06/01/2024
"ကိုယ့်ဖြစ်တည်မှုကို လက်ခံလိုက်ဖို့ပါပဲ"
🍃••••••••••••••••••••••••••••••••••••••🍃
ကြယ်စင်တွေလောက် မတောက်ပနိုင်လို့ဆိုပြီး
ပိုးစုန်းငယ်လေးတွေဟာ ရှက်လို့ သေမသွားပါဘူး။
ကိုယ့် ဖြစ်တည်မှုကို လက်မခံနိုင်တဲ့သူဟာ
ကိုယ့် လက်လှမ်းမမှီတဲ့ အရာတွေနဲ့
စိတ်အားငယ်နေဖို့ မသင့်သလို
ကိုယ့်ထက် ရှေးရောက်နေတဲ့ သူတွေနဲ့လဲ
ဘ၀ကို ယှဉ်ထိုးနေဖို့ မသင့်ပါဘူး။
မြက်ပင်တစ်ပင်လို ရှင်သန်ရတဲ့အခါ
ထန်ပင်လေးတွေနဲ့ အမြင့်ချင်း ပြိုင်ချင်လို့
ဘယ်ဖြစ်ပါ့မလဲနော်.....
သူဟာလဲ သူ့ကောင်ကင်နဲ့သူ
ကိုယ့်ဟာလဲ ကိုယ့်ကွင်းပြင်ကြီးနဲ့ ကိုယ် ဆိုပြီး
ကျေနပ်အောင် နေထိုင်တတ်ရတယ်မဟုတ်လား။
ရေကြည် ရေအေး ဖြစ်ရတဲ့အခါ
ကော်ဖီခွက်ကလေးတွေနဲ့ အနံ့ အရသာ
ပြိုင်မနေစမ်းပါနဲ့ သူလဲ သူ့အရသာနဲ့ သူ
ကိုယ်လဲ ကိုယ့်အေးမြမှုနဲ့ ကိုယ်ပဲ ဆိုပြီး
ကိုယ့်တန်ဖိုးနဲ့ကို ဖြစ်တည်နေလိုက်စမ်းပါ။
ကိုယ်ဟာ နှင်းဆီတစ်ပွင့်ဖြစ်လို့
စံပယ်တွေက ရနံ့ချင်းပြိုင်လဲ မူ့နေစရာမလိုပါဘူး။
သူလဲ သူ့ရနံ့ သူ ကိုယ်လဲ ကိုယ်အလှနဲ့ကိုယ် ဆိုပြီး
ဘ၀ကို ရှင်သန်တတ်ဖို့ပဲ လိုတာမို့လား။
ဘ၀ဆိုတာမျိုးက
ဘယ်လောက်ပဲစားရ စားရ
၀မ်းဝ,ရုံပဲ မဟုတ်လား။
ဘယ်လိုပဲ အသက်ရှင်ရ ရှင်ရ
ကျန်းမာနေဖို့ အဓိကပဲ မဟုတ်လား။
ဘယ်လောက်ပဲ ဂုဏ်ဒြပ်တွေရှိရှိ
ကိုယ့်ကျင့်တရားမရှိရင်
အပေါ်ယံတွေပဲ မဟုတ်လား။
ဘယ်လောက်ပဲ ပိုင်ဆိုင်ရ ပိုင်ဆိုင်ရ
အချိန်တန်တော့လည်း
ထားခဲ့ရတာပဲ မဟုတ်လား။
ရုပ်ကို ကျန်းမာအောင်ထားပြီး
စိတ်ကိုချမ်းသာ အောင်ထားနိုင်မှ
အသက်ရှင်နေသမျှ ချမ်းသာနေရတာပါပဲ။
ရှင်ဘုရင်အဖြစ် ရွေးချယ်မခံရလည်း
ရွေးချယ်ခံရတဲ့ဘ၀မှာ ပျော်အောင်နေပေါ့။
ဘ၀ကို ဖိနပ်တစ်ရံလိုမျိုး လျှောက့်ရတဲ့အခါမှာ
ဆူးညှောင့် ခလုတ်တွေကို
ကြောက်နေလို့ မရဘူးလေ။
စမ်းချောင်းလေးတွေလို စီးဆင်းရတဲ့အခါမှာလဲ
အတားအစီးတွေနဲ့ အသံထွက်ခွင့် ရှိမနေပါဘူး။
လမင်းကြီးလို မလင်းလက်နိုင်လဲ ဘာဖြစ်လည်း
ကြယ်တာရာလို အစွမ်းရှိသလောက်
တောက်ပလိုက်ပေါ့။
ပိုပျော်ဖို့ဆိုတာက
ကိုယ့်ဘ၀ကို ကျေနပ်ဖို့လိုသလို
ကိုယ့်ဘ၀ရဲ့ အဆိုးအကောင်းကိုလဲ
လက်ခံတတ်ဖို့လည်း လိုတယ်။
တစ်ပါးသူ လုပ်ပေးတဲ့ ပျော်ရွှင်မှုထက်
ကိုယ် ရှာဖွေထားတဲ့ ပျော်ရွှင်မှုက
ပိုခိုင်မြဲစေတယ် မဟုတ်လား။
သူတစ်ပါးရဲ့လောင်းရိပ်က
ကိုယ်ဖန်တီးတဲ့ အရိပ်လောက် မအေးမြနိုင်ပါဘူး။
ကိုယ့်ဘ၀ကို လက်ခံနိုင်တယ်ဆိုရင်
သူများအပြောနဲ့ လမ်းဆုံးမနေသင့်ဘူး။
သူများ အောင်မြင်မှုနဲ့ ခြေထိုးမနေသင့်ဘူး။
သူများဘ၀နဲ့ နှိုင်းယှဉ်မနေသင့်ဘူး။
သူများရှူထုတ်တဲ့ အငွေ့တွေနဲ့
အသက်ရှူမနေ့သင့်ဘူး။
ကိုယ့်ဘ၀ကို ကျေနပ်လာတဲ့သူဟာ
ရတာလေးနဲ့ ဝအောင်စားပြီး
ရှိတာလေးနဲ့ လှအောင်၀တ်နိုင်လာတယ်
မလိုအပ်တာတွေကို အတင်းအဓမ္မ
မလိုချင်တော့ဘူး
ကိုယ်မဟုတ်တဲ့ ဘ၀မှာ
ဟန်ဆောင်နေရတာ မကြိုက်တော့ဘူး။
မေ့သင့်တဲ့အရာတွေ မေ့ပြီး
ရောင့်ရဲကျေနပ်မှုလေးတွေနဲ့
ဘ၀ကို ပျော်ရွှင်တတ်လာတယ်။
အဓိက,က ကိုယ့်ဘ၀ကို လက်ခံလိုက်ဖို့ပါပဲ
#ဘဝအတွက်စာဖတ်ပါ
Khin Htaryee