17/08/2026
သူမ သန်မာပါတယ် - အမျိုးသမီးတွေရဲ့ ခွန်အား
Naga News
August 17, 2026
လူမှုအသိုင်းအဝန်းအများစုက အမျိုးသမီးတစ်ဦးကို မိသားစုတာဝန်တွေ၊ အခွင့်အလမ်းကန့်သတ်ချက် တွေ၊ လူမှုအသိုင်းအဝိုင်းရဲ့သတ်မှတ်ချက်တွေကြား အားနွဲ့သူအဖြစ် အရင်ဆုံးမြင်မိတတ်ကြပါတယ်။ ဒါပေမယ့် မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းအတွက် သူတို့ဘယ်လိုအကျိုးပြုနေကြသလဲ၊ ဘယ်လိုတွေ ပံ့ပိုးပေးနေကြသလဲ၊ လူအများမမြင်မိတဲ့ သူတို့ရဲ့အားထုတ်မှုတွေနဲ့ အကျိုးပြုနိုင်စွမ်းတွေက ဘာတွေလဲ ဆိုတာကိုလည်း ကြည့်မြင်ဖို့လိုအပ်ပါတယ်။
လူမှုအသိုင်းအဝိုင်းက အမျိုးသမီးတွေကို ပုံမှန်မြင်ကြတဲ့ပုံစံကတော့ မိသားစုအတွက်အိမ်မှုကိစ္စတာဝန် ယူရသူ၊ အိမ်ထောင်ရက်သားကျလာတဲ့အခါ ရင်သွေးတွေကိုပြုစုပျိုးထောင်သူ၊ မိသားစုအတွက် တနည်းတလမ်းအထောက်အကူပြုသူ၊ မိသားစုကိုမှီခိုသူလို့ သတ်မှတ်ထားကြပါတယ်။ ဒီလိုအလုပ်တွေ ကိုလည်း သာမန်နေ့စဉ်ဘဝရဲ့ပုံမှန်ထက်မပိုဘူး၊ ဒီလိုအလုပ်တွေဟာ “အမျိုးသမီးတွေလုပ်ရမယ့် ပုံမှန်တာဝန်” ဆိုတဲ့အမြင်ဟာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အကျိုးပြုမှုတွေကို အသိအမှတ်ပြုကြဖို့ ဝေးသွားရတဲ့အပြင် အရေးပါလှတဲ့ သူတို့ရဲ့ အကျိုးပြုနိုင်စွမ်းတွေကို မမြင်ကြတော့ပါဘူး။
တကယ်တော့ အဲဒီ “ပုံမှန်” အလုပ်တွေကပဲ မိသားစုတစ်စုကို ဆက်လက်လည်ပတ်စေဖို့အတွက် အခြေခံအင်အားတစ်ခု ဖြစ်နေတာပါပဲ။
အဲဒါဟာလည်း ခွန်အားပါပဲ။
ခွန်အားကိုအဓိပ္ပါယ်ဖွင့်ဆိုတဲ့နေရာမှာ ကိုယ်ကာယခွန်အားတစ်ခုတည်းနဲ့ ဆုံးဖြတ်လို့ မရပါဘူး။ အမျိုးသမီးတွေရဲ့ အင်အားဟာ စိတ်အတွင်းထဲက လာပါတယ်။ သူတို့ရဲ့ ရဲရင့်မှု၊ တာဝန်အပေါ် သစ္စာရှိမှု၊ အခြားသူတွေအတွက် စဉ်းစားပေးနိုင်မှုနဲ့ အခက်အခဲတွေကြား သည်းခံရပ်တည်နိုင်တဲ့ ခံနိုင်ရည်တို့ဟာ သူမရဲ့ ခွန်အားတွေ ဖြစ်ပါတယ်။
အမျိုးသမီးတွေရဲ့လုပ်ဆောင်နိုင်စွမ်းအင်အားဟာ မိသားစုအတွင်းမှာသာမက လူမှုအသိုင်းအဝိုင်းကဏ္ဍ အသီးသီးတွေမှာ အကျိုးပြုနေပါတယ်။ လူမှုအသိုင်းအဝိုင်းကသတ်မှတ်တဲ့ ပုံမှန် ဆိုတဲ့စံတွေကို ဖောက်ထွက်ပြီး ရှေ့ထွက်လာဖို့ဆိုတာ အမျိုးသမီးအများစုအတွက် လွယ်ကူတာတော့ မဟုတ်ပါဘူး။
အမျိုးသမီးတစ်ဦးဟာ မိသားစုအပြင်ဘက်မှာ မိမိရဲ့အသံကို ဖော်ထုတ်လာတဲ့အခါ ပုံမှန်ထက် ကျော်လွန် လာတယ်၊ “အမျိုးသမီးနဲ့ မသင့်တော်ဘူး” ဆိုတဲ့ အမြင်တွေကိုတော့ အနည်းနဲ့အများ ရင်ဆိုင်ရနိုင် ပါတယ်။ ဥပမာ - ခေါင်းဆောင်မှုတာဝန်ယူလာတဲ့အခါ၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ အမျိုးသားတွေနဲ့တန်းတူ လူမှုအသိုင်းအဝိုင်းမှာပါဝင်လာတဲ့အခါ သူမရဲ့ရည်ရွယ်ချက်ကို နားလည်မယ့် အစား “အမျိုးသားတွေရဲ့နေရာကို ယူချင်တာ” လို့ အဓိပ္ပာယ်ဖွင့်ခံရနိုင်ပါတယ်။ ဒါဆို ဒီသတ်မှတ်ချက် အမြင်တွေကြောင့် အမျိုးသမီးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ကန့်သတ်ထားကြရမလား ဆိုတဲ့ မေးခွန်းမျိုးရှိလာပါတယ်။
ငယ်စဉ်က သူမပတ်ဝန်းကျင်မှာမြင်ခဲ့ရတဲ့ အမျိုးသမီးတစ်ဦးရဲ့ပုံစံဟာ အိမ်ရှင်မ၊ သားသမီးတွေရဲ့မိခင်နဲ့ မိသားစုကို မှီခိုရသူတစ်ဦးအဖြစ် သိခဲ့ရတာများပါတယ်။ ဒါပေမယ့် သူမရဲ့မိခင်က သူမအတွက် အတုယူစရာစံတစ်ခု ဖြစ်ခဲ့တယ်။ သူမမိခင်ဟာ မိသားစုကို ဦးဆောင်သူ၊ အကြံပေးနိုင်သူ၊ လမ်းညွှန်ပေးနိုင်သူတစ်ဦး၊ မိသားစုက မှီခိုအားထားရသူတစ်ဦး ဖြစ်နေခဲ့လို့ပါပဲ။ အဲဒီအတွေ့အကြုံက ပေးတဲ့သင်ခန်းစာက အမျိုးသမီးတွေဟာ မိသားစုက မှီခိုကြရတဲ့သူဖြစ်တယ် ဆိုတာပါပဲ။ အမျိုးသမီးတစ်ဦးရဲ့အကျိုးပြုနိုင်စွမ်းအရည်အချင်းတွေဟာ အိမ်တွင်းတာဝန်တွေနဲ့ပဲ အဆုံးသတ် မသွားသင့်ဘူးဆိုတာကို ပိုပြီး နားလည်လက်ခံစေခဲ့တာပါပဲ။
သူမဟာ သူမအဖြစ်နဲ့ပဲ သန်မာချင်တာပါ။
သူမရဲ့ အမျိုးသမီးဖြစ်ခြင်းဟာ သူမရဲ့ အရည်အချင်းကို လျော့နည်းစေတဲ့အရာ မဖြစ်သင့်ပါဘူး။ အမျိုးသမီးတစ်ဦးရဲ့ဖြစ်တည်ခြင်းနဲ့ မိမိရဲ့အသိပညာ၊ အတွေ့အကြုံ၊ စွမ်းရည်တွေကို အသုံးချပြီး အခြားသူတွေရဲ့ဘဝကို အကျိုးပြုကြရပါမယ်။
အမျိုးသမီးဖြစ်ခြင်းကို စွန့်လွှတ်ပြီးမှ သန်မာဖို့ကြိုးစားယူစရာမလိုပါဘူး။ အမျိုးသမီးတစ်ဦးအဖြစ် မိမိရဲ့ အရည်အချင်း၊ အသိပညာ၊ အတွေ့အကြုံ၊ စွမ်းရည်နဲ့ ယုံကြည်ချက်တွေကို အသုံးချပြီး အခြားသူတွေရဲ့ဘဝကိုအကျိုးပြုဖို့ ဖြစ်ပါတယ်။ ဥပမာ - အမျိုးသမီး ဘောလုံးသမားတစ်ဦးက သူမရဲ့ သန်မာမှုကို တည်ဆောက်ဖို့ အမျိုးသမီးဖြစ်ခြင်းကို စွန့်လွတ်ဖို့ မလိုအပ်ပါဘူး။ အမျိုးသမီးတစ်ဦးအဖြစ် ဂုဏ်ယူစွာရှင်သန်ရင်း အမျိုးသမီးဘောလုံးထူးချွန်သူအဖြစ် ရပ်တည်နိုင်ပါတယ်။
အမျိုးသမီးတွေရဲ့ခွန်အားဟာ ကိုယ်ကာယပိုင်းဆိုင်ရာခွန်အားမျိုးထက် ခံနိုင်ရည်ရှိခြင်း၊ တာဝန်ယူတတ်ခြင်း၊ ရဲရင့်ခြင်း၊ ရိုးသားခြင်း၊ သစ္စာရှိခြင်း၊ အခြားသူများအတွက် စဉ်းစားပေးနိုင်စွမ်းရှိခြင်း၊ အခက်အခဲတွေကို သည်းခံနိုင်ခြင်း စတာတွေအားလုံးဟာ အမျိုးသမီးတွေရဲ့ ခွန်အားတွေပါပဲ။
ဒီခွန်အားတွေဟာ အမြဲတမ်း လူအများရှေ့မှာ မြင်ရတာမျိုးမဟုတ်ပါဘူး။ တစ်ခါတလေ မီးဖိုထဲက တိတ်တဆိတ်လုပ်ဆောင်နေတဲ့ လက်တစ်စုံထဲမှာ ရှိနေပါတယ်။ တစ်ခါတလေ အခက်အခဲရှိနေတဲ့ လူတစ်ယောက်ကို အားပေးနေတဲ့စကားတစ်ခွန်းထဲမှာ ရှိနေပါတယ်။ တစ်ခါတလေ လူမှုအသိုင်းအဝိုင်း အတွက်အချိန်နဲ့ အားစိုက်ထုတ်နေတဲ့အမျိုးသမီးတစ်ဦးရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေထဲမှာ ရှိနေပါတယ်။ ခက်ခဲပင်ပန်းနေပေမယ့် လက်မလျှော့ဘဲ ဆက်လျှောက်ဖို့ဆုံးဖြတ်တဲ့ စိတ်ထဲမှာ ရှိနေပါတယ်။ လူတွေက “ခွန်အား” ဆိုရင် ကိုယ်ကာယခွန်အားကို အရင်ဆုံး မြင်တတ်ကြပါတယ်။ ဒါပေမယ့် အမျိုးသမီးတွေရဲ့ ခွန်အားဟာ အဲဒီထက် ပိုနက်ရှိုင်းပါတယ်။
သူမရဲ့ ခွန်အားဟာ တိတ်တဆိတ် ဖြစ်တည်နေနိုင်ပါတယ်။ ကျယ်လောင်စွာ အသိအမှတ်ပြု မခံရနိုင်ပါဘူး။ ဒါပေမယ့် သူမ ဆက်လက်ရပ်တည်နေတယ်။ ဆက်လက်လုပ်ဆောင်နေတယ်။ ဆက်လက်အကျိုးပြုနေ တယ်။ အဲဒါကြောင့် သူမ သန်မာပါတယ်။
#သူမ #ခွန်အား