသူငယ်ချင်းတွေ တွေ့သွားရင်
သား သိက္ခာကျမှာပေါ့…
အင်းပါ သားရယ်…
မတ္တရာမှာ အသီးအနှံပို့ရင်း
သားကို မတွေ့ရတာလဲ
ကြာပြီဆိုတော့
အဖေတွေ့ချင်လို့
မန္တလေးဆင်းလာတာပါကွယ်။
နောက်လာလည်ရင်
အဖေသပ်သပ်ရပ်ရပ်နဲ့ လာခဲ့ပါ့မယ်။
အဖေပြန်မယ်နော်…သား
ကျန်းမာရေးလည်း ဂရုစိုက်ဦး။
ခေါင်းငိုက်စိုက်နဲ့ ပြန်သွားတဲ့
အဖေ့ကိုကြည့်ရင်း
စိတ်ထဲမှာ
တစ်မျိုးဖြစ်မိသွားသည်။
ဒီနောက်ပိုင်း…အဖေ ပေါ်မလာတော့ပါ။
ကျွန်တော်တို့နေတာ
မတ္တရာမြို့နယ် ကျောက်တံတားရွာမှ
( ၁ဝ )မိုင်လောက်ဝင်ရတဲ့
ရွာလေးတစ်ရွာမှာပါ။
အသီအနှံတွေ စိုက်ကာ
ရောင်းချ စားသောက်ပြီး အသက်မွေးရတဲ့
မိသားစုလေးပေါ့…
အမနှစ်ယောက်ရှိပေမယ့်
ရွာကမူလတန်းကျောင်းလေးမှာ
( ၄ )တန်းအထိပဲ
ပညာသင်ခဲ့ရတာပါ။
အငယ်ဆုံးသား ကျွန်တော်ကတော့…
အလယ်တန်းကို မတ္တရာမှာထား
( ၉ )တန်းအောင် ( ၁ဝ )တန်းရောက်တော့
အဖေက ပညာတက်စေချင်သည့်အတွက်
အမေတားနေသည့်ကြားက
မန္တလေးက ဘော်ဒါတစ်ခုမှာ
ကျောင်းအိပ် ကျောင်းစား ပို့ကာ
ကျောင်းထားပေးလေသည်။
ကျွန်တော်တို့( ၁ဝ )တန်းစာမေးပွဲ
နီးလာပြီ။
အဖေက မန္တလေးမလာတော့
မကြီးတစ်လှည့်
မလေးတစ်လှည့်သာ လာသည်။
အဖေ့ကိုမေးကြည့်တော့
အဖေက စိုက်ခင်းတွေကို စိတ်မချလို့
မလာတာတဲ့။
အမတွေမျက်နှာ မကောင်း။
ဘာလို့လဲမေးတော့ ခရီးပန်းလို့တဲ့။
( ၁ဝ )တန်းတွေ စာမေးပွဲပြီးတော့
မကြီးက လာကြိုပါတယ်။
ရွာအဝင်လမ်းမကြီးဘေး ပြေးလွှားရင်း
အိမ်ဝင်းထဲသို့ရောက်တော့…
အဖေ…
အမေ…သားပြန်လာပြီလေ…
စာမေးပွဲလည်း ဖြေနိုင်တယ်လို့ ပြောပြီး
ပြေးဝင်အလာ
အ မေက…
သားလို့ အော်ရင်း
ပြေးဖက် ငိုပါလေရော…
မကြီးနဲ့မလေးလည်း ဝိုင်းဖက်ပြီး
ငိုကြတယ်လေ။
အဲဒီအခါကြမှပဲ အမေ့ကို မေးမိသည်။
အ မေ…
အဖေရော ဟင်-?
သား…
မင်းအဖေ ပိုးထိလို့ ဆုံးတာ
( ၁ )လလောက် ရှိပြီကွဲ့။
ဗျာ…
အဲဒါ
သားကို ဘာလို့မပြောတာလဲ အမေ-?
နင့်အဖေက မပြောရဘူးတဲ့။
ငါ့သား စာမေးပွဲအတွက်
စိတ်အနှောင့်အယှက်ဖြစ်မယ် တဲ့။
သားဘော်ဒါကြေးအတွက်…
မတ္တရာက
သီးနှံပွဲရုံကနေ ငွေတွေ ထုတ်ထားတာ။
ပြန်ဆပ်နေရတော့
မိသားစုစားဖို့ဆိုပြီး
ညဖက်မှာ နင့်အဖေ ငါးရှာရတယ်လေ။
နင့်ပညာရေးအတွက်
သူ့မှာ အဝတ်အစားတောင်
မဝယ်နိုင်ဘူး။
အစုတ်နဲ့ နေတယ်။
နောက်တစ်ခါ မိန်းမနဲ့
သမီးအပျိုလေး( ၂ )ယောက်အတွက်
လည်း
ဦးစားပေးရသေးတယ်လေ။
ဟိုမှာ…
နင့်အဖေ စီးခဲ့တဲ့ ဖိနပ်လေး…
ကြည့်ပါဦး သားရယ်။
ညဖက်ငါးရှာရင်း ပိုးထိတာ သိတဲ့အချိန်
နောက်ကျသွားပြီလေ။
အမေတို့ အသက်မီရုံလေး…
နောက်ဆုံး အသက်ငွေ့ငွေ့မှာ
မှာသွားသေးတယ်။
တကယ်လို့ သူသေသွားရင်…
သားကို စာမေးပွဲပြီးမှ ပြောပါတဲ့။
ပြီးတော့
သားကို ဘွဲ့ရအောင် ထားပါလို့လည်း
မှာသွားသေးတယ် သားရယ်…
အဟင့်…ဟင့်…ဟင့်။
ကျွန်တော် မျက်ရည်တွေကျရင်း
နောင်တတွေနဲ့ အတူ
ခေါင်ရင်းမှာ ထောင်ထားတဲ့
အဖေ့ဖိနပ်စုတ်လေးကို ရင်မှာပိုက်ရင်း
အားရပါးရ
အော်လိုက်မိပါတော့သည်။
အဖေ…
Credit
ဒေါက်တာဟေမာမွှေး
Share