Echoes Of Petals aster's little area

Antipodasအပိုင်း (၂၈)"တီ...တီ...တီ"အဆက်မပြတ်မြည်နေသည့်နှိုးစက်သံကြောင့် မိုးစက်မျက်ဝန်းများပွင့်လာခဲ့သည်။ဘေးကိုကြည့်တော့...
24/05/2026

Antipodas

အပိုင်း (၂၈)

"တီ...တီ...တီ"

အဆက်မပြတ်မြည်နေသည့်နှိုးစက်သံကြောင့် မိုးစက်မျက်ဝန်းများပွင့်လာခဲ့သည်။ဘေးကိုကြည့်တော့ ဘယ်သူမှမရှိတော့သည်မလို့ သူမမျက်မှောင်ကြုတ်လိုက်မိသည်။ဘယ်အချိန်ရှိပြီလဲသိချင်တာကြောင့် ခုတင်ဘေးစားပွဲပေါ်ရှိဖုန်းအားလှမ်းယူစဥ် ဖုန်းအောက်တွင်ဖိထားသည့်စာခေါက်အားသူမယူဖတ်လိုက်မိသည်။

"ရဲမှူးခေါ်လို့ဌာနချုပ်ကိုသွားတယ် ဌာနကကားလွှတ်လိုက်တာမလို့ မိုး စခန်းကိုသွားရင် စခန်းကားကိုယူသွားပါ။မောင်းပို့ပေးမဲ့သူလည်းခေါ်ထားခဲ့တယ်။စားပွဲပေါ်မှာ ထမင်းကြော်နဲ့ကော်ဖီဖျော်သောက်ဖို့ပြင်ပေးခဲ့တယ်နော် စခန်းရောက်မှ တွေ့မယ်"

စာအောက်ခြေရှိအသည်းပုံကြောင့် မိုးစက်ပြုံးလိုက်မိသည်။အသည်းပုံထဲမှာရေးထားသေးတာက N&M တဲ့။

"ဘယ်လိုတောင်ကလေးဆန်လိုက်တာလဲ"

မိုးစက်ရေရွတ်ရင်း မျက်နှာပေါ်ရှိအပြုံးမှာပျောက်မသွား။စာအားသေချာခေါက်ကာ သူမဖုန်းကာဗာထဲတွင်ညှပ်လိုက်မိသည်။ဒါဟာ ပထမဆုံးအကြိမ် မ ဆီကရတဲ့စာမလား။

"မြန်မြန်မျက်နှာသစ် ရေချိုးမှပဲ"

အခန်းဆီသို့ပြန်ကာ ရေမိုးချိုးအဝတ်အစားလဲပြီး သူမချစ်ရသူပြင်ဆင်ပေးသည့်မနက်စာအား စားကာ စခန်းသွားရန်ပြင်မိသည်။အချိန်ကိုက်ပဲ ကားမောင်းပေးမည့်သူရောက်လာသည်မလို့ သူ့အား ဆိုင်ကယ်ပြင်ဆိုင်ဆီပို့ခိုင်းပြီး ဆိုင်ကယ်နဲ့ပဲ စခန်းသို့ ထွက်လာခဲ့သည်။

"လေးစားပါတယ် ဒုရဲအုပ် "

"လေးစားပါတယ်...နေမင်းခန့် မျက်နှာမကောင်းပါလား ဘာဖြစ်တာလဲ "

"ဘာမှမဖြစ်ပါဘူး စခန်းမှူး အဆင်ပြေပါတယ်"

"သေချာရဲ့လား"

"ဟုတ်ကဲ့...ဒါနဲ့စခန်းမှူးရော မလာသေးဘူးလား"

"ရဲမှူးဆီသွားတယ်...တစ်ခုခုပြောစရာရှိလို့လား"

နေမင်းခန့်ခေါင်းခါပြလိုက်မိသည်။တကယ်တော့ သူ့မှာစခန်းမှူးကိုပြောစရာရှိသည်။ဒုရဲအုပ်ကဘာကိစ္စလဲမေးရင် သူမဖြေရဲသည်မလို့ နှုတ်ဆိတ်နေခြင်းသာ။

"နေမင်းခန့် ပြောစရာရှိတာပြောလိုက်လေ ဒုရဲအုပ်ကလည်းဖြေရှင်းပေးနိုင်တာပဲ ဟုတ်တယ်မလား"

အလိုက်မသိစွာထွက်လာသည့်နှင်းသုရဲ့စကားသံကြောင့်အားလုံးမျက်လုံးပြူးသွားသည်။နေမင်းခန့်မှာတော့ နေရာတွင်ပင်ပျောက်ကွယ်ချင်မိသည်အထိ။

"SU7 မှာရှိတဲ့သူတွေအကုန်လုံးက မိသားစုတွေပဲဆို မဟုတ်ဘူးလား နေမင်းခန့်"

"ဟုတ်ပါတယ် ဒုရဲအုပ်"

"ဒါဆို ဘာလို့ စခန်းမှူးကိုပြောချင်တဲ့ကိစ္စကို ငါ့ကိုမပြောပြနိုင်တာလဲ ငါကရေယ ဒီစခန်းရဲ့လူပဲမဟုတ်ဘူးလား ဒါမှမဟုတ် ငါကမဖြေရှင်းပေးနိုင်ဘူးလို့ထင်လို့လား"

"မဟုတ်...မဟုတ်ပါဘူး ဒုရဲအုပ် တကယ်တော့"

နေမင်းခန့် သက်ပြင်းအားချလိုက်မိရင်း သူ့ပါးအားသူပြန်ပွတ်လိုက်မိသည်။သူပြောပြီးရင် ဒုရဲအုပ်ရဲ့လက်ဝါးသိုင်းက သူ့မျက်နှာဆီရောက်လာနိုင်တယ်မလား။

"ဘာဖြစ်တာလဲ...."

"နေမင်းခန့် အွန်လိုင်းကနေ လက်တော့ဝယ်တာ အလိမ်ခံလိုက်ရလို့ပါ ဒုရဲအုပ်"

"ဘာဖြစ်တယ် နှင်းသု"

နှင်းသုကိုအားတစ်လှည့်နေမင်းခန့်အားတစ်လှည့် မိုးစက်ကြည့်လိုက်မိသည်။ကျန်တဲ့သူများကလည်း တိတ်ဆိတ်နေသည်မလိုဘ ဒါကအမှန်ဖြစ်ကြောင်း သူမအတည်ပြုနိုင်သည်။

"နေမင်းခန့် ဘယ်လိုဖြစ်တာလဲ"

"တောင်းပန်ပါတယ် ဒုရဲအုပ် ကျွန်တော် သေချာမစစ်ဆေးမိလို့"

"ကျစ်...ရဲတပ်ဖွဲ့မှာနေပြီး အလိမ်ခံရတာ ဘယ်လောက်ရှက်စရာကောင်းလိုက်လဲ။အခြားသူတွေသာကြားရင် လှောင်ရယ်နေတော့မယ်"

"တောင်းပန်ပါတယ်..."

"တောင်းပန်ရုံနဲ့ပြီးသွားတာမှမဟုတ်တာ....ပစ္စည်းကိုဘယ်မှာလက်ခံတာလဲ"

"စခန်းကိုလာပို့တာပါ"

"နှင်းသု သူဝယ်တဲ့website နဲ့ deli ကိုတစ်ချက်စုံစမ်းကြည့်...ဒီကိုလာပို့တာဆိုတော့ CCTV မှတ်တမ်းကိုလဲတစ်ချင်ပြန်ကြည့် တွေ့လိုတွေ့ငြား"

"ဟုတ်ကဲ့ပါ ဒုရဲအုပ်"

နေမင်းခန့်အား မိုးစက် စိတ်ကုန်စွာကြည့်လိုက်မိသည်။ဒီနေရာမှာ နှင်းသုကိုဆိုရင်တောင် သူမ မပြောလို။

"ဒုရဲအုပ် website ကမတွေ့တော့ပါဘူး "

"Deli ပို့တုန်းက ပစ္စည်းတွေရှိသေးလား"

"ရှိပါတယ် ဒုရဲအုပ်"

"ယူလာခဲ့...ကုမ္ပဏီနာမည် တစ်ခုခုတော့ပါမှာပေါ့ စစ်ကြည့်ရအောင် ဟက်ချိုး...ဟက်ချိုး"

တရစပ်ချီနေသည့်မိုးစက်အားကြည့်ပြီး နှင်းသု အနောက်သို့ဆုတ်သွားသည်။မိုးစက်ကဒါကိုမြင်တော့ နှင်းသုအား ပြူးကြည့်လျက်။

"ကုမ္ပဏီက DELIA ရှာတွေ့ပြီ××××× လမ်းမှာ ဒုရဲအုပ်"

"သူတို့ကိုဆက်သွယ်ပြီး နေမင်စခန့်ရဲ့စာရင်းတစ်ချက်စစ်ခိုင်းကြည့် ဒါကလိမ်လည်တာလား အမှားလားဆိုတာ"

"ဟုတ်ကဲ့...."

ခဏအကြာမှာတော့ နှင်းသု လက်တော့အားမကာ မိုးစက်ထိုင်ခုံရှေ့သို့ရောက်လာခဲ့သည်။သူမစစ်ဆေးပြီးသည့်နောက် နေမင်းခန့်ရဲ့စာရင်းဟာ ကုမ္ပဏီရဲ့ဝယ်သူမှတ်တမ်းမှာရှိမနေ။

"ပိုက်ဆံပြန်ရနိုင်ပါ့မလား"

နေမင်းခန့်ရဲ့ဝမ်းနည်းသံနဲ့ပြောလာသည့်စကားကြောင့် အားလုံးသနားသွားသည်။ဒါကိုဝယ်ဖို့ သူအကြာကြီးပိုက်ဆံစုခဲ့ရတာ အားလုံးအသိ။

"အခုမှငိုမဲ့မဲ့လုပ်ပြမနေနဲ့ အစတည်းက သေချာစစ်ပါလား သွားမယ်"

"ဘယ်..ဘယ်ကိုလဲ"

"ဘယ်ကိုရမှာလဲ ကုမ္ပဏီကိုတိုက်ရိုက်သွားပြီး လူကြီးနဲ့တွေ့ရမှာပေါ့ ကားသော့ယူခဲ့"

"ဒုရဲအုပ် ဟို စခန်းမှူးကိုအကြောင်းမကြားဘဲ ဖြစ်ပါ့မလား"

"နှင်းသုကို ငါကဒီမှာစီနီယာနော် ဒီအခြေအနေလောက်ကိုငါ့ဘာသာကိုင်တွယ်နိုင်တယ်"

"တောင်းပန်ပါတယ်"

နေမင်းခန့်နဲ့အတူ ကုမ္ပဏီဆီသို့ မိုးစက်ထွက်ခဲ့သည်။ဆိုင်ကယ်နဲ့သွားရတာ သူမအတွက်ပိုကောင်းပေမဲ့ လူတစ်ယောက်ပါနေတော့ကျ ကားနဲ့ကပိုအဆင်ပြေသည်မလားလေ။

"နွေရွက်ဝါ......မင်း နေကောင်းရဲ့လား"

အမေးနဲ့အတူ ထိုင်ခုံမှထကာ ရပ်နေသည့် နွေရွက်ဝါ၏နဖူးပြင်အား လက်ဖြင့်စမ်းလိုက်သည့်ရဲမှူးမိုးထက်ယံ။နွေရွက်ဝါခဏမျှကြောင်သွားပြီး ချက်ချင်းပဲ နောက်သို့ခြေတစ်လှမ်းဆုတ်လိုက်သည်။

"မင်းကိုယ်တွေပူနေပါလား"

"အဆင်ပြေပါတယ်ဆရာ..."

"တကယ်လား...ဆရာဝန်ခေါ်ပေးဖို့မလိုဘူးလား"

"မလိုပါဘူးဆရာ....အလုပ်ကိုပဲ အာရုံစိုက်ရအောင်"

တကယ်တော့ နွေရွက်ဝါ အိမ်ကထွက်လာတည်းက မကောင်းချင်နေတာပင်။အအေးကြောက်တဲ့သူမလို့နှာတွေမွှန်ပြီး ကိုယ်ကပါပူလာသည်။ခေါင်းလည်းအနည်ူငယ်ကိုက်ချင်နေသည်မလို့ သူမထွက်လာတည်းကဆေးသောက်ခဲ့တာပင်။ဒါပေမဲ့ ဒီမှာသူမမတ်တပ်ရပ်နေတာ နာရီဝက်မကတော့ပေ။

"အလုပ်ကတော့ ဒါပါပဲ...နွေရွက်ဝါကိုယုံကြည်လို့ နဂါးအဖွဲ့အမှုကို အချိန်ဆယ်ရက်ပေးမယ်။အဲအချိန်အတွင်းမထူးခြားရင်တော့ အမှုကအခြားအဖွဲ့ဆီသွားရင်သွား မဟုတ်ရင် ပိတ်လိုက်ရမှာပဲ"

"ဆယ်ရက်အတွင်း ဖမ်းနိုင်ဖို့ ကြိုးစားပါ့မယ်ဆရာ...ဒါဆို ကျွန်မပြန်လို့ရပြီလား"

"အင်း...သွားရအောင်"

"ဆရာ..."

"နွေရွက်ဝါကို ကိုယ်လိုက်ပို့မှာ ဌာနကကားက လူကြီးတစ်ယောက်ကိူကြိုဖို့လွှတ်လိုက်တဲ့အတွက်ကြောင့်"

"ရပါတယ်ဆရာ...ကျွန်မဘာသာ တက္ကစီခေါ်ပြန်ပါမယ်"

"အစကတော့ အဲလိုပြန်ခိုင်းမလို့ပါပဲ ဒါပေမဲ့ မင်းရဲ့အခြေအနေကိုကြည့်ပြီး ကိုယ်စိတ်မချလို့ မငြင်းနဲ့ ဒါအမိန့်ပဲ"

"ဆရာ့ သဘောပါ"

ငြင်းရင်လဲအပိုပဲဆိုတာ သိသည်မလို့ နွေရွက်ဝါ တိတ်ဆိတ်မှုကိုပဲရွေးချယ်လိုက်သည်။အဆင်သင့်ဖွင့်ပေးသည့်ကားထဲသို့သူမဝင်လိုက်ချိန် ဝန်းထဲရှိလူများ၏ အကြည့်အား မြင်လိုက်ရသည်။ဒါပေမဲ့ သူမ ဂရုမစိုက်ပါ။

"အဲကွန်းပိတ်ပေးရမလား အဆင်ပြေရဲ့လား"

"ကျွန်မကိုဂရုမစိုက်ပါနဲ့ဆရာ...အဆင်ပြေပါတယ်"

ခေါင်းအားအနောက်မှီကာ မျက်လုံးများအား ပိတ်ချလိုက်သည့်နွေရွက်ဝါကြောင့် မိုးထက်ယံလည်းဘာမှမပြောတော့ဘဲ ကားကိုသာဂရုတစိုက်မောင်းနေမိသည်။နွေရွက်ဝါကို သူ့ဘက်ပါလာအောင်လုပ်ဖို့က မလွယ်ကူမှန်း သူသဘောပေါက်ပေမဲ့ လက်မလျှော့နိုင်သေး။

"နေမင်းခန့် စခန်းရှေ့ကကားက မိုးထက်...ကျစ် ရဲမှူးကားမလား"

"ဟုတ်တယ် အခုမှရောက်ပုံပဲ စခန်းမှူးက အဲကိုသွားတာမလား ရဲမှူးကဘာလို့ဒီရောက်"

"စခန်းမှူးတောင် ပြန်မလာသေးဘူးမလား "

"ဒါမှမဟုတ်...ရဲမှူးက စခန်းမှူးကိုလိုက်ပို့တာလား ဟီးဟီး"

မိုးစက်နေခြည်ရဲ့အကြည့်ကြောင့် နေမင်းခန့် မျက်နှာပိုးသတ်ကာ ပါးစပ်အားပိတ်ပြီး ဘာမှမပြောတော့။အရှေ့ကအခြေအနေကိုသာ အကဲခတ်နေမိသည်။

"အားအားယားယား ဘာလာလုပ်တာလဲ "

ခပ်တိုးတိုးရေရွတ်ရင်း ကားပေါ်မှ အခြေအနေအားလှမ်းကြည့်နေမိသည်။နေမင်းခန့်ပြောသလို စခန်းမှူးကိုလိုက်ပို့တာများလား။မဖြစ်နိုင်ပါ။ဌာနရဲ့ကားရှိနေတာကို စခန်းမှူးကသူ့ကားနဲ့ပြန်မှာမဟုတ်လောက်ပါဘူး။ဒါပေမဲ့ ကားပေါ်မှဆင်းပြီး တစ်ဖက်တံခါးဆီသို့လျှောက်သွားသည့် မိုးထက်ယံကြောင့် မိုးစက်ကားပေါ်မှလျင်မြန်စွာဆင်းလာလိုက်မိသည်။

"နွေရွက်ဝါ....နွေရွက်ဝါ"

မိုးထက်ယံနှိုးမရသည်မလို့ ပွေ့ခေါ်ရန်ပြင်လိုက်စဥ် သူ့အနားသို့လူတစ်ယောက်ရောက်လာပြီး တွန်းဖယ်လိုက်သည်မလို့ကြည့်လိုက်တော့ မိုးစက်နေခြည်။

"ကျွန်မရဲ့စခန်းမှူးကို ကျွန်မဘာသာ ဂရုစိုက်နိုင်ပါတယ် ရဲမှူးမိုးထက်ယံ"

ပြောပြောဆိုဆိုဖြင့် ကားပေါ်ရှိလူအားပွေ့ချီရန်ပြင်လိုက်စဥ် ပူခြစ်နေသည့်အသားများကြောင့် အိပ်ပျော်နေတာမဟုတ်ဘဲ သတိလစ်နေကြောင်း မိုးစက်ချက်ချင်းသိလိုက်သည်။

"နေမင်းခန့် ဆေးခန်းကဒေါက်တာကို အခုချက်ချင်းသွားခေါ်လာခဲ့"

မဆိုင်ူမတွပွေ့ချီလိုက်ပြီး စခန်းတွင်းသို့ခြေလှမ်းကျဲများဖြင့် သူမဝင်လာခဲ့သည်။စခန်းထဲရှိလူများလည်း မြင်လိုက်ရသည့်မြင်ကွင်းကြောင့် ရုတ်ရုတ်သဲသဲ။

"စခန်းမှူး...စခန်းမှူးဘာဖြစ်လာတာလဲ...နှင်းသု အခန်းတံခါးဖွင့်ပေးလိုက် စခန်းမှူးအခန်းကို"

"ဘယ်လိုဖြစ်တာလဲ ဆေးရုံမသွားဘူးလား"

"အဖျားကြီးပြီးသတိလစ်သွားတာ​ဖြစ်မယ် ရေပတ်တိုက်ဖို့ပြင်ပေးပါ ဒေါ်မြတ်နိုးဝေ"

ရုတ်ရုတ်သဲသဲလှုပ်ရှားနေသူများမှာ သူ့အားဘယ်သူကမှအရေးတယူမေးခြင်းမရှိသည်မလို့ မိုးထက်ယံ စခန်းထဲမှချက်ချင်းထွက်ခွာသွားခဲ့သည်။သူဆက်နေရင်လည်း သူ့ကိုဂရုပြုမိကြမှာမဟုတ်။

"ဒေါက်တာ ရောက်ပါပြီ ဒုရဲအုပ်"

မိုးစက်အနောက်သို့ရွှေ့ကာ ဒေါက်တာအတွက်နေရာပေးလိုက်မိသည်။ဒေါက်တာစမ်းသပ်သည်အား သူမလိုက်ကြည့်နေမိရင်း ကိုယ့်ကိုယ့်ကိုလည်း အပြစ်တင်မိလျက်။

"ဆေးထိုးပေးခဲ့တယ်နော် လူနာကြည့်ရတာ အိပ်ရေးတွေလည်းတအားပျက်ထားပုံပဲ သွေးပေါင်လည်းကျနေတယ် အရမ်းတော့စိုးရိမ်စရာမရှိပါဘူး အဖျားကျအောင် ရေပတ်လေးတော့သေချာတိုက်ပေးပါ သေချာလေးအနားယူခိုင်းပါ"

"ကျေးဇူးတင်ပါတယ် ဒေါက်တာ....နေမင်းခန့် ငါ့အိတ်ထဲမှာ ဒေါက်တာ့ကိုခြေကြွခပေးပြီး သေချညလိုက်ပို့ပေးပါ"

"ဟုတ်ကဲ့ပါ ဒုရဲအုပ်"

"ကျန်တဲ့သူတွေလုပ်စရာရှိတူလုပ်ပါ စခန်းမှူးကို ကျွန်မ ဂရုစိုက်လိုက်ပါမယ်"

"ဟုတ်ကဲ့...."

"နှင်းသု စခန်းမှူးသတိရလာရင်စားဖို့ အဆင်ပြေမဲ့တစ်ခုခုပြင်ထားပေးပါနော် "

အားလုံးထွက်သွားကြတော့ မိုးစက်တစ်ယောက်တည်း နွေရွက်ဝါအား ရေပတ်တိုက်ပေးနေမိသည်။ညက အတူအိပ်ပေမဲ့သူမတစ်ရေးနိုးချိန်မှာ စခန်းမှူး​က သူ့စားပွဲမှာ အမှုကိစ္စတွေလုပ်နေတာပင်။သူမ တားပေမဲ့ ခဏနေရင်ပြီးပါပြီဆိုပြီး ဘယ်အချိန်အိပ်တယ်မသိ။အိပ်ချိန်ထက်အလုပ်လုပ်ချိန်က ပိုများနေတော့ တစ်ခုခုဆို ခန္ဓာကိုယ်က ခံနိုင်ရည်မရှိတာ မဆန်းလှပါ။စိတ်ဓာတ်က မာကျောနေလို့သာ တော်တော့သည်။

------

နွေရွက်ဝါမျက်ဝန်းများအား အားယူကာဖွင့်လိုက်တော့ မျက်နှာကြတ်အဖြူရောင်အား ဝိုးတဝါးမြင်ရသည်။ခေါင်းကိုက်နေဆဲပဲမလို့ သူမနားထင်အား လက်ဖြင့်ဖိလိုက်မိသည်။သူမဘေးတွင် ခုံပေါ်ခေါင်းတင်ပြီး အိပ်ပျော်နေသည့်မိုးစက်အားမြင်တော့ သူမစခန်းကိုပြန်ရောက်နေပြီမှန်း သိလိုက်သည်။သူမကားပေါ်မှာ ခေါင်းကိုက်လို့ဆိုပြီး မျက်လုံးမှိတ်လိုက်ပြီးနောက် မသိတော့။

"မ...စခန်းမှူး သတိရပြီလား"

"အင်း...တမံသလင်းကြီးပေါ်မှာ အအေးပတ်တော့မှာပဲ ခုံပေါ်မှာဘာလို့မထိုင်လဲ"

"ဘယ်လောက်တောင်လန့်သွားလဲသိရဲ့လား...ဟင်...ကိုယ့်ကျန်းမာရေးကိုဂရုစိုက်ပါလို့အမြဲမှာရဲ့နဲ့"

"ကိုယ်လေးနည်းနည်းပူပြီးဖျားတာလောက်ပဲ တို့မသေနိုင်ပါဘူး"

"ဒုရဲအုပ် ဆန်ပြုတ်ရပါပြီ....စခန်းမှူး ဘယ်လိုနေသေးလဲ"

"အဆင်ပြေပါတယ် နှင်းသု...နည်းနည်းခေါင်းကိုက်ရုံလောက်ပဲ...တပ်ကြပ်ဟိန်းမင်းသစ်ရော"

"ရှိပါတယ်...ခေါ်ပေးရမလား"

"အင်း...ခဏလောက်"

"နေအုံး...စခန်းမှူး အခုမှသတိရလာတာနော် အလုပ်ကိုခဏထားလိုက်ပါ "

"ငါအဆင်ပြေပါတယ် မိုးစက်...အလုပ်ကအရေးကြီးတယ်"

"ကိုယ့်ကျန်းမာရေးထက်ဘယ်အရာကမှအရေးမကြီးပါဘူး...ဆန်ပြုတ်သောက်ပါ ပြီးရင် ဆေးသောက်ရမယ်"

"အလုပ်ပြီးရင် သောက်မယ် ခဏပဲ"

"မရဘူး....နှင်းသု သွားတော့ ငါအမိန့်မရဘဲ ဘယ်သူမှအခန်းထဲမလွှတ်နဲ့"

"နှင်းသုကို....တပ်ကြပ်ကိုအထဲလွှတ်လိုက် ငါ့အမိန့်ပဲ"

"လွှတ်ရဲရင်လွှတ်ကြည့်လိုက် နှင်းသုကို"

ဟိုလူ့ကြည့်လိုက် ဒီလူ့ကြည့်လိုက်နဲ့ နှင်းသုကိုမှာ ငိူချင်လာတော့သည်။သူမဘယ်သူ့ရဲ့စကားကိုနားထောင်ရမှာလဲ။နှစ်ယောက်လုံးက သူမရဲ့စီနွယာအထက်လူကြီးတွေ။အကြီးဆုံးဖြစ်တဲ့စခန်းမှူးစကားနားထောင်ပြန်ရင်လဲ ဒုရဲအုပ်ကသူ့ကိုအလွတ်ပေးမှာမဟုတ်။ဒုရဲအုပ်စကားနားထောင်ပြန်ရင်လဲ စခန်းမှူးက သူ့ကိုအလုပ်ထုတ်ပစ်ရင်ဘယ်လိုလုပ်မလဲ။

"အာ့...ဗိုက်...ဗိုက်အောင့်တယ်...ခဏ...ခဏလေးနော်"

ဗိုက်အားဖိကာ နှင်းသုကို အခန်းထဲမှ ပြေးထွက်လာခဲ့တော့သည်။အပြင်ကလူတွေကတော့ ဘာဖြစ်မှန်းမသိလို့ နှင်းသုအား စိုက်ကြည့်လျက်။

"ငါ့ဘာသာသွားမယ်"

ညောင်စောင်းပေါ်မှထကာ အပြင်ထွက်ရန် နွေရွက်ဝါ မတ်တပ်ထရပ်လိုက်စဥ်မှာပဲ ခေါင်းထဲမိုက်ခနဲဖြစ်ကာ ခြေလှမ်းပျက်သွားသည်မလို့ မိုးစက်ထိန်းလိုက်ရသည်။

"လူကဖြင့်မကောင်းသေးဘူး အလုပ်ကလုပ်ချင်နေတယ် အလုပ်တွေက ပင်စင်မရမချင်း လုပ်နေရမှာ ကိုယ့်ကိုယ့်ကို ဂရုစိုက်စမ်းပါ"

မိုးစက်နေခြည်ပြောတာ မှန်နေသည်မလို့ ဒီတစ်ကြိမ်တော့ နွေရွက်ဝါ ပြန်လည်မတုံ့ပြန်တော့ဘဲ ငြိမ်နေမိသည်။

"ဆန်ပြုတ်သောက်ပြီးလို့ဆေးသောက်ပြီးရင် တပ်ကြပ်ကြီးကိုခေါ်ပေးမယ် အခုတော့ အရင်သောက်လိုက်"

"ကိုယ့်ဘာသာသောက်ပါမယ်...အပြင်မှာလူတွေနဲ့"

"ဘာဖြစ်လဲ ကိုယ့်စခန်းမှူးကို ကိုယ်ဂရုစိုက်တာ သောက်စမ်းပါ ခေါင်းမာမနေနဲ့"

"မိုးစက်..."

"ဘာမှားလို့လဲ...ကိုယ့်ရည်းစားကိုကိုယ်ဂရုစိုက်တာ ဘာဖြစ်လဲလို့ မပြောမိပါဘူး"

"မိုးစက်နေခြည်"

နွေရွက်ဝါ အသံအားနှိမ့်ရင်း မိုးစက်နေခြည်ရဲ့လက်မောင်းအား ခပ်ဖွဖွထုလိုက်မိသည်။မိုးစက်ကတော့ သဘောတကျရယ်လျက်။

"တပ်ကြပ်ကိုလွှတ်လိုက်မယ်...တစ်ခုခုလိုရင်ပြောပါ"

"ကျေးဇူးတင်ပါတယ်"

"ကျေးဇူးက ဝါးစားလို့မရဘူး အခြားဟာနဲ့ဆပ်ပါ့လား"

သူမနှုတ်ခမ်းအားမျက်စပစ်ပြသည်မလို့ နွေရွက်ဝါနှုတ်ခမ်းအားကိုက်ကာ မျက်စောင်းခဲလိုက်မိသည်။အနည်းငယ်ချမ်းစိမ့်စိမ့်ဖြစ်သလိုခံစားရသည်မလို့အနားရှိစောင်အား ကိုယ်ပေါ်လွှမ်းခြုံလိုက်သည်။

"စခန်းမှူး ကျွန်တော် ရောက်ပါပြီ"

"ကျွန်မစုံစမ်းခိုင်းတဲ့ကိစ္စ အခြေအနေဘာထူးလဲ"

"အခုထိ မထူးသေးပါဘူး စခန်းမှူး"

"ကျွန်မတို့ အမြန်လုပ်မှရမယ် ဌာနကဆယ်ရက်ပဲအချိန်ပေးတယ်"

"ဒီထက်ပိုပြီး ကြိုးစားပါ့မယ် စခန်းမှူးပြောသလိုစောင့်ကြည့်ဖို့လူလွှတ်ထားပါတယ် ဒါပေမဲ့ လမ်းကြောင်းက ရှင်းလွန်းနေတယ် သံသယဖြစ်စရာမရှိဘူး။ကျွန်တော်တို့လူမှားနေတာများလား"

"ဟင့်အင်း...မဖြစ်နိုင်ဘူး။ငါသေချာတွေ့ခဲ့တာ လက်ကောက်ဝတ်ကဒဏ်ရာက သူနဲ့တစ်ပုံစံတည်းပဲ"

"ဟုတ်ကဲ့ ဒါဆို ဆက်စုံစမ်းလိုက်ပါမယ်"

"အင်း...သူ့ကိုပိုပြီးအနီးကပ်လိုက်နိုင်ဖို့ နည်းလမ်းတစ်ခုခု ကျွန်မစဥ်းစားကြည့်ပါအုံးမယ်။သူကပါးနပ်လွန်းသူမလို့ အလွယ်တကူတော့ ထောင်ချောက်မိမှာမဟုတ်ဘူး"

"ဟုတ်ကဲ့ပါ စခန်းမှူး"

တပ်ကြပ်ဟိန်းမင်းသစ်ထွက်သွားတော့ နွေရွက်ဝါ အခန်းထဲရှိမိမိထိုင်ခုံတွင် ခေါင်းအားနောက်လှန်မှီထားပြီးမျက်ဝန်းများအား ပိတ်ထားမိသည်။ခဏအကြာ သူမနားထင်သို့ထိတွေ့လာသည့် လက်တစ်စုံကြောင့် ပြုံးလိုက်မိသည်။

"ထမင်းစားပြီးပြီလား"

"ပြီးပြီ....အဆင်ပြေလား"

"အင်း ချစ်ရသူရဲ့ဂရုစိုက်မှုကြောင့်ထင်တယ် အရမ်းနေလို့ကောင်းတာပဲ"

မျက်ဝန်းများဖွင့်ကယ သူမအားအပေါ်စီးမှအုံ့မိုးကြည့်နေသူအား နွေရွက်ဝါပြုံးလိုက်မိသည်။ပထမဆုံးအကြိမ်အဖြစ် သူမရဲ့အခန်းမှာ အလုပ်မဟုတ်သော ကိုယ်ရေးကိုယ်တာခံစားချက်ကိုဖွင့်လှစ်ပြမိခြင်းဖြစ်မယ်ထင်ရဲ့။

"ဘာလို့ ရဲမှူးနဲ့အတူပြန်လာတာလဲ"

"သဝန်တိုတာလား"

မိုးစက်မဖြေဘဲ မျက်နှာအားတစ်ဖက်သိူ့လွှဲလိုက်ပေမဲ့ နားထင်ပေါ်တွင်လှုပ်ရှားနေသည့်လက်မှာရပ်မသွားပါ။သူမ ဘာပြန်ဖြေရမလဲမသိ။ဟုတ်တယ်လို့ပြောလိုက်ရင် သူမက ပရော်ဖက်ရှင်နယ်မဆန်သလိုများဖြစ်သွားမလား၊အလုပ်နဲ့ကိုယ်ရေးကိုယ်တာမခွဲတတ်သူအဖြစ် မြင်သွားမှာမလိုချင်ပါ။

"မဖြေဘူးနော်...သိလိုက်ပါပြီအဖြေကို"

"ဘာလဲ"

"သဝန်တိုတာမဟုတ်မှန်း"

"မဟုတ်ဘူး..."

"အဲတာဆို သဝန်တိုတာလား..."

"ဟုတ်တယ်လို့ပြောရင် စိတ်ဆိုးမလား"

နွေရွက်ဝါပြုံးရင်း ခေါင်းခါပြလိုက်မိသည်။ချစ်လို့သဝန်တိုတာ စိတ်ဆိုးစရာမှမဟုတ်တာပဲမလား။

"ရဲမှူးကဘာတွေပြောလဲ အစောကြီးခေါ်တော့ အရေးကြီးကိစ္စလား"

နွေရွက်ဝါအနည်းငယ်မျက်နှာမကောင်းဖြစ်သွားမိပေမဲ့ သူမချက်ချင်းပင်ပြင်လိုက်သည်။မိုးစက်က စားပွဲပေါ်က လိမ်းဆေးဗူးကိုလှမ်းယူနေသည်မလို့ မမြင်လိုက်။

"အင်း ဆိုပါတော့...နဂါးအဖွဲ့ကိစ္စလေ အထက်ကဖိအားပေးနေပုံပဲ ဆယ်ရက်ပဲအချိန်ပေးတယ်"

"ဆယ်ရက်ကျော်သွားရင်ရော"

"အမှုပိတ်တာမဟုတ်ရင် အမှုလွှဲရမှာပေါ့...ဒါပေမဲ့ သိပ်မကြာခင်ဖမ်းမိတော့မယ်လို့ယုံကြည်တယ်"

"ကျွန်မရောပဲ....ကျွန်မရဲ့ရည်းစားလေးတော်တာသိပြီးသားလေ"

နားနားကပ်ကာပြောလိုက်သည်မလို့ နွေရွက်ဝါမျက်နှာတစ်ခုလုံးရဲသွားခဲ့သည်။ခုနကသူမစခဲ့တဲ့အတွက် တန်ပြန်ထိုးစစ်ဆင်ခံရတာမလား။

"စခန်းမှူးနဲ့ဒုရဲအုပ် အခုတလောပိုရင်းနှီးလာသလိုပဲနော် ဒေါ်မြတ်နိုးဝေ"

"အင်း...ဒုရဲအုပ်က စခန်းမှူးက အရမ်းဂရုစိုက်လာတယ် အထက်လူကြီးနှစ်ယောက်အဆင်ပြေနေတော့ စခန်းအတွက်ကောင်းတာပေါ့"

"ဟုတ်တယ်...ဒါနဲ့ ရဲမှူးမိုးထက်ယံကိုဘယ်လိုမြင်ကြလဲ"

နေမင်းခန့်အမေးကြောင့် အားလုံးရဲ့အကြည့်များ နေမင်းခန့်ဆီ ကျရောက်လာတော့သည်။

"ဟိုဟာ...ရဲမှူးက ပုံမှန်ထက်ပိုပြီး စခန်းမှူးကို ဦးစားပေးသလားလို့"

"ဟုတ်တယ် ကျွန်တော် ဌာနချုပ်ကိုလိုက်ပို့တဲ့အခါကျရင်လဲ ရဲမှူးက စခန်းမှူးကိုအလေးထားသလိုပဲ ဒါပေမဲ့"

"ဒါပေမဲ့ ဘာဖြစ်လဲ သော်ဇင်ထက်"

"ဘာဖြစ်ရမှာလဲ ဒေါ်မြတ်နိုးဝေရာ စခန်းမှူးက အလုပ်ကိစ္စကလွဲ ဝတ်ကြေတန်းကြေတောင် သိပ်နှုတ်ဆက်တာမဟုတ်ဘူး အရမ်းချေတာပဲ"

"အဲတာကြောင့် ဒီအရွယ်ထိ ရည်းစားမရတာနေမယ် အဟိ"

သဘောတကျရယ်နေသည့်နှင်းသုကို ဇက်ပိုးအား ဒေါ်မြတ်နိုးဝေ ခပ်သာသာဖြတ်ရိုက်လိုက်သည်မလို့ နှင်းသုမှာအရယ်ရပ်သွားတော့သည်။

"ကိုယ့်အထက်လူကြီးကို ဘာတွေလျှောက်ပြောနေတာလဲ"

"အာ...စတာကို ဒေါ်မြတ်နိုးဝေကလဲ"

ဆူပုတ်ပုတ်ကလေးဖြင့် နှင်းသုမှာ သူမနေရာပြန်ထိုင်ရင်း ဘာမှပြန်မလုပ်နိုင်သည့်ကီးဘုတ်ခလုတ်များကိုသာ တဂျောင်းဂျောင်းမြည်အောင် နှိပ်နေတော့သည်။

-----

"စခန်းမှူးက နေလည်းမကောင်းသေးဘဲ အပြင်ကိုထွက်တယ် ဒုရဲအုပ်သိရင် နှင်းသုကို အော်အုံးမယ်"

"ရှင်က ကျွန်မထက် မိုးစက်ကိုပိုကြောက်တယ်ပေါ့"

"ကြောက်တာပေါ့ တော်ကြာ အရိုးကျိုးနေမှ ပတ်တီးကြီးနဲ့မလှမပဖြစ်အုံးမယ်"

"ဟားဟား....မိုးစက်ဖြင့်အရိုးမချိုးတာကြာရောပေါ့ ငြိမ်နေတာလေ"

"ငြိမ်နေလို့ကြောက်တာလေ တရားခံတွေအရိုးမချိုးရတော့ နှင်းသုတို့အရိုးလာချိုးနေရင်ဘယ်လိုလုပ်...."

"အဖွဲ့အားလုံးနားထောင်ပါ ဓားပြတိုက်မှုတစ်ခုဖြစ်သွားတယ် ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက် အနက်ရောင်အထုပ်ကိုင်ထားတယ်"

"ထပ်ပြောပါမယ် ဆိုင်ကယ်တစ်စီးနဲ့လူနှစ်ယောက် ရွှေဆိုင်ကိုဓားပြတိုက်သွားတယ် တစ်ယောက်က အနီရောင်တီရှပ်ဝတ်ထားပြီးတစ်ယောက်က အဖြူရောင်ရှပ်ဝတ်ထားတယ်"

"အဖွဲ့အားလုံး သတိထားပါ တွေ့ရင်အကြောင်းကြားပါ သူတို့ရဲ့ဦးတည်ရာက ပတ္တမြားလမ်းဘက်ပါ"

"နှင်းသု ကားပေါ်အမြန်တက် ဒီနေရာနဲ့သိပ်မဝေးဘူး"

နှစ်ယောက်သား ကားဆီသို့ခပ်သွက်သွက်ပြန်လျှောက်လာပြီး နှင်းသုကိုက မောင်းသူနေရာတွင်နေရာယူကာ ကားအားလျင်မြန်စွာမောင်စထွက်ခဲ့သည်။

"ကျွန်မနဲ့နီးတဲ့နေရာမှာသူတို့ဒီလိုလုပ်တာ ကံဆိုးတာပဲ"

နှင်းသုရဲ့ယုံကြည်ချက်ရှိရှိပြောချလိုက်သည့်စကားကြောင့် နွေရွက်ဝါမျက်ခုံးတစ်ဖက်ပင်ပင့်သွားပြီး ပြုံးလိုက်မိပေမဲ့ သူမ ဘာမှမပြော။

"အဲဒီနှစ်ယောက်လုံးကို ကျွန်မလက်နဲ့ကိုယ်တိုင်ဖမ်းမယ် စခန်းမှူးကြည့်နေပါ"

"တကယ်လား"

"တကယ်ပေါ့...စခန်းမှူးကိုကာကွယ်ရမှာ နှင်းသုရဲ့တာဝန်ပဲ စိတ်ချပါ နှင်းသုရှိနေသရွေ့ စခန်းမှူးလုံးဝမထိခိုက်စေရဘူး"

ထူးထူးဆန်းဆန်းစကားတွေပြောနေသည့်နှင်းသုအားကြည့်ကာ နွေရွက်ဝါ မပြုံးဘဲမနေနိုင်။ရှေ့တွင် ဖြတ်သွားသည့် ဆိုင်ကယ်မှာ ဓားပြဆိုင်ကယ်နဲ့တူနေသည်မလို့ သူမ ထိုဆိုင်ကယ်နောက်သို့လိုက်ရန် နှင်းသုအားပြောလိုက်မိသည်။

"ဒီဘက်ဖြတ်လမ်းကလိုက် နှင်းသု"

သူတို့ကတစ်ဖက်လမ်းကအဖြတ် နွေရွက်ဝါတို့ကားက လမ်းကြားကအထွက်ကွက်တိမလို့ ဆိုင်ကယ်မှာ မြေပြင်ပေါ်လဲကျသွားတော့သည်။

"ကျွန်မကို လွှဲလိုက်ပါ စခန်းမှူး"

ကားပေါ်မှ မာန်ပါပါဆင်းသွားသာ့်နှင်းသုကြောင့် နွေရွက်ဝါ ခဏတော့ကြောင်သွားသည်။ဒါပေမဲ့ သူမချက်ချင်းပင် ကားပေါ်မှလျင်မြန်စွာဆင်းလိုက်သည်။မဟုတ်ရင် ဒီလူနှစ်ယောက်လွတ်သွားမှာ သူမသိသည်။

"ဘယ်လိုတောင်ရဲတင်းလိုက်တာလဲဟမ်...အာ့...အား"

ပြောကာ လက်ဖြင့်ရိုက်ရန်ရွယ်သည့် နှင်းသုကိုလက်အား တစ်ဖက်ကတစ်ယောက်ကဆွဲလိမ်ကာ သူ့ဘက်သို့ဆွဲလိုက်သည်မလို့ နွေရွက်ဝါ သေနတ်အားထုတ်ကာ ထိုလူအားချိန်လိုက်မိသည်။

"လွှတ်လိုက်...."

"အာ့..အား နာတာ...နာတယ်"

"ရန်သူက မင်းကိူညှာမှာမဟုတ်ဘူး နှင်းသုကို ကိုယ်ကလက်ဦးမှုရှိရမှာ ဟိတ်ဟန်တွေနဲ့ခြောက်ပြရမှာမဟုတ်ဘူး"

နှစ်ယောက်စလုံးအား တွဲကာ လက်ထိပ်ခတ်လိုက်ပြီး ကားပေါ်သို့ တင်ကာ စခန်းသိူ့ပြန်လာခဲ့ကြသည်။စခန်းမှာတော့ သူမတို့အား စောင့်ကြိုနေသည့်သူများ။

"စခန်းမှူး..."

"တပ်ကြပ် ဘာဖြစ်လို့ စခန်းရှေ့မှာ လူတွေအုံနေတာလဲ"

"အဲတာ...."

"ဘာဖြစ်တာလဲ"

"အရင်ဆုံးစခန်းထဲဝင်လိုက်ပါ ရှင်းပြပါမယ်"

တပ်ကြပ်ဟိန်းမင်းသစ်ဖွင့်ပေးသည့်လက်တော့အားနွေရွက်ဝါ ကြည့်လိုက်ရင်း သက်ပြင်းအားချလိုက်မိသည်။

"အဲတော့ ဒီvideo အတွက် ရှေ့မှာရောက်နေကြတာပေါ့"

"ဟုတ်ပါတယ် စခန်းမှူး"

"ခဏလေး...ဒါက ကုမ္ပဏီရုံးခန်းလား။သူကဘယ်သူမလို့ မိုးစက်နေခြည်နဲ့ပြဿနာဖြစ်တာလဲ"

"အဲတာက..."

"ဘာလို့ထစ်ငေါ့နေတာလဲ ငါမသိသေးတာ တစ်ခုခုရှိတာလား"

နွေရွက်ဝါအသံအနည်းငယ်မြင့်သွားသည်မလို့ အားလုံး ဘာမှမပြောရဲအောင် တိတ်ဆိတ်သွားကြသည်။တိတ်ဆိတ်မှုကိုဖြိုခွင်းပြီးရောက်လာသူမှာ မိုးစက်နေခြည်သာ။

"စခန်းရှေ့မှာ လူတွေအများကြီးပဲ ဘာပွဲရှိတာလဲ"

"နတ်ပွဲ"

"ဟမ်...ဘယ်သူက စခန်းရှေ့နတ်လာကတာ"

မိုးစက်မေးမိပြီးကာမှ စခန်းမှူးရဲ့တင်းမာနေသည့်မျက်နှာထားကြောင့် ဘာမှဆက်မပြောတော့ဘဲ လက်တော့ဆီသို့အကြည့်ပို့လိုက်မိသည်။

"ဒီကိစ္စရှင်းပါအုံး ဒုရဲအုပ်မိုးစက်နေခြည်"

"ကျွန်မ ဘယ်သူ့ကိုမှမရိုက်နှက်ခဲ့ပါဘူး စခန်းမှူး"

"အင်း...ဟုတ်တယ် မရိုက်နှက်ဘူး ခြိမ်းခြောက်တာ...စီစီတီဗီရှိနေတာသိရဲ့နဲ့.. နောက်ပြီး ငါ့ကိုတောင်အကြောင်းမကြားဘဲ ဘာကိစ္စလဲ။စခန်းကလူတွေကရော စခန်းမှူးတစ်ယောက်ရှိသေးတာ သတိရသေးလား"

"ဘယ်သူဒီကိစ္စကို ပြောပြမှာလဲ...."

ဖြစ်စဥ်အစအဆုံးအား မိုးစက်ရှင်းပြလိုက်မိသည်။ကုမ္ပဏီအားသူမသွားကာ ဝယ်ယူသူစာရင်းကိုစသ်ခိုင်းရုံပါ။ဒါပေမဲ့အချိုးမပြေတဲ့မန်နေဂျာကြောင့် အနည်းငယ်ကတောက်ကဆဖြစ်ခဲ့ရုံ။ဒါပေမဲ့ သူမ လုံးဝမရိုက်ခဲ့ပါ။

"တစ်ခုခု​ဖြစ်လာတဲ့အခါ အကြောင်းကြားဖို့လောက်တောင် သတိမရကြဘူးလား...အမှုဖွင့်ထားတာတောင်မရှိဘဲ အခြားသူပိုင်နက်အထိ သွားခြိမ်းခြောက်တာ ရဲတစ်ယောက်ရဲ့လုပ်ရပ်လား မိုးစက်နေခြည်"

"အကြောင်းမကြားမိတာ တောင်းပန်ပါတယ် စခန်းမှူး"

"တောင်းပန်တာက နောက်ထားပါ...အခုအပြင်ကိစ္စကို အရင်ရှင်းလိုက်ပါ။အားလုံး သွား"

"စခန်းမှူးကရော..."

"ငါမသိတဲ့ကိစ္စတစ်ခုအတွက် ငါကဘယ်လိုဖြေရှင်းချက်ပေးရမှာလဲ နှင်းသုကို။ဒီမှာလူတွေအများကြီးရှိနေတာပဲ ငါ့ကိုမလိုပါဘူး"

အားလုံးအား တစ်ချက်ဝေ့ဝဲကြည့်ပြီး အခန်းဆီသို့နွေရွက်ဝါလျှောက်လာကာ တံခါးအား အတွင်းမှဂျက်ချလိုက်သည်။တစ်ခါတစ်လေလောက်တော့ သူမရဲ့အဖွဲ့သားတွေကို သူမလွှတ်ထားလိုက်ချင်သည်။ကိုယ်လုပ်လိုက်တဲ့အကျိုးဆက်ကို ကိုယ်တိုင်သိစေချင်ရုံသာ။

"ဟုတ်ကဲ့ဆရာ "

"....."

"စိတ်ချပါဆရာ...ဌာနကိုမထိခိုက်စေရပါဘူး"

"....."

"အခုပဲ video ကို viral ဖြစ်တာကနေ လျော့ကျအောင်လုပ်ဖို့ နည်းပညာအဖွဲ့ကို အကူအညီတောင်းထားပါတယ်"

"...."

"ဟုတ်ကဲ့...လေးစားပါတယ် ဆရာ"

ဖုန်းအားချလိုက်ပြီးနောက် သူမအံဆွဲထဲမှာ သူမရဲ့ကိုယ်ပိုင်ကားသော့အားထုတ်ကာယူပြီး အပြင်ဘက်ဆီလျှောက်လာခဲ့သည်။လူအုပ်အားကျော်ပြီး သူမကားအား မောင်းထွက်လာခဲ့သည်။

"စခန်းမှူး တကယ် စိတ်ဆိုးသွားတယ်ထင်တယ် "

တစ်ခုခုဆို အမြဲရှေ့ကနေကာကွယ်ပေးသည့်သူက ဘာမှမဆိုင်သလို ထွက်သွားတော့ အားလုံးဝမ်းနည်းမိသွားပေမဲ့ ဒါက သူတို့ရဲ့အမှားမကင်းတာမလို့ အပြစ်မမြင်မိကြ။တကယ်ဆို ဒီကိစ္စကိုကြိုပြီးပြောပြခဲ့သင့်တာမလား။အုတ်အော်သောင်းနင်းဖြစ်မှ သိရတာ စခန်းမှူးတစ်ယောက်အတွက်တွေးကြည့်ရင် ဝမ်းနည်းစရာပဲလေ။

"စိတ်မချရင်လဲ ဟိုမှာနေတာမဟုတ်ဘူး ဒေါ်နွေရွက်ဝါ "

ဆိုင်ထဲရောက်တည်းက တိုက်ရိုက်ထုတ်လွှင့်နေသည်အားဖုန်းမှကြည့်နေသူအား စနိုး စနောက်လိုက်မိသည်။

"စိတ်မချရင် ကိုယ်တိုင်ဝင်ရှင်းပေးတယမဟုတ်ဘဲနဲ့နွေရယ်"

"စိတ်မချဘူး...ဒါပေမဲ့ နောက်ကျရင်လည်း တစ်ခုခူဖြစ်လာရင် သူတို့ကိုယ်တိုင်ပဲရှင်းရတော့မှာဆိုတော့ အသားကျအောင်"

"နွေ ဘယ်သွားမလို့လဲ"

"ဟင်!!"

"နွေပြောတာ နောက်ကျ သူတို့ကိုယ်တိုင်ပဲရှင်းရမယ်ဆိုတော့ နွေကဘယ်သွားမလို့လဲလို့မေးတာ အပြောင်းအရွှေ့လား"

"အမ်း...အဲလိုတော့ မဟုတ်ပါဘူး ဒီကော်ဖီသောက်လို့ကောင်းတယ်နော် စနိုးဖျော်တာလား"

"အမြဲတမ်း ကျွန်မပဲ ဖျော်တာကို လာနောက်မနေနဲ့"

"ဒါနဲ့...ဟက်ပီဘတ်ဒေးပါ စနိုး"

"ဟင် နွေကဘယ်လိုသိတာလဲ"

"အမလေး အမကြီးရယ် ဆိုင်ဝမှာ မေလ ၁၆ရက်နေ့ မွေးနေ့ပရိုမိုးရှင်းစာရွက်ကြီးကပ်ထားတာမဟုတ်ဘူးလား။ကျွန်တော်မျိုးမဝင်လာတော့ မြင်လိုက်တာပါ "

"ဟီး ကျေးဇူးတင်ပါတယ်နွေ...ညနေကျ တစ်ဆိုင်ဆိုင်မှာ ညစာသွားစားကြမလား"

"ကျွေးမယ်ဆိုရင် အားမနာဘဲ လိုက်စားရမှာပေါ့"

ကိုယ့်ဘာသာပြောပြီး ကိုယ့်ဘာသာ သဘောတကျရယ်လိုက်သည့် နွေရွက်ဝါအား စနိုးမှာ မေးလေးကိုလက်ထောက်ကာ ကြည့်ရင်း အတွေးကမ္ဘာထဲမျောသွားလိုက်တာ နွေရွက်ဝါ သုံးလေးခွန်းခေါ်မှသာ အတွေးပျက်တော့သည်။

"သွားတော့မယ် တိုက်ရိုက်ထုတ်လွှင့်တာလဲ ပြီးပြီဆိုတော့ ညနေမှတွေ့ကြမယ်"

"ည ၆နာရီ အဆင်ပြေလား တို့လာခေါ်မယ်လေ"

"အင်း ကောင်းတာပေါ့ ပြီးရင်တော့ အဆောင်ပါလိုက်ပို့ရလိမ့်မယ် အဆင်ပြေရဲ့လား"

"ပြေတာပေါ့ မပြေစရာဘာရှိလဲ....ဒါနဲ့နေမကောင်းဘူးဆို နွေးနွေးထွေးထွေး ဝတ်ခဲ့"

"အင်း...တာ့တာ"

ကျသင့်ငွေအားပေးပြီး နွေရွက်ဝါ ကော်ဖီဆိုင်ထဲမှထွက်လာခဲ့သည်။အနောက်သို့ပြန်လှည့်ကြည့်မိတော့ သူမအားပြုံးပြနေသည့်စနိုးအားမြင်ရသည်မလို့ ပြန်လည်ပြုံးပြရင်း ကားပေါ်သို့တက်ခဲ့သည်။ကားပေါ်ရောက်ပေမဲ့ သူမတော်တော်နှင့်မထွက်ဖြစ်။

"ဟိုမှာ စခန်းမှူးပြန်လာပြီ"

စခန်းထဲသို့ဝင်ရုံရှိသေး နွေရွက်ဝါအား ပြေးဖက်လိုက်သည့်ကောင်မလေး။ဖက်ထားတာ တင်းကျပ်နေသည်မလို့ မိုးစက်နေခြည် သူမရဲ့စူးရှသည့်မျက်ဝန်းများဖြင့်စိုက်ကြည့်နေမိသည်။အားလုံးလည်းပါးစပ်အဟောင်းသား။

"စိတ်လျှော့ စိတ်လျှော့ မငိုတော့နဲ့နော်"

ကောင်မလေးပုခုံးအား.နွေရွက်ဝါ ပုတ်ပေးရင်း သူမအဖွဲ့သားများအား ဘာဖြစ်တာလဲဆိုသည့်ပုံစံဖြင့် အချက်ပြမေးလိုက်သည်။

"ဒီလောက်ဆို ပြောလို့ရပြီ"

မိုးစက်ရဲ့အသံကြောင့် ကောင်မလေးရဲ့လက်များ နွေရွက်ဝါကို ဖက်ထားရာမှပြေလျော့သွားသည်။

"နာမည် ဘယ်လိုခေါ်လဲ"

"ချမ်းမြေ့ပါ...."

"ချမ်းမြေ့....ဘာဖြစ်လာတာလဲ ဘာကူညီပေးရမလဲ"

"စခန်းမှူး ကျွန်မကိုသေချာပေါက်ကူညီပေးရမယ်..အဟင့်ဟင့်...ကျွန်မ ကျွန်မ"

"တော်တော့....ငိုနေတာရပ်ပြီးကောင်းကောင်းပြော"

မိုးစက်အသံကြောင့် ချမ်းမြေ့မှာ အငိုချက်ချင်းတိတ်သွားသည်။နွေရွက်ဝါကတော့ မိုးစက်နေခြည်အား စောင်းငဲ့ကြည့်ပြီး သက်ပြင်းချလျက်။

"ကျွန်မက သဘက်ခါဆို အလုပ်သွားတော့မှာ၊အိမ်မှာအမေရယ် ကျွန်မရယ်ပဲရှိတာ အဖေက ဆုံးပါးသွားခဲ့ပြီ"

"သြော်....ဆုံးသွားတဲ့အဖေကို သတိရလို့လား"

နှင်းသုကိုရဲ့အပြောကြောင့် အားလုံးဆွံ့အသွားသဘယလို ချမ်းမြေ့မှာလဲ ဘာဆက်ပြောရမလဲမသိတော့။နွေရွက်ဝါမှာ ကြားထဲကနေ စကားထောက်ပေးပြီး ဆက်ခိုင်းရသည်။

"အလုပ်သွားတဲ့အခါ အမေနဲ့ဆက်သွယ်ဖို့ ကျွန်မဖုန်းလေးတသ်လုံးဝယ်တာ ဒါပေမဲ့"

"ဘာဖြစ်လဲ..."

"ဖုန်းက ဒီလိုကြီးရောက်လာတယ်...ကျွန်မစုထားသမျှ ပိုက်ဆံနဲ့ဝယ်ခဲ့တာ အဟင့်ဟင့်"

ချမ်းမြေ့အား နှစ်သိမ့်ပေးပြီး နွေရွက်ဝါ ဖုန်းဗူးအားဖွင့်လိုက်မိသည်။ဖုန်းဗူးထဲတွင် ကျောက်ခဲများကို ထည့်ထားလေသည်။

"ဘယ်ကဝယ်တာလဲ"

"လိုင်းပေါ်ကပါ..."

"နှင်းသု...သူဝယ်တဲ့နေရာကို တစ်ချက်စစ်ကြည့်လိုက်ပါ"

"ဟုတ်ကဲ့ပါ စခန်းမှူး"

"မငိုနဲ့...မငိုတော့နဲ့...အဆင်ပြေအောင်လုပ်ပေးမယ် ဟုတ်ပြီလား"

"ဟုတ်ကဲ့..."

"စခန်းမှူး သူဝယ်တဲ့နေရာနဲ့နေမင်းခန့်ဝယ်တဲ့နေရာနှစ်ခုလုံးက တူတူပါပဲ လူလိမ်တွေပါ...သူတို့ရဲ့websiteက ပေါ်လိုက်ပျောက်လိုက်လုပ်ထားတာ"

"အီးဟီးဟီး ဒါဆို ပြန်မရတော့ဘူးပေါ့"

"ခဏလေး"

နွေရွက်ဝါ အခန်းထဲသွားကာ ဗီဒိုအားဖွင့်လိုက်ပြီး သူမသိမ်းထားသည့်ဖုန်းတစ်လုံးအားထုတ်ယူလိုက်သည်။ဒါကသူမလက်ဆောင်ရထားပြီး တစ်ခါမှမသုံးရသေးပေ။

"ဒေါ်မြတ်နိုးဝေ သူ့ကိုအမှုဖွင့်ခိုင်းလိုက်ပါ...လောလောဆယ် ဒီဖုန်းကိုယူသွားပါ တရားခံကိုဖမ်းမိရင် ဆက်သွယ်ပေးမယ်"

"ဒါပေမဲ့..."

"ယူသွားလိုက်ပါ....နှင်းသုနဲ့နေမင်းခန့် အဲဒီwebsite ကိုခြေရာခံလို့ရမလား စစ်ဆေးပါ"

"ဟုတ်ကဲ့ စခန်းမှူး"

"ကျေးဇူးတင်ပါတယ် စခန်းမှူး...တကယ်ကျေးဇူးတင်ပါတယ်"

သူမအား ဖက်လိုက်သည့်ချမ်းမြေ့အား အလိုက်သင့်ပြန်လည်ဖက်လိုက်ရင်း မှာစရာရှိသည်များအား သူမ မှာလိုက်သည်။ချမ်းမြေ့ပြန်သွားတော့မှ နွေရွက်ဝါ အခန်းဘက်ဆီ လှည့်လာခဲ့သည်။

"အမေ့...."

လက်အားအနောက်မှဆွဲလှည့်လိုက်ပြီး သူမအားခါးမှဆုပ်ကိုင်ကာ စားပွဲပေါ်တင်လိုက်တာကြောင့် နွေရွက်ဝါလန့်သွားရသည်။

"မိုး...မိုးစက် ဘာလုပ်တာလဲ"

သူမရဲ့ခြေထောက်နှစ်ချောင်းအား သူ့ခြေထောက်ကြားညှပ်ထားပြီး လက်နှစ်ဖက်ကိုလည်း စားပွဲတစ်ဖက်စီတွင်ထောက်ထားသည်မလို့ နွေရွက်ဝါ ဘယ်လိုမှဆင်းမရ။

"မိုးစက်နေခြည် ဘာအရူးထတာလဲ ဖယ် လူမြင်မကောင်းဘူး"

"ခုနကအဖက်ခံရတုန်းကတော့ လူမြင်ကောင်းတယ်ပေါ့"

"မိုးစက်နေခြည် ဘာဖြစ်နေတာလဲ...ဒါငါ့အခန်းနော် နည်းနည်းလောက်တော့ လေးစားမှုရှိစမ်းပါ"

"လေးစားမှုရှိလို့သာပေါ့ လေးစားမှုသာမရှိရင် အရှေ့မှာတည်းက ကျွန်မရည်းစားကိုမဖက်နဲ့ဆိုပြီးပြောခဲ့မှာ"

"မင်း

Antipodasအပိုင်း (၂၇)"ဒေါ်မြတ်နိုးဝေ စခန်းမှူးရော""အခန်းထဲမှာပဲ ထွက်မလာသေးဘူး နှင်းသု။သော်ဇင်ထက် ပြောတာ ညတည်းက မပြန်တာတဲ...
18/05/2026

Antipodas

အပိုင်း (၂၇)

"ဒေါ်မြတ်နိုးဝေ စခန်းမှူးရော"

"အခန်းထဲမှာပဲ ထွက်မလာသေးဘူး နှင်းသု။သော်ဇင်ထက် ပြောတာ ညတည်းက မပြန်တာတဲ့"

"စကားနည်းနည်းပါးပါး သွားပြောကြည့်လေ..."

"ရောက်တည်းက သွားပြီးပြီ အခန်းကိုအထဲကနေ ဂျက်ချထားတယ်...ဒုရဲအုပ်ကရော မလာသေးတာလား"

"ညက ကိစ္စအတွက်စုံစမ်းဖို့သွားပုံပဲ...ဌာနချုပ်ကိုတောင်မတင်ပြခဲ့ပဲနဲ့ဘာလို့သတင်းကပေါက်သွားတာလဲ"

"မပြောတတ်ဘူး...တစ်ခါလည်းမဟုတ် နှစ်ခါလည်းမဟုတ်နဲ့ စခန်းမှူးအခြေအနေမကောင်းလောက်ဘူး"

"ဒီတစ်ခါမမိလဲ နောက်တစ်ခါမိမှာပါ မူးယစ်ဆေးအဖွဲ့တွေက တစ်ခါပဲလဲလှယ်တာမှမဟုတ်တာ"

"ဒါက တရားခံဖမ်းမိတာ မမိတာနဲ့မဆိုင်ဘူး နှင်းသု။စခန်းမှူးစိတ်အဆင်မပြေတာက တရားခံကိုမမိလို့မဟုတ်ဘူး တရားခံက ဒီသတင်းကိုဘယ်လိုရသွားလဲဆိုတဲ့အချက်ကြောင့်ပဲ။စခန်းကလူတွေပဲသိတဲ့ကိစ္စကိုအပြင်လူသိသွားတယ်ဆိုတာ ဒီတိုင်းကျော်သွားလို့ရတဲ့ပြဿနာမဟုတ်ဘူးလေ"

တပ်ကြပ်ဟိန်းမင်းသစ်ရဲ့စကားအားထောက်ခံသည့်အနေဖြင့်ဒေါ်မြတ်နိုးဝေခေါင်းညိတ်လ်ိုက်သည်။မူးယစ်ဆေးလဲလှယ်မှုသတင်းတွေရရချင်းမှာပဲ ချက်ချင်းအစီအစဥ်ဆွဲကာ ဝင်ဖမ်းဖို့ကြိုးစားပေမဲ့တစ်ဖွဲ့လုံးရောက်ချိန်တွင်အကုန်အစနပျောက်နေပြီ။တစ်ကြိမ်လည်းမဟုတ် ဒီရက်ထဲမစ်ရှင်မှန်သမျှ ရှုံးနေတာပင်။ရှုံးတာကအရေးမကြီးဘဲ ပြဿနာက တပ်ကြပ်ဟိန်းမင်းသစ် ပြောသလိုပင်။

"တပ်ကြပ်ကြီး..."

"ဗျာ..."

"အခန်းထဲ ခဏဝင်ခဲ့ပါ"

"ဟုတ်ကဲ့ စခန်းမှူး"

တပ်ကြပ်ဟိန်းမင်းသစ်က ကုပ်ကုပ် ကုပ်ကုပ်နဲ့ဝင်သွားသည်မလို့ အားလုံး အခန်းဆီသို့ လည်ပင်းရှည်ကာ စပ်စုမိကြသည်။

"ထိုင်ပါ...."

"စခန်းမှူး အဆင်ပြေရဲ့လား"

"နည်းနည်းပေါ့...သတင်းပေးတွေကိစ္စရော အခြေအနေဘယ်လိုလဲ ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် အဖြေတစ်ခုတော့ရဖို့လိုအပ်တယ်"

"သတင်းကသေချာပါတယ် စခန်းမှူး..."

"ဒါဆို သတင်းပေါက်တာပေါ့....တပ်ကြပ်ရောဘယ်လိုထင်လဲ။"

"ကျွန်တော်မပြောတတ်ဘူး သေချာတာကတော့ အဖွဲ့ထဲကဘယ်သူကမှ ဒီလိုလုပ်မှာမဟုတ်ဘူး စခန်းမှူး"

နွေရွက်ဝါခေါင်းညိတ်ပြလိုက်မိသည်။သူမလည်း သူမအဖွဲ့ထဲကလူတွေကိုသံသယမဝင်ပါ။ဒါပေမဲ့ စဥ်းစားစရာတွေကအများကြီး။သတင်းပေးတွေကမှန်ကန်တယ်ဆိုရင် သူမတို့ကိုတမင် စိန်ခေါ်ပြီး ထောင်ချောက်ဆင်နေတာပင်။ဒါပေမဲ့ ဘာရည်ရွယ်ချက်နဲ့လဲ။သူ့ရဲ့လုပ်နိုင်စွမ်းကို ပြသချင်နေတာလား။

"စခန်းမှူး....ပြီးခဲ့တဲ့မူးယစ်ဆေးကိစ္စမှာ ကျွန်တော်တို့ကိုသတင်းပေးခဲ့တဲ့ ကျော်နိုင့်ကိုအခု မူးယစ်ဆေးအဖွဲ့က လိုက်ဖမ်းနေတယ်တဲ့ ဒီမှာ သူအခုပဲစာပို့တာ"

"ဘယ်လို...သူအခုဘယ်မှာလဲမေးလိုက် နှင်းသု...နှင်းသုကို"

"စခန်းမှူးဘာဖြစ်လို့လဲ"

"လက်တော့ယူပြီး မြန်မြန်လာခဲ့....တပ်ကြပ် သူ့ကိုနံပါတ်ပေးလိုက် တည်နေရာရှာလိမ့်မယ်"

"ဖုန်းကပိတ်ထားတယ် စခန်းမှူး ဆက်လို့မရဘူး"

"နှင်းသု ကျော်နိုင့်ရဲ့နောက်ဆုံးတည်နေရာကိုရှာ မြန်မြန်လေး တပ်ကြပ်သွားရအောင် နေမင်းခန့်ရော"

"တည်နေရာကို ပို့ပေးလိုက်ပါ့မယ် စခန်းမှူး"

"ကောင်းပြီ...."

ကားပေါ်သို့လျင်မြန်စွာတက်ကာ ထိုင်လိုက်ပြီးနောက် မိုးစက်နေခြည်အား သူမဖုန်းခေါ်လိုက်သည်။အခြေအနအား ရှင်းပြနေစဥ်မှာပင် နှင်းသုက ကျော်နိုင့်ရဲ့တည်နေရာအား ပို့လိုက်သည်။

"မိုးစက် အခုဘယ်မှာလဲ"

"..."

"ကောင်းလိုက်တာ အခုမိုးစက်ရဲ့တည်နေရာနဲ့ကျော်နိုင်နဲ့ကသိပ်မကွာဘူး နှင်းသုနဲ့ဖုန်းချိတ်ပေးမယ် သူလမ်းညွှန်လိမ့်မယ် အရင်ရောက်အောက်သွားပေးပါ"

"...."

"မိုးစက်နဲ့နှင်းသုဖုန်းကိုချိတ်ပေးလိုက် နေမင်းခန့်"

"ဟုတ်ကဲ့ စခန်းမှူး"

ကားနောက်ခန်းတွင်ထိုင်ပြီးလိုက်ပါလာရင်း နွေရွက်ဝါညွှန်ကြားသည်များကို လျင်မြန်စွာလုပ်ဆောင်ပေးနေသည့်နေမင်းခန့်။ခဏတွင်းမှာပင် နှင်းသုနဲ့ချိတ်ဆက်ပြီး တည်နေရာနှစ်ခုကို ကြည့်နိုင်သွားသည်။

"ဘယ်ဘက်ကိုကွေ့လိုက် မိုးစက်....ပြီးရင် တည့်တည့်မောင်းသွား သိပ်မလိုတော့ဘူး...."

ပြောနေရင်း ကားကဟိုဘက်ဒီဘက်ယိမ်းသွားသည်မလို့ နွေရွက်ဝါ လက်ထဲက ဖုန်း အောက်သို့ပြုတ်ကျသွားသည်။

"ဘာဖြစ်တာလဲ ဘီးပေါက်တာလား"

"ဟုတ်လောက်မယ် စခန်းမှူး ကျွန်တော်ဆင်းကြည့်လိုက်ပါမယ်"

တော်တော်နဲ့ပြန်ဝင်မလာသည်မလို့ နွေရွက်ဝါပါကားပေါ်ကလိုက်ဆင်းရင်း တစ်ဖက်မှာ မိုးစက်ကိုလည်း လမ်းပြောပြရသေးသည်။

"ကားဘီးပေါက်သွားတာ"

"ကျစ် အမြန်လိုနေကာမှ။အပိုပါလား ဒီမှာ အသွားအလာပြတ်တယ် ကားငှားဖို့လဲမလွယ်ဘူး"

နွေရွက်ဝါ စုတ်တစ်ချက်သပ်ရင်း ဟိုဟိုဒီဒီလျှောက်ကြည့်မိသည်။လမ်းမပေါ်မှာ ခွေးတစ်ကောင်၊ကြောင်တစ်မြီးတောင်မတွေ့ရတော့ စိတ်ပျက်သွားသည်။

"ဘယ်လောက်ကြာမလဲ"

"ဆယ့်ငါးမိနစ်လောက်ပါ အလွန်ဆုံး"

"မြန်မြန်လုပ်....ဟိုမှာ မိုးစက်တစ်ယောက်တည်း"

"စခန်းမှူး..."

"ဘာဖြစ်လို့လဲ တပ်ကြပ်ကြီး"

"ဒေါ်မြတ်နိုးဝေဖုန်းဆက်တယ်..."

"အင်း ဘာတဲ့လဲ"

"ကျော်နိုင်က စခန်းမှာရောက်နေတယ်"

"ဘာဖြစ်တယ်...."

ဘာစကားမျှမပြောနိုင်အောင်ပင် အားလုံးဆွံ့အသွားရသည်။ကျော်နိုင်ကစခန်းမှာဆိုရင် သူမတို့ကို စာပို့တာကဘယ်သူလဲ။ကျော်နိုင့်နံပါတ်နဲ့အသေအချာကြီး ပို့ထားတာလေ။

"ကျော်နိုင့်ကို ဖုန်းပေးလိုက် ဒေါ်မြတ်နိုးဝေ"

တပ်ကြပ်ဟိန်းမင်းသစ်လက်ထဲမှဖုန်းအား လက်လွှဲယူလိုက်ပြီး ကျော်နိုင်နဲ့ စကားခဏမျှပြောလိုက်သည်။ဘာလို့ဒီလောက်တောင်အခြေအနေက ရှုပ်ယှက်ခတ်နေရတာလဲ။

"မိုးစက်ကို မြန်မြန်ဆက်သွယ် နေမင်းခန့် ချက်ချင်းပြန်လှည့်လာခဲ့လို့"

နေမင်းခန့်ကိုပြောပေမဲ့ တကယ်ကျ နွေရွက်ဝါ သူမကိုယ်တိုင်ပင် မိုးစက်နေခြည်ဖုန်းအား လျင်မြန်စွာခေါ်လိုက်သည်။ကျော်နိုင့်ဖုန်းကိုလုသွားပြီး သူမတို့ကို ထောင်ချောက်ဆင်တာပင်။

"မိုးစက်ရဲ့တည်နေရာဘယ်ရောက်နေလဲ....ဖုန်းဆက်မရဘူး"

"ဒုရဲ့အုပ်ရဲ့တည်နေရာကကျော်နိုင့်ဖုန်းတည်နေရာနဲ့တစ်ထပ်တည်းကျနေပြီ ထပ်ပြီးရွေ့လျားတာမတွေ့ရဘူး"

"ဘယ်လောက်ကြာပြီလဲ..."

"လွန်ခဲ့တဲ့ ငါးမိနစ်တည်းက"

"သော်ဇင်ထက် ကားက မရဘူးလား ဒီမှာအရေးကြီးနေပြီ"

မိုးစက်နေခြည်ကို တစ်ယောက်တည်းလွှတ်လိုက်မိတာသူမအမှားပင်။ကျေးဇူးပြုပြီး ဘာမှမဖြစ်ပါစေနဲ့။ထိုအချိန် အိုးဝေတစ်စီး တွေ့လိုက်ရသည်မလို့ သူမအရမ်းပျော်သွားသည်။အိုးဝေပေါ်မှာ အမျိုးသမီးတစ်ယောက်နဲ့မောင်းသူ အမျိုးသားတစ်ယောက်သာပါသည်။အမျိုးသမီးဆိုပေမဲ့ မိန်းမလျာတစ်ယောက်သာ။

"မိုးစက်နေခြည် တည်နေရာပြောင်းတာနဲ့ချက်ချင်းသတင်းပို့ပါ...အရင်သွားနှင့်မယ် "

"ကျွန်တော်လိုက်ခဲ့မယ်လေ"

"ရတယ် သော်ဇင်ထက်လည်း ခဏနေရင်ပြီးတော့မှာဆိုတော့ သူနဲ့မှလိုက်ခဲ့တော့"

အိုးဝေပေါ်သို့လျင်မြန်စွာတက်ကာ လိုက်ပါလာရင်းမိုးစက်နေခြည် ဖုန်းကိုလည်း သူမတရစပ်ခေါ်နေမိသည်။ဖုန်းကဝင်ပေမဲ့ မကိုင်။

"ကျေးဇူးပြုပြီး ဖုန်းကိုင်စမ်းပါမိုးစက်ရယ် ဘာတွေဖြစ်နေပြီလဲ"

တစ်ဖက်မှာ စိုးရိမ်စိတ်ကြောင့်ပြာယာခတ်နေပေမဲ့လည်း အန္တရာယ်ရဲ့အငွေ့အသက်ကိုတော့ သူမခံစားမိနိုင်သေးသည်။တစ်ခုခုမှားနေမှန်း ကားဘီးပေါက်သွားတည်းက သူမရိပ်မိသည်။

"အားး"

သူမအားအနောက်မှချုပ်ရန်ဖက်လိုက်သည့်သူအား အိုးဝေဘေးကာဖြင့် ညှပ်ဖိချလိုက်ပြီးထိလူ့လက်အားလိမ်ချိုးလိုက်သည်။ထိုတခဏ အိုးဝေမှာရပ်တန့်သွားလေသည်။သူမရှေ့ရှိလူအား အပြင်သို့ကန်ထုတ်ချလိုက်ပြီး အိုးဝေပေါ်မှဆင်းလိုက်သည်။

"နင်တို့အကြံအစည်ကို ငါမသိဘူးများထင်နေလား"

"သိပ်ပြီးလေကျယ်မနေပါနဲ့ အနုနည်းနဲ့မရရင် အကြမ်းနည်းသုံးပြီး ခေါ်သွားရမှာပဲ ဟေ့ကောင် ချ"

နှစ်ယောက်တစ်ယောက်ဆိုပေမဲ့လည်း သိပ်တောင်ချွေးမစို့လိုက်ရပါ။တစ်ယောက်ကိုတော့ သတိလစ်သွားအောင်ထိ ရိုက်ချလိုက်ပြီး လမ်းဘေးရှိ ဓာတ်တိုင်အား လက်နှစ်ဖက်ဖြင့်ဖက်ထားသည့်ဟန်ဖြင့် လက်ထိပ်ခတ်လိုက်သည်။တစ်ယောက်ကတော့ သူမအတွက်လိုအပ်နေသေးသည်။

"မိုးစက်နေခြည် ဘယ်မှာလဲ"

"မသိ...မသိပါဘူး"

"ဖြောင်း...ဖြောင်း"

ပြင်းထန်သည့်ရိုက်ချက်ကြောင့် ထိုလူ့မျက်နှာ ဘယ်ညာပြန်လည်ထွက်သွားသည်။

"ထပ်မေးမယ် မိုးစက်နေခြည် ဘယ်မှာလဲ"

"ကျွန်တော် တကယ်မသိတာပါ ကျေးဇူးပြုပြီး မရိုက်ပါတော့နဲ့ တကယ်မသိလို့ပါ "

သူမခြေသလုံးအား အတင်းဖက်ကာ ငိုယိုအော်ဟစ်နေသူကြောင့် နွေရွက်ဝါ သက်ပြင်းချလိုက်မိသည်။

"နင့်ရဲ့အဖွဲ့တွေဘယ်မှာလဲ"

"မသိ..မသိပါဘူး"

"ဂျောက်...."

သေနတ်မောင်းတင်သံကြောင့် ထိုလူမှာ ပြာယာခတ်သွားပြီး နွေရွက်ဝါအား ဦးအကြိမ်ကြိမ်ချကာ တောင်းပန်လေသည်။

"တကယ်မသိတာပါ သူတို့က စခန်းမှူးကို ဖမ်းလာပြီးမှဖုန်းဆက်ဖို့ပြောတာပါ အဲကျမှ ခေါ်လာရမဲ့နေရာပြောမယ်တဲ့"

"ကျစ် အစတည်းက ပြောပါလား ဘယ်မှာလဲ ဖုန်း အခုဆက်လိုက်။သူတို့မရိပ်မိစေနဲ့ ဖမ်းလာပြီ လို့ပြော ကြားလား မဟုတ်ရင် ဒီကျည်ဆန်က နင့်ခေါင်းကိုဖောက်သွားလိမ့်မယ်"

တုန်တုန်ရီရီဖြင့် ဖုန်းအားကိုင်ကာ နွေရွက်ဝါပြောခိုင်းသည့်အတိုင်းပြောလေသည်။ပြောပြီးသည်နှင်နွေရွက်ဝါ ဖုန်းအား ပိတ်လိုက်ကာ သူမဖုန်းဖြင့် ကျန်အဖွဲ့အား တည်နေရာ အကြောင်းကြားလိုက်သည်။

-----

မျက်နှာပေါ်စင်လာသည့်ရေကြောင့် မိုးစက်မျက်ဝန်းများပွင့်လာခဲ့သည်။ကျော်နိုင့်ကိုရှာဖို့ သူမ စခန်းမှူးရဲ့ညွှန်ကြားချက်အတိုင်းထွက်လာခဲ့တာ။ဒါပေမဲ့ အဲကိုရောက်ချိန်မှာပဲ အနောက်ကနေ တစ်ယောက်ယောက်ရဲ့ရိုက်ခြင်းကိုခံရပြီး သူမ သတိမေ့သွားတာပင်။ရှေ့ရှိလူများအားကြည့်ပြီး သူမတို့ထောင်ချောက်မိသွားပြီမှန်း မိုးစက်သိလိုက်သည်။ဒါဆိုရင် စခန်းမှူးရော။

"သတ္တိရှိရင် ယှဥ်ချလေ ဘာကိစ္စ နောက်ကနေခိုးကြောင်ခိုးဝှက်လုပ်တာလဲ...နင်တို့ယောင်္ကျားတွေဖြစ်ပြီး မရှက်ဘူးလား"

"ဒေါသကလည်းကြီးလိုက်တာ ယှဥ်ချရင် အသားနာမှာပေါ့ အနာခံမဲ့အစား လွယ်တဲ့နည်းကိုပဲရွေးရတာပေါ့ မဟုတ်ဘူးလား ဟား ဟား ဟား"

"အစ်ကိုကြီးပြောတာ မှန်တယ် ဟား ဟား"

"ထဘီပြောင်းဝတ်ထားလိုက် ငါ့ကိုမလွတ်ပါစေနဲ့ဆုတောင်း မဟုတ်ရင် နင်တို့အရိုးတွေအကုန်ကျိုးမယ်သာမှတ်"

"​အား ကြောက်လိုက်တာ ကြောက်လိုက်တာ ဟား ဟား ဟား"

ကြိုးတွေကတင်းကျပ်လွန်းသည်မလို့ သူမရုန်းလေ သူမပိုနာလေသာပင်။ဒါပေမဲ့ အသားနာတာထက် သူမရှေ့ရှိလူတွေကို ရိုက်ချင်စိတ်ကများသည်မလို့ သူမရုန်းကန်ဆဲ။

"အစ်ကိုကြီး ဖုန်း"

"အေး..ပြော ငါခိုင်းတာအဆင်ပြေလား"

"...."

"အရမ်းတော်တယ် ဆုကြီးကြီးချရမယ်..###xxကဂိုဒေါင်ကိုခေါ်လာခဲ့"

ဖုန်းချသွားပြီးနောက် ထိုလူက အားရဝမ်းသာ ရယ်လေသည်။

"ငါတို့ရဲ့စခန်းမှူးလေးကို ကြိုဆိုဖို့ပြင်ကြရအောင်....စိတ်မပူပါနဲ့ အဖော်ရောက်လာတော့မှာပါ"

"စခန်းမှူး...နင်တို့ စခန်းမှူးကို ဘာလုပ်လိုက်တာလဲ"

"ဝါး...ဒေါသကပိုကြီးလာပါလား ဘာမှမလုပ်ပါဘူး မေ့ဆေးလေးနည်းနည်းပေးခိုင်းထားရုံပဲ"

"စခန်းမှူးတစ်ခုခုဖြစ်လို့ကတော့ နင်တို့ဒီမြေကနေပျောက်သွားအောင်လုပ်ပစ်မှာ "

"ကိုယ့်ကိုယ့်ကို အရင်လွတ်အောင်လုပ်ပြီးမှ ချိန်းခြောက်တာကိုလုပ်ပါ အခုက ရယ်စရာကြီး"

မိုးစက်ဒေါသထွက်လွန်းလို့ ကြိုးများကို အတင်းရုန်းနေတာကြောင့် လက်များပင် အရေခွံလန်ကုန်သည်။စခန်းမှူးကပါ ဘယ်လိုဖြစ်ပြီး အဖမ်းခံရတာလဲ။စခန်းကလူတွေနဲ့အတူတူထွက်လာတာမဟုတ်ဘူးလားလေ။

"ကဲ ငါတို့ရဲ့ဒုရဲအုပ်လေးကို လက်ဆောင်ပေးရအောင် ယူခဲ့ပါအုံး"

ရှေ့တွင်မြင်လိုက်ရသည့် အရာကြောင့် မိုးစက်မျက်လုံးပြူးသွားသည်။သူမ ဘာမှမပြောနိုင်သေးခင်မှာပဲ ထိုလူက သူမကိုယ်တွင် ဗုံးအား စနစ်တကျတပ်ဆင်လိုက်သည်။

"စပါယ်ရှယ်ဂစ်ပါ ကြိုက်ရဲ့လား"

"နင်..."

"အရမ်းတွေမအော်နဲ့နော် ဖိအားများရင်ဗုံးက ထပေါက်သွားနိုင်တယ် အော်လေ လှုပ်ရှားမှုများလေ မြန်မြန်ပေါက်လေပဲ စပါယ်ရှယ်ဂစ်လေ"

မိုးစက်ဘာလုပ်ရမှန်းမသိခင်မှာပဲ ဂိုဒေါင်အဝတွင် လူရိပ်အားလှစ်ကနဲတွေ့လိုက်သည်။အဲတာ သူမရဲ့စခန်းမှူးပဲ။ဒါဆိုရင် စခန်းမှူးက အဖမ်းမခံရဘူးပေါ့။မိုးစက် ပျော်သွားပေမဲ့ သူမကိုယ်ပေါ်ကဗုံးကြောင့် ထိတ်လန့်သွားသည်။စခန်းမှူးသာ သူမကို လာကယ်ပြီး ဗုံးပေါက်ခဲ့ရင်။ဟင့်အင်း အဲလိုဖြစ်လို့မရဘူး။သူမကိုယ်တိုင်အသေခံနိုင်ပေမဲ့ သူမချစ်ရတဲ့သူကိုတော့ မခံနိုင်ပါ။

"ရဲကား...ရဲကား အသံကြားတယ် ဘယ်လိုလုပ်မလဲ"

"တောက်....ဘယ်ကသတင်းရောက်သွားတာလဲ မြန်မြန်ပြေးမယ်"

"သူ့ကိုဘယ်လိုလုပ်မှာလဲ"

"ထားခဲ့လိုက်....ခဲတစ်လုံးတည်းနဲ့ငှက်နှစ်ကောင်မကထိတာပေါ့...သုံးမိနစ်နဲ့ဒီဗုံးကိုဘယ်သူမှမဖယ်နိုင်ဘူး"

တကယ်တော့ ရဲကားအစစ်မဟုတ်ဘဲ နွေရွက်ဝါရဲ့ လှည့်ကွက်တစ်ခုသာ။သူမတစ်ယောက်တည်းနဲ့ ဒီလူအင်အားကိုအနိုင်ယူဖို့မလွယ်။အနိုင်ယူနိုင်ရင်တောင် အားလုံး သေမှာပင်။မိုးစက်နေခြည်ရဲ့ခန္ဓာကိုယ်ပေါ်က ဗုံးက မိနစ်အနည်းငယ်သာကျန်သည်။သူမဒီလူတွေနဲ့တိုက်ခိုက်ဖို့အချိန်မရ။

"မိုးစက်...."

"စခန်းမှူး ဒီနေရာကအမြန်ထွက်သွားပါ ဗုံးကမိနစ်နည်းနည်းပဲကျန်တယ်"

"ခဏလေး ငါကြည့်ပါရစေ"

"ဟင့်အင်း သွားတော့...အခုထွက်သွားတော့ ကျေးဇူးပြုပြီး"

"ရှူး...တိုးတိုးနေ"

မိုးစက်ရဲ့လှုပ်ရှားမှုနဲ့အသံကြောင့် ဗုံးရဲ့အချက်ပြစနစ်ကအနီရောင်ထိမြင့်တက်သွားသည်မလို့ နွေရွက်ဝါ တားလိုက်ရသည်။အနီရောင်သာပြည့်သွားရင် အချိန်မပြည့်လည်း ဗုံးကပေါက်ကွဲမှာပင်။

"ဒီကနေထွက်သွားတော့ အကုန်သေကုန်လိမ့်မယ်"

"မင်းကိုထားခဲ့ပြီး ငါတစ်ယောက်တည်းအသက်ရှင်ကျန်ခဲ့ရမှာထက်စာရင် အတူတူသေလိုက်တာ ပိုကောင်းတယ်"

"မဟုတ်ဘူးလေ..."

ဗုံးပေါ်ရှိအချိန်မှာ တဖြည်းဖြည်းချင်း လျော့နည်းလာနေသည်။နွေရွက်ဝါ ဗုံးအားသေချာကြည့်လိုက်မိသည်။ဝါယာကြိုးများက မိုးစက်ကိုပါပတ်ချည်ထားသည်မလို့ ဗုံးကိုဒီတိုင်းဖြုတ်ပြီးထွက်ပြေးလို့မရ။အခြေအနေကနှစ်ခုသာရှိသည်။ပေါက်ကွဲမှာနဲ့ ဗုံးကို ဖျက်စီးပစ်ရမှာ။ဒါပေမဲ့ ဗုံးကိုဖျက်ဖို့ဆိုရင် ကြိုးမှားမဖြတ်မိဖို့လည်း လိုသည်။

"နွေရွက်ဝါ စိတ်ကိုအေးအေးထား"

အစက်အားဝဝရှူရင်းမျက်လုံးအား မှိတ်ကာ စိတ်အားတည်ငြိမ်အောင်ကြိုးစားပြီး သင်တန်းတွင်ဆရာသင်ကြားခဲ့သည်များအား ပုံဖော်မိသည်။ဗုံးကိုဖျက်စီးဖို့ဆိုရင် ဖျက်စီးမဲ့သူက စိတ်တည်ငြိမ်ဖို့ လိုအပ်သည်ဆိုတဲ့ ဆရာ့ရဲ့စကားများအား ကြားယောင်မိသည်။

"မိုးစက် တို့ကို ယုံတယ်မလား"

"ကိုယ့်ကိုယ့်ကိုထက် စခန်းမှူးကို ပိုယုံတယ်"

ဗုံးရဲ့အချိန်ကတဖြည်းဖြည်းလျော့နည်းလာခဲ့သည်။နွေရွက်ဝါ ဂိုဒေါင်အတွင်းသို့အနည်ူငယ်ဝေ့ဝိုက်ကြည့်လိုက်မိသည်။သူမအတွက်အကူအညီတစ်ခုခုရလိုရငြား။

"တို့ပေးလိုက်တဲ့ အိတ်မလား"

"ဟုတ်တယ်"

ဂိုဒေါင်ထောင့်တွင်ကျနေသည့်အိတ်အားလျက်မြန်စွာသွားကောက်ယူကာ အိတ်ထဲမှ ကတ်ကြေးအားထုတ်ယူလိုက်သည်။စခန်းမှာ စတဒြီသာကျွေးဖို့ရှိတာမလို့ သတိရတုန်း မနက်က မိုးစက်နဲ့မီးဖိုချောင်သုံးပစ္စည်းအချို့ထည့်ပေးလိုက်တာပင်။

"စခန်းမှူး...."

"အင်း...."

"ငါးဆယ့်ကိုစက္ကန့်ကျန်သေးတယ် အခုထွက်သွားရင် လွတ်နိုင်တယ်"

"ဟင့်အင်း...မိုးစက်မပါဘဲ တို့ဘယ်မှမသွားဘူး။မိုးစက်ကတို့ရဲ့လုပ်ဖော်ကိုင်ဖက်ဖြစ်သလို တို့ရဲ့ချစ်သူလည်းဖြစ်တယ်။ဒီလောက်ခိုင်မာတဲ့နှောင်ကြိုးကို တို့ဘယ်လိုထားခဲ့နိုင်မလဲ သေအတူရှင်မကွာပဲ"

"မကိုအရမ်းချစ်တယ်"

"မလည်း မင်းကိုချစ်တယ်နော်"

ငါးစက္ကန့်

မိုးစက်မျက်လုံးများမှိတ်ချလိုက်သည်။ဘာပဲဖစ်လာဖြစ်လာ သူမရင်ဆိုင်ဖို့သတ္တိအပြည့်အဝရှိသည်။ချစ်ရသူကဘေးမှာရှိနေတဲ့အခါ သေရမှာလည်း သူမ မကြောက်ပါ။

သုံးစက္ကန့်

နွေရွက်ဝါ စိတ်ပိုင်းဖြတ်ကာ ဝါယာကြိုးနှစ်စအနက်တစ်စအား ဖြတ်တောက်ရန်ကြိုးစားလိုက်သည်။

နှစ်စက္ကန့်

တစ်စက္ကန့်

ဝါယာကြိုးပြတ်တောက်သံသေးသေးအားကြားလိုက်ရပြီးနောက် အချက်ပေးသံရပ်တန့်သွားသည်။နွေရွက်ဝါမှာ မိုးစက်ကို ဖက်လျက်သား။

"ရပ်သွားပြီ...ရပ်သွားပြီ ကျွန်မတို့မသေတော့ဘူး"

"ဟုတ်တယ် တို့တွေမသေတော့ဘူး"

မိုးစက်ကိုယ်တွင်ချည်နှောင်ထားသည့် ကြိုးများအား နွေရွက်ဝါ လျင်မြန်စွာပင် ဖြည်လိုက်သည်။ကြိုးများပြေလျော့သွားသည်နှင့်မိုးစက်ပထမဆုံးလုပ်လိုက်တာက နွေရွက်ဝါကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တာပင်။

"ကျေးဇူးတင်ပါတယ်...ကျွန်မကိုထားမသွားလို့"

"လူတွေကို တို့ကချန်ရစ်ခဲ့လေ့မရှိပါဘူး အထူးသဖြင့် တို့ချစ်ရတဲ့သူဆိုရင်ပေါ့"

တစ်ယောက်ကိုတစ်ယောက် တင်းကျပ်စွာဖက်ထားမိလိုက်ကြသည်။သူမတို့ရင်ထဲမှည ဘယ်လောက်ထိ ဗြောင်းဆန်နေမလဲဆိုတာ သူမတို့ကိုယ်တိုင်သာ သိသည်။

"စခန်းမှူး..."

ဂိုဒေါင်အဝမှအသံကြောင့် နှစ်ယောပ်ချက်ချင်းပင် ခွာလိုက်ကြပြီး အသံလာရာဆီသို့လျှောက်သွားလိုက်ကြသည်။

"အကုန်လုံးဖမ်းမိလာပါတယ်...စခန်းမှူးနဲ့ဒုရဲအုပ် ထိခိုက်ဒဏ်ရာရသေးလား"

"ငါတို့အဆင်ပြေပါတယ် တပ်ကြပ်တို့ရော ဒဏ်ရာရသေးလား"

"လေ့ကျင့်ခန်းလုပ်သလောက်ပါပဲ"

နေမင်းခန့်စကားကြောင့် အားလုံးရယ်မိလိုက်ကြသည်။လေ့ကျင့်ခန်းလုပ်သလောက်ပါပဲပြောတဲ့သူရဲ့မျက်နှာက ဖုယောင်လျက်။သော်ဇင်ထက်ဆီက ကားသော့အားယူကာ နွေရွက်ဝါနဲ့မိုးစက်အရင်ထွက်လာခဲ့ကြသည်။ကျန်တဲ့သူတွေကတော့ တရားခံတွေလာခေါ်တဲ့ကားနဲ့လိုက်လာမှာပင်။

"ဆေးခန်းလိုက်ပို့ရမလား အဆင်ပြေလား"

"ရပါတယ် စခန်းမှာ ဆေးထည့်လိုက်ရင် အဆင်ပြေပါတယ်။ "

"အင်း ဒါဆို ဟိုရောက်မှ ဆေးထည့်ပေးမယ်"

စခန်းရောက်သည်နှင့် ဆေးသေတ္တာအားယူကာ မိုးစက်နေခြည်အား နွေရွက်ဝါကိုယ်တိုင်ဆေးထည့်ပေးလေသည်။ကြိုးပွန်းပြီးအရေပြားလန်တာအနည်းငယ်နဲ့ နောက်ကရိုက်လိုက်လို့ရှေ့လဲကျတုန်းက ကွန်ကရစ်နဲ့နဖူးရိုက်မိပြီး ကွဲရာအနည်းငယ်သာ။

"အရမ်းစပ်နေလား..."

"ဒီလောက်ကတော့ ဒုရဲအုပ်အတွက်အပျော့ပဲလေနော် ဟုတ်တယ်မလား"

မိုးစက်မှာ နာတယ်ဆိုပြီးချွဲမလို့ကို အနောက်ကရောက်လာကာ ဝင်ပြောလိုက်သည့်နှင်းသုကိုကြောင့် ပြောမဲ့စကားပျောက်သွားရသည်။အေးလေ လူကြမ်းလုပ်လာတာကြာပြီကို ချွဲပြလို့ရမလား။နှင်းသု ကိုတော့ မျက်စောင်းခဲပစ်လိုက်မိသေးသည်။

"စခန်းမှူး တရားခံတွေရောက်ပါပြီ"

"အင်း...အချုပ်ထဲထည့်ထားလိုက် ပင်ပန်းသွားပြီ"

"တစ်ခုလောက်မေးလို့ရမလား စခန်းမှူး"

"မေးလေ နေမင်းခန့် ဘာအကြောင်းလဲ"

မိုးစက်နေခြည်ရဲ့နဖူးပေါ်ရှိဒဏ်ရာအားဆေးသုတ်လိမ်းပြီး ပလာစတာကိုအပြီးသတ်ကပ်ရင်း နွေရွက်ဝါ ဆိုလိုက်သည်။

"အဲဒီအိုးဝေသမားတွေက တစ်ဖွဲ့တည်းဆိုတာ ဘယ်လိုသိလဲ"

ကျန်တဲ့သိများကလည်းသိချင်သည်မလို့ နေမင်းခန့်မေးခွန်းအား ထောက်ခံလိုက်ကြသည်။

"ကားဘီးပေါက်လို့အောက်ကိုဆင်းကြတဲ့အချိန်မှာ လမ်းရဲ့ထောင့်ချိုးအကွယ်မှာ အဲဒီအိုးဝေရပ်ထားတာကို တစ်စွန်းတစ်စမြင်လိုက်တာ။ခဏကြာတော့ ရောက်ချလာရောလေ ဒါပေမဲ့အဲအထိမသေချာသေးဘူး"

"သူ့ကိုသေချာမြင်မှ သံသယဝင်သွားတာ။သူကမိတ်ကပ်တွေလိမ်း၊မိန်းကလေးအဝတ်အစားတွေဝတ်ထားပေမဲ့ အဲတာကသူနဲ့ကိုက်ညီမနေဘူး။အဲဒီမှာသံသယဖြစ်သွားတာပဲ။မိုးစက်နေခြည်ကို ဖုန်းခေါ်နေတဲ့တစ်လျှောက် သူ့လက်ထဲမှာ ပစ္စည်းတစ်ခုကိုင်ထားတာတွေ့တယ် နောက်ပြီး အိုးဝေမောင်းသမားနဲ့အချိတ်အဆက် မျက်လုံးချင်းစကားပြောနေတာကိုလည်းသတိထားမိတယ်။အဲတာနဲ့ပဲ သူ့ကိုအခွင့်အရေး တစ်ချက်ပေးလိုက်တော့ ပေါ်သွားတာပဲ"

"အိုး...ဒီလိုကို "

"အပြုအမူကိုသတိထားရုံပါပဲ ဘာမှထူးဆန်းတဲ့ကိစ္စတော့မဟုတ်ပါဘူး"

"သူတို့ကိုအချုပ်ခန်းထဲထည့်လိုက်တော့မယ်"

"အင်း..."

"သူတို့ကို ဘယ်တော့စစ်မေးမလဲ စခန်းမှူး"

"အချိန်ကုန်ရုံပဲရှိမှာ ဘာမှရမှာမဟုတ်ဘူး သူတို့ကဒီတိုင်းမူးယစ်ဆေးလဲလှာ်တဲ့အဖွဲ့သေးသေးပဲ။ငါတို့ရဲ့တားဂတ်က နဂါးအဖွဲ့"

"သတင်းထူးရှိသေးလား"

"ဟင့်အင်း....ဒါပေမဲ့ သိပ်မကြာခင်တော့ ထူးခြားလိမ့်မယ်လို့ယူဆတယ် "

"ဟုတ်ကဲ့...."

"ဂျူတီချိန်လည်းကျော်နေပြီဆိုတော့ ညဂျူတီသမားမဟုတ်တဲ့သူတွေ ပြန်လို့ရပါပြီ...ဒါနဲ့ညဂျူတီကဘယ်သူလဲ"

"ဒုရဲအုပ်မိုးစက်နေခြည် "

"ဒီလိုလုပ်လိုက်ပါ ဒီည ကျွန်တော်ပဲစောင့်လိုက်မယ် ဒုရဲအုပ်လည်းဒဏ်ရာနဲ့ဒီညနားလိုက်ပါ"

"မဟုတ်တာ သော်ဇင်ထက်ကညာကလည်း စောင့်ထားရတယ်မလား"

"ရပါတယ် ကျွန်တော်ပဲစောင့်လိုက်ပါ့မယ်"

"သော်ဇင်ထက်နဲ့ကျွန်တော်နေပေးလိုက်ပါ့မယ် စခန်းမှူးနဲ့ဒုရဒအုပ်ပြန်ပါ။ဆိုင်ကာ်ကတော့ ပြင်ဆိုင်မှာဆိုတော့ ကားနဲ့ပဲပြန်ရမယ်"

"ကျေးဇူးတင်ပါတယ် သော်ဇင်ထက်နဲ့တပ်ကြပ်ကြီး"

နွေရွက်ဝါနဲ့မိုးစက်လည်း ကားနဲ့အဆောင်သို့ပြန်လာခဲ့ကြသည်။အဆောင်ရောက်တော့ ကလေးမဟုတ်ဘဲ ဂျီကျနေသည့်မိုးစက်အား နွေရွက်ဝါ သူမအခန်းသို့ခေါ်လာခဲ့ရသည်။

"ဒဏ်ရာရနေတဲ့သူကို ငြိုငြင်တာလား"

"သြော်...သြော် ဒပ်ရာကတော်တော်များတာဆိုတော့ တရားခံအရိုးတစ်ချောင်းစာလောက်တောင်မနာဘဲ"

"နာတယ်ဆို နာတယ်ပေါ့ မ နော် "

နွေရွက်ဝါမနိုင်ဘူးဆိုသည့်အကြည့်ဖြင့်ကြည့်ကာ ခေါင်းခါလိုက်မိသည်။စခန်းမှာကျ နာတယ်လို့တစ်ခွန်းမထွက်ရဲဘဲနဲ့။

"ရေအရင်ချိုးနှင့်ပါလား တို့ထမင်းတည်ရင်း ဟင်းပြန်နွှေးထားမယ်"

"ချိုးပေး..."

"မိုးစက်နေခြည်!!"

"အား..နားကိုအူသွားတာပဲ မချိုးပေးလဲနေပေါ့ ကိုယ့်ဘာသာသွားချိုးမယ်"

ကိုယ့်အားမျက်စောင်းခဲကာထွက်သွားသူအားကြည့်ရင်း နွေရွက်ဝါ ပြုံးလိုက်မိသည်။တစ်ခါတစ်လေကျ တကယ့်ကလေးလေးလို ချစ်ဖို့ကောင်းလွန်းလှသည်။ဒေါသထွက်ရင်သာ ထိန်းမနိုင်တာ။

"အား အေးလိုက်တာ"

ရေအားထိလိုက်ရင်း မိုးစက်တစ်ယောက်တည်းခုန်ပေါက်နေမိသည်။ဒီနေ့ ရေကဘာလို့အဲလောက်တောင်အေးစိမ့်နေရသလဲ။ရေပန်းအောက်အားဝင်ရင်း အဖြစ်အပျက်များအား ပြန်လည်မြင်ယောင်မိသည်။

"မကငါ့ကိုအရမ်းချစ်တာပဲ သူ့အသက်ကိုတောင်မနှမျောဘူး"

သူမရင်ထဲကြည်နူးဝမ်းသာမှုများခံစားလိုက်ရသည်။အန္တရာယ်ရှိချိန်မှာလက်မလွှတ်ဘဲ အတူရှိနေပေးသူဟာ ကိုယ့်အတွက်အကောင်းဆုံးသူတဲ့။မ ကသူမအတွက်တကယ့်ကိုအကောင်းဆုံးလေးပါ။မိုးစက်တွေးရင်း အခန်းပြင်ရှိအသံကြောင့် သူမရဲ မ ရောက်နေပြီမှန်းသိလိုက်ကာ အကြံဆိုးတစ်ခုခေါင်းထဲပေါ်လာကာ အကောင်အထည်ဖော်ရန် ကြံလိုက်သည်။

"မ..."

"မ..."

"မ..အပြင်မှာရှိလား"

"အင်း...ဘာလို့လဲ"

"မိုးလေ ရေလဲတဘက်မယူလာမိလို့ မိုးကိုတံခါးဝလေးလာပေးပါလားဟင်"

"အင်း အင်း ခဏနော် ယူခဲ့ပေးမယ်"

တန်းပေါ်ရှိရေလဲတဘက်အား ယူရင်း နွေရွက်ဝါစဥ်းစားရခက်သွားသည်။မိုးစက်က တဘက်ယူမသွားဘူးဆိုရင် ဘာလို့တဘက်တစ်ထည်လျော့နေရတာလဲ။သူမ ဘယ်မှာများထားခဲ့မိပါလိမ့်။

"လာပြီ...လာပြီ"

တဘက်တစ်ထည်အား ဆတ်ကနဲဆွဲယူကာ ရေချိုးခန်းဘက်ဆီ နွေရွက်ဝါ လှမ်းလာခဲ့သည်။တံခါးကအနည်းငယ်ဖွင့်ထားသည်မလို့ တဘက်အား ထိုဖွင့်ထားသည့်နေရာမှ နွေရွက်ဝါ ပေးလိုက်မိသည်။

"အမေ့..."

လက်ကောက်ဝတ်မှဆတ်ကနဲဆွဲလိုက်သည်မလို့ နွေရွက်ဝါ ရေချိုးခန်းထဲရောက်သွားရသည်။ရေပန်းမှအေးစက်သည့်ရေများ သူမပေါ်စီးကျလျက်။

"မိုးစက်..ဘာ..ဘာလုပ်တာလဲ"

"အရာအားလုံးခန့်မှန်းနိုင်တဲ့ စခန်းမှူးနွေရွက်ဝါ ဒီတစ်ခါတော့ အညာခံလိုက်ရပြီမလား"

နွေရွက်ဝါလှည့်ထွက်ရန်ပြင်ပေမဲ့ သူမခန္ဓာကိုယ်လေးသည်ရေချိုးခန်းနံရံနှင့် မိုးစက်၏ လက်မောင်းတန်းများကြားတွင် ပိတ်မိသွားတော့သည်။ အေးစက်လှသော ရေပန်းမှ ရေစက်များက နွေရွက်ဝါ၏ အဝတ်အစားများကို စိုရွှဲစေကာ ခန္ဓာကိုယ်အလှအပများကို ထင်ရှားပေါ်လွင်စေသည်။

​"မိုးစက်... တို့ အဝတ်တွေ စိုကုန်ပြီ... ဖယ်တော့"

​နွေရွက်ဝါက ရှက်ရွံ့စွာဖြင့် ရုန်းထွက်ရန် ကြိုးစားသော်လည်း မိုးစက်ကတော့ ခေါင်းမာစွာဖြင့် အနီးကပ်ဆုံး တိုးကပ်လာသည်။အစကတော့ သူမစနောက်ချင်ရုံသက်သက်ပါ။ဒါပေမဲ့ တကယ်တမ်း ရေတွေစိုရွှဲနေသည့် သူမချစ်သူအားမြင်ရသောအခါစနောက်လိုစိတ်များ ပျောက်ကွယ်သွားပြီး နက်ရှိုင်းလှသော ချစ်ခြင်းမေတ္တာနှင့် တမ်းတမှုများ အစားထိုးဝင်ရောက်လာသည်။

​"မိုးကို အသက်နဲ့ရင်းပြီး ကယ်ခဲ့တဲ့အတွက် ကျေးဇူးတင်ချင်လို့ပါ..."

​မိုးစက်၏ အသံမှာ တိုးညှင်းလျက် တုန်ရီနေသည်။ သူမသည် နွေရွက်ဝါ၏ စိုစွတ်နေသော ပါးပြင်လေးကို လက်ဖဝါးဖြင့် အသာအယာ ပွတ်သပ်လိုက်ရာ နွေရွက်ဝါ၏ ရင်ခုန်သံများမှာ ရေကျသံကိုပင် လွှမ်းမိုးသွားတော့သည်။ နွေရွက်ဝါသည် ငြင်းဆန်ရန် ခွန်အားများ ပျောက်ဆုံးသွားသလို မိုးစက်၏ ရင်ခွင်ထဲတွင် ငြိမ်သက်သွားရသည်။

​မိုးစက်က နွေရွက်ဝါ၏ မျက်နှာလေးကို အသာအယာ မော့ယူလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းလွှာများကို နွေရွက်ဝါ၏ နှုတ်ခမ်းများပေါ်သို့ တယုတယ ဖိကပ်လိုက်သည်။ အစပိုင်းတွင် အထိအတွေ့မှာ ပွင့်ချပ်ကလေးတစ်ခု လေထဲမှ ဝဲကျလာသလို နူးညံ့လွန်းလှသော်လည်း ခဏအကြာတွင်တော့ နှစ်ဦးသား၏ ရင်ထဲမှ ပေါက်ကွဲထွက်လာသော ချစ်ခြင်းတရားများကြောင့် ပိုမိုနက်ရှိုင်းကာ တပ်မက်ဖွယ်ကောင်းသော အနမ်းတစ်ခုအဖြစ် ပြောင်းလဲသွားသည်။

​နွေရွက်ဝါသည် မိုးစက်၏ လည်ပင်းကို အမှတ်တမဲ့ သိုင်းဖက်ထားမိပြီး အနမ်းများကို ပြန်လည်တုံ့ပြန်လိုက်သည်။ ရေအေးများက ခန္ဓာကိုယ်ပေါ်သို့ စီးကျနေသော်လည်း သူတို့နှစ်ဦးကြားရှိ အချစ်မီးတောက်များကတော့ ပူနွေးနေဆဲပင်။ မိုးစက်သည် နွေရွက်ဝါ၏ နှုတ်ခမ်းပါးလေးများကို နူးညံ့စွာ စုပ်ယူနမ်းရှိုက်ရင်း သူမ၏ လက်တစ်ဖက်ဖြင့် နွေရွက်ဝါ၏ ခါးလေးကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားမိသည်။

​ထိုအနမ်းသည် ကြောက်လန့်တုန်လှုပ်ဖွယ်ရာ ကောင်းသော သေဘေးမှ လွတ်မြောက်လာခြင်း၏ အထိမ်းအမှတ်၊ တစ်ဦးကိုတစ်ဦး ဘယ်တော့မှ လက်လွှတ်မည်မဟုတ်ကြောင်း ကတိကဝတ်ပြုခြင်း နှင့် ဖြူစင်နက်ရှိုင်းလှသော ဝန်ခံချက်တစ်ခုပင် ဖြစ်တော့သည်။ ရေချိုးခန်းအတွင်းရှိရေစက် များကြားတွင် သူတို့နှစ်ဦး၏ အသက်ရှူသံများမှာ တစ်ထပ်တည်းကျနေပြီး အချိန်နာရီတို့သည်လည်း ထိုအခိုက်အတန့်တွင် ထာဝရအဖြစ် ရပ်တန့်သွားသလို ခံစားရစေသည်။

​မိုးစက်သည် နွေရွက်ဝါ၏ နှုတ်ခမ်းမှတစ်ဆင့် ပါးပြင်၊ ထိုမှတစ်ဆင့် နားသယ်စပ်လေးများအထိ တရှိုက်မက်မက် နမ်းရှိုက်နေမိသည်။ နွေရွက်ဝါမှာတော့ မိုးစက်၏ အနမ်းများထဲတွင် ပျော်ဝင်သွားရင်း အရာအားလုံးကို မေ့လျော့နေခဲ့ပြီဖြစ်သည်။

​"မ... ကို... သိပ်ချစ်တယ်"

​မိုးစက်၏ တိုးညှင်းသော အသံသံလေးကြောင့် နွေရွက်ဝါသည် ရှက်ကိုးရှက်ကန်းဖြင့် မျက်နှာလေးကို မိုးစက်၏ ပုခုံးပေါ်တွင် ဝှက်ထားလိုက်မိသည်။ နွေရွက်ဝါ၏ ရင်ခုန်သံမှာ သူမ၏ ရင်ဘတ်အတွင်းမှ ဖောက်ထွက်မတတ် ကျယ်လောင်နေသလားပင် ထင်မှတ်ရသည်။

ရေစက်များ ကြားထဲတွင် မိုးစက်၏ တပ်မက်မှုအပြည့်နှင့် အကြည့်များက နွေရွက်ဝါကို အရည်ပျော်ကျသွားစေတော့သည်။ မိုးစက်သည် နွေရွက်ဝါ၏ ခါးလေးကို သူမ၏ ရင်ခွင်ထဲသို့ ပိုမိုနီးကပ်အောင် ဆွဲယူလိုက်ပြီးနောက် နှုတ်ခမ်းချင်းကို နောက်တစ်ကြိမ် ထပ်တူကျစေပြန်သည်။

​ယခုတစ်ကြိမ်တွင်တော့ အနမ်းများမှာ စောနကထက် ပိုမိုလေးနက်ကာ ပူလောင်လာသည်။ မိုးစက်သည် နွေရွက်ဝါ၏ အောက်နှုတ်ခမ်းလေးကို ညင်သာစွာ ခဲယူလိုက်ရင်း သူမ၏ လျှာဖျားလေးဖြင့် အသာအယာ ထိတွေ့လိုက်ရာ နွေရွက်ဝါ၏ ခန္ဓာကိုယ်လေးမှာ တွန့်ခနဲ ဖြစ်သွားရသည်။ နွေရွက်ဝါသည်လည်း သူမ၏ လက်ချောင်းလေးများဖြင့် မိုးစက်၏ စိုစွတ်နေသော ဆံပင်များကို တင်းတင်းဆုပ်ကိုင်ရင်း ထိုအနမ်းများထဲတွင် စီးမျောပါဝင်သွားတော့သည်။

​ရေပန်းမှ စီးကျလာသော ရေစက်များက သူတို့၏ မျက်နှာပေါ်တွင် လိမ့်ဆင်းနေသော်လည်း ထိုအရာက သူတို့၏ အနမ်းများကို အနှောင့်အယှက် မဖြစ်စေခဲ့ပါ။ မိုးစက်သည် နွေရွက်ဝါ၏ ပါးပြင်လေးများကို သူမ၏ လက်ဖဝါးဖြင့် အုပ်ကိုင်ကာ အနမ်းများကို တစ်ချက်ချင်းစီ၊ တယုတယဖြင့် နက်ရှိုင်းစွာ ပုံဖော်နေသည်။ နွေရွက်ဝါမှာတော့ အသက်ရှူပင် မှားသွားလောက်အောင် မိုးစက်၏ အနမ်းများအောက်တွင် နူးညံ့ပျော့ပြောင်းနေရရှာသည်။

​"မိုး... တို့... တို့ အသက်ရှူ... ခက်လာပြီ"

​နွေရွက်ဝါက နှုတ်ခမ်းချင်း ခဏခွာလိုက်ပြီး မောဟိုက်သံဖြင့် တိုးတိုးလေး ပြောလိုက်သည်။ သူမ၏ မျက်ဝန်းလေးများမှာ ရီဝေနေပြီး နှုတ်ခမ်းရဲရဲလေးများမှာ အနမ်းများကြောင့် ပိုမို ဖူးယောင်ကာ လှပနေတော့သည်။ မိုးစက်သည် ထိုမြင်ကွင်းကို ကြည့်ပြီး အသည်းယားသွားကာ နွေရွက်ဝါ၏နဖူးကို တစ်ချက် နမ်းလိုက်ပြီးနောက် နားရွက်ဖျားလေးကို လျှာဖြင့် အသာအယာ လျက်လိုက်သည်။

​"မ က အရမ်းလှတာပဲ သိလား... အခုဆို ပိုတောင် လှသေးတယ်"

​မိုးစက်၏ စကားကြောင့် နွေရွက်ဝါသည် ရှက်လွန်းသဖြင့် သူမ၏ မျက်နှာလေးကို မိုးစက်၏ ရင်ခွင်ထဲသို့ အတင်းတိုးဝှက်လိုက်တော့သည်။

​"တော်ပြီ... မိုးစက်... မင်းက တကယ် ဆိုးတာပဲ"

"ဆုချတာလေ...မကျေနပ်ဘူးလား"

"တော်ပြီ...တို့ရေဆက်ချိုးတော့မယ် ထွက်တော့"

မထွက်ဘဲ စနောက်နေသည့်မိုးစက်အား နွေရွက်ဝါမှ မနည်းပြောကာ အတင်းတွန်းထုတ်ရသည်။မိုးစက်ထွက်သွားမှ သူမရင်ဘတ်အားဖိကာ မျက်လုံးလေးများမှိတ်ပြီး တည်ငြိမ်အောင် မနည်းကြိုးစားရသည်။

"ဟက်ချိုး....ဟက်...ဟက်ချိုး"

"နှာတွေချေနေပြီ...လာ လာ မို ခေါင်းသုတ်ပေးမယ် ပြီးရင် dryer နဲ့မှုတ်ပေးမယ်"

"ရတယ်...ကိုယ့်ဘာသာလုပ်မယ် ဟက်ချိုး"

"စကားများလိုက်တာ လာ ဒီကို"

"ဘယ်သူကစကားများတာလဲ ဘယ်သူ့ကြောင့် အအေးမိတာလဲ"

မိုးစက် ပါးစပ်အားလက်ဖြင့်အုပ်ရင်း ခိုးကယ်လိုက်မိသည်။နှုတ်ခမ်းကိုရှေ့တစ်တောင်လောက်ထွက်ပြီး သူမကို စိတ်ဆိုးပြနေတာ အသည်းယားစရာ။

"ကျေးဇူးတင်တဲ့အနေနဲ့ကို"

"ဟွန့်...မိအေးနှစ်ခါနာ"

"ဟမ်...ဘာကြီး"

"ဟုတ်တယ်လေ ကယ်လည်းကယ်ရသေးတယ်...လူကို..."

"ဆက်ပြောလေ ဘာဖြစ်လဲ လူကို ဘာလုပ်လို့လဲ"

မဖြေဘဲ သူမအားမျက်စောင်းခဲကာ ထွက်သွားရန်ပြသ်သည်မလို့ မိုးစက်လက်အားဆွဲကာ ခါးအထက်တွင်လက်နှစ်ဖက်ထားပြီး ဖက်ထားလိုက်မိသည်။

"အဲလိုဆက်လုပ်နေရင် အသည်းယားလို့ထပ်နမ်းမိတော့မယ်"

"မိုးစက်နေခြည်..."

"အနမ်းမခံချင်ရင် တိတ်တိတ်လေး ထိုင်နေ "

နောက်ဆုံးတော့ အရှုံးပေးလိုက်ရသူမှာ နွေရွက်ဝါသာ။ခုံပေါ်တွင်ထိုင်ပြီး မိုးစက်ဆံပင်သုတ်၊လေမှုတ်ပြီးသည်အထိ ငြိမ်နေရသည်။မှန်ထဲကတစ်ဆင့်သူမကိုစနောက်နေသေးသည်မလို့ မျက်စောင်းထိုးရသည်မှာ အကြိမ်ကြိမ်။အားလုံးပြီးတော့ နှစ်ယောက် ညစာအတူစားကြသည်။ညစာစားပြီးပြန်လွှတ်တာကိုမပြန်ဘဲ အတင်းကပ်နေသူကြောင့် နွေရွက်ဝါအခန်းမှာပင် နှစ်ယောက်အတူ အိပ်လျက်။

"အဲဖက်လုံးကိုကျော်မလာနဲ့ "

ဖက်လုံးအကြီးကြီးအား ဝုန်းခနဲချကာ တစ်ဖက်လှည့်အိပ်သွားသူကြောင့် မိုးစက်ပြုံးလိုက်မိသည်။သူမကဖုန်းခဏကြည့်မိသေးပေမဲ့ သူမရဲ့ချစ်ရသူကတော့ ခဏလေးအတွင်းအိပ်ပျော်သွားခဲ့သည်။ဖက်လုံးအားကျော်ကာ နဖူးအားခပ်ဖွဖွတစ်ချက်နမ်းပြီး သူမလည်း အိပ်ရာဝင်ခဲ့သည်။ချစ်ရသူနဲ့အတူဆိုတော့ အိပ်မက်တွေဘယ်လောက်တောင် လှနေလိုက်မလဲ။

#အက်စတာ
10 May 2026 (8:15PM)
မန့်လေးတွေမပြန်ဖြစ်ပေမဲ့ ဖတ်ဖြစ်ပါတယ်။ မန့်တွေဖတ်ပြီး ပျော်ရပါတယ်ရှင်💙

ที่อยู่

Bangkok

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Echoes Of Petalsผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์