21/06/2026
လူအများစု၏ အမြင်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်စုအား အကျဉ်းချခံထားရသမျှ ကာလပတ်လုံး ငြိမ်းချမ်းရေးအတွက် တိုးတက်မှုများ ရှိလာနိုင်မည်မဟုတ်ဟု ရှုမြင်ကြကြောင်း မြန်မာနိင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စဂျူလီဘစ်ရှော့က ဇွန်လ ၁၉ ရက်နေ့က ကုလသမဂ္ဂအစည်းအဝေးမှ ပြောခဲ့ပါတယ်။
အားလုံးပါဝင်သော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ညှိနှိုင်းဆွေးနွေးမှုမှတစ်ဆင့် ရရှိသော နိုင်ငံရေးဖြေရှင်းချက် မရှိဘဲနှင့် မြန်မာနိုင်ငံ၏ လူမှုရေး၊ စီးပွားရေးအခြေအနေများသည် ဆက်လက်ယိုယွင်းနေမည်သာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချခြင်း၊ အစိုးရခေါင်းဆောင်များကို ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် အရပ်သားများအပေါ် ဆက်လက်တိုက်ခိုက်နေခြင်းတို့သည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိခြင်းကို အကြောင်းပြချက် မပေးနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားခဲဲ့သည်။
အာဆီယံ၏ ရပ်တည်ချက်နှင့်အညီ၊ ရန်လိုတိုက်ခိုက်မှုများ ရပ်စဲခြင်းမရှိဘဲနှင့် အားလုံးပါဝင်သော ဆွေးနွေးပွဲများအတွက် ကတိကဝတ်မရှိဘဲ ကျင်းပသော ရွေးကောက်ပွဲလုပ်ငန်းစဉ်သည် အကြမ်းဖက်မှုများကို ပိုမိုဖြစ်ပေါ်စေနိုင်သည့် အန္တရာယ်ရှိကြောင်း အထွေထွေအတွင်းရေးမှူးချုပ်၏ သတိပေးချက်ကို ကျွန်မ ထပ်လောင်း ပြောကြားခဲ့ပါသည်။
ရွေးကောက်ပွဲ ကာလတစ်လျှောက်လုံးတွင် အရပ်သားများနေထိုင်ရာ ဒေသများကို တိုက်ခိုက်ခြင်း အပါအဝင် စစ်ဆင်ရေးများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားခဲ့ပြီး၊ သေဆုံးသူများထဲတွင် ကလေးငယ်များလည်း ပါဝင်ကြောင်း။
ကျေးရွာသူ/သားများသည် မတူညီသော လက်နက်ကိုင်အဖွဲ့များထံမှ အတင်းအဓမ္မ ခိုင်းစေခြင်း၊ တပ်သားစုဆောင်းခြင်း၊ စစ်ဆေးရေးဂိတ်များတွင် ငွေညှစ်ခြင်းများအပြင်၊ သွားလာလှုပ်ရှားမှုနှင့် မရှိမဖြစ်လိုအပ်သော လူသားချင်းစာနာမှု အကူအညီများ ပေးပို့ခြင်းကို ကန့်သတ်ခြင်းတို့အပါအဝင် ဖိအားများစွာကို ရင်ဆိုင်နေကြရကြောင်း။
ပိုမိုစိုးရိမ်ဖွယ်ကောင်းသည်မှာ လူငယ်များ ရင်ဆိုင်နေရသော အခြေအနေပင် ဖြစ်ကြောင်း။ ကျွန်မတို့၏ ဆွေးနွေးမှုများတွင် မြန်မာစစ်တပ်ရော တော်လှန်ရေးအင်အားစုများကပါ တပ်သားသစ်စုဆောင်းမှု တိုးမြင့်လာနေကြောင်း ကြားသိရကြောင်း။
လူငယ်များသည် အသက်အန္တရာယ်ရှိသော ရေလမ်းခရီးများ အပါအဝင် ထွက်ပြေးတိမ်းရှောင်နေကြရပြီး၊ လူကုန်ကူးခံရမှု၊ ခေါင်းပုံဖြတ်ခံရမှုများအပြင် မူးယစ်ဆေးဝါး ရောင်းဝယ်မှုနှင့် လိမ်လည်မှုလုပ်ငန်းများက မောင်းနှင်နေသော တရားမဝင် စီးပွားရေးလုပ်ငန်းများ၏ သားကောင်များ အလွယ်တကူ ဖြစ်လာနိုင်ခြေရှိကြောင်း။
မြန်မာနိုင်ငံသည် ဆိုက်ဘာရာဇဝတ်မှုများ၏ ကမ္ဘာလုံးဆိုင်ရာ ဗဟိုချက်တစ်ခု ဖြစ်လာကြောင်း။
စက်မှုလုပ်ငန်းအရွယ်အစားရှိ လိမ်လည်မှုစခန်းများကို လည်ပတ်နေကြသော နိုင်ငံဖြတ်ကျော် ရာဇဝတ်ဂိုဏ်းများသည် ၎င်းတို့၏ လူကုန်ကူးမှုကွန်ရက်များကို အာဖရိကအထိ တိုးချဲ့ခဲ့ကြပြီး၊ အမေရိကန်ပြည်ထောင်စု၊ အာရှနှင့် အခြားနေရာများမှ သားကောင်များကို ပစ်မှတ်ထားလျက်ရှိကြောင်း။ တင်ပြခဲ့ပါတယ်။
အချုပ်အနေနဲ့ ရွေးတုနဲ့ တရားဝင်မှုရဖို့ကြိုးစားနေတယ်။ မြေပြင်မှာက ပြည်သူကို ဆက်လက်ဖိနှိပ်နေတယ်။ လူငယ်တွေကို ဆက်လက်ဖမ်းဆီးစစ်မှုထမ်းခိုင်းနေတယ်။ ကျားဖြန့်ကိစ္စကလည်း ပိုကြီးလာနေတယ်။ အဓိကကတော့ မင်းအောင်လှိုင်ဟာ လုပ်ပွဲရွေးတုက တက်လာတဲ့ သမဒ၊ တိုင်းပြည်အုပ်ချုပ်နိုင်ခြင်းမရှိဘူးဆိုတာပဲ။