
12/10/2024
မြို့ထဲသို့ ဗုံးသီး ၅၀၀၀ ကျော် ကြဲချပြီး ပင်လည်ဘူးမြို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း NUG ထုတ်ပြန်
အောက်တိုဘာ ၁၂၊ ၂၀၂၄ ။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ကာကွယ်ရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၂ ရက် ဒီကနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးကို ဩဂုတ် ၁၅ ရက်က စတင်ကာဆင်နွှဲခဲ့တာဖြစ်ပြီး ၂ လနီးပါးအကြာ အောက်တိုဘာ ၈ ရက်မှာ အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ကာ မြို့ထဲသို့ ဗုံးအလုံး အလုံးရေ ၅၀၀၀ ကျော်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် မြို့သိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ ၄၀၀ ကျော်၊ ခဲယမ်းမီးကျောက်အမြောက်အမြားနဲ့ ဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
ပင်လည်ဘူးမြို့သိမ်းစစ်ဆင်ရေးအတွင်း ယခင်အခြေချထားတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေအပြင် ခြေလျင်ခြေမြန်တပ်ရင်း ၁၀ ရင်း၊ ရဲ နဲ့ SNA တပ်မဟာ ၆၁၄ တွေက ပူးပေါင်းအင်အား ၇၇၂ ဦးကို Mi 17 သယ်ယူပို့ဆောင်ရေးရဟတ်ယာဉ်နဲ့ ၂၁ ကြိမ် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။
ပင်လည်ဘူးမြို့ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁)စစ်ဒေသ၊ ကသုံးလုံးခရိုင် အထူးစစ်ဆင်ရေးမှူးကွပ်ကဲမှုနဲ့ "က" သုံးလုံးခရိုင် အထူးစစ်ဆင်ရေးရုံးအဖွဲ့၊ ကောလင်းခရိုင်ကွပ်ကဲရေးရုံး၊ ကောလင်းခရိုင် တပ်ရင်း (၁၊ ၂၊ ၃၊ ၄)၊ အမှတ်(၁)စစ်ဒေသ တိုက်ခိုက်ရေးအဖွဲ့/ လက်နက်ကြီးအဖွဲ့၊ အထူးလှုပ်ရှားတပ်ရင်း (၁၊ ၂၊ ၄၊ ၈၊ ၁၀)၊ အမှတ် (၁၊ ၂) ရွှေဘိုခရိုင် ကွပ်ကဲရေးရုံးအဖွဲ့၊ တမူးခရိုင် တပ်ရင်း ၃၊ မော်လိုက်ခရိုင် တပ်ရင်း (၁၊ ၂၊ ၄)၊ ကလေးခရိုင်တပ်ရင်း ၁၄၊ ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ယင်းမာပင်ခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ မုံရွာခရိုင် တပ်ရင်း ၇၊ စစ်ကိုင်းခရိုင် ထုတ်နုတ်တပ်ဖွဲ့၊ ကွန်မန်ဒိုတပ်ရင်း၊ စစ်ကိုင်းတိုင်းဗျူဟာ (၄၁၊ ၄၂၊ ၄၅၊ ၄၉၊ ၅၂၊ ၅၃) ၊ ပကဖ (စစ်ကိုင်းတိုင်း/ ကောလင်းခရိုင်/ ရွှေဘိုခရိုင်/ ပင်လည်ဘူးမြို့ နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်ပကဖ)၊ ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားအဖွဲ့၊ ပလဖ (ကောလင်းခရိုင်/ ပင်လည်ဘူးမြို့နယ်/ ကောလင်းမြို့နယ်/ ဝန်းသိုမြို့နယ်)၊ ဒရုန်းအဖွဲ့များ (အမှတ်(၁)စစ်ဒေသ/ စစ်ကိုင်းတိုင်း PDF တာဝန်ခံရုံး/ ရွှေဘိုခရိုင် ပကဖ/ ပင်လည်ဘူးမြို့နယ် ပကဖ/ ကောလင်းမြို့ နယ် ပကဖ/ ဝန်းသိုမြို့နယ် ပကဖ) ပူးပေါင်းအဖွဲ့က ၅၄ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တာလည်း ဖြစ်ပါတယ်။