04/04/2026
၂၀၂၄ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင် မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးမှုအများဆုံး နိုင်ငံတစ်ခုအဖြစ် သတ်မှတ်ခံထားရကြောင်း ၂၀၂၅ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာအရ သိရသည်။
မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း စစ်ကျန်လက်နက်များကြောင့် လူပေါင်း ၆,၂၇၉ ဦး ထိခိုက်သေဆုံးခဲ့ပြီး ၂၀၂၀ နောက်ပိုင်း ထိခိုက်သေဆုံးမှု အများဆုံးနှစ်ဖြစ်ကြောင်း သိရသည်။
ထို့အတူ မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသည့် ဒုတိယနိုင်ငံမှာ ဆီးရီးယားနိုင်ငံဖြစ်ပြီး လူပေါင်း ၁,၀၁၅ ဦးဖြစ်သည်။
ယင်းနောက်တွင် အာဖကန်နစ္စတန်နိုင်ငံ ရှိနေပြီး ၆၂၄ ဦးနှင့် ယူကရိန်းတွင် ၂၉၃ ဦးဖြစ်ကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင် မိုင်းကြောင့် ထိခိုက်သေဆုံးမှုများထဲတွင် အရပ်သားများ အဓိက ပါဝင်ကာ တစ်နေ့လျှင် ပျမ်းမျှထိခိုက်သေဆုံးသူ ၁၇ ဦးရှိနေပြီး ယင်းအထဲမှ တစ်ဝက်ခန့်မှာ ကလေးများဖြစ်ကြောင်း ၂၀၂၅ မြေမြှုပ်မိုင်း စောင့်ကြည့်လေ့လာရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ ပြည်သူအများစုသည် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားထားနေကြရပြီး တော၊ တောင်များကို သွားရောက်နေရသည့်အတွက် မြေမြှုပ်မိုင်းအန္တရာယ်များကို အများဆုံးကြုံနေရကြောင်းလည်း သိရသည်။
ထိုအထဲတွင် အမျိုးသားများသည် မိုင်းအန္တရာယ်များကို အဓိက ရင်ဆိုင်နေရပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောလုပ်ငန်းလုပ်ကိုင်သူများ၊ စစ်ပြေးရှောင်နေသူများနှင့် နေရပ်ပြန်လာသူအများစုမှာလည်း မိုင်းအန္တရာယ်များကို ရင်ဆိုင်နေကြရကြောင်း သိရသည်။
ယင်းအပြင် ဒေသအတွင်း ထုတ်လုပ်သည့် မိုင်းများကြောင့် လူပေါင်း ၂,၀၇၇ ဦး ထိခိုက်သေဆုံးခဲ့ပြီး စက်ရုံထုတ် မိုင်းများကြောင့် ၂၀၂၀ ခုနှစ်တွင် ထိခိုက်သေဆုံးသည့် အရေအတွက်နှင့်စာလျှင် သုံးဆမြင့်တက်နေကြောင်း သိရသည်။
၂၀၂၅ ခုနှစ်တွင် နိုင်ငံ နှစ်နိုင်ငံသည် မိုင်းတားဆီးရေးစာချုပ်တွင် ပါဝင်လာခဲ့ပြီး စုစုပေါင်းအဖွဲ့ဝင်နိုင်ငံ ၁၆၆ နိုင်ငံရှိလာကြောင်း အစီရင်ခံစာတွင် ပါရှိသည်။
ဆက်လက်၍ မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို ၂၀၂၄ ခုနှစ်တွင် စုစုပေါင်း မြေဧရိယာ ၁,၁၁၄ စတုရန်း ကီလိုမီတာအထိ လုပ်ဆောင်နိုင်ခဲ့ပြီး လူသုံးမိုင်း ၁၀၅,၆၄၀ ခုကိုဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
သို့ရာတွင် ကမ္ဘာ့နိုင်ငံ ၅၇ ခုတွင် မိုင်းအန္တရာယ်များ ဆက်လက်ရှိနေဆဲဖြစ်ပြီး နိုင်ငံ ၃၂ နိုင်ငံတွင်လည်း မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို ပြီးစီးအောင်မလုပ်ဆောင်နိုင်သေးကြောင်း ဖော်ပြထားသည်။
၂၀၂၄ ခုနှစ်နောက်ပိုင်းတွင် မိုင်းရှင်းလင်းရေးလုပ်ငန်းစဉ်များကို ပြီးစီးအောင်လုပ်ဆောင်နိုင်ခဲ့သည့် နိုင်ငံ ၅ ခု သာရှိပြီး ဆက်လက်လုပ်ဆောင်ရန်လိုအပ်သေးကြောင်းလည်း သိရသည်။
မိုင်းအန္တရာယ်ကာကွယ်ရေးလုပ်ငန်းစဉ်များထဲတွင် မိုင်းနှင့်ပတ်သက်သည့် အသိပညာပေး ဟောပြောခြင်းများသည် အလွန်အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုဖြစ်သည့်အတွက် မိုင်းရှင်းလင်းရေးတာဝန်ရှိသည့် အဖွဲ့ဝင် နိုင်ငံများသည် အသိပညာပေးခြင်းများပြုလုပ်ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြေမြှုပ်မိုင်းနှင့် မပေါက်ကွဲသေးသည့် စစ်ကျန်လက်နက်များသည် ပြည်သူများ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့်အတွက် မြေမြှုပ်မိုင်းတားဆီးရေးစာချုပ်တွင် ပါဝင်ပြီး ပူးပေါင်းဆောင်ရွက်ရန် ၂၀၂၅ မြေမြှုပ်မိုင်းစောင့်ကြည့်လေ့လာရေးအစီရင်ခံစာတွင် တိုက်တွန်းထားသည်။
ပုံစာ - ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်တွင် စိုက်ထူးထားသည့် မိုင်းအသိပညာပေး ဆိုင်းဘုတ်။ ဓာတ်ပုံ - APM