12/08/2026
စလင်းမြို့နယ်မှာ နှစ်ရက်ဆက်တိုက် လေကြောင်း ဗုံးကြဲခံရလို့ အမျိုးသမီး သုံးဦး သေဆုံး
မကွေး၊ သြဂုတ် ၁၂
အကြမ်းဖက်စစ်တပ်က နှစ်ရက်အတွင်း မကွေးတိုင်း၊ စလင်းမြို့နယ်ထဲက ကျေးရွာတွေကို လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့လို့ အရပ်သားသုံးဦးက သေဆုံးခဲ့ကြောင်း စလင်းပကဖတာဝန်ရှိသူတစ်ဦး နဲ့ ဒေသ တွင်းသတင်းရင်းမြစ်တစ်ဦးအပြောအရ သိရပါတယ်။
အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဂျက်ဖိုက်တာတစ်စီးက ပြီးခဲ့တဲ့သြဂုတ် ၁၀ ရက်နေ့မှာ တောင်ဘိုကျေးရွာ နဲ့ ဇီးဖြူပင်ကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါလေကြောင်းတိုက်ခိုက်မှုကြောင့် တောင်ဘိုကျေးရွာမှ အသက်ခုနစ်ဆယ်အရွယ် အမျိုးသမီးတစ်ဦး နဲ့ အသက် ၈၃ နှစ်အရွယ်အမျိုးသမီးတို့ နေရာတင် သေဆုံးခဲ့ပါတယ်။ အလားတူ ထိခိုက်သူဆယ်ဦးအနက် လေးဦးက စိုးရိမ်ရပြီး နွားသုံးကောင် သေဆုံးခဲ့တယ်လို့ စလင်း ပကဖတာဝန်ရှိသူက ပြောပါတယ်။
အလားတူ သြဂုတ် ၁၁ ရက်နေ့မှာ အကြမ်းဖက်စစ်တပ်က ကန်တော်ရွာ၊ ကျပန်းရွာ နဲ့ ရွာသစ်ကလေးရွာတို့ကို ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲခဲ့တဲ့အတွက် ရွာသစ်ကလေး ကျေးရွာမှ အသက်ခုနစ်ဆယ်အရွယ် အမျိုးသား တစ်ဦးက သေဆုံးခဲ့ကြောင်း သိရပါတယ်။
အကြမ်းဖက်စစ်တပ် မင်းအောင်လှိုင်ဦးဆောင်သည့် အာဏာသိမ်းငါးနှစ်တာကာလအတွင်းမှာ မကွေးဖက်ဒရယ်ယူနစ်နယ်မြေအတွင်းက အရပ်သားရှစ်ရာနီးပါးကို အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာနက အသိပေး ထားပါတယ်။
ရေးသားသူ - သူပုန်လက်
Photo – ပေးပို့( ဗုံးကြဲတိုက်ခိုက်ခံရတဲ့ တောင်ဘို့ရွာ)
Telegram - https://t.me/RedPeacocknews ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
Red Peacock သတင်းမီဒီယာရေရှည်ရပ်တည်ရေးအတွက် SDBPay & NUGPay QR ကနေ သို့မဟုတ် Commentမှာ https://drive.google.com/file/d/1-EkgbLFZgA06qkBSSofiGtiCbFp6rWpj/view?usp= sharing ထောက်ပံ့ကူညီနိုင်ပါတယ်။
#မကွေး #စလင်း