
04/08/2024
KNU တပ်မဟာ (၅)နယ်မြေမှာ ဇူလိုင်လအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၅၂)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရ
ဩဂုတ် ၄ ၊ ၂၀၂၄
ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ မူတြော်ခရိုင်အတွင်း ဇူလိုင်လ (၁)ရက်နေ့မှ (၃၁)ရက်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား (၅၂)ဦး သေဆုံးပြီး (၁၂)ဦး ဒဏ်ရာရရှိခဲ့တယ်လို KNU(ဗဟို)မှ ထုတ်ပြန်လိုက်ပါတယ်။
ဇူလိုင်လအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A)၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲတွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တိုအကြား တိုက်ပွဲပေါင်း (၁၀၁)ကြိမ် ဖြစ်ပွားခဲ့တယ်လို ဆိုပါတယ်။
အဆိုပါ တိုက်ပွဲတွေအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်သား (၅၂)ဦး သေဆုံးပြီး (၁၂)ဦး ထိခိုက်ဒဏ် ရာရှိခဲ့ကာ အကြမ်းဖက်စစ်ကောင်စီရဲ့ အဆောက်အဦး (၂)ခု ထိခိုက်ပျက်စီးပြီး မြင်း (၂)ကောင် သေဆုံး ခဲ့တယ်လို ဖော်ပြထားပါတယ်။
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (K.N.L.A) တပ်မဟာ(၅)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲတွေ ဘက်မှ ထိခိုက်မှု တစုံတရာမျှ မရှိဘူးလို ဖော်ပြထားပါတယ်။
အခုလို တိုက်ပွဲတွေ ဖြစ်ပွားမှုကြောင့် အကြမ်းဖက်စစ်ကောင်စီက လေကြောင်းမှသာ ရိက္ခာတွေ ချပေးနိုင်ပြီး လက်နက်ကြီးတွေနဲ့ လေကြောင်းတိုမှ ပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေအတွင်းနဲ့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေ အတွင်းကို ပစ်မှတ်ထား တိုက်ခိုက်တာတွေကိုလည်း အကြိမ်ရေများစွာ လုပ်ဆောင်ခဲ့တယ်လို ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။