Beacon Myanmar ဘီကွန်မြန်မာ သတင်းဌာန
(1)

🟪ဒုက္ခသည်စခန်းက ကလေးတွေ ပညာသင်ခွင့်ရရေး ထိုင်းအစိုးရကို လွှတ်တော်အမတ် တိုက်တွန်း🟪မူအရ ကလေးတိုင်း ပညာသင်ခွင့်ရှိဟု ဆို___...
27/08/2026

🟪ဒုက္ခသည်စခန်းက ကလေးတွေ ပညာသင်ခွင့်ရရေး ထိုင်းအစိုးရကို လွှတ်တော်အမတ် တိုက်တွန်း
🟪မူအရ ကလေးတိုင်း ပညာသင်ခွင့်ရှိဟု ဆို
____________
တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ် မယ်လား ယာယီခိုလှုံရာစခန်းက ကလေး ၁၃ ဦးကို မဲရမတ်မြို့နယ်က ကျောင်းမှာ ပညာသင်ကြားခွင့် ရပ်ဆိုင်းလိုက်တာနဲ့ ပတ်သက်ပြီး ထိုင်းအစိုးရအနေနဲ့ မူဝါဒနဲ့အညီ ကလေးတိုင်း ပညာသင်ခွင့်ရရှိရေး အမြန်ဆုံး ဆောင်ရွက်ပေးဖို့ တိုက်တွန်းမှုတွေ ထွက်ပေါ်လာပါတယ်။ အဆိုပါကလေးတွေကို တာခ့် အမှတ် ၂ မူလတန်းပညာရေးနယ်မြေရုံးက သတ်မှတ်ထားတဲ့ လူပုဂ္ဂိုလ်အဆင့်အတန်းနဲ့ မကိုက်ညီတာကြောင့် ကျောင်းတက်ခွင့် ရပ်ဆိုင်းခဲ့တာပါ။

ဖွေထိုင်းပါတီ လွှတ်တော်အမတ် ချာတူရွန် ချိုင်ဆန်က ထိုင်းနိုင်ငံအတွင်း ရှိနေတဲ့ ကလေးတိုင်း ပညာသင်ကြားခွင့် ရရှိရမယ်ဆိုတဲ့ “Education for All” မူကို လိုက်နာဖို့ လိုအပ်ကြောင်း ပြောထားပါတယ်။ ကလေးတစ်ဦး ထိုင်းနိုင်ငံထဲ ဝင်ရောက်လာပုံ တရားဝင်၊ မဝင်ရောက်မှုထက် ပညာရေးအခွင့်အရေး ပေးနိုင်ရေးကို ဦးစားပေး စဉ်းစားသင့်ပြီး ပြန်ပို့မယ့်နေရာမှာ လုံခြုံမှုမရှိ၊ ပညာသင်ယူနိုင်မယ့်နေရာ မရှိရင် ပညာသင်ခွင့်ပေးတာက လူမှုအသိုင်းအဝိုင်းအတွက် ပိုအကျိုးရှိတယ်လို့ ဆိုပါတယ်။

ထိုင်းပညာရေးဝန်ကြီးဌာန အကြံပေး ဆူရဖုန် ကလည်း ဒုက္ခသည်စခန်းနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ရှိနေတဲ့ ကလေးတွေအပါအဝင် ကလေးတိုင်း ပညာသင်ကြားခွင့် ရှိကြောင်း ပြောပါတယ်။ ၂၀၀၅ ခုနှစ်က အစိုးရအဖွဲ့ ဆုံးဖြတ်ချက်တွေမှာ မှတ်ပုံတင်အထောက်အထား မရှိသူနဲ့ ထိုင်းနိုင်ငံသားမဟုတ်သူတွေကို ပညာရေးအခွင့်အရေး ပိုမိုကျယ်ပြန့်စွာ ပေးဖို့ သတ်မှတ်ထားပြီး စစ်ဘေးရှောင်သူတွေကို နေထိုင်ရာဒေသမှာ ပညာသင်ကြားခွင့် ပေးရမယ်လို့လည်း ဖော်ပြထားပါတယ်။

အဆိုပါ မူဝါဒအရ ဒုက္ခသည်စခန်းတွေအတွင်း ပညာရေးစီမံပေးဖို့ အခြေခံပညာကော်မရှင် (OBEC) မှာ တာဝန်ရှိပေမယ့် ၂၁ နှစ်အတွင်း လက်တွေ့ အကောင်အထည်ဖော်မှု မရှိသေးတာကြောင့် စခန်းတွင်း ပညာရေး ထိခိုက်နေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် OBEC အနေနဲ့ မူဝါဒအတိုင်း စခန်းတွင်းကျောင်းတွေ ဖွင့်လှစ်ပေးပြီး ကလေးတွေကို ပညာရေးစနစ်အတွင်း ထည့်သွင်းပေးဖို့၊ ပညာရေးဝန်ကြီးဌာနအနေနဲ့လည်း အရေးတကြီး ကြီးကြပ်ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း

🟪စမုစာခွန်မှာ မြန်မာအလုပ်သမား ၄၂ ဦး အလုပ်နားခံရပြီး လျော်ကြေးမရသဖြင့် တိုင်ကြား🟪ရုံးက မရှင်းပေးသဖြင့် တရားရုံးကို ဦးတိုက...
27/08/2026

🟪စမုစာခွန်မှာ မြန်မာအလုပ်သမား ၄၂ ဦး အလုပ်နားခံရပြီး လျော်ကြေးမရသဖြင့် တိုင်ကြား
🟪ရုံးက မရှင်းပေးသဖြင့် တရားရုံးကို ဦးတိုက်လျှောက်
____________
ထိုင်းနိုင်ငံ စမုစာခွန်ခရိုင် ထားကျင်ရပ်ကွက်၊ ဘန်ကကျောက် (နိခွန်မိုင်) ဒေသရှိ လျှပ်စစ်အကင်အိုးစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၄၂ ဦးကို စက်ရုံဘက်က အချိန်အကန့်အသတ်မရှိ အလုပ်နားခိုင်းခဲ့တယ်လို့ သိရပါတယ်။ ဒါပေမယ့် အလုပ်နားနေချိန်အတွက် ရရှိရမယ့် လုပ်အားခ ၇၅ ရာခိုင်နှုန်းကို အလုပ်ရှင်ဘက်က ပေးချေခြင်းမရှိခဲ့ပါဘူး။

ဒါကြောင့် အဆိုပါကိစ္စကို ဖြေရှင်းပေးဖို့အတွက် အလုပ်သမားတွေက WAG အဖွဲ့ထံ အကူအညီတောင်းခံခဲ့တာကြောင့် WAG နဲ့ FED Foundation အဖွဲ့တွေက သက်ဆိုင်ရာ နယ်မြေရုံး ( ဆဝါဒီကန်ရုံး) ထံ သွားရောက်တိုင်ကြားပေးခဲ့ပါတယ်။ ဒါပေမယ့် တိုင်ကြားပြီး ၂ လကြာတဲ့အထိ နယ်မြေရုံးဘက်က ထိရောက်စွာ ဖြေရှင်းပေးခြင်းမရှိခဲ့သလို အလုပ်ရှင်ကလည်း ၇၅ ရာခိုင်နှုန်း လုပ်အားခပေးဖို့ ဆက်လက်ငြင်းဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ဩဂုတ် WAG အဖွဲ့ဝင်တွေက အလုပ်သမား ၄၂ ဦးနဲ့အတူ စမူဆွန်ခရမ်မြို့နယ်၊ မဲခေါင်တရားရုံးထံ သွားရောက်ခဲ့ကြပါတယ်။ လုပ်အားခ ၇၅ ရာခိုင်နှုန်း မရရှိတဲ့ကိစ္စအပါအဝင် အလုပ်သမားတွေရဲ့ နစ်နာမှုနဲ့ ပတ်သက်တဲ့ ဖြစ်စဉ်တစ်ခုလုံးကို တရားရုံးထံ ဦးတိုက်လျှောက်ထား တိုင်ကြားခဲ့ကြောင်း WAG အဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #လစာ

🟪နွန်ထဘူရီစက်ရုံမှာ ဘက်ဟိုးကားရဲ့ လက်တံနဲ့ လည်ပင်းကို ညှပ်မိပြီး မြန်မာအလုပ်သမား သေဆုံး🟪လုပ်ဖော်ကိုင်ဖက်တွေ ဝင်ကယ်ပေမယ့်...
27/08/2026

🟪နွန်ထဘူရီစက်ရုံမှာ ဘက်ဟိုးကားရဲ့ လက်တံနဲ့ လည်ပင်းကို ညှပ်မိပြီး မြန်မာအလုပ်သမား သေဆုံး
🟪လုပ်ဖော်ကိုင်ဖက်တွေ ဝင်ကယ်ပေမယ့် မမီခဲ့
___________
နွန်ထဘူရီခရိုင် ဘန်ယိုင်မြို့နယ် ရှိ စွန့်ပစ်ပစ္စည်း ပြန်လည်အသုံးချတဲ့ စက်ရုံတစ်ခုမှာ ဘက်ဟိုးကားမောင်းနှင်အလုပ်လုပ်နေတဲ့ အသက် ၃၃ နှစ်အရွယ် မြန်မာအလုပ်သမားတစ်ဦး လည်ပင်းညှပ်မိပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်မှာ ဩဂုတ် ၂၅ ရက် ညနေ ၃ နာရီ ၄၉ မိနစ်ခန့်မှာ ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့နဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ဖြစ်စဉ်နေရာကို သွားရောက်ခဲ့ကြပါတယ်။

ဖြစ်စဉ်နေရာမှာ သေဆုံးသူကို ဘက်ဟိုးကားပေါ် တွေ့ရှိခဲ့ပြီး ဘက်ဟိုးကားရဲ့ လက်တံက လည်ပင်းကို ညှပ်ထားတာ တွေတယ်လို့ ဆိုပါတယ်။ ဦးခေါင်းမှာ ပေါက်ပြဲဒဏ်ရာနဲ့ နောက်ကျောမှာ ဖိညှပ်ခံထားရတဲ့ ဒဏ်ရာတွေ ရရှိထားပြီး ဖြစ်စဉ်နေရာမှာပဲ သေဆုံးခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။CCTV မှတ်တမ်းအရ သေဆုံးသူဟာ ဘက်ဟိုးကား မောင်းနေရာကနေ ပစ္စည်းတစ်ခုကို ကောက်ယူဖို့ ကိုယ်ကိုငုံ့လိုက်ချိန် ဘက်ဟိုးကားရဲ့ လက်တံက လည်ပင်းကို ညှပ်မိခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် အော်ဟစ်အကူအညီတောင်းခဲ့ပြီး အလုပ်ဖော်တွေက ပြေးဝင်ကူညီခဲ့ပေမယ့် အသက်မကယ်နိုင်ခဲ့ဘူးလို့ သိရပါတယ်။

လုပ်ဖော်ကိုင်ဖက်ဖြစ်သူ အသက် ၂၆ နှစ်အရွယ် အမျိုးသားက ဖြစ်စဉ်ဖြစ်ချိန်မှာ ကိုယ်တိုင်မမြင်ခဲ့ပေမယ့် အခြားတစ်ယောက်က မြင်ခဲ့ကြောင်းနဲ့ CCTV မှတ်တမ်းအရ သေဆုံးသူက တစ်စုံတစ်ရာကြောင့် ဟန်ချက်ပျက်ပြီး ဘက်ဟိုးကားရဲ့ လက်တံနဲ့ လည်ပင်းညှပ်မိခဲ့တာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။ ရဲတပ်ဖွဲ့က မတော်တဆမှုဖြစ်ရတဲ့ အကြောင်းရင်းအမှန်ကို သိရှိနိုင်ဖို့ CCTV မှတ်တမ်းတွေအပါအဝင် ဖြစ်စဉ်အသေးစိတ်ကို ဆက်လက်စစ်ဆေးနေကြောင်း Thairath သတင်းက ဖော်ပြပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #ထိုင်းရောက်မြန်မာ

🟪မြန်မာကလေးထိန်း ဖွင့်ထားသည့် နေရာတခုကို ဖူးခက်မှာ ဝင်ဖမ်းပြီး မြန်မာ ၁ ဦး အဖမ်းခံရ🟪ကလေးတစ်ဦး  ၁လ ဘတ် ၁,၀၀၀ ကောက်ခံ_____...
27/08/2026

🟪မြန်မာကလေးထိန်း ဖွင့်ထားသည့် နေရာတခုကို ဖူးခက်မှာ ဝင်ဖမ်းပြီး မြန်မာ ၁ ဦး အဖမ်းခံရ
🟪ကလေးတစ်ဦး ၁လ ဘတ် ၁,၀၀၀ ကောက်ခံ
_____________
ဖူးခက်မြို့ ဝိချစ်မြို့နယ်မှာ ခွင့်ပြုချက်မရှိဘဲ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ ကလေးငယ်တွေကို လက်ခံစောင့်ရှောက်ပေးနေတဲ့ ကလေးထိန်းနေရာတစ်ခုကို ရဲတပ်ဖွဲ့က ဩဂုတ် ၂၆ ရက်မှာ ဝင်ရောက်စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးရာမှာ ကလေးငယ် ၈ ဦးနဲ့အတူ အသက် ၄၀ အရွယ် မြန်မာနိုင်ငံသူ ၁ ဦးကို တွေ့ရှိခဲ့ပြီး ဖမ်းဆီးအရေးယူခဲ့တယ်လို့ သိရပါတယ်။

အဆိုပါနေရာကို အမှတ် ၃ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးက သတင်းပေးခဲ့တာကြောင့် ရဲတပ်ဖွဲ့က ဖူးခက်လွှတ်တော်ကိုယ်စားလှယ်ရဲ့ လက်ထောက်နဲ့အတူ သွားရောက်စစ်ဆေးခဲ့တာပါ။ အိမ်အတွင်းမှာ တွေ့ရှိခဲ့တဲ့ ကလေး ၈ ဦးဟာ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေရဲ့ သားသမီးတွေဖြစ်ပြီး အဆိုပါမြန်မာအမျိုးသမီးက လက်ခံစောင့်ရှောက်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့က ကလေးထိန်းလုပ်ငန်းအတွက် လိုင်စင်နဲ့ ခွင့်ပြုချက်စာရွက်စာတမ်းတွေ စစ်ဆေးရာမှာ ပြသနိုင်ခြင်းမရှိခဲ့ပါဘူး။ ဒါ့အပြင် သူမရဲ့ အလုပ်လုပ်ခွင့်ပါမစ်မှာ ဖော်ပြထားတဲ့ အလုပ်အမျိုးအစားနဲ့ လက်ရှိလုပ်ကိုင်နေတဲ့အလုပ် မကိုက်ညီသလို ခွင့်ပြုထားတဲ့ အလုပ်နေရာနဲ့လည်း ကိုက်ညီမှုမရှိတာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

မြန်မာအမျိုးသမီးက အဆိုပါကလေးထိန်းနေရာကို လွန်ခဲ့တဲ့ ၄ လခန့်က စတင်ဖွင့်လှစ်ခဲ့ပြီး ကလေးတစ်ဦးကို တစ်လ ဘတ် ၁,၀၀၀ ကောက်ခံကာ ငွေသားနဲ့ လက်ခံခဲ့တယ်လို့ ဝန်ခံထားပါတယ်။ ဒါကြောင့် အာဏာပိုင်တွေက ခွင့်ပြုထားတဲ့ အလုပ်နဲ့ မကိုက်ညီတဲ့ အလုပ်လုပ်ကိုင်မှုနဲ့ ခွင့်ပြုချက်မရှိဘဲ ကလေးထိန်းလုပ်ငန်း လုပ်ကိုင်မှုတို့နဲ့ အမှုဖွင့်အရေးယူဖို့ ဆက်လက်ဆောင်ရွက်နေကြောင်း ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်အကိုင်

ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတတ်တဲ့ အဖြစ်များတဲ့ ပြဿနာတွေနဲ့ ဥပဒေအရ ...
26/08/2026

ထိုင်းနိုင်ငံအတွင်း လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ကြုံတွေ့ရတတ်တဲ့ အဖြစ်များတဲ့ ပြဿနာတွေနဲ့ ဥပဒေအရ ကိုယ့်ကိုကိုယ် ဘယ်လို ကာကွယ်ရမယ်ဆိုတာကို သိထားဖို့ လိုအပ်ပါတယ်။ လက်တွေ့မှာ မကြာခဏ ကြုံရတတ်တဲ့ အဓိက အချက်တွေကတော့

▪️အနည်းဆုံး အခကြေးငွေ ရရှိမှု
ထိုင်းနိုင်ငံရဲ့ ပြည်နယ်အလိုက် သတ်မှတ်ထားတဲ့ တစ်နေ့တာ အနည်းဆုံး လုပ်ခလစာထက် လျှော့ပေးတာ၊ ဒါမှမဟုတ် သတ်မှတ်ရက်ထက် နောက်ကျပြီးမှ လုပ်ခလစာပေးတာမျိုးတွေ ကြုံလာရတဲ့အခါ အလုပ်သမား အကာအကွယ်ပေးရေးရုံးကို တိုင်ကြားနိုင်ခွင့်ရှိပါတယ်။

▪️အလုပ်ထုတ်ခံရတဲ့အခါ ကြိုတင်အကြောင်းကြားခြင်း
အလုပ်ရှင်က ရုတ်တရက် အလုပ်ထုတ်တော့မယ်ဆိုရင် အနည်းဆုံး တစ်လကြိုတင် အကြောင်းကြားရပါမယ်။ ကြိုတင်မအကြောင်းကြားဘဲ ရုတ်တရက် ထုတ်ပစ်ရင် ဥပဒေအရ တစ်လစာ လုပ်ခ ကို လျော်ကြေးအနေနဲ့ ပေးချေရပါတယ်။

▪️အလုပ်ချိန်နှင့် ခွင့်ရက်များ ဖြတ်တောက်ခံရခြင်း
ဥပဒေပါ ပြဋ္ဌာန်းချက်တွေအရ လုပ်သားတွေမှာ ဖျားနာခွင့်၊ လုပ်သက်ခွင့်နဲ့ လုပ်ငန်းခွင်အတွင်း အနားယူချိန် တွေ တရားဝင် ရှိပါတယ်။ ခွင့်ယူတယ်ဆိုရုံနဲ့ လုပ်ခလစာ ဖြတ်တောက်ခံရတာမျိုးတွေ မဖြစ်ရပါဘူး။

လုပ်ငန်းခွင်နဲ့ ပတ်သက်ပြီး အခွင့်အရေး ချိုးဖောက်ခံရတာတွေ၊ လစာမရတာတွေ ဖြစ်လာရင် ထိုင်းနိုင်ငံရဲ့ အလုပ်သမားဝန်ကြီးဌာနအောက်ရှိ အလုပ်သမား အကာအကွယ်နှင့် စောင့်ရှောက်ရေးဌာန သို့မဟုတ် အလုပ်သမားရေး ကူညီဆောင်ရွက်ပေးနေတဲ့ မြန်မာ အဖွဲ့အစည်းတွေကို ဆက်သွယ် အကူအညီတောင်းခံနိုင်ပါတယ်။

> လုပ်ငန်းခွင်ထဲမှာ ဒီလို အခွင့်အရေးဆိုင်ရာ ပြဿနာတွေ ကြုံလာရရင် ဘယ်လို ဖြေရှင်းလေ့ရှိကြလဲ။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #အလုပ်အကိုင် #လစာ

🟪ချင်းမိုင်မှာ ခရီးသွားပက်ကေ့ချ်စီစဉ်ပြီး ဧည့်လမ်းညွှန်လုပ်နေတဲ့ မြန်မာအမျိုးသား ဖမ်းဆီးခံရ🟪ဖုန်းထဲက မက်ဆေ့နဲ့ ငွေလွှဲမှ...
26/08/2026

🟪ချင်းမိုင်မှာ ခရီးသွားပက်ကေ့ချ်စီစဉ်ပြီး ဧည့်လမ်းညွှန်လုပ်နေတဲ့ မြန်မာအမျိုးသား ဖမ်းဆီးခံရ
🟪ဖုန်းထဲက မက်ဆေ့နဲ့ ငွေလွှဲမှတ်တမ်းတွေပါ တွေ့ရှိ
_____________
ချင်းမိုင်မှာ ထိုင်းနိုင်ငံသားတွေအတွက် သီးသန့်သတ်မှတ်ထားတဲ့ ဧည့်လမ်းညွှန်အလုပ်ကို လုပ်ကိုင်ပြီး နိုင်ငံခြားသားခရီးသွားတွေအတွက် ခရီးစဉ်ပက်ကေ့ချ်တွေ ရောင်းချနေမှုနဲ့ မြန်မာအမျိုးသား ၁ ဦးကို ဖမ်းဆီးလိုက်ပါတယ်။ အဆိုပါအမျိုးသားဟာ Facebook ကနေ ခရီးစဉ်ပက်ကေ့ချ်တွေ ကြော်ငြာရောင်းချပြီး ချင်းမိုင်က နာမည်ကြီးဘုရားတွေနဲ့ ခရီးသွားနေရာတွေကို လိုက်လံပို့ဆောင်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၂၅ ရက်မှာ ခရီးသွားရဲတပ်ဖွဲ့က အဆိုပါအမျိုးသားကို စောင့်ကြည့်ခဲ့ရာ ချင်းမိုင်မြို့ရှိ ဟိုတယ်တစ်ခုကနေ နိုင်ငံခြားသားခရီးသွား ၂ ဦးကို ကားနဲ့ သွားရောက်ခေါ်ဆောင်ပြီး ချင်းမိုင်မြို့အတွင်း သတ်မှတ်ထားတဲ့ ခရီးစဉ်အတိုင်း လိုက်လံပို့ဆောင်ပေးနေတာ တွေ့ရှိခဲ့ပါတယ်။ အဆိုပါခရီးစဉ်မှာ ဆုတောင်းတာ၊ ကံကောင်းခြင်းနဲ့ အချစ်ရေးအတွက် ယုံကြည်ကိုးကွယ်သူများတဲ့ နာမည်ကြီးဘုရားတွေကို လိုက်လံဖူးမြော်တာအပြင် ယုံကြည်ကိုးကွယ်မှုအခြေပြု ခရီးစဉ်တွေ ပါဝင်ပါတယ်။

အဲဒီနောက် ရဲတပ်ဖွဲ့က ခရီးသွား ၂ ဦးကို စစ်ဆေးမေးမြန်းပြီး ဖုန်းတွေကိုပါ စစ်ဆေးခဲ့ရာ Messenger ကနေ ဆက်သွယ်ထားတဲ့ မက်ဆေ့မှတ်တမ်းတွေ၊ ခရီးသွားပက်ကေ့ချ်ဆိုင်ရာ စာရွက်စာတမ်းတွေ၊ ငွေလွှဲမှတ်တမ်းတွေနဲ့ ဟိုတယ်ဘွတ်ကင်အ ထောက်အထားတွေ တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ခရီးစဉ်နဲ့ ဟိုတယ်အတွက် စုစုပေါင်း ဘတ် ၁၂,၇၀၀ ပေးချေထားတဲ့ မှတ်တမ်းပါ တွေ့ရှိခဲ့တာကြောင့် ခရီးသွားပက်ကေ့ချ် ရောင်းချတာကနေ ဟိုတယ်၊ ကားနဲ့ ခရီးစဉ်အထိ စီစဉ်ပေးနေခဲ့တာကို စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

စစ်ဆေးချက်တွေအရ မြန်မာအမျိုးသားဟာ ခရီးသွားလုပ်ငန်းလိုင်စင်နဲ့ ဧည့်လမ်းညွှန်လိုင်စင် မရှိတာကြောင့် ခွင့်ပြုချက်မရှိဘဲ ခရီးသွားလုပ်ငန်းလုပ်ကိုင်မှု၊ ဧည့်လမ်းညွှန်အဖြစ် တရားမဝင်လုပ်ကိုင်မှု၊ နိုင်ငံခြားသားအလုပ်လုပ်ကိုင်ခွင့် သတ်မှတ်ချက်နဲ့ မကိုက်ညီတဲ့ အလုပ်လုပ်ကိုင်မှု စတဲ့ စွဲချက် ၃ ခုနဲ့ အရေးယူထားကြောင်း ဒေသတွင်းသတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်အကိုင်

🟪ဂိုဒေါင်မီးလောင်ပြီး လစာပေးချေမှု ပြဿနာဖြစ်ခဲ့တဲ့ Eco Wood အလုပ်သမားတွေ ကျန်လစာ ပြန်ရမည်🟪လစာမရမချင်း ကုမ္ပဏီဝင်းအတွင်း ...
26/08/2026

🟪ဂိုဒေါင်မီးလောင်ပြီး လစာပေးချေမှု ပြဿနာဖြစ်ခဲ့တဲ့ Eco Wood အလုပ်သမားတွေ ကျန်လစာ ပြန်ရမည်
🟪လစာမရမချင်း ကုမ္ပဏီဝင်းအတွင်း နေထိုင်ခွင့်ပြုထား
____________
ချွန်ဘူရီခရိုင် ပနတ်နိခုံးမြို့နယ်က Eco Wood ကုမ္ပဏီမှာ လစာနဲ့ အလုပ်သမားခံစားခွင့်တွေ ရရှိရေး တောင်းဆိုနေတဲ့ အလုပ်သမားတွေအရေးကို ပနတ်နိခုံးခရိုင်မှူးက ကြားဝင်ညှိနှိုင်းပေးပြီး ပြေလည်မှုရရှိခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ် ၂၂ ရက်က ကုမ္ပဏီဂိုဒေါင် ၂ လုံး မီးလောင်ပျက်စီးပြီးနောက် လစာပေးချေမှုနဲ့ ပတ်သက်ပြီး အလုပ်သမားတွေနဲ့ အလုပ်ရှင်ကြား ပြဿနာဖြစ်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ဩဂုတ် ၂၅ ရက်မှာ ခရိုင်အုပ်ချုပ်ရေးအဖွဲ့၊ ချွန်ဘူရီအလုပ်အကိုင်ရှာဖွေရေးရုံးနဲ့ အလုပ်သမားအကျိုးခံစားခွင့်နဲ့ ကာကွယ်ရေးရုံးတို့က ကုမ္ပဏီကို သွားရောက်စစ်ဆေးပြီး အလုပ်ရှင်နဲ့ အလုပ်သမားတွေကို ညှိနှိုင်းပေးခဲ့ပါတယ်။ ညှိနှိုင်းမှုအရ ကုမ္ပဏီဘက်က အလုပ်သမားတွေရဲ့ နောက်ဆုံးကျန်ရှိတဲ့ လစာအားလုံးကို ဩဂုတ် ၃၁ ရက်အတွင်း အပြီးပေးချေဖို့ သဘောတူခဲ့တယ်လို့ သိရပါတယ်။

လစာမရမချင်း အလုပ်သမားတွေဟာ ကုမ္ပဏီဝင်းအတွင်း ဆက်လက်နေထိုင်နိုင်ပြီး နေထိုင်ရာနေရာတွေအတွက် ရေနဲ့ လျှပ်စစ်မီးကိုလည်း ကုမ္ပဏီဘက်က ဆက်လက်ပေးထားမယ်လို့ သိရပါတယ်။ လစာအပြီးရရှိပြီးနောက် ကုမ္ပဏီဝင်းကနေ ထွက်ခွာပြီး အလုပ်သစ်ရှာဖွေရမှာဖြစ်ကာ အလုပ်မှရပ်စဲခံရတဲ့နေ့ကစပြီး ၆၀ ရက်အတွင်း အလုပ်သစ်ရှာဖွေဖို့ လိုအပ်ပါတယ်။

အလုပ်မှရပ်စဲခံရမှုအတွက် နစ်နာကြေးရရှိရေးကို အလုပ်သမားတွေက ချွန်ဘူရီ အလုပ်သမားအကျိုးခံစားခွင့်နဲ့ ကာကွယ်ရေးရုံးကို ကိုယ်တိုင်ဆက်သွယ်ပြီး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကလည်း အလုပ်ရှင်နဲ့ အလုပ်သမားနှစ်ဖက်စလုံး သဘောတူညီချက်တွေကို လိုက်နာကြဖို့နဲ့ ကုမ္ပဏီဝင်းအတွင်း ဆူပူမှု၊ ရန်ဖြစ်မှုတွေ မဖြစ်ပွားအောင် ထိန်းသိမ်းကြဖို့ တိုက်တွန်းထားတယ်လို့ သိရပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #လစာ

🟪ချွန်ဘူရီ လမ်းမပေါ်မှာ  TikTok ရိုက်ကူးတဲ့ အမျိုးသမီး ၅ ဦးကို ရဲတပ်ဖွဲ့ ဒဏ်ရိုက် အရေးယူ 🟪လမ်းပေါ်မှာ Tik Tok မရိုက်ကြဖိ...
26/08/2026

🟪ချွန်ဘူရီ လမ်းမပေါ်မှာ TikTok ရိုက်ကူးတဲ့ အမျိုးသမီး ၅ ဦးကို ရဲတပ်ဖွဲ့ ဒဏ်ရိုက် အရေးယူ
🟪လမ်းပေါ်မှာ Tik Tok မရိုက်ကြဖို့ သတိပေး
____________
ချွန်ဘူရီမှာ လမ်းမပေါ် TikTok ရိုက်ကူးရင်း ကခုန်ပြီး ခေါင်းလှည့်လေ့ကျင့်ခန်းလုပ်ခဲ့တဲ့ အမျိုးသမီး ၅ ဦးကို ရဲတပ်ဖွဲ့က အရေးယူခဲ့တယ်လို့ သိရပါတယ်။ ဆတ်တဟစ်မြို့နယ် ဘန်တောထန်အနီး ဆူခမ်ဝစ်လမ်းမပေါ်မှာ ယာဉ်သွားလာမှုကို အနှောင့်အယှက်ဖြစ်စေတဲ့အထိ ရိုက်ကူးထားတဲ့ ဗီဒီယို TikTok ပေါ် ပျံ့နှံ့လာပြီးနောက် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့တာပါ။

ရဲတပ်ဖွဲ့က စုံစမ်းရာ အမျိုးသမီး ၅ ဦးလုံးဟာ အနီးအနားက ကာရာအိုကေဆိုင်မှာ အလုပ်လုပ်သူတွေ ဖြစ်ကြောင်း သိရပါတယ်။ လမ်းပေါ်မှာ အကြောင်းပြချက်မရှိဘဲ ယာဉ်သွားလာမှုကို အနှောင့်အယှက်ဖြစ်စေတဲ့အတွက် ဥပဒေအရ အရေးယူပြီး ဒဏ်ငွေချမှတ်ခဲ့သလို နောက်ထပ် အလားတူလုပ်ရပ် မပြုလုပ်ဖို့ သတိပေးခဲ့ပါတယ်။

အမျိုးသမီး ၅ ဦးက အဆိုပါဗီဒီယိုကို TikTok အတွက် ရိုက်ကူးခဲ့တာဖြစ်ပြီး ရိုက်ကူးချိန်မှာ ညနက်ပိုင်းဖြစ်တာကြောင့် ကားအသွားအလာနည်းလို့ ပြဿနာမဖြစ်နိုင်ဘူးလို့ ထင်ခဲ့ကြောင်း ရှင်းပြပါတယ်။ ဗီဒီယိုက အခုလို ဝေဖန်ခံရပြီး ရဲတပ်ဖွဲ့က အရေးယူလာမယ်လို့ မမျှော်လင့်ခဲ့ကြောင်း ပြောကာ လူထုကို တောင်းပန်ခဲ့ပါတယ်။

ယာဉ်ထိန်းရဲတပ်ဖွဲ့ကလည်း TikTok ရိုက်ကူးတာအပါအဝင် ဖျော်ဖြေရေးအတွက် လမ်းမပေါ်မှာ အကြောင်းပြချက်မရှိဘဲ လှုပ်ရှားမှုတွေ ပြုလုပ်တာဟာ ဥပဒေနဲ့ ငြိစွန်းနိုင်သလို ယာဉ်မတော်တဆမှု ဖြစ်ပွားနိုင်တဲ့အတွက် အန္တရာယ်ရှိကြောင်း သတိပေးထားပါတယ်။ ပြည်သူတွေအနေနဲ့ လမ်းမကို ကိုယ်ရေးကိုယ်တာလှုပ်ရှားမှုနဲ့ TikTok ရိုက်ကူးတဲ့နေရာအဖြစ် အသုံးပြုကြဖို့ တိုက်တွန်းထားပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အရေးယူ

🟪အလုပ်သမားဥပဒေချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို တရားရုံးတစ်ခုတည်းမှာ စစ်ဆေးနိုင်ဖို့ ထိုင်းအစိုးရ ပြင်ဆင်🟪အလုပ်သမားဥပဒေ ၁...
26/08/2026

🟪အလုပ်သမားဥပဒေချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို တရားရုံးတစ်ခုတည်းမှာ စစ်ဆေးနိုင်ဖို့ ထိုင်းအစိုးရ ပြင်ဆင်
🟪အလုပ်သမားဥပဒေ ၁၁ ခုနဲ့ သက်ဆိုင်တဲ့အမှုတွေ ပါဝင်
______________
ထိုင်းအစိုးရအဖွဲ့က အလုပ်သမားဥပဒေချိုးဖောက်မှုနဲ့ ရာဇဝတ်မှုတွေကို အလုပ်သမားတရားရုံးမှာ တစ်နေရာတည်း စစ်ဆေးနိုင်ဖို့ ဥပဒေမူကြမ်းကို ဩဂုတ် ၂၅ ရက်မှာ အတည်ပြုလိုက်ပါတယ်။ အရင်က အလုပ်သမားရေးရာအမှုနဲ့ ရာဇဝတ်မှုအပိုင်း ပါဝင်လာရင် တရားရုံးခွဲပြီး အမှုရင်ဆိုင်ရတာကို လျှော့ချဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

အလုပ်သမားတရားရုံးက စစ်ဆေးနိုင်မယ့်အမှုတွေထဲမှာ အိမ်မှာ အလုပ်ယူလုပ်ကိုင်သူများ (WFH) ကာကွယ်ရေး၊ အလုပ်သမားကာကွယ်ရေး၊ ငါးဖမ်းလုပ်ငန်းအလုပ်သမား ကာကွယ်ရေး၊ အလုပ်အကိုင်ရှာဖွေပေးရေးနဲ့ အလုပ်ရှာဖွေသူများ ကာကွယ်ရေး၊ နိုင်ငံခြားသားအလုပ်သမား အလုပ်လုပ်ကိုင်မှု စီမံခန့်ခွဲရေး၊ လူမှုဖူလုံရေး၊ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေးနဲ့ ကျန်းမာရေး၊ အလုပ်သမားလျော်ကြေး၊ ရေကြောင်းအလုပ်သမား၊ အစိုးရပိုင်လုပ်ငန်း အလုပ်သမားဆက်ဆံရေးနဲ့ အလုပ်သမားဆက်ဆံရေးဆိုင်ရာ ဥပဒေ ၁၁ ခု ပါဝင်ပါတယ်။

ဒီလိုပြင်ဆင်လိုက်ရင် အလုပ်သမားဥပဒေနဲ့ ဆက်နွှယ်တဲ့ ရာဇဝတ်မှုတွေကို အလုပ်သမားဥပဒေကျွမ်းကျင်တဲ့ တရားသူကြီးတွေက စစ်ဆေးနိုင်မှာဖြစ်ပြီး အလုပ်ရှင်နဲ့ အလုပ်သမားကြား ဖြစ်ပေါ်တဲ့ အမှုအခင်းတွေကိုလည်း ဆက်စပ်အခြေအနေတွေနဲ့အတူ တစ်နေရာတည်းမှာ စစ်ဆေးနိုင်မှာ ဖြစ်ပါတယ်။ အမှုတစ်ခုမှာ ပြစ်မှုအမျိုးမျိုး ဆက်နွှယ်နေပါကလည်း အလုပ်သမားတရားရုံးက ပေါင်းစစ်နိုင်သလို သက်ဆိုင်ရာတရားရုံးကို လွှဲပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ လူကုန်ကူးမှုအမှုတွေကိုတော့ အလုပ်သမားတရားရုံးရဲ့ အာဏာအတွင်း ထည့်သွင်းမှာ မဟုတ်ပါဘူး။ အတင်းအကျပ် အလုပ်ခိုင်းစေမှုနဲ့ ဆက်နွှယ်တဲ့ လူကုန်ကူးမှုအမှုတွေ ဖြစ်လာရင်တောင် သက်ဆိုင်ရာ ရာဇဝတ်တရားရုံးကပဲ ဆက်လက်စစ်ဆေးဆုံးဖြတ်မှာ ဖြစ်ပြီး လက်ရှိစစ်ဆေးနေဆဲအမှုတွေကိုလည်း မူလတရားရုံးက အမှုအပြီးသတ်တဲ့အထိ ဆက်လက်စစ်ဆေးမှာ ဖြစ်ပါတယ်။
သတင်း - Thai News

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #ဥပဒေ

🟪ချွန်ဘူရီ အကင်အိုးစက်ရုံမှ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၀၀ ကျော် နစ်နာကြေး ပြန်ရ🟪ပကန်ကြေးအပါအဝင် ဘတ် ၁၂ သိန်းကျော် ရရ...
26/08/2026

🟪ချွန်ဘူရီ အကင်အိုးစက်ရုံမှ အလုပ်ထုတ်ခံရတဲ့ မြန်မာလုပ်သား ၁၀၀ ကျော် နစ်နာကြေး ပြန်ရ
🟪ပကန်ကြေးအပါအဝင် ဘတ် ၁၂ သိန်းကျော် ရရှိ
____________
ချွန်ဘူရီခရိုင်၊ စီလာချာမြို့နယ်ရှိ လျှပ်စစ်အကင်အိုးစက်ရုံမှာ အလုပ်ထုတ်ခံခဲ့ရတဲ့ မြန်မာအလုပ်သမား ၁၁၇ ဦးဟာ လက်ရှိမှာတော့ နစ်နာကြေးတွေ ပြန်လည်ရရှိခဲ့ပြီလို့ သိရပါတယ်။ WAG အလုပ်သမားမဟာမိတ်အဖွဲ့နဲ့ FED Foundation အဖွဲ့တို့က ကူညီဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်း ဘတ် ၁,၂၂၈,၅၀၀ ( ၁၂ သိန်းကျော်) ရရှိခဲ့ပါတယ်။

အလုပ်ထုတ်ခံရတဲ့အထဲ အဆိုပါစက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမား ၁၃၄ ဦးပါဝင်ပြီး အမျိုးသား ၈၇ ဦးနဲ့ အမျိုးသမီး ၄၇ ဦး ဖြစ်ပါတယ်။ အလုပ်သမားတွေဟာ စက်ရုံမှာ ၄ လကနေ ၁၁ လအထိ လုပ်ကိုင်ခဲ့ကြပြီး ဇွန်လ ၁၈ ရက် ညနေ ၅ နာရီမှာတော့ စက်ရုံဘက်က လူလျှော့ချမယ်ဆိုကာ ဇွန်လ ၂၂ ရက်ကစပြီး အလုပ်နားခိုင်းခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့် အလုပ်ထုတ်ခံရတဲ့ကိစ္စ၊ စာရွက်စာတမ်းကိစ္စနဲ့ အလုပ်သမားအခွင့်အရေး၊ နစ်နာကြေး ပြန်လည်ရရှိရေးအတွက် အလုပ်သမားတွေက WAG အလုပ်သမားမဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့တာပါ။ ဇွန်လ ၂၃ ရက်မှာတော့ WAG အဖွဲ့က စက်ရုံကို သွားရောက်ညှိနှိုင်းပေးခဲ့ရာ အလုပ်သမား ၂၀ ကျော်က တစ်ဦးကို ဘတ် ၇,၀၀၀ နဲ့ ကျေအေးခဲ့ပေမယ့် ကျန် ၁၁၇ ဦးက မကျေအေးနိုင်ခဲ့တာကြောင့် ဆက်လက်ကူညီပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဒါကြောင့် WAG အဖွဲ့က ကျန် ၁၁၇ ဦးအတွက် နစ်နာကြေးအပြည့်အဝ ရရှိရေး မြို့နယ်ဆာဝါဒီကန်ရုံးမှာ တိုင်ကြားပေးခဲ့တယ်လို့ သိရပါတယ်။ ဩဂုတ်လ ၂၄ ရက်မှာ အလုပ်သမားတစ်ဦးကို နစ်နာကြေး ဘတ် ၈,၅၀၀ နဲ့ ပကန်စခွန်ကြေး ဘတ် ၂,၀၀၀ စီ ရရှိခဲ့ကြောင်း WAG အဖွဲ့က ထုတ်ပြန်ထားပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #ထိုင်းရောက်မြန်မာ #လစာ

ที่อยู่

Bangkok
12150

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Beacon Myanmarผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์