15/10/2025
NCA နှင့် အာရက္ခတပ်တော်
ယခုဆောင်းပါးတွင် NCA ၏ ရှည်လျားသည့် သမိုင်းအကြောင်း၊ အာရက္ခတပ်တော်နှင့် NCA ဆက်စပ်မှု စသည့်အကြောင်းအရာများကို ယနေ့ခေတ် နိုင်ငံရေး၊ တော်လှန်ရေးဖြစ်စဉ်များနှင့် ယှဉ်တွဲဖော်ပြသွားမည်။
DMG ၊ အတွေးအမြင်
ရေးသားသူ - ဂေါင်
ယနေ့ အောက်တိုဘာ ၁၅ ရက်သည် NCA (၁၀) နှစ်ပြည့် နေ့ဖြစ်သည်။ အာဏာသိမ်းစစ်ခေါင်းဆောင်က ဦးစီးပြီး ဖိတ်ကြားထားသော NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့အချို့နှင့် နေပြည်တော်တွင် တွေ့ဆုံပွဲလုပ်နေသည်။
အခမ်းအနားကို အောက်တိုဘာ ၁၅ ရက်မှ ၁၇ ရက်အထိ ကျင်းပမည်ဖြစ်ပြီး စစ်မတိုက်သော အင်အားနည်း EAOs အဖွဲ့အချို့နှင့် ငြိမ်းချမ်းသော မြန်မာအနာဂတ်တည်ဆောက်ခြင်း အလုပ်ရုံဆွေးနွေးပွဲကိုလည်း တပြိုင်နက်တည်း လုပ်နေကြသည်။
ယခုဆောင်းပါးတွင် NCA ၏ ရှည်လျားသည့် သမိုင်းအကြောင်း၊ အာရက္ခတပ်တော်နှင့် NCA ဆက်စပ်မှု စသည့်အကြောင်းအရာများကို ယနေ့ခေတ် နိုင်ငံရေး၊ တော်လှန်ရေးဖြစ်စဉ်များနှင့် ယှဉ်တွဲဖော်ပြသွားမည်။
NCA ကနေ AA ကို ဘာကြောင့်တွန်းချခဲ့တာလဲ
ကြံ့ခိုင်ရေးအစိုးရ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ ခုနှစ်တွင် မြန်မာနိုင်ငံထဲ တိုင်းရင်းသားလက်နက်ကိုင် တပ်များနှင့် တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးရန် လမ်းစဖွင့်ပေးခဲ့သည်။ သြဂုတ်လမှ စတင်ဖိတ်ခေါ်ပြီး NCA အတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ၄ နှစ်နီးပါး ဆွေးနွေးခဲ့သည်။
ထိုသို့ NCA စာချုပ်ဖြစ်လာရေး စတင်ဆွေးနွေးခဲ့စဉ်က နိုင်ငံတဝန်း တိုင်းရင်းသားတပ်များနှင့်အတူ KIA၊ TNLA၊ MNDAA၊ AA တို့လည်း ပါဝင်ခဲ့သည်။
ယင်းအချိန်က တိုင်းရင်းသားလက်နက်ကိုင် အင်အားစု EAOs ဘက်မှ NCA တွင် ‘အဖွဲ့အားလုံးပါဝင်စေရေးမူ’ကို အစိုးရနှင့် စစ်တပ်ထံတင်ပြပြီး AA၊ TNLA၊ MNDAA တို့ကိုလည်း NCA စာချုပ်တွင်ပါဝင်ဖို့ တိုက်တွန်းခဲ့ကြသည်။
သို့သော် AA၊ MNDAA၊ TNLA မြောက်ပိုင်းညီနောင်သုံးဖော်တို့ကို အသိအမှတ်မပြုနိုင်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့သည်။
ယင်းအချိန်က AA မှာ KIA ထိန်းချုပ်ရာ လိုင်ဇာမှာသာ အခြေစိုက်ပြီး KIA တပည့်ဟု အထင်သေးကာ လုံးဝ အသိအမှတ် မပြုလိုခြင်းဖြစ်သည်။ တစ်ခါ NCA စာချုပ်သည် တောင်ပြုံးပွဲတော်ကဲ့သို့ တက်ချင်တိုင်း တက်မရကြောင်း နှိမ့်ချဆက်ဆံပြောဆိုကာ ညီနောင် ၃ ဖွဲ့အား လက်နက်စွန့်ရေးကိုသာ စစ်ခေါင်းဆောင်က ဖိအားပေးခဲ့သည်။
အခြားတစ်ဖက်တွင်လည်း AA သည် ၂၀၁၁ ခုနှစ်ကာလတို့တွင် ကချင်တိုက်ပွဲများ၌ စစ်တပ်ကို KIA ဘက်က တိုက်ပေးနေခြင်း ၂၀၁၅ ခုနှစ်တွင် MNDAA ကိုးကန့်ဘက်မှ ဝင်တိုင်ပေးခြင်းတို့ကြောင်း လုံးဝ ကြည့်မရခဲ့ပေ။
ယင်းကြောင့် အင်အားကြီးမှ လူရာဝင်သည့် တော်လှန်ရေးလောကတွင် AA သည် အစောပိုင်းကာလ၌ အထင်သေး၊ အမြင်သေး ခံရမှုကြောင့် NCA လမ်းကြောင်းမှ တွန်းချခဲ့ရသည်။
ယင်းနောက် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်တွင် NCA စာချုပ်ကို ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်(DKBA)၊ ကရင် ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)နှင့် ချင်းအမျိုးသားတပ်ဦး (CNF)တို့နှင့် ဦးစွာ လက်မှတ်ရေးထိုးခဲ့ကြသည်။ နောက်ထပ် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် မွန်ပြည်သစ်ပါတီ (NMSP)နှင့် လားဟူးဒီမိုကရက်တစ်အစည်းအရုံး(LDU)တို့ ပါဝင်လာခဲ့သဖြင့် NCA လက်မှတ် ထိုးထားသည့် EAO ၁၀ ဖွဲ့ရှိခဲ့သည်။
ရက္ခိတလမ်းစဉ်နှင့် AA အိမ်ပြန်
NCA လမ်းကြောင်းကနေ မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေးဆွေးနွေးပွဲ အခင်းအကျင်းကို ဝင်ခွင့်မရခဲ့သည် AA သည် လိုင်ဇာကနေ တဖြည်းဖြည်းချင်း ရခိုင်ပြည်သို့ စိမ့်ဝင်လာကြပြီး ၂၀၁၅ ခုနှစ်တွင် မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနယ်စပ် တြိဂံဒေသတွင် ယာယီအခြေစိုက်သည်။
ထို့နောက် ၂၀၁၆၊ ၂၀၁၇ နှစ်များတွင် ပလက်ဝဒေသ၊ ပုဏ္ဏားကျွန်း တောဖျားချောင်းဒေသ နတ်သရွေး၊ သြရမတို့တွင် ကြိုကြားတိုက်ပွဲများဖြင့် လူလုံးထွက်ပြခဲ့သည်။ ထို့နောက် ၂၀၁၈ နှစ်ကုန်ပိုင်းကနေ ၂၀၂၀ အထိ ကျောက်တော်၊ မြောက်ဦး၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မင်းပြား၊ အမ်း၊ မြေပုံ စသည့် မြောက်ပိုင်းတခွင် ဖြန့်ကျက်ကာ စစ်တပ်နှင့် အပြင်းထန်ဆုံးသော တိုက်ပွဲများဖြစ်လာသည်။
NLD အစိုးရနှင့် စစ်တပ်တို့သည် AA ကို အကြမ်းဖက်အဖွဲ့ကြေညာပြီး ၃ လဖြင့် အပြုတ်တိုက်မည်ဟု ကြုံးဝါးခဲ့သည်။ သို့သော် AA သည် စစ်တပ်၏ ထိုးစစ်များကို ခုခံရင်း ၂၀၁၉ ခုနှစ်တွင် မုန်တိုင်းကာလ ဖြတ်သန်းကြ၊ ၂၀၂၀ Arakan Dream ရက္ခိတအိပ်မက်ကို အဆုတ်မနစ် အကောင်အထည်ဖော် ချီတက်လာသည်။
တိုက်ပွဲကာ ၃ နှစ်ခန့်ကြာပြီးနောက်၂၀၂၀ ရွေးကောက်ပွဲနှင့်အတူ နိုဝင်ဘာလတွင် ဂျပန်နိုင်ငံ နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါ၏ ကြားဝင်ပေးမှုဖြင့် အပစ်အခတ်ရပ်စဲသည်။ ၂၀၂၁ စစ်တပ်အာဏာသိမ်းချိန်တွင် ရခိုင်ပြည်တွင်း တိုက်ပွဲမရှိဘဲ ခဏငြိမ်နေပြီး ၂၀၂၂ အစောပိုင်းတွင် အပစ်အခတ်ရပ်စဲမှု ပျက်ပြယ်ကာ တိုက်ပွဲများ ပြန်ဖြစ်ခဲ့သည်။ ၂၀၂၂ နိုဝင်ဘာတွင်တစ်ခါ အပစ်အခတ်ထပ်ရပ်သည်။ ယင်းနောက် ၂၀၂၃ ခုနှစ် နိုဝင်ဘာကနေ ယနေ့ထိ ကြီးမားလှသည့် ပြည်သိမ်းတိုက်ပွဲကြီးကို ဆင်နွဲနေသည်။
၁၀၂၇ စစ်ဆင်ရေးနှင့် ရခိုင်ပြည်သိမ်းတိုက်ပွဲကြီး
AA သည် ၂၀၂၃ ခုနှစ် အောက်တိုဘာတွင် ညီနောင်သုံးဖွဲ့နှင့်အတူ ‘၁၀၂၇ စစ်ဆင်ရေးကြီးတွင် ပါဝင်လာသည်။ ယင်းနှင့်တစ်ဆက်တည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၁၃ ရက်တွင် ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးကို စတင်သည်။
ရသေ့တောင်၊ ကျောက်တော်၊ မင်းပြားတို့တွင် တိုက်ပွဲပထမနေ့ အစပြုပြီး ပလက်ဝအပါအဝင် ရခိုင်တစ်ပြည်လုံးရှိ တပ်ရင်း၊ တပ်မ၊ တိုင်းစစ်ဌာနချုပ်အထိ တပြိုင်နက် မနားတမ်း ထိုးစစ်ဆင်ခဲ့သည်။
အကျိုးရလဒ်အဖြစ် ၂၀၂၄ နှစ်ဆန်းစ ဇန်နဝါရီတွင် ပလက်ဝနှင့် ပေါက်တော၊ ဖေဖော်ဝါရီတွင် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ မတ်လတွင် ပုဏ္ဏားကျွန်း၊ ရမ်းဗြဲ၊ ရသေ့တောင်၊ မေလတွင် ဘူးသီးတောင်၊ စက်တင်ဘာလတွင် သံတွဲ၊ ဒီဇင်ဘာတွင် မောင်တော၊ တောင်ကုတ်၊ အမ်း၊ ဂွမြို့နယ်တို့ကို သိမ်းပိုက်ထားပြီးဖြစ်သည်။ ရခိုင်ပြည် မြို့နယ် ၁၇ ခုထဲက ၁၄ မြို့နယ်ကို တစ်နှစ်အတွင်း သိမ်းပိုက်လိုက်သည်။
ယခုအခါတွင် AA သည် အိန္ဒိယနယ်စပ် ပလက်ဝကနေ ဘင်္ဂလားဒေ့ရှ်နယ်စပ် အပါအဝင် ရခိုင်ရိုးမအစွန် ဂွမြို့နယ်အထိ ထိန်းချုပ်ထားနိုင်သည်။ လက်ရှိမြို့နယ် ၁၅ ခုကို သိမ်းပိုက်ထိန်းချုပ်ထားသည့် အာရက္ခတပ်တော်သည် ရခိုင်ပြည်ကို ဒီဖက်တို အစိုးရအဖြစ် စီမံအုပ်ချုပ်နေသည်။
လက်ရှိ AA သည် ရခိုင်ပြည်၏ ကုန်းတွင်းအနားသတ်နယ်မြေနှင့် ပင်လယ်ကမ်းရိုးတန်းတလျှောက်ကို ပိုင်ထားပြီး စစ်ကောင်စီသည် ပင်လယ်ကမ်းစပ်က စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် ၃ မြို့ နေရာကွက်ကျားသာ ထိန်းချုပ်နိုင်တော့သည်။ စစ်တွေကိုလည်း ဝိုင်းပိတ်ဆို့ထားပြီး ကျောက်ဖြူမြို့ကို ဆက်လက်သိမ်းပိုက်ရန် တိုက်ခိုက်နေသည်။
တစ်ဖက်တွင်လည်း AA သည် ဗမာပြည် ဧရာဝတီ၊ ပဲခူး၊ မကွေးတိုင်းတို့အထိ ထိုးစစ်များ ဖော်နေသည်။ AA နှင့် PDF ပူးပေါင်းတပ်များသည် မကွေးတိုင်း ငဖဲမြို့နယ်၊ ပဲခူးတိုင်း ပန်းတောင်းမြို့နယ်၊ ဧရာဝတီတိုင်း ရေကြည်၊ သာပေါင်း၊ ပုသိမ်၊ လေးမျက်နှာ စသည့်မြို့နယ်များတွင် စစ်ကောင်စီကို တိုက်ခိုက်နေသည်။
AA သည် တိုက်ရင်းတည်ဆောက်သည့် ဗျူဟာအတိုင်းသွားနေပြီး ထိန်းချုပ်နယ်မြေများကို လက်မလွှတ်ရအောင် ထိန်းထားနိုင်သည်။ ထို့အတူ လွတ်မြောက်နယ်မြေများတွင် ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်း၊ မွတ်ဆလင်-ရခိုင် လူမှုသဟဇာတအရေးကိုလည်း ဦးစားပေး လုပ်နေသည်။
NCA လမ်းစဉ် ငြိမ်းချမ်းရေး ညီလာခံ တွေ့ရှိချက်များ
ဆောင်းပါး လိုရင်းကို ပြန်သွားလိုသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (Nationwide Ceasefire Agreement – NCA) သည် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်များ အပြည့်အဝရှိသော ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်သွားရန် မူလရည်မှန်းချက်ဖြစ်သည်။
ယင်းကြောင့် လက်မှတ်ထိုးအဖွဲ့တို့သည် NCA က ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူဘောင်အတိုင်း ၂၀၁၆ ခုနှစ် သြဂုတ်လတွင် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ ပထမအကြိမ် ပြုလုပ်ခဲ့ကြသည်။
ထို့နောက် NLD အစိုးရလက်ထက် ၂၀၁၇ ခုနှစ် မေလတွင် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁ ရာစုပင်လုံ) အစည်းအဝေးကျင်းပနိုင်ခဲ့ရာ သဘောတူညီချက် ၃၇ ချက် ရရှိခဲ့သည်ကိုတွေ့ရသည်။ ထို့နောက်တစ်ခါ ၂၀၁၈ ခုနှစ် ဇူလိုင်လတွင် တတိယအကြိမ် ကျင်းပခဲ့သေးသည်။
ယင်းအစည်းအဝေးတွင် သဘောတူညီချက် ၁၄ ချက်နှင့် ယခင်အချက်များ စုစုပေါင်း ၅၁ ချက်ရခဲ့ပြီး ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း (၁) နှင့် (၂) တို့ကို လွှတ်တော်တွင် အတည်ပြုနိုင်ခဲ့သည်။ ယင်းအချက်များမှာ နိုင်ငံရေးကဏ္ဍမူဝါဒ ၁၆ ချက်၊ စီးပွားရေးကဏ္ဍမူဝါဒ ၁၂ ချက်၊ လူမှုရေးကဏ္ဍ ၁၁ ချက်နှင့် မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍမူဝါဒ ၁၂ ချက်တို့ဖြစ်သည်။
ဆက်လက်ပြီး ၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၁ ရက်တွင် စတုတ္ထအကြိမ် ငြိမ်းချမ်းရေးညီလာခံ ထပ်မံကျင်းပခဲ့ရာ သဘောတူညီမှု အချက် ၂၀ နှင့်အတူ ၂၀၂၀ အလွန် အကောင်အထည်ဖော်မည့် မူဝါဒများ ချမှတ်ခဲ့ကြသည်။
ယင်းကြောင့် လက်ရှိတွင် NCA လမ်းကနေ ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက် စုစုပေါင်း ၇၁ ချက် ရရှိထားသည်ကို တွေ့ရသည်။ သို့သော်လည်း တိုင်းရင်းသားများ၏ တော်လှန်ရေး၊ နိုင်ငံရေး မျှော်လင့်ချက်ထဲမှ အရေးကြီးဆုံးဖြစ်သော ပြည်နယ်အာဏာခွဲဝေမှု၊ တပ်နေရာချထားရေး၊ ပြည်နယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ စသည့်အချက်များကို လုံးဝ မရနိုင်သေးပေ။ ထို့အတူ ၂၀၂၀ အလွန် အကောင်အထည်ဖော်မည့် မူများလည်း ပျောက်ဆုံးနေတော့သည်။
နာမ်သာရှိပြီး ရုပ်မရှိတော့သည့် NCA
ထိုသို့ မြန်မာ့နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးမှု သမိုင်းတွင် ပင်လုံပြီးလျင် အဆင့်မြင့်ဆုံးဟု ယူဆထားခဲ့သည့် NCA သည် ယခုအခါ အသံသာရှိပြီး အဆံမဲ့နေသည့်သဘော မြင်ရသည်။
အကြောင်းအရင်းများမှာ NCA ကို လက်မှတ်ထိုးအဖွဲ့များကိုယ်တိုင် ဆန့်ကျင်နေကြပြီး NCA လမ်းကြောင်းကနေ တစတစ လျှော့နည်းသွားခြင်းဖြစ်သည်။ ယခုအခါ NCA အဖွဲ့ကိုယ်တိုင် စစ်ကောင်စီကို ပြန်တိုက်နေကြခြင်းတို့ ဖြစ်သည်။ ထိုသို့ ယုံကြည်မှုပျက်စီးသွား အကြောင်းအရင်းများ ယခင်ကတည်းက ရှိနှင့်ခဲ့သော်လည်း အာဏာသိမ်းမှုကို ပိုပြီးစိတ်ပျက်သွားခြင်းကို မြင်နိုင်သည်။
နောက်ပြီး NCA လမ်းစဉ်ပါ နိုင်ငံရေးဆွေးနွေးပွဲများတွင် အစိုးရ၊ လွှတ်တော်၊ စစ်တပ်၊ နိုင်ငံရေးပါတီများ၊ EAOs များ ပါဝင်ရမည်ဖြစ်သော်လည်း အာဏာသိမ်းမှုကြောင့် လွှတ်တော်မရှိတော့ခြင်း၊ နိုင်ငံရေးအစုအဖွဲ့ မရှိတော့ခြင်းကလည်း အဓိကအခန်းကနေ ပါဝင်သည်။ လက်ရှိတွင် NCA အဖွဲ့ထဲက အာဏာသိမ်းမှုကို လက်မခံသည့် KNU၊ CNF၊ ABSDF၊ NMSP - AD တို့သည် စစ်ကောင်စီကို လက်နက်ကိုင်ပြန်တိုက်နေကြပြီး စစ်ကောင်စီ၏ NCA ၁၀ နှစ်ပြည့်ပွဲကို မတက်ကြရန် နှိုးဆော်ထားသည်။
ထို့ကြောင့် NCA သည် မျက်မှောက်ကာလ၌ လေဖြတ်နေသည့် လူနာတစ်ဦးနှယ် ဖြစ်နေတော့သည်။ သို့သော် အင်အားနည်းပြီး လူထုထောက်ခံမှု မရှိသော RCSS၊ ALP၊ KNU/KNLA-PC၊ DKBA တို့ကတော့ စစ်ကောင်စီ အလိုကျပူးပေါင်းနေပြီး NCA ကို ကိုးကွယ်ထားကြဆဲ မြင်ရပေမည်။
NCA လွဲချော်ခဲ့သူ AA ၏ အားသာချက်
အများအားဖြင့် NCA လက်မှတ်ရေးထိုးအဖွဲ့များမှာ လူထုထောက်ခံမှု ကင်းမဲ့လာကြပြီး အင်အားချိနဲ့သူများ ဖြစ်လာကြသည်။ အနီးစပ်ဆုံး ဥပမာသည် ALP ဖြစ်သည်။ ထို့အတူ RCSS၊ ALP၊ KNU/KNLA-PC၊ DKBA တို့သည်လည်း ပြည်သူထောက်ခံမှု ကင်းကွာကာ ဝေဖန်မှုများစွာနှင့် မလူးသာမလွန့်သာအခြေအနေ မြင်ရပေမည်။
၎င်းတို့မှာ NCA ထီးရိမ်ကိုမှီခိုပြီး မိမိနာမည်မပျောက်ရေးကိုသာ အားစိုက်နေကြသည်။ စစ်အာဏာရှင်တို့၏ မတရားမှုများကို မတော်လှန်ရဲ၊ မပြောမဆိုရဲတော့ပေ။ ကိုယ်ကျိုးစီးပွားကလွဲပြီး စစ်မတိုက်ရဲတော့သလို တဖြည်းဖြည်း အားအင်ကုန်ခမ်းနေကြသည်မှာ အရှိတရားအဖြစ် မြင်ကြရမည်။
ယနေ့အချိန်ထိ NCA ထိုးပြီးနောက် စစ်ကောင်စီနောက် ကောက်ကောက်ပါအောင် လိုက်သွားကြသည့် EAOs များထဲတွင် အင်အားကြီးထွားလာမှုများကို တစ်ဖွဲ့မှ မမြင်ခဲ့ရပေ။
အထက်ပါအချက်များကို ကြည့်ခြင်းအားဖြင့် AA သည် NCA လမ်းကြောင်းတွင် ပါဝင်ခွင့်မရခဲ့ခြင်းမှာ ၎င်းအတွက် လမ်းမှန်တစ်ခုဖြစ်နေခဲ့ကြောင်း ယူဆနိုင်သည်။ AA အနေဖြင့် NCA လုပ်ငန်းစဉ်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ပါက ရက္ခိတလမ်းစဉ် နိုင်ငံရေးရည်မှန်းချက်တို့ကို အပြည့်အဝဖော်ဆောင်နိုင်မည်မှာ မသေချာတော့ပေ။
ယခင်က KIA တပည့် လက်နက်စွန့်ရမည်။ NCA စာချုပ်သည် တောင်ပြုံးပွဲတော်မဟုတ် စသဖြင့် အထင်သေး နှိမ့်ချဆက်ဆံ ပြောဆိုခံရသည့် အာရက္ခတပ်တော်သည် ယခုအခါ မြန်မာနိုင်ငံထဲ အင်အားအကြီးဆုံးနှင့် အအောင်မြင်ဆုံး စံပြတပ်အဖြစ် ရောက်နေတော့သည်။
အခြားတစ်ဖက်တွင်လည်း NCA နှင့် လမ်းခွဲပြီးနောက် AA သည် ၂၀၁၇ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့၏ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်အဖြစ် ရှိသည်။ FPNCC သည် NCA စာချုပ်ကိုလက်မခံဘဲ အခြားနည်းဖြင့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးဆွေးနွေးရန် ဖွဲ့စည်းထားခြင်းဖြစ်သည်။ NCA ကို လက်မခံခဲ့သည့် ထိုအဖွဲ့များသည် လက်ရှိတွင် အင်အားကြီးထွားနေသည်ကို မြင်တွေ့ရသည်။
ယင်းဖွဲ့တွင် ‘ဝ’ (UWSA)၊ ရခိုင် (AA)၊ ကချင် (KIA)၊ ရှမ်း (SSPP)၊ မိုင်းလား (NDAA)၊ တအာင်း (TNLA)၊ ကိုးကန့် (MNDAA)တို့ဖြစ်သည်။ အခြားတစ်ဖက်တွင်လည်း ကရင်နီအဖွဲ့လည်း NCA လမ်းကြောင်းတွင် ရှိမနေပေ။
အထက်ဖော်ပြပါ NCA ကနေ အာရက္ခတပ်တော်သည် အရှိတရား နိုင်ငံရေး (Real politics) သဘောသဘာဝအတိုင်း ‘အင်အားကြီးသူ သာစတမ်း အင်အားချိနဲ့သူ လူရာမဝင်’ ဆိုသည့် သင်ခန်းစာ ရလိုက်ခြင်း ဖြစ်ပေမည်။
အချုပ်အားဖြင့် ယခုအချိန်တွင် AA အနေဖြင့် NCA လမ်းကြောင်းကို စိတ်မဝင်စားတော့ပေ။ တစ်ချိန်ချိန်တွင် နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလမ်များ တစုတဝေးတည်းဖြစ်ဖြစ်၊ တစ်ဖွဲ့ချင်းပဲဖြစ်ဖြစ် ပေါ်ပေါက်လာပါက စစ်ကောင်စီသည် AA ကို ယခင်ကလို ဆက်ဆံ၍ မဖြစ်နိုင်တော့ပေ။
ဆိုလိုသည်မှာ အာရက္ခတပ်တော်သည် NCA မဟုတ်သော နိုင်ငံရေးဆွေးနွေးပွဲ လမ်းကြောင်းသစ်တစ်နေရာကနေ အင်အားစုဆောင်းပြီး နွေးဆွေးရန် စောင့်ကြိုနေကြောင်း သုံးသပ်မိပါသည်။