Kyart Sar Myar အကျိုးရှိတဲ့ စာပေများ ဖတ်ဖို့ နာထောင်ဖို့
Page ကို Like & Follow ထားကြနော် ✅
🔴ကျောက်စာများ🔴

21/04/2025

စာပေ

❝ အထက်စီးဆန်နေရင် ပရော်ဖက်ရှင်နယ် မဟုတ်ဘူး ❞ဒါဆို ဘယ်လိုအမူအကျင့်တွေရှိမှ ပရော်ဖက်ရှင်နယ် ပီသမှာလဲမေးရင် ဒီလိုအမူအကျင့်တ...
11/10/2024

❝ အထက်စီးဆန်နေရင် ပရော်ဖက်ရှင်နယ် မဟုတ်ဘူး ❞

ဒါဆို ဘယ်လိုအမူအကျင့်တွေရှိမှ ပရော်ဖက်ရှင်နယ် ပီသမှာလဲမေးရင် ဒီလိုအမူအကျင့်တွေ ရှိရမယ်။

◾Skill ရှိတယ်။

ပရိုဆန်တဲ့လူတွေဟာ သူ့အလုပ်၊ သူ့နယ်ပယ်က ကိစ္စတွေကို ဘာလာလာဒေါင်းနိုင်တယ်။ စကေးတွေ၊ စွမ်းရည်တွေ ပြနိုင်တယ်။ အဲဒီလို ကျွမ်းကျင်နေအောင်လဲ Continuous Learning လုပ်နေတတ်တယ်၊ အဆက်မပြတ် သင်ယူနေတယ်။

◾More than duty ဖြစ်တယ်။

More than duty ဆိုတာက တာဝန်ဝတ္တရားအရ လုပ်တာမျိုးမဟုတ်ဘဲ ကိုယ့်တာဝန်ကို တာဝန်ထက်ပိုတဲ့ စိတ်မျိုးနဲ့ အကောင်းဆုံးလုပ်တတ်တယ်။ ဒီအချက် မပါဘူးဆိုရင် ထိပ်တန်းရောက် ပရိုပီသတဲ့ လူမဖြစ်နိုင်သေးဘူး။

◾Honesty ဖြစ်တယ်။

ရိုးသားမှု မရှိသေးရင် ပရိုမဆန်သေးဘူး။ တစ်ခုခုဆို လိမ်တာ ညာတာ၊ ဖုံးကွယ်ထားတာ ပွင့်ပွင့်လင်းလင်း မရှိတာ၊ Information အတုတွေကို Sharing မလုပ်တာ.. ဒါတွေဟာ ရိုးသားမှုတွေပဲ။ မရိုးသားရင် ပရိုမပီသဘူး။

◾Be punctual ဖြစ်တယ်။

အချိန်ကို လေးစားတယ်၊ အချိန်တိကျတယ်၊ ချိန်းထားတဲ့အတိုင်း ရောက်လာတယ်။ အချိန်နဲ့ပတ်သက်လာရင် သိပ်ပြောစရာ မလိုလောက်အောင် ကတိတည်တယ်၊ ဒါမျိုးကို Punctual လို့ ခေါ်တယ်။ အချိန်ကို လေးစားလေလေ လူတစ်ယောက်ဟာ ပရော်ဖက်ရှင်ဆန်လာလေလေပဲ။

◾Active listening ဖြစ်တယ်။

တစ်ဖက်လူပြောတာကို တလေးတစား နားထောင်တယ်။ ဇွတ်မပြောဘူး၊ ဇွတ်မငြင်းဘူး၊ စကားဝိုင်းနဲ့ လုံးဝမဆိုင်တဲ့ စကားတွေကို သယ်မလာဘူး။ သေသေချာချာ နားထောင်ပြီး ပြောသင့်မှ ပြောတတ်တဲ့အပြုအမူက ပရိုပီသတဲ့လူတွေမှာပဲ ရှိတယ်။

◾Responsibility & accountability ရှိရမယ်။

ကိုယ့်အမှားကို တာဝန်ယူတတ်တဲ့စိတ်က မွေးရာပါ,ပါလာတဲ့စိတ်မဟုတ်ဘူး။ ကိုယ့်ကိုယ့်ကိုယ် တာဝန်ယူတတ်၊ ဒီဟာက.. ကိုယ့်ကြောင့် ဖြစ်ရတာဆိုပြီး သတ္တိရှိရှိ တာဝန်ခံတတ်တဲ့ စိတ်က ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ပျိုးထောင်ယူနေရတဲ့အရာမျိုးပါ။ ဒီတော့ တာဝန်ယူ၊ တာဝန်ခံတတ်တဲ့လူဖြစ်အောင် နေထိုင်ပါ။

◾Say sorry but just not say sorry ဖြစ်ရမယ်။

သူ့အဓိပ္ပါယ်က မှားရင် တောင်းပန်တယ်၊ ဒါပေမဲ့ ငါမှားလို့ ဝတ်ကျေတန်းကျေ ပြီးစလွယ်... တောင်းပန်လိုက်တာမျိုး မဟုတ်ဘူး။ အမှားကနေတဆင့် ကိုယ့်ကိုယ်ကိုယ် ပြန်ပြင်ဖို့၊ တစ်ဖက်လူ ကျေအေး ကျေနပ်နိုင်ဖို့အထိ တောင်းပန်တတ်တာ ပရိုပီသတဲ့လုပ်ရပ်ပါ။ မှားရင် တောင်းပန်ဖို့ ဝန်မလေးနဲ့။

◾Management ပိုင်တယ်။

စီမံခန့်ခွဲမှုလို့ ပြောလိုက်ရင် ကိုယ့်လက်အောက် ဝန်ထမ်းကို စီမံခန့်ခွဲတဲ့ ရှုထောင့်ကနေ ပြောရမယ်။ ဝန်ထမ်းတွေရဲ့ ရပိုင်ခွင့်ကို မတရား ဖိနှိပ်ချုပ်ချယ်လွန်း၊ အထက်စီးဆန်လွန်းရင် အဲဒါ ပရိုမဆန်သေးဘူးဆိုတာ နားလည်လိုက်ပါ။

ပရော်ဖက်ရှင်နယ်ပီသတဲ့ လူတစ်ယောက်ဖြစ်အောင် ထိုင်ဆုတောင်းနေရုံ၊ စာချည်းသက်သက် ဖတ်နေရုံနဲ့ မပြီးသေးဘူး၊ ကိုယ်တိုင်ကလည်း ကျင့်ကြံနေထိုင် ပြုမူနေတတ်ဖို့လဲ လိုသေးတယ်။


#၃၀မိနစ်တက္ကသိုလ်

ဘကြီးအောင် ညာတယ်________________________မင်းသုဝဏ်" အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသ...
09/10/2024

ဘကြီးအောင် ညာတယ်
________________________မင်းသုဝဏ်

" အရှေ့ကျောင်းသား သူတောင်းစား၊ လည်ပေါ်ကျောင်းသား အကောင်းစား၊ ကျောက်မီးသွေးမို့ မည်းသကို၊ တို့ကျောင်းသားမို့ ရဲသကို၊ ဟေ့လာမောင်ရို့ ဝါး ”

ဟု အားရပါးရ ဆူညံစွာ အော်ဟစ်ပြေးလွှားလာကြသော ကလေးတစုသည်ကား လည်ပေါ်ဘုန်းကြီးကျောင်းသားကလေးများ ဖြစ်ကြ၏။

၄င်းတို့၏ကျောဘက် တင်းချလယ်တကွက်လောက် အကွာတွင် ချည်လုံချည်ကို ပျာတာကွင်းသိုင်း၍ သင်တိုင်းအင်္ကျီကို လျော့ရိလျော့ရဲဝတ်လျက် ခေါင်းငိုက်စိုက်နှင့် တလှမ်းချင်းလာနေသော မောင်ချစ်သည် “ ဧဝံ မေသုတံ ဧကံ သမယံ ” ဟု တတွတ်တွတ် ရွတ်လျက်ရှိ၏။ ဆေးတအိုးကျွမ်းလောက် အကြာတွင် အရှေ့သို့ လှမ်းကြည့်လိုက်ရာ ပန်းပုဆရာကြီး ဦးအောင်ချာ၏ ကနားဖျင်းတဲ၌ ကျောင်းသားသူငယ်ချင်းများ ဝိုင်းအုံနေသည်ကို တွေ့ရလေ၏။ မိမိသည်လည်း အကြောင်းကို သိလိုသောကြောင့် ပြေးသွား တိုးဝင်ကြည့်ရှုလေ၏။

ဦးအောင်ချာသည် ဆင်စွယ်မင်းသမီးရုပ်ကလေးတခုကို ထုလျက်ရှိ၏။ ထုလုပ်စဖြစ်၍ ရုပ်လုံးပေါ်ရုံမျှပင် ရှိသေးသော်လည်း အရုပ်ကလေးမှာ နွဲ့နှောင်းဖြူဖွေး ချစ်စရာကလေးဖြစ်ပေ၏။ အတန်ကြာသောအခါ မောင်ထွေး၊ မောင်ခွေး၊ ဘိုးစ၊ ဘိုးလှတို့တစု ထပြန်သွားလေ၏။ မောင်ချစ်ကား မြေကြီးပေါ်တွင် ဒူးထောက်၍ ကွပ်ပျစ်ခါးပန်းတွင် မေးတင်ပြီးလျှင် အငေးသား ကြည့်လျက်ပင်ရှိသေး၏။

“ ဘကြီးအောင် ဒီမင်းသမီးရုပ်ကလေးကို ဘယ်သူ့ပေးဖို့ ထုနေတာလဲဟင် ”

ဟု မျက်စိကလေး ပေကလပ်လုပ်၍ မေးလေ၏။ ဆောက်ပုတ်နှင့် ဆောက်ကလေးကို အသာချ၍ ဆောက်ပုံးထဲတွင် ဆေးလိပ်တိုစမ်းနေသော ဦးအောင်ချာက

“ ငါ့တူ လိုချင်လို့လား၊ ငွေတကျပ်ယူခဲ့ရင် ဘကြီးပေးမယ် သိလား ”

ဟု အမှတ်မဲ့ ပြောလိုက်သောအခါ မျက်မှောင်ကြုတ်ရင်း ခေါင်းကုတ်လျက်

“ ငွေတကျပ်ဆိုတာ ဘယ်နှစ်ပြားလဲ ဘကြီးအောင်ရဲ့” ဟု မေးပြန်လေ၏။

ပန်းပုဆရာကြီးလည်း ဆေးလိပ်ကိုချ၍ လက်ဝါးနှစ်ဖက်ကို ထောင်ပြလျက်

“ ဆယ်ပြား... ဆယ်ပြား ခြောက်ခါ၊ နောက်ပြီးတော့ လေးပြား ထပ်ထည့်၊ အဲသလောက်ကို တကျပ်ခေါ်တယ်၊ ကြားလား ”

ဟု ကလေးသူငယ်များကို ချစ်ခင်သောဝါသနာရှိသည့်အတိုင်း စိတ်ရှည်လက်ရှည် ခြေဟန်လက်ဟန်နှင့် ရှင်းလင်းပြောပြလေ၏။

“ အဲဒီတကျပ်ပေးရင် ကျွန်တော် ဒီအရုပ်ကလေးကို တကယ်ပဲ ရမလား။ နောက်တော့ မညာနဲ့နော် ဘကြီးအောင်”

ဟု ပြောရင်း သျှောင်ဆံမြိတ်လေးကို ချာချာလည်အောင် ပတ်ရစ်လျက် အိမ်ရှိရာသို့ ရွှင်လန်းဝမ်းမြောက်စွာ ခုန်ပေါက်ပြေးလွှားသွားလေ၏။

* * *

မောင်ချစ်သည် နေ့လည်ချိန် ကျောင်းတွင် မုန့်ဝယ်စားဖို့ရန် မိခင်ပေးလိုက်သော တပြားသော အသပြာကို မသုံးစွဲရက်ဘဲ အင်္ကျီ သင်ပုန်းခေါင်းတွင် အပေါက်ငယ်ဖောက်၍ စုထားသည်မှာ ခြောက်ပြားမျှရလေ၏။ တထွာမျှကျယ်သော မိမိဝမ်းခေါင်းသမုဒ္ဒရာအတွက်မူကား နေ့ဆွမ်းစား ကုလားတက်အခေါက်တွင် ဘုန်းတော်ကြီးဦးခေမာဝေသော ငှက်ပျောသီးတလုံးနှင့် ကျေနပ်ဖူလုံလျက်ရှိလေ၏။

ဆင်စွယ်ရုပ်ကလေးသည် တနေ့တခြား သားနားကျော့ရှင်း၍လာ၏။ သွားကလေးများပေါ်လုမတတ်ရှိအောင် ပြုံးလိုက်ရန် ဟန်ပြင်နေသောအသွင်သည် အိပ်ပျော်နေသော ညအချိန်တွင်ပင်လည်း မောင်ချစ် မျက်လုံးတွင်းမှ မထွက်။ ကြည့်ရဖန်များလေ အရုပ်ကလေးမှာ လှလာလေ၊ လိုချင်စိတ်ပွားလာလေ ဖြစ်ရကား တနေ့မှ တပြား တပြား စုရသည်ကို အလွန်ဖင့်နှေးကြန့်ကြာသည်ဟု သိလာလေ၏။ ပိုက်ဆံရလိုလွန်း၍ ဥပုသ်နေ့များကိုပင် စာသင်ရက်ဖြစ်ပါစေတော့ဟု ဆုတောင်းမိ၏။ တပေါက် တလမ်း ဘယ်နည်းနှင့် ပိုက်ဆံရအောင် ကြိုးစားရပါမည်နည်းဟု ကြံစည်မိပြန်၏။

ထိုစဉ်အခါက ကမ္ဘာစစ်ကြီးအတွင်းဖြစ်၍ ကျောက်တံ အလွန်ရှား၏။ မောင်ချစ်သည် အစ်ကိုကြီး ကိုသစ်၏ ကျောက်သင်ပုန်းကွဲများကို ညောင်ရေအိုးစင်မှယူ၍ ညဉ့်နက်သန်းခေါင်မရှောင် မှိုင်းတလူလူထွက်နေသော ရေနံဆီမီးခွက်ကြီးကို ထွန်းညှိလျက် ချွန်ထက်သော ဖဲထီးသံချောင်းဖြင့် ကျောက်တံတိုက်လေ၏။ ကျောက်တံရောင်း၍ ပိုက်ဆံခြောက်ပြားရ၏။ ကျောင်းသားကြီး ဖိုးတေက အနိုင်ကျင့်၍ မပေးဘဲထားသော အကြွေးတပြားအတွက်လည်း တွေးမိတိုင်း ဆွေးရပြန်၏။

တဆယ့်နှစ်ပြားမျှရလာသောအခါ အင်္ကျီသင်ပုန်းခေါင်းမှာ မဆံ့တော့ပြီဖြစ်၍ နှစ်ဖက်ပိတ် ကြသောင်းဝါးဆစ်တဆစ်တွင် ထိပ်ကအပေါက်ဖောက်ကာ ဝေလခေါင်း၊ ဂျော့ခေါင်း၊ နတ်ဖိုးချွန်း စသော တံဆိပ်အမျိုးမျိုး ခတ်နှိပ်သည့် ကြေးပြား ၁၂ ပြားတိတိကို သွင်းလှောင် သိုမှီးထားလေ၏။ နှစ်ဆန်းတရက်နေ့က ဒွေးလေးညို ချစ်စနိုးပေး၍ သူငယ်ဖော်မောင်ထွေးက အလိုက်နှစ်ပြားပေးကာ ပိုက်ဆံချင်းလဲခိုင်းခဲ့စဉ်က မလဲရက်ဘဲ တွယ်တာခဲ့သည့် ထုံးအမှတ်နှင့် ဒေါင်းပိုက်ဆံကလေးကိုလည်း ဖျာအောက်မှထုတ်ယူ၍ ကြေးပြားအဖော်များရှိရာ ကြေးတိုက်အတွင်းသို့ သွတ်သွင်းထားလိုက်၏။ ကြေးပြားအရေအတွက်ကိုလည်း ဝါးကြောတွင် စူးဖြင့် ခြစ်၍ မှတ်ထားလေ၏။

“ ပဲဟင်းချက်တဲ့နေ့က တပြား၊ ဘကြီးထူး ကျွဲပျောက်တဲ့နေ့က တပြား ”

စသည်ဖြင့် လက်ချောင်းကလေးများကို ချိုးကာ ချိုးကာ ပိုက်ဆံစာရင်း တွက်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်၏။ ရေတံလျှောက်ထဲမှာ ထားရရင်ကောင်းနိုးနိုး၊ သင်္ဘောကြမ်းပေါ်မှာ ဝှက်ရလျှင် လုံနိုးနိုးနှင့် ပိုက်ဆံဘူးနေရာ ပြောင်းရသည်မှာလည်း အမောပင်ဖြစ်၏။ အရုပ်ကလေးကိုရလျှင် ထည့်ထားဖို့ရန် ထန်းရွက်ဖာချောကလေးကို အမျိုးမျိုး ပြုပြင်ဆင်ယင်မွမ်းမံရသည်မှာလည်း မအားပင်ဖြစ်လေ၏။

စျေးသည် ဒေါ်ခါဥ၏ တောင်းနီထဲ၌ အငွေ့ထောင်းထောင်းနှင့် ကောက်ဦးငချိပ်ပေါင်းကို မြင်ရသောအခါ သွားရည်ယိုမိ၏။ သို့ပါသော်လည်း ဝယ်မှရသောသရေစာတို့ကို သပိတ်မှောက်လေ၏။ သူငယ်ဖော်တို့ ဖန်ဒိုးဝယ်၍ ဂေါ်လီရိုက်သောအခါ ကလေးတို့ဘဝ အများနည်းတူ ကစားလိုပါသော်လည်း မိမိတွင် ရှိရင်းစွဲ စည်ပတ်သံခွေ အဟောင်းကြီးကို ကျောင်းဝိုင်းပတ်လည်တွင် လှည့်ပတ်ရိုက်လျက် တယောက်ထီးတည်း ကျေနပ်တင်းတိမ်ရလေတော့၏။ သို့ဖြင့် တပြားတိုးလျှင် တမျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ပိုက်ဆံ ၃၆ ပြား ပိုက်မိသော နေ့သို့ ရောက်လေသတည်း။

ညနေ ၄ နာရီ ကျောင်းလွှတ်ခေါင်းလောင်းသံသည် မောင်ချစ်၏ နှစ်လုံးသွေးကို နှိုးဆွလိုက်လေ၏။ ဘုရားရှိခိုးဆုံးခါနီး “အာမ” ဟု ဆိုမိလျှင်ပင် “ဘန္တေ” ကို မစောင့်နိုင်ဘဲ ထ၍ပြေးလေရာ ကိုရင်ကြီးတပါးက အလျင်လိုရကောင်းမလားဟူ၍ ထိပ်ကို ဂေါင်ဂေါင်မြည်အောင် ခေါက်လိုက်၏။ အမှုမထားမိ၊ လမ်းတွင် ခလုတ်တိုက်၍ ခြေမကွဲသွားသော်လည်း နာရမှန်းမသိ၊ ဦးအောင်ချာ့ ကနားဖျင်းနား ရောက်သောအခါ အတွင်းသို့ ဝင်သွားလေ၏။

ဖော့ဦးထုပ်ကိုဆာင်း ဘောင်းဘီအပြာဝတ်လျက် ကွပ်ပျစ်ထက်တွင် အခန့်သားထိုင်ရင်း မင်းသမီးရုပ်ကလေးကို ဘယ်ပြန်ညာပြန် ပယ်ပယ်နယ်နယ် ကိုင်တွယ်ကြည့်ရှုနေသော လူကြီးတယောက်ကိုမြင်မှသာ ကိုယ်ရှိန်သတ်၍ ပြောနေကြသောစကားကို ကြားမိလေတော့၏။

“ဘယ့်နှယ့်လဲ ဆရာကြီးရဲ့၊ ကျုပ်ပြောတဲ့အဖိုးနဲ့ပဲ ပေးလိုက်မယ်မဟုတ်လား။ ခင်ဗျားတို့အရပ်မှာ ဒီအရုပ်ကလေးနဲ့ တန်တဲ့အိမ် တအိမ်မှ မရှိပါဘူး။ ဝယ်နိုင်မယ့်လူလည်း ရှိမှာမဟုတ်ပါဘူး”

“ မှန်ပါ။ ဝန်ထောက်မင်းဖို့ဆိုရင်တော့ အလကားတောင်းလည်း ပေးရမှာပါပဲ။ နို့ပေမဲ့ အချောသတ် အမွှမ်းတင်ဖို့ လေးငါးရက်လောက် ဆိုင်းစေချင်ပါတယ်။ ပြီးရင်ပြီးချင်း ဝန်ထောက်မင်းတို့ဆီကို လာပြီး ပို့ပေးပါ့မယ် ”

ထိုမျှ ကြားရလျှင်ပင် မောင်ချစ်၏အသည်းနှလုံး အူသိမ်အူမတို့သည် ကြွေကျမတတ်ဖြစ်လေ၏။ အရုပ်ကလေးကို အတင်းလု၍ ပြေးလိုသောစိတ် ပေါ်လာသော်လည်း ဝန်ထောက်မင်းဟု ကြားရရုံမျှနှင့်ပင် ရင်ဒူးတုန်နေရသော မောင်ချစ်မှာ အဘယ်သို့ ဝံ့ရဲပါအံ့နည်း။ ခါးကြားက ခြောက်လုံးပြူးသေနတ်သည်လည်း မောင်ချစ်၏အကြံကို သိသည့်အလား မောင်ချစ်ဆီသို့ စိမ်းစိမ်းလှည့်၍ ခြောက်လှန့်မောင်းနှင်လေ၏။ ဝဲလာသောမျက်ရည်ကို အနိုင်နိုင်ထိန်း၍ မိမိဘက်သို့ကျောင်ခိုင်းနေသော ဆင်စွယ်ဒေဝီကလေးကို နောက်ဆုံးကြည့် ကြည့်လျက် ထွက်လာလေ၏။

လမ်းကြားငယ်တခုအတွင်းမှ “ဟိုကောင်ကလေး ညိုတိုတို တို့ကိုကြိုက်လို့ ငို၊ နင်ငိုပေမယ့် အလကား၊ တို့အမေက မပေးစား”ဟု ထွက်ပေါ်လာသော တေးသံသည် တေးဆိုသူအား နှလုံးပွားဖွယ်ပင်ဖြစ်သော်လည်း မောင်ချစ်၏ နှလုံးသားကိုကား ဓါးပါးနှင့် မွှန်းလိုက်လေတော့သတည်း။

* * *

၁၅ ရက်မျှကြာသောအခါ ခေါင်းထက်တွင် တဘက်ကိုယ်စီတင်ထားသော မိန်းမကြီးတစုနှင့် ယောက်ျားကြီးတယောက်တို့ မောင်ချစ်တို့၏ ခြောက်သွေ့သောခြံကလေးအတွင်းသို့ ဝင်သွားသည်ကို မြင်ရပါသည်။ အိမ်ရှေ့ခွေးကတက်ကို တက်မိလျှင်ပင် တိုင်ဖုံးနား၌ မျက်ရည်စက်လက် ဦးဆံဖားလျားနှင့် ထိုင်နေသော မိန်းမတဦးသည် ယောက်ျားကြီး၏ ခြေအစုံကို ပြေးဖက်လျက် “ အမလေး ကိုရင်အောင်ရဲ့၊ မောင်ချစ် ဖြစ်ပုံတွေကို မြင်ဝံ့သေးရဲ့လားရှင်။ မောင်ချစ်ရေ အမေ့သားကြီးရဲ့ အမေလိုက်ခဲ့မယ်ကွဲ့နော်။ ဟီး ဟီး ” ဟု ဟစ်အော်ပြောဆို ငိုကြွေးမြည်တမ်းလေ၏။

ဦးအောင်ချာလည်း မောင်ချစ်အလောင်းနားတွင် မလှုပ်မယှက်ထိုင်နေသော မောင်ချစ်ဖခင်အား “ ဘယ့်နှယ်ဖြစ်ရတာလဲ မောင်ဖိုးငွေရဲ့။ ကိုရင်လည်း မြို့တက်သွားတာ ဆယ့်လေးငါးရက်ကြာသွားလို့ ဘာသတင်းမှ မကြားမိဘူး။ အခု ပြန်ရောက်ရောက်ချင်းပဲ အိမ်မှာ ထိုင်တောင်မထိုင်ခဲ့ဘဲ ပြေးလာတာပဲကွဲ့ ” ဟု ပြောလေ၏။

“ ကိုရင်ရယ် ဘာရောဂါရယ်လို့လဲ မပြောတတ်ပါဘူး၊ တမှိုင်မှိုင် တတွေတွေနဲ့ ထမင်းမစား၊ ဟင်းမစား။ တခါတလေ သူ့အမေကျွေးလို့ ဆန်ပြုတ်ကလေး တဇွန်းလောက် ဝင်သွားပေမဲ့ ချက်ချင်း အန်ပစ်လိုက်တာပဲ၊ ပယောဂဆိုလို့ ဆရာသြခေါ်ပြတာလည်း ဘာမှ မထူးခြားပါဘူး။ မနေ့ညကတော့ သူ့အမေကိုခေါ်ပြီး သူစုထားတဲ့ပိုက်ဆံ ငါးမူးနှစ်ပြားကို သူ့ဆရာတော်ကို လှူလိုက်ပါလို့ မှာပြီးတော့ ကိုရင်အောင်ကို မေးတာပဲ။ မြို့သွားတယ်လို့ပြောတော့ အတန်ကြာကြာ ဘာမျှမပြောဘဲ မောနေပြီး “ ဘကြီးအောင် ညာတယ် ” လို့ မပီ့တပီ ပြောရင်းက အသက်ပျောက်သွားတာပဲ ” ဟု ပြော၍ လုံချည်စဖြင့် မျက်ရည်သုတ်လေ၏။ ဦးအောင်ချာလည်း စဉ်းစား၍ အကြောင်းအရင်းကို ရိပ်မိသောအခါ မျက်နှာညှိုးငယ်၍ သွားလေတော့သတည်း။

ယခုအခါတွင်ကား ရွာကလေးအနောက်ဘက် နွားစားကျက်အနီး ထိမ်ပင်ကြီးတောင်ယွန်းယွန်းရှိ သင်္ချိုင်းကုန်းထက်တွင် ထီးထီးသောအုတ်ဂူကလေးတခုကို တွေ့နိုင်ပါသည်။ “ အချစ်ဂူ ” ဟူ၍လည်းကောင်း၊ “ မောင်ချစ် ဂူ ” ဟူ၍ လည်းကောင်း အမည်နှစ်မျိုးဖြင့် ခေါ်ကြရာ မည်သည်ကို အမှန်ဟူ၍ မပြောနိုင်ပါ။ ဂူကလေး၏ အရှေ့မျက်နှာ လိုဏ်ပေါက်ခေါင်းလေးထဲတွင် ကျွဲကျောင်းသား၊ နွားကျောင်းသားတို့၏လက်ချက်ကြောင့် ကျိုးပဲ့ပျက်စီးနေသော အရုပ်ကလေးတစုံကို တွေ့နိုင်ပါသေးသည်။ လိုဏ်ဝအင်္ဂတေတွင် သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “ လို၍မရသော ဆင်းရဲ ” ဟု စာတန်းထိုးထားပါသည်။ ကျွန်တော်၏ဘိုးအေအား မေးမြန်းကြည့်ရာ သုံးနှစ်လောက်က ပျံလွန်တော်မူသွားသော တောထွက်ကြီး ဦးဣန္ဒ၏ လက်ရာဖြစ်သည်ဟု သာမန်မျှသာ သိရပါသတည်း။
----------------------
#မင်းသုဝဏ်

လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ? အဆင့်အတန်းဆိုတာ လူတစ်ယောက်က အခြားလူတစ်ယောက်အပေါ်မှာ လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆ...
08/10/2024

လူတစ်ယောက်ရဲ့ အဆင့်အတန်းဆိုတာ ဘာလဲ?

အဆင့်အတန်းဆိုတာ လူတစ်ယောက်က
အခြားလူတစ်ယောက်အပေါ်မှာ
လေးစားမှု၊ စာနာမှု၊ တနွေးတထွေး ဆက်ဆံမှု
တစ်ဖက်လူရဲ့ ကိုယ်စိတ်နှစ်ပါးလုံး
မနစ်နာသွားအောင် ပြောဆိုပြုမူမှု၊
သစ္စာရှိမှုတွေကို ခေါ်တာပဲ ဖြစ်တယ်။

ဒီလို စိတ်သဘောထားတွေ ရှိတဲ့သူကိုမှသာ
အဆင့်အတန်းမြင့်တဲ့သူလို့ ခေါ်သင့်တယ်။

မြသန်းတင့်

#မြသန်းတင့်
Kyart Sar Myar

07/10/2024

ထိုင်းနိုင်ငံမှာ MOU အလုပ်သမား သုံးဆယ်ခန့် စာချုပ်ပါအတိုင်း အလုပ်မရလို့ အခက်အခဲဖြစ်
👇

မောင်ပေါများ သိခဲ့တာ တခုတည်း။လူတွေ ရေနစ်မသေအောင် ကယ်နိုင်သမျှ ကယ်ပေးဖို့။ဆီဘယ်လိုများ ဖြည့်ခဲ့ပါလိမ့်။သူ့စက်လှေလေးမှာ ဆီ...
05/10/2024

မောင်ပေါများ သိခဲ့တာ တခုတည်း။
လူတွေ ရေနစ်မသေအောင်
ကယ်နိုင်သမျှ ကယ်ပေးဖို့။

ဆီဘယ်လိုများ ဖြည့်ခဲ့ပါလိမ့်။
သူ့စက်လှေလေးမှာ ဆီရှိနေခဲ့လို့သာ
ကံကောင်းခဲ့ကြရှာတာပါ။



" လက်မောင်းပလွေရိုးလေးရဲ့ အကယ်ဒမီ''

(သူရဲကောင်းလေးအတွက်ဂုဏ်ပြုကဗျာ)

ကိုကြည်စိန်.
မန်းလေး



*အခုတော့..
မြစ်ဆိုရင်လဲ...
တောသားလေးရဲ့မြစ်ပေါ့...သူပိုင်သွားပြီ။

*ချောင်းဆိုရင်လဲ..
တောသားလေးရဲ့ချောင်းပေါ့၊သူအပိုင်သိမ်းလိုက်ပြီ။

*ဘာပြောကောင်းမလဲ..
သာဝတ္ထိနဲ့လယ်ဝေးတစ်ဝိုက်က
မြင်း.ဒုန်းစိုင်းသလိုအပြေးသိပ်မြန်တဲ့.
လှိုင်းသန်သန်ကြီးတွေကို.''ဇက်ခွံ့.''နိုင်ခဲ့တဲ့..
ဆယ့်နှစ်နှစ်သားရဲ့လက်မောင်းသေးသေးလေးမှာ
ဘာ.အားဆေး​​.တွေများ.ဘယ်လို.ထိုးထားလို့ပါလိမ့်.၊
အခုတော့..သူဟာ...လယ်ဝေးနယ်တကြောက
မြစ်ချောင်းအားလုံးရဲ့ကုပ်ပိုးကိုခွစီးအနိုင်ယူနိုင်သူလူစွမ်းကောင်းလေးအဖြစ်သူ့သမိုင်းသူသစ်စေခဲ့ပေါ့

*မသိရင်...ပုံပြင်.ထင်ချင်ထင်နေကြအုံးမှာ....
ဒါပေမဲ့..........ခြေထောက်မှာ ''ဝဲစွဲ''ခဲ့ဖူးတဲ့.မင်းသားလေးဟာ
ပုံပြင်ထဲကသူရဲကောင်းတွေထက်အပုံကြီးသာတယ်။

*မိုးထဲ.ရေထဲ.လှိုင်းထဲ.စိုရွှဲ..တော်လည်းသံတွေထဲက
လှေအိုအကွဲလေးနဲ့.အသက်ကယ်တဲ့.ဇာတ်လမ်းကို
လှလှပပလေး.မှတ်တမ်းတင်ပေးကြပါလို့..
သူ.လုံးဝ..လုံးဝ.မတောင်းဆိုခဲ့ဘူး.
သူ့စိတ်ရင်းဖြူက..အဲသလို..။

*လွန်ခဲ့သော.
ကွမ်းတစ်ယာညက်.ကာလလေးမတိုင်မီအထိတော့
(သူတို့မိသားစုလေးဟာ....)
လူရာသွင်းဖို့.ဘယ်တော့မှ.အဆိုပြုခြင်းမခံရတဲ့..
အပယ်ခံ'ဖင်မလီ'လေးဆိုတာ.သိပ်.သေချာတာပေါ့။

​*မြေဂရံမလိုတဲ့..
ရွာအပြင်ကမ်းအစပ်မှာ..
ဝမ်းမငတ်ဖို့..ရေပျော်တံငါအလုပ်နဲ့
''ဂျီအိုအေတီ.'ဆိတ်''.တစ်အုပ်သည်သာ
အဖိုးအထိုက်ဆုံးလောကီရတနာတွေလေ...၊
ရေယိုမစဲ.လှေအိုအကွဲလေးက.နှလုံးခုန်ရပ်မသွားဖို့
(အောက်ဆီဂျင်အမှတ်အသားပါတဲ့.)
တံငါတဲလေးရဲ့ကျေးဇူးရှင်ပေါ့..။

*ထို.တဒင်္ဂ.''ငရဲည''ငိုညည်းသဲသဲ
ရေမီးတောက်ကြီးတွေ.ကြားထဲမှာ..
ကယ်ပါယူပါ.တစာစာဟစ်.တစ္ဆေမြစ်ကြီးအလယ်
ဘယ်သူ...သူရဲကောင်းလုပ်ရဲသလဲ..ဟေ့...?
(မေးရက်တယ်..ရူးသလား.ရူးသလားကွာ.တဲ့)
ထူးမခြားနား.မသေရဲသူအပေါင်းတို့ရဲ့ကြားမှာ..
''တကယ်ရူးသွား''ရှာတာ..သိပ်.သေချာတဲ့..
လက်မောင်းပလွေရိုးပိုင်ရှင်ကောင်လေးဟာ....
နွံထဲက.ရုန်းကြွလာတဲ့..ကြာပွင့်ကြီးတစ်ပွင့်ပေါ့..၊
တိမ်ညိုတွေကိုခွဲထွက်လာတဲ့.နေရဲရဲကြီးတစ်စင်းပေါ့
ပင်လယ်ရေ​ငန်တွေ''တက်တက်စင်ခန်း''သွားအောင်
သူ့အမြီးနဲ့''ခတ်''ပစ်မဲ့.ဝေလငါးကြီးတစ်ကောင်ပေါ့။

*''အမေ..သားကိုဂုံးပိုးခေါ်ပေးပါ''တဲ့...
''အား...စပ်တယ်..စပ်တယ်.အမေရယ်''..တဲ့
(သည်းခံပါသားရယ်.ဒါလောက်တော့စပ်မှာပေါ့တဲ့
အမေက.အမေက.၊သူ့အမေ.မထွေးက.ထွေးပွေ့လို့)
ရေထဲ.နှစ်ရက်နဲ့တစ်မနက်လုံးလုံး.ရဲဝံ့စွန့်သူလေးက
သူ့အမေ.မထွေး.ရင်ခွင်ထဲရောက်သွားပြန်တော့...
ဝဲနာပျောက်ဆေး.စပ်တာကိုပင်..မခံနိုင်တဲ့
ယုန်သူငယ်လေး.ဖြစ်သွားပြန်ပါရော...၊
သဘာဝမကျတဲ့သဘာဝကျခြင်းပေါ့ကလေးရေ
(အမေ့ရင်ခွင်ထဲမှာ.သူရဲကောင်းဆိုတာ.မရှိဘူးကလေးရဲ့...မှတ်ထား..)

*(တကယ်တော့..ငါဟာ..
မင်းကို.တအားလေးစား.အားကျနေရတဲ့
အဝေးက..လူအိုပေါက်စ.တစ်ဦးပါကွယ်.၊
မင်းအကြောင်းသတင်းကောင်း.မှန်သမျှကို
အငမ်းမရကဗျာဖွဲ့နေရရင်.ထမင်းမေ့ဟင်းမေ့ပေါ့)

*နှစ်ပေါင်းခြောက်ဆယ်ကျော်
ငါ..အလဟဿဖြုန်းတီးပစ်ခဲ့သော
ရက်ပေါင်း..ဆောင်း.နွေ.မိုးတို့ဟာလဲ
လက်မောင်း.ပ​လွေရိုးလေးရဲ့
ကြွက်သား.အပြိုင်း.အပြိုင်းကြီးတွေရှေ့မှာ
သိက္ခာ..အခါတစ်ရာမက.ကျပြီးရင်း.ကျခဲ့ပေါ့..။

*''မောင်ပေါများလေး''..ရေ...
ဒီနှစ်အတွက်.အကယ်ဒမီခန့်မှန်းဖို့..
ဒို့များ..ဦးနှောက်..မခြောက်တော့ပြီ..၊
ဆယ်လီဆိုသူ​​တွေဟာ.အကယ်ဒမီရအောင်..
အငိုတု.အပြုံးတုများနဲ့သရုပ်ဆောင်ကြရတာပါ၊
''ရေခဲထက်ပူတဲ့.ဆိုးသွမ်းရေမုန်တိုင်း''ကြီးထဲမှာ....
မင်းစွန့်လွှတ်ခဲ့တဲ့ချွေးစက်.ပုလဲပွင့်တစ်ကုဋေဟာ.
တစ်ပွင့်တလေလေးမှ..အတုအအပမပါဘူးဆိုတာ.
ဒို့အားလုံး.နှလုံးသားနဲ့ကြည့်တယ်မြင်တယ်သိတယ်
ပြီးတော့.......ငြိတယ်...................ငြိ''တွယ်''တယ်..။

*အို....
ဟာကျူလီနှလုံးသားနဲ့..
မနာလိုစရာကောင်းလောက်အောင်.စွမ်းသူလေးရဲ့..

*ဒီနှစ်ပေးရမဲ့.
အကယ်ဒမီဆုအားလုံး..မင်းကို.ပေးအပ်တယ်
သိမ်းကျုံးယူပေတော့..လက်မောင်းပလွေရိုးလေးရဲ့။

*လူကလေး..ပိုင်သတဲ့..
သန်စွမ်း.ဖြူစင်.မွန်မြတ်လှသော
ကြွက်သားအမျှောင်းအမျှောင်းကြီးတွေနဲ့.ပေါ့...။



မောင်ကြည်ဇေ(ရေနံချောင်း)
4..10..20024.နေ့လယ်ခင်း။



*(သူ့လို.နှလုံးသားဖြူစင်သန်စွမ်းသူလေးတွေ
အထပ်ထပ်.ပေါက်ဖွားလာစေဖို့.ရည်ရွယ်ဖွဲ့ပါတယ်)

*မိတ်ဆွေများ....
(ဆင့်ပွားလိုက)ခရက်ဒစ်ပေး၍.မျှဝေနိုင်ပါတယ်.။

မပျင်းနဲ့။         လူငယ်တွေအနေနဲ့ ဘဝအတွက်ရုန်းကန်နေရတဲ့အချိန်မှာ မပျင်းပါနဲ့။ ပျင်းတဲ့ စိတ်ကိုလဲ အကြာကြီးမမွေးပါနဲ့။ ပန်...
04/10/2024

မပျင်းနဲ့။

လူငယ်တွေအနေနဲ့ ဘဝအတွက်ရုန်းကန်နေရတဲ့အချိန်မှာ မပျင်းပါနဲ့။ ပျင်းတဲ့ စိတ်ကိုလဲ အကြာကြီးမမွေးပါနဲ့။ ပန်းတိုင်တွေ တစ်သီးတစ်တန်းကြီးချမှတ်
ပြီး မိုးလား ကဲလားနဲ့ ၊နောက်ကြတော့ကော်ရိုးမီးလို
ခဏလေးနဲ့ ငြိမ်သွားတက်ကြပါတယ်။ပျင်းတဲ့စိတ်ဝင်
လာပြီဆိုရင်၊သေးငယ်တဲ့ အလုပ်တစ်ခုကို ကောက်
လုပ်လိုက်ပါ ။ အလုပ်တစ်ခုပြီးတဲ့အခါ တက်ကျွတဲ့စိတ်တွေ ပြန်လည်ရရှိလာပါလိမ့်မယ်။ နည်းနည်းလေးပျင်းတာနဲ့လအပျင်းက စွဲသွားတက်ပါတယ်။ဒါကြောင့် မပျင်းပါနဲ့။

ငါရှိတယ်နော် "❣==============1️⃣ စိတ်လုံခြုံမှုပေးနိုင်ခြင်းမွမ်းကြပ်လွန်းလို့ အခန်းထောင့်မှာ တစ်ယောက်တည်း ခိုးငိုနေရချိ...
02/10/2024

ငါရှိတယ်နော် "❣
==============
1️⃣ စိတ်လုံခြုံမှုပေးနိုင်ခြင်း
မွမ်းကြပ်လွန်းလို့
အခန်းထောင့်မှာ တစ်ယောက်တည်း ခိုးငိုနေရချိန်
လူတွေ အများစု ခံစားရတဲ့ ခံစားချက်က
“ကမ္ဘာပေါ်မှာ ငါတစ်ယောက်တည်း"
"ဘယ်သူမှ ငါ့ကို မချစ်ကြဘူး "
"ဘယ်သူမှ ငါ့တန်ဖိုးတွေ နားမလည်ကြဘူး"
"လောကကြီးက မတရားဘူး” ဆိုပြီး
စိတ်မလုံမခြုံသလို ဖြစ်ကြရတယ်။
ဒီလို အချိန်မျိုးမှာ
"ငါရှိတယ်နော်"ဆိုတဲ့ စကားလေး ကြားလိုက်ရတဲ့အခါ
ငါ့အတွက် ဒီလူသား တစ်ယောက်တော့ ရှိနေပါသေးလား
ဆိုတဲ့ အတွေးနဲ့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုကို ရသွားစေပြီး
နာကျင်မှုရဲ့ သုံးပုံ တစ်ပုံဟာ အလိုလို ပျောက်ကွယ်သွား‌စေပါတယ်။
2️⃣ အထီးကျန်စိတ် ပျောက်ကွယ်ခြင်း
ဝမ်းနည်းရတဲ့ အချိန်ဟာ တစ်ယောက်တည်း ကမ္ဘာပါပဲ။
ဘယ်သူမှ ကိုယ့်ဘက်မှာ ရှိနေမပေးဘူး။တစ်ယောက်တည်း ရပ်တည်ရှင်သန်ရုန်းကန်နေရတယ်။
ဒီလို ခံစားချက်မျိုးတွေ ဖြစ်တဲ့သူဟာ
သိပ်ပြီး အထီးကျန်ကြတယ်။တစ်စုံတစ်ယောက်ရဲ့
ထွေးဖက်မှုကို လိုချင်တယ်။အားပေးသံတွေ ကြားချင်တယ်။လက်ရှိခံစားချက်ကို နားလည်ပေးစေချင်ကြတယ်။ သိစေချင်ကြတယ်။
ဒီလို အချိန်မျိုးဟာ အနွေးဓာတ်လိုအပ်နေတဲ့ အချိန်လို့
ပြောလို့ရပါတယ်။အနွေးဓာတ် လိုအပ်နေတဲ့ အချိန်မှာ
သူနဲ့ အတူတူ ရှိနေပေးရင်းနဲ့ပဲ ဖြစ်ဖြစ်၊ဖုန်းပြောပေးနေရင်းနဲ့ပဲ ဖြစ်ဖြစ် " ငါရှိတယ်နော်" ဆိုတဲ့ စကားလေး
ထည့်ထည့်‌ပြောပေးခြင်းဟာ အနွေး‌ဓာတ်ကို တစ်ဖက်လူ ရရှိစေပြီး အထီးကျန်စိတ်ဟာ အလိုလို ကွယ်ပျောက်သွားစေပါတယ်။
3️⃣ ချစ်ခြင်းမေတ္တာကို လက်တွေ့ ခံစားနိုင်တယ်။
နောက်ဆုံးအချက်ပါ။
"ငါရှိတယ်နော် ဘာမှ အားမငယ်နဲ့" ဆိုတဲ့ စကားလေးပြောရင်း ပွေ့ဖက်လိုက်တဲ့အခါ တစ်ဖက်လူဘက်မှာ အချစ်ဟော်မုန်းဓာတ်တွေ ထွက်စေပါတယ်။
ချစ်ခြင်းမေတ္တာကို လက်ခံရရှိပါတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ပေါ့။ဒီ အချစ်ဟော်မုန်း‌တွေဟာ ပျော်ရွှင်ဖို့အတွက် အထောက်အပံ့ဖြစ်စေသလို နာကျင်မှုတွေ သက်သာစေဖို့ အတွက်လည်း ကူညီပေးပါတယ်။
တချို့ အသည်းနုတဲ့ သူတွေ ဆိုရင် ဒီစကားကြားတာနဲ့
မျက်ရည် ပိုးပိုးပေါက်ပေါက်ကျတာ ဒီအချက်ကြောင့်ပါ။
ဒါကြောင့် သင့်သူငယ်ချင်းတွေ ထဲမှာ
ခဏ ခဏ ဝမ်းနည်းတတ်ပြီး ခဏ ခဏ ခိုးငိုတတ်တဲ့
သူလေးတွေရှိခဲ့မယ် ဆိုရင် ပစ်မထားပါနဲ့။
သူတို့လေးတွေက သိပ် အသည်းနုပါတယ်။
"ငါရှိတယ်နော်" ဆိုတဲ့ စကားပြောရင်း
ချစ်ခြင်းမေတ္တာတွေနဲ့နွေးထွေးနေဖို့ ကူညီပေးလိုက်ပါ။

#ဗဟုသုတ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။ #ဒါပေမယ့် #အခြေအနေတစ်ခုကြောင့် #ယုံကြည်မှု #ဒါကြောင့်

အလုပ်မှာ တအား လုပ်မပြပါနဲ့************************တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ်၊သူမှာနွားပိန်တစ်ကော...
30/09/2024

အလုပ်မှာ တအား လုပ်မပြပါနဲ့
************************
တစ်ခါတုန်းက ရွာတစ်ရွာမှာ သူဆင်းရဲသားတစ်ယောက်ရှိတယ်၊သူမှာနွားပိန်တစ်ကောင်ပဲရှိတယ် လယ်လုပ်ရတာနွားနဲ့ အတူရုန်းကန်နေရတယ်၊ သိကြားမင်းကသူကိုတစ်နေ့တစ်နေ့ကြည့်ပြီးသနားလာ တယ်၊သနားပြီးတော့ တဲနားမှာ နွားလားဥဿဖ ကြီး ယောင်ဆောင်ပြီး နေတယ်၊သူဆင်းရဲအဖိုအိုက တွေ့တော့ချော့ဖမ်းပြီး သူနွားပိန်နဲ့တွဲခိုင်းတော့တာပေါ့ကွယ်၊အဲ့မှာစတွေ့တာပဲ တွဲခိုင်းတော့ နွားပိန်ကမရုန်းနိုင်ဘူး၊လိုက်တောင်တရွတ်ဆွဲနေသေး၊နွားလားဥဿဖသိကြားမင်းလည်းအသကုန်ပြိုင်းတာပေါ့၊တစ်နေ့တစ်နေ့အားကုန်ရုန်းရတဲ့အပြင်၊သူဆင်းရဲအဖိုးအိုက ပါးစပ်က ရေရွတ်ဆဲပြီးကြိမ်လုံးနဲ့ အသကုန်ရိုက်သေးတယ်၊(၃/၄)ရက်ကြာလာတော့သိကြားမင်းမခံနိုင်တော့ဘူး၊နွားအသွင်ကနေပြောင်းပြီး အဖိုးကြီးကိုမေးတော့တာပေါ့ ဘာလို့စွတ်ရိုက်စွတ်ဆဲနေတာလည်း ဟိုခင်ဗျားနွားကော ဆဲပါလားဆိုတော့အဖိုအိုပြောတဲ့စကားကအရမ်း မှတ်သားလောက်တယ်၊ကျနော်နွားပိန်ကို စွတ်ရိုက်ရင်သေသွားမှာပေါ့ ရုန်းမှမရုန်းနိုင်တာ၊ဒါသူအတွက်အစွမ်းကုန်ပဲ နွားလားဥဿဖပဲရုန်းနိုင်မှာ၊အဲ့တော့ရုန်းအားပိုကောင်းအားသန်တဲ့ကောင်ကို ပဲဖိရိုက်ရပါတယ်လို့ ပြန်ပြောတာပေါ့၊သိကြားမင်းလည်းနောင်တအသိတရားရပြီး နတ်ပြည် ပြန်တက်သွားတယ်၊မောင်လေးညီမလေးတို့ လူဘဝ လက်တွေ့ဘဝမှာလည်း အဲ့လိုပဲ အိမ်တွေ၊ရုံးတွေ၊ အလုပ်တွေမှာ အဲ့လိုနွားပိန် တွေရွိတယ်၊အလုပ်ရှင်က ရုန်းနိုင်မယ်ထင်တဲ့သူ၊အားကောင်းတဲ့သူ ကို ဖိခိုင်း၊ဖိနင်းကြတယ်တဲ့ အာကြောင့် အရမ်းစွတ်မလုပ်ပြနဲ့ အားမကောင်းစေနဲ့တဲ့ ဘဝမှာတစ်ခါတစ်လေ မရုန်းပဲတရွတ်တိုက်ဖို့လည်းလိုတယ်၊ဒါမှ အရမ်းရိုက်ခံရတဲ့ ဘေးကလည်းလွတ်မှာ၊သိကြားမင်းတောင် ထွက်ပြေးရဖူးတယ်။

#နှလုံးသားအဟာရစာစုလေးများ။

တခါက..လယ်သမားက သူ့စိုက်ခင်းတွေအတွက် ရေတွင်းတူးလို့ရမယ့်နေရာတစ်နေရာလောက် လိုက်ရှာပါတယ်။ လယ်သမားရဲ့စိုက်ခင်းက အရမ်းကို အထွ...
30/09/2024

တခါက..လယ်သမားက သူ့စိုက်ခင်းတွေအတွက် ရေတွင်းတူးလို့ရမယ့်နေရာတစ်နေရာလောက် လိုက်ရှာပါတယ်။ လယ်သမားရဲ့စိုက်ခင်းက အရမ်းကို အထွက်ကောင်းတဲ့စိုက်ခင်းဖြစ်တာမို့ အိမ်နီးနားချင်းက မနာလိုဖြစ်နေပါတယ်။ လယ်သမားက သူ့စိုက်ခင်းအတွက်ရေလိုတာကြောင့် သူ့ရဲ့အိမ်နီးနားချင်းဆီက သူ့စိုက်ခင်းတွေအတွက် ရေတွင်းကို ဝယ်ယူလိုက်ပါတယ်။ ရေတွင်းကိုဝယ်ယူပြီးတဲ့ နောက်နေ့မှာတော့ ကောက်ကျစ်တဲ့အိမ်နီးနားချင်းက လယ်သမားကို ပြောပါတယ် ငါကမင်းကို ရေတွင်းကိုရောင်းမယ်၊ ဒါပေမယ့် ရေတွေတော့မပါဘူး လို့ပြောပြီး ထွက်သွားပါတယ်။ လယ်သမားက အံ့အားသင့်ပြီး ဘာလုပ်ရမယ်မှန်းမသိပါဘူး။
အဖြေထုတ်ရခက်တဲ့အတွက် လယ်သမားက တရားရုံးကိုသွားပြီးပြောပြပါတယ်။ တရားရုံးက လယ်သမားနဲ့ သူ့ရဲ့အိမ်နီးချင်းကို ခေါ်လိုက်ပါတယ်။ ဘာကြောင့် လယ်သမားကို ရေတွင်းထဲက ရေကိုယူခွင့်မပေးတာလဲလို့ ကောက်ကျစ်တဲ့အိမ်နီးချင်းကို မေးလိုက်ပါတယ်။

ကောက်ကျစ်သူက အထက်ကမေးခွန်းအတိုင်းပဲပြန်ဖြေပါတယ်။ ကျွန်တော်က သူ့ကို ရေတွင်းပဲရောင်းတာပါ၊ ရေကိုရောင်းတာမဟုတ်ပါဘူး။ အဲဒါကြောင့် ကျွန်တော့်ရေကို သူယူသုံးလို့မရပါဘူး လို့ပြန်ဖြေပါတယ်။ တရားသူကြီးက ပြန်ပြောလိုက်ပါတယ် ဟုတ်ပြီအဲဒါဆိုရင်တော့ ရေတွင်းထဲကရေကို ယူသုံးလို့မရဘဲ ရေတွင်းကိုသာ ဝယ်လိုက်တာဖြစ်လို့ မင်းက ရေတွင်းကိုပဲပိုင်ဆိုင်တယ်။ သူကတော့ ရေကိုပိုင်ဆိုင်တာမို့ ရေတွင်းထဲကရေကို သူ့ကိုအခုချက်ချင်းဖယ်ရှားပေးပါ။ လို့ ကောက်ကျစ်တဲ့အိမ်နီးချင်းကိုပြောလိုက်ပါတော့တယ်။

အဲဒီ့အခါကျတော့မှ ကောက်ကျစ်တဲ့အိမ်နီးချင်းက သူ့ကိုသင်ခန်းစာပေးမှန်းသိပြီး တောင်းပန်လိုက်ပါတော့တယ်။ ဒီပုံပြင်လေးထဲက ကောက်ကျစ်တဲ့အိမ်နီးချင်းလိုလူမျိုးကို ကျွန်တော်တို့ တွေ့ကြုံဖူးကြမှာပါ။
မှတ်ထားရမှာက ဘယ်တော့မဆို ကိုယ်က ကောက်ကျစ်ယုတ်မာလိုက်ခြင်းက အခြားသူကို ထိခိုက်မှာမဟုတ်ဘဲ ကိုယ်ပေးလိုက်တဲ့အတိုင်း ကိုယ်သာပြန်ရမှာဖြစ်ပါတယ်ဆိုတာပါပဲ။
#ဆုံးမစကား #လူငယ်များ #ဘဝတိုးတတ်ဖို့ #မူရင်းPostတင်သူကိုကျေးဇူးတင်စွာဖြင့်ဂါရဝပြုပါသည်။

29/09/2024

ที่อยู่

Bangkok
10400

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Kyart Sar Myarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์