10/06/2026
ကျွန်တော်တို့ဟာ တစ်ခါတလေကျရင် ကိုယ့်ရဲ့ ဒဏ်ရာတွေကို ကိုယ်တိုင် ပြန်ပြန်ဆွပြီး သိမ်းဆည်းထားတတ်တဲ့ ထူးဆန်းတဲ့ အလေ့အထတစ်ခု ရှိကြပါတယ်။ တစ်နေ့တာရဲ့ ပျော်စရာတွေကို မေ့ထားပြီး နာကျင်စရာ၊ ကြေကွဲစရာတွေကိုပဲ ဒိုင်ယာရီထဲမှာ စာလုံးအဖြစ် ပုံဖော် နှလုံးသွင်းတတ်တဲ့သူမျိုးပေါ့။
တစ်ချို့ကကျတော့ မိမိ Story မှာ Public ပဲဖြစ်ဖြစ် Private ပဲ ဖြစ်ဖြစ်တကုပ်ကုပ်နဲ့ မှတ်သားထားကြပါတယ်။ အဲ့ဒိလိုနဲ့ သူတို့ဟာ သူတို့ ဒိုင်ယာရီစာမျက်နှာနဲ့ Memory တွေကို ပြန်လှန်ဖတ်ကြည့်တိုင်း... ရှင်သန်လျက်နဲ့ အခါခါ ပြန်သေဆုံးနေရသလို ခံစားရတတ်ပါတယ်။
စိတ်ပညာမှာ ဆိုတာ စိတ်မချမ်းမြေ့စရာ အတိတ်က အဖြစ်အပျက်တွေ၊ သောကတွေကို စိတ်ထဲမှာ တဝဲလည်လည်နဲ့ ထပ်တလဲလဲ တွေးတောနေတာကို ခေါ်တာဖြစ်ပါတယ်။ နာကျင်စရာတွေကိုပဲ ရွေးပြီး နေ့စဉ်မှတ်တမ်းတင်တဲ့အခါ ကျွန်တော်တို့ရဲ့ ဦးနှောက်ဟာ အဲ့ဒီအဆိပ်အတောက် ဖြစ်စေတဲ့ အတွေးဝဲဂယက်ထဲကနေ ရုန်းမထွက်နိုင်တော့ဘဲ
ပိုပိုပြီး အခါခါပြန် နာကျင်ရပြန်ပါတယ်။
ဒိုင်ယာရီထဲက နာကျင်စရာ Story တွေကို ပြန်ဖတ်မိတဲ့ အခိုက်အတန့်တိုင်းဟာ ရိုးရိုးစာဖတ်နေတာ မဟုတ်တော့ဘဲ
Retraumatization လို့ခေါ်တဲ့ မိမိကိုယ်ကို စိတ်ဒဏ်ရာအသစ် ထပ်ပေးနေမိတာ ဖြစ်ပါတယ်။ စာလုံးတွေကို မြင်လိုက်တာနဲ့ အဲ့ဒီအချိန်တုန်းက ခံစားခဲ့ရတဲ့ ရင်ဘတ်ထဲက အောင့်သက်သက်ဝေဒနာ၊ မျက်ရည်တွေက လက်ရှိပစ္စုပ္ပန်အချိန်မှာ တကယ်ပြန်ဖြစ်လာပြီး နှလုံးသားကို ဓားနဲ့ အကြိမ်ကြိမ် ပြန်မွှန်းနေသလို ခံစားရစေပါတယ်။
စာမျက်နှာတစ်ခုကို ဖွင့်လိုက်တာနဲ့ တစ်ပြိုင်နက်... အတိတ်က နာကျင်မှုတွေဟာ လှိုင်းလုံးကြီးတစ်ခုလို ရုတ်တရက် ဝါးမြိုသွားတတ်ပါတယ်။ ဒါကိုတော့ Emotional Flashbacks လို့ ခေါ်ပါတယ်။ ထူးခြားတာက အဲ့ဒီအဖြစ်အပျက်ရဲ့ ပုံရိပ်တွေကိုပဲ မြင်ရတာမျိုး မဟုတ်ဘဲ၊ ထိုစဉ်က ခံစားခဲ့ရတဲ့ "အထီးကျန်မှု"၊ "အပယ်ခံရမှု" နဲ့ "အသည်းကွဲမှု" ခံစားချက် သက်သက်ကြီးက ရင်ဘတ်ထဲကို အလုံးအရင်းနဲ့ ပြန်ဝင်လာတာ ဖြစ်ပါတယ်။
နာကျင်စရာတွေချည်းပဲ ရေးမှတ်ထားတဲ့အခါ ကျွန်တော်တို့ဟာ ကိုယ့်ရဲ့ ဖြစ်တည်မှုကို အဲ့ဒီနာကျင်မှုတွေနဲ့ပဲ သွားပြီး တစ်သားတည်း ချည်နှောင်မိသွားတတ်ပြန်ပါတယ်။
"ငါဟာ ပျော်ရွှင်ဖို့ မထိုက်တန်တဲ့သူ၊ ငါ့ဘဝက နာကျင်မှုတွေနဲ့ပဲ ပြည့်နှက်နေတာ" ဆိုတဲ့ အတွေးအမှောင်တွေနဲ့ ကိုယ့်ကိုယ်ကိုယ် ပုံသွင်းမိသွားပြီး လက်ရှိပစ္စုပ္ပန်မှာ ရှိနေတဲ့ အလှတရားတွေကိုပါ မြင်နိုင်စွမ်း ကွယ်ပျောက်သွားတဲ့အခါ၊ ရှင်သန်လျက်နဲ့ လူသေလို ခံစားရစေပြန်ပါတယ်။
ဒိလိုနဲ့ မိမိ Story နဲ့ စာမျက်နှာဟောင်းတွေကို ပြန်လှန်ဖတ်ခြင်းဟာ ဒဏ်ရာဟောင်းတွေကို သွေးစိမ်းရှင်ရှင် ပြန်ထွက်စေတဲ့ အလုပ်တစ်ခု ဖြစ်သွားပါတော့တယ်
ဒိုင်ယာရီဆိုတာ ဟာ တကယ်တော့ စိတ်ထဲက အပူတွေကို ဖွင့်ချပြီး သက်သာရာရစေတဲ့ ကုထုံး (Therapeutic ဘက်ဝင်တဲ့အရာ) တစ်ခု ဖြစ်သင့်တာမျိုး ဖြစ်ပါတယ်။ ဒါပေမဲ့... နာကျင်မှုကိုပဲ အမွေအနှစ်လို စုဆောင်းသိမ်းဆည်းနေမယ်ဆိုရင်တော့ အဲ့ဒီဒိုင်ယာရီဟာ ကိုယ့်ကို ပြန်လည် သတ်ဖြတ်နေတဲ့ "အဆိပ်သင့်စာအုပ်" တစ်အုပ် ဖြစ်လာမှာပဲဖြစ်ပါတယ်။
ဒါကြောင့်
အတိတ်က ကြေကွဲစရာတွေကို ချရေးပြီးရင်... အဲ့ဒီစာမျက်နှာမှာတင် ထားရစ်ခဲ့ဖို့ လိုပါတယ်။ စာအုပ်ကို ပိတ်လိုက်တဲ့အခါ အတိတ်ကိုလည်း ပိတ်ထားခဲ့ပြီး၊ လက်ရှိမိနစ်မှာ ရှူသွင်းလိုက်တဲ့ လေပြေနဲ့အတူ အသက်ဆက် ရှင်သန်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။
တကယ်ေတာ့ ကိုယ့်ရဲ့ ဒိုင်ယာရီထဲမှာ နာကျင်မှုတွေအပြင်...
ဒါတွေကို ရုန်းကန်ကျော်ဖြတ်နိုင်ခဲ့တဲ့ မိမိရဲ့ ရဲရင့်မှု တွေကိုပါ ကမ္ပည်းတင်ထားဖို့ရန် အဓိကမမေ့ေလျာ့ဖို့ တိုက်တွန်းအားပေးလိုပါတယ်။