
30/09/2025
ဒီးမော့ဆိုအနောက်ခြမ်းမှာ မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် နေအိမ်ထဲထိ ရေဝင်ရောက်
ကန္တာရဝတီတိုင်း ( မ် )
မိုးသည်းထန်စွာ ရွာသွန်းပြီးနောက် ဒီကနေ့ စက်တင်ဘာလ ၃၀ရက်နေ့ ညနေ ၃နာရီကျော်အချိန်မှာ ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းမှာရှိတဲ့ ကျေးရွာတစ်ရွာက နေအိမ်တွေထဲ ရေဝင်ရောက်မှုရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ရေက မိုးကြီးမှပဲတက်လာတာ နှစ်နာရီခွဲမှာ မိုးစကြီးတယ်ပေါ့နော်။ အဲ့ဒါနဲ့ ရေကချောင်းဘေးမြောင်းဘေးတဝိုက်မှာပဲ ရေကြီးတာပေါ့။ မြောင်းဘေးမှာရှိတဲ့ အိမ်တစ်ဝက် လောက်တော့ ရေဝင်တယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ယခင်က မိုးသည်းထန်စွာ ရွာသွန်းပေမယ့် နေအိမ်ထဲထိ ရေဝင်ရောက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။ အခုလို ရေဝင်ရောက်တာက တောင်ကျချောင်းရေ ရုတ်တရက်မြှင့်တက်လာတဲ့အတွက် နေအိမ်ထဲထိ ရေဝင်ရောက်ပြီး ဆန်အိတ်တချို့လည်း ရေစိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။
“ပစ္စည်းကတော့ ရွှေ့မမှီလိုက်ဘူး။ အိမ်ထဲမှာတော့ စပါးထားတာတွေ ရှိနေတယ်ပေါ့။ တစ်ဝက်လောက်တော့ စို သွားတယ် ပါသွားတယ်။ပစ္စည်းတွေကော စက်ခေါင်းတွေ ဘာတွေတော့ မြုပ်သွားတာတော့ ရှိတယ်” လို့ ဒေသခံတစ်ဦးက ဆက်ပြောပါတယ်။
လတ်တလောမှာတော့ ရေအနည်းငယ်ပြန်ကျပေမယ့် နောက်ရက်တွေမှာ မိုးသည်းထန်စွာရွာသွန်းပါက ရေထပ်မံဝင်ရောက်နိုင်တယ်လို့ ဆိုပါတယ်။
#မိုးသည်းထန်စွာရွာသွန်း #တောင်ကျချောင်းရေကြီး #ဒေသခံတွေရဲ့နေအိမ်အချို့မြုပ် #စက်ပစ္စည်းနဲ့စပါးအိမ်တချို့ရေစို