16/09/2026
🍲သီးစုံပဲကုလားဟင်း ချက်နည်း🍲
အာဟာရပြည့်ဝပြီး မဆလာနံ့သင်းသင်းဖြင့် ထမင်းမြိန်စေမည့် သီးစုံပဲကုလားဟင်း ချက်နည်းဖြစ်ပါသည်။
🛒ပါဝင်ပစ္စည်းများ
ကုလားပဲခြမ်း — ဆန်ချင်ခွက် ၁ ခွက်
မကျည်းသီးမှည့် — ကွမ်းသီးဆံ ၁ လုံးခန့် (ရေစိမ်ထားရန်)
ငါးငံပြာရည် — ထမင်းစားဇွန်း ၃ ဇွန်း
ဆား — လက်ဖက်ရည်ဇွန်း ၁ ဇွန်း
အရသာမှုန့် — လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကုလားလေးမဆလာ — ၁ ထုပ်
ဆီ — ထမင်းစားဇွန်း ၃ ဇွန်း
နနွင်းမှုန့် — လက်ဖက်ရည်ဇွန်း ၁ ဇွန်း (ပဲပြုတ်ရန်နှင့် ဆီသတ်ရန် ခွဲသုံးပါ)
အသီးအရွက်များ
အာလူး — အနေတော် ၃ လုံး (အတုံးကြီးကြီး တုံးထားရန်)
ခရမ်းသီး — အလုံးကြီး ၁ လုံး (အရွယ်တော် တုံးထားရန်)
မုန်လာဥနီ — ၁ ဥ (အကွင်းလိုက် သို့မဟုတ် အရှည်လှီးထားရန်)
ပန်းဂေါ်ဖီ — အခက်ကြီး ၃ ခက်
ပဲသီး — ၁၀ တောင့်ခန့် (အရှည် ၂ လက်မခန့် ဖြတ်ထားရန်)
ဒန့်သလွန်သီး - ကိုယ့်စိတ်ကြိုက် အနေတော် ထည့်ပါ။
ဆီသတ်ရန်နှင့် အမွှေးအကြိုင်
ကြက်သွန်နီ — အနေတော် တစ်ခြမ်း
ကြက်သွန်ဖြူ — ၂ မွှာ
ချင်း — လက်တစ်ဆစ်ခန့်
ငရုတ်သီးအရောင်တင်မှုန့် — လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
ပျဉ်းတော်သိမ်းရွက် — ၂ ခက်
🥣ကြိုတင်ပြင်ဆင်ရန်
(၁) ကုလားပဲကို ရေစင်အောင်ဆေးပြီး နနွင်းမှုန့်အနည်းငယ်၊ ရေမြှုပ်ရုံထည့်ကာ ပဲစေ့မကြေဘဲ အလုံးမပျက် နူးရုံပြုတ်ထားပါ။
(၂) ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ချင်းနှင့် ငရုတ်သီးအရောင်တင်မှုန့်တို့ကို ရော၍ ညက်အောင် ထောင်းထားပါ။
(၃) အာလူးနှင့် အသီးအရွက်များကို သင့်တော်သလို လှီးဖြတ်ပြီး ရေစင်အောင် ဆေးထားပါ။ မကျည်းသီးကိုလည်း ရေနွေးအနည်းငယ်ဖြင့် စိမ်ထားပါ။
🔥ချက်ပြုတ်နည်း အဆင့်ဆင့်
(၁) ဒယ်အိုးအတွင်း ဆီထည့်ပြီး ပူလာပါက နနွင်းမှုန့် အနည်းငယ်နှင့် ထောင်းထားသော ငရုတ်သီး/ကြက်သွန်တို့ကို ထည့်၍ မွှေးလာသည်အထိ ဆီသတ်ပါ။
(၂) ဆီသတ်နံ့ မွှေးလာလျှင် ပျဉ်းတော်သိမ်းရွက် ထည့်မွှေပြီး လှီးထားသော အာလူး၊ အသီးအရွက်များ၊ ဆား၊ ငံပြာရည်နှင့် အရသာမှုန့်တို့ကို ထည့်ကာ ၂ မိနစ်ခန့် သမအောင် ဆီသတ်ပေးပါ။
(၃) ဆီသတ်ထားသော အသီးအရွက်များကို ပြုတ်ထားသည့် ပဲအိုးထဲသို့ ပြောင်းထည့်ပါ။ ဟင်းရည် အနေတော်ရရှိရန် ရေထပ်ဖြည့်ပြီး ပွက်ပွက်ဆူအောင် တည်ပါ။
(၄)အာလူးနှင့် အသီးအရွက်များ နူးခါနီးအချိန်တွင် စိမ်ထားသော မကျည်းရည်ကို အနည်စစ်ကာထည့်ပါ။
(၅)ဟင်းရည် ဆူပွက်ပြီး အသီးများ နူးအိလာပါက အပေါ့အငန် အရသာမြည်းစမ်းပါ။ မီးပိတ်ခါနီးတွင် မဆလာအုပ်ကာ သမအောင်မွှေပြီးလျှင် သီးစုံပဲကုလားဟင်း မွှေးမွှေးလေးကို သုံးဆောင်နိုင်ပါပြီ။
စားကောင်း အဆင်ပြေကြပါစေရှင်.... ❤