24/06/2026
Emoji လေး ၂ ခုနဲ့ ကလေးငယ်များအတွက် အန္တရာယ်⭐🪽
ဒီနေ့ မှာတော့ ပုံမှန်တင်နေကျ ပညာရေးအကြောင်းထက် ပညာကိုသင်ယူနေတဲ့ ကလေးများရဲ့ Social Media ပေါ်က သတိထားစရာ ကိစ္စလေး တစ်ခုပြောပြ ပေးမှာဘဲ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျွန်မရဲ့ ကျန်းမာရေးအခြေနေကြောင့် ဝိတ်ချဖို့ နည်းလမ်းများရှာကြည့်ချိန် မှာ အမှတ်မထင် တွေ့ခဲ့တဲ့ အကြောင်းရာလေးတစ်ခုမို့ မိဘတိုင်း သတိထားနိုင်အောင် ကလေးငယ်များ လည်း အချိန်မလွန်ခင် ဆင်ခြင်နိုင်အောင် မျှဝေပေးခြင်း ဖြစ်ပါတယ်။
⭐🪽 ဒီ emoji လေး ၂ ခုဟာ သာမာန်ကြည့်ရင်တော့ ကြယ်ပုံနဲ့ တောင်ပံ ပုံလေးပါ ဒါပေမဲ့ ဒီ ၂ ခုကို ပေါင်းပြီး အသံထွက်မယ်ဆိုရင်တော့ star wing = starving(အဆာခံခြင်း) ဆိုပြီး အဓိပ္ပာယ် ရပါတယ်။ ဒီဟာကို အင်တာနက်ပေါ်မှာ keywords မညှိအောင် လုပ်ပြီး ကျန်းမာရေးနဲ့ မညီညွတ်တဲ့ နည်းတွေနဲ့ ဝိတ်ချနည်း content တွေ တင်ပေးနေတာဖြစ်ပါတယ်။ ဒီ toxic contents တွေရဲ့ ဒဏ်ကို ခံရတာကတော့ အသက်မပြည့်သေးတဲ့ ကလေးတွေဘဲ ဖြစ်ပါတယ်။ ဖွံဖြိုးခါစ ကလေးငယ်များဟာ မိမိတို့ social media ပေါ်မှာ မြင်နေရတဲ့ toxic beauty standards တွေကို အဟုတ်မှတ်ပြီး အန္တရာယ်ရှိတဲ့ နည်းလမ်းများကို စမ်းသပ်လာကြပါတယ်။ နောက်ဆုံးမှာတော့ ဒီကလေးတွေဟာ ကျန်းမာရေးထိပြီး ဆေးရုံတက်လိုက်ရ တာ နာတာရှည်ရောဂါရတာတွေ ဒါ့အပြင် အသက်အန္တရာယ်တွေ ထိ ခြိမ်းခြောက်လာတာတွေကို အထူးသဖြင့် တရုတ်နိုင်ငံမှာ အများအပြားတွေ့လာရပါတယ်။
ဒီ emoji နဲ့ toxic contents တွေဟာ မြန်မာနိုင်ငံမှာ ကလေးအများစုသုံးနေကြတဲ့ TikTok ပေါ်ထိ ရောက်လာတာမို့ မိဘတွေ အနေနဲ့ သတိထားနိုင်အောင် မျှဝေပေးခြင်းဖြစ်ပါတယ်။
ကလေးတွေဟာ ဟော်မုန်းပြောင်းခါစ ကာလမှာ အစားအသောက်နဲ့ ကျန်းမာရေးကို အထူးဂရုစိုက်ဖို့ လိုအပ်ပါတယ်။ မလိုအပ်ဘဲဝိတ်တက်တာ ဝိတ်ကျတာတွေ မဖြစ်အောင် ကာကွယ်တာ အကောင်းဆုံးပါ။ အခုခေတ်မှာ ကလေးတွေလည်း social media တွေ သုံးနေကြပြီမို့ ဒီကိစ္စတေွကို မဖြစ်ခင်ကြိုတင် ကာကွယ်နိုင်အောင် မျှဝေပေးလိုက်ပါတယ်။
ကိုယ့်ကလေးတွေက အစားရှောင်တာတွေ အစာစားပြီးတာနဲ့ တန်းပြီး အန်ထုတ်တာတွေ သိရင် မိဘတွေ အနေနဲ့လည်း ကလေးကို သေချာ နားလည်အောင် ရှင်းပြပေးခြင်းဖြင့် ကာကွယ်နိုင်ကြဖို့ရည်ရွယ်ချက်နဲ့ ဒီစာလေးရေးတင်လိုက်ရပါတယ်။