28/08/2026
လိင်တူအချင်းချင်း ချစ်ကြိုက်ကြောင်း စာအုပ်များ ရောင်းချထုတ်ဝေပါက အရေးယူသွားမည်ဟုဆို
✍️CYO
▪️BMNZ Local News ▪️
ရန်ကုန်၊ ဩဂုတ် ၂၈ ရက်၊ ၂၀၂၆
မြန်မာ့ယဉ်ကျေးမှုနှင့် ကိုက်ညီခြင်းမရှိဘဲ လူငယ်များ အတွေးအခေါ်နှင့် ခံစားနားလည်မှုကို လွဲမှားစေနိုင်တယ်ဆိုပြီး လိင်တူအချင်းချင်း ချစ်ကြိုက်ကြောင်း စာအုပ်များ ရောင်းချနေတဲ့ page၊ Telegram နှင့် Ticktock link (၉) ခုကို ပြန်ကြားရေးဝန်ကြီးဌာနက ယနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် အသိပေးဖော်ပြလိုက်ပါတယ်။
ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)တွင် “ပြည်တွင်း၌ ပုံနှိပ်ထုတ်ဝေခြင်းဖြစ်ပါက ထုတ်ဝေသူသည် ၎င်းထုတ်ဝေသော မည်သည့်ထုတ်ဝေစာကိုမဆို မှတ်ပုံတင်စာရင်းရေးသွင်းခြင်းနှင့် မူပိုင်ခွင့်လုပ်ငန်းများဆောင်ရွက်နိုင်ရန် သတ်မှတ်ချက်များနှင့်အညီ ဝန်ကြီးဌာနသို့ ပေးပို့ရမည်”၊ ပုဒ်မ ၁၅ တွင် “မည်သူမျှ သက်ဆိုင်ရာလုပ်ငန်း အသိအမှတ်ပြုလက်မှတ်မရှိဘဲ ပုံနှိပ်ခြင်း၊ ထုတ်ဝေခြင်း သို့မဟုတ် သတင်းအေဂျင်စီလုပ်ငန်း လုပ်ကိုင်ခြင်းမပြုရ” ဆိုတဲ့ တားမြစ်ချက်များကိုလည်း ဖောက်ဖျက်ကျူးလွန်ထားတယ်လို့ ဖော်ပြထားပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ လိင်တူအချင်းချင်းချစ်ကြိုက်တဲ့ BL(Boys' Love), GL(Girls” Love) စာအုပ်များကို ကြော်ငြာရောင်းချနေတဲ့ လူမှုကွန်ရက်မှ တရားမဝင်စာမျက်နှာများမှာ - ရွှေအိမ်စာပေ၊ ဆူးခေတ်စာပေ၊ Chi စာပေ၊ ဘဝထက်စာပေ၊ ဧရိပ်-A Yeik၊ Alora Eleven Book House၊ Libra Book Shop (Chuu Sein)၊ Nway Oo Kant Kyaw-နွေဦးကံ့ကော်စာအုပ်ဆိုင်၊ Z For Zodiac တို့ဖြစ်ပါတယ်။
ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ၂၀၁၄ ခုနှစ် ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ၊ နည်းဥပဒေများနှင့် အညီ ပုံနှိပ်ခြင်းလုပ်ငန်း၊ ထုတ်ဝေခြင်းလုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်နေရာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို လေးစားလိုက်နာကြရန်နှင့် ဥပဒေပါ စည်းကမ်းချက်များကို ဖောက်ဖျက်စေတဲ့ ထုတ်ဝေစာများကို ရောင်းချပါက ဥပဒေနှင့်အညီ တရားစွဲဆိုဆောင်ရွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက အသိပေး ကြေညာထားပါတယ်။ (BMNZ)
#လိင်တူချစ်ကြိုက်တဲ့စာအုပ်
#ဗြူးတီးဖောမြန်မာသတင်းအေဂျင်စီ