Yangon Nation "​If you are not at the table, you are on the menu"
(2)

❝ အီရန်မှာ အဆုံးအရှုံး များခဲ့တဲ့ Reaperတွေကို မျိုးဆက်သစ် ဒရုန်းတစ်မျိုးနဲ့ အစားထိုးဖို့ အမေရိကန်လေတပ် စီစဉ်နေ ❞အီရန်စစ...
06/09/2026

❝ အီရန်မှာ အဆုံးအရှုံး များခဲ့တဲ့ Reaperတွေကို မျိုးဆက်သစ် ဒရုန်းတစ်မျိုးနဲ့ အစားထိုးဖို့ အမေရိကန်လေတပ် စီစဉ်နေ ❞

အီရန်စစ်ပွဲမှာ MQ-9A တိုက်ခိုက်ရေး ဒရုန်းတွေကို ဆုံးရှုံးမှု မြင့်တက်လာတဲ့နောက် အမေရိကန် လေတပ်ဟာ စျေးပိုသက်သာတဲ့ မျိုးဆက်သစ် ဒရုန်းတစ်မျိုးကို အစားထိုးနိုင်ရေး ပိုပြီး အရှိန်မြှင့် အားထုတ်လာနေပါတယ်။

Reapersလို့ နာမည်ပေးထားတဲ့ MQ-9Aတွေဟာ အမေရိကန်ရဲ့ အားထားရတဲ့ ဂန္ထဝင်မြောက် စစ်လက်နက် အမျိုးအစားတစ်ခု ဖြစ်ခဲ့ပေမယ့်လည်း အီရန်စစ်ဆင်ရေးတွေအတွင်း ၄၅ စီးထက်မနည်း ဆုံးရှုံးခဲ့ရပါတယ်။ အဲဒီ ပမာဏဟာ အမေရိကန် လေတပ်က ပိုင်ဆိုင်တဲ့ Reaper အားလုံးပေါင်းရဲ့ လေးပုံတစ်ပုံလောက်နဲ့ ညီမျှပါတယ်။

Reaperတွေကို ဆုံးရှုံးရတဲ့ အကြောင်းရင်းတွေမှာ အီရန်ဖက်က ပစ်ချခြင်းလည်း အပါအဝင်ဖြစ်ပြီး တချို့အခြေအနေတွေမှာတော့ ဒရုန်းနဲ့ ထိန်းချုပ်သူကြား အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ် ပြတ်တောက်သွားတာတွေလည်း ရှိခဲ့ပါတယ်။

General Atomicsက ထုတ်လုပ်တဲ့ Reaperတွေဟာ ပျမ်းမျှအားဖြင့် ဒေါ်လာ သန်း ၃၀ ကနေ ၅၀ ကြားလောက် တန်ဖိုးရှိပြီး ကင်းထောက်ပျံသန်းမှု၊ ရန်သူ့နယ်မြေထဲ ဝင်ရောက် ထောက်လှမ်းမှုနဲ့ အရေးကြီး ပစ်မှတ်တွေကို တိုက်ခိုက်မှုတွေအတွက် ရည်ရွယ် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်တုန်းက အီရတ်နိုင်ငံကို ရောက်ရှိနေတဲ့ အီရန် အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC) တပ်မှူး ကာဆမ် ဆိုလိုင်မာနီကို လုပ်ကြံမှု၊ ၂၀၂၂ မှာ အယ်လ်ကိုင်ဒါ အကြမ်းဖက်အဖွဲ့ ထိပ်တန်းခေါင်းဆောင် အေမန် အယ်လ် ဇာဝါဟာရီကို ပါကစ္စတန်မှာ လုပ်ကြံမှုတွေမှာ အမေရိကန်က Reaperတွေကို အသုံးပြုခဲ့ပါတယ်။

အခုတော့ အီရန်စစ်မြေပြင်မှာ အဲဒီ ဒရုန်းတွေကို ဆုံးရှုံးမှု များပြားလာတဲ့နောက် အမေရိကန်ဟာ Reaper အသစ်တွေ အစားထိုးဖို့ထက် တစ်စီးကို ဒေါ်လာ ၁၀ သန်းဝန်းကျင်နဲ့ ထုတ်လုပ်နိုင်မယ့် ဒရုန်းအမျိုးအစားသစ် တစ်ခုခုနဲ့ ကျယ်ကျယ်ပြန့်ပြန့် အစားထိုးနိုင်ဖို့ စတင် ပြင်ဆင်နေပြီ ဖြစ်ပါတယ်။ Reaperတွေရဲ့ သက်တမ်းကို အဆုံးသတ်ဖို့ စဉ်းစားနေပြီ ဖြစ်ကြောင်း၊ စစ်ဆင်ရေးတွေအတွင်း အဲဒီ ဒရုန်းတွေကို ဆုံးရှုံးမှု များလာတာနဲ့အမျှ အစားထိုးမယ့် အစီအစဉ်အတွက် ဆွေးနွေးမှုတွေကိုလည်း အရှိန်မြှင့်နေကြောင်း အမေရိကန် လေတပ်ရဲ့ နည်းပညာ မွမ်းမံအဆင့်မြှင့်ရေး အရာရှိချုပ်ဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ခရစ္စတိုဖာ နီယာမီက ပြောကြားခဲ့ပါတယ်။

အမေရိကန် လေတပ်ဟာ Reaperတွေ အများအပြား ပိုင်ဆိုင်နေဆဲ ဆိုပေမယ့် ဆုံးရှုံးမှု မြန်နှုန်းကလည်း စိုးရိမ်ရလောက်တဲ့ အခြေအနေထိ မြန်ဆန်လာနေကြောင်း သူက ဝန်ခံခဲ့ပါတယ်။

အမေရိကန်ရဲ့ ပင်တဂွန် စစ်ဌာနချုပ်ဟာ Reaperတွေရဲ့ နေရာမှာ ဆက်ခံသွားမယ့် ဒရုန်းအမျိုးအစားသစ် တစ်ခုခုကို ရှာဖွေရွေးချယ်ဖို့အတွက် Mass Modular Aircraft (MMA)ဆိုတဲ့ စီမံကိန်းကို ဇူလိုင်လမှာ စတင်ခဲ့ပါတယ်။ တစ်ဖက်မှာတော့ General Atomicsဟာ MQ-9Aတွေ ထုတ်လုပ်မှုကို ၂၀၂၅ ခုနှစ်မှာ ရပ်ဆိုင်းခဲ့ပါတယ်။ အဲဒီအစား ဂန္ထဝင် reaperတွေကို ပိုမို အဆင့်မြှင့်တင်ထားတဲ့ MQ-9Bတွေကိုတော့ ဆက်လက် ထုတ်လုပ်နေပါတယ်။

နီယာမီကတော့ MMA အစီအမံကနေ ထွက်ပေါ်လာမယ့် ပထမဆုံးအဆင့် ဒရုန်းတွေဟာ နည်းပညာပိုင်း အရမ်း အဆင့်မြင့်နေတာမျိုး မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးခဲ့ပါတယ်။ စျေးနှုန်းသက်သာတဲ့ ပလက်ဖောင်းမှာ အခြေပြုထားတဲ့ ဒရုန်းအသစ်တွေဟာ လိုအပ်တဲ့ အစိတ်အပိုင်းတွေ ဖြည့်တင်း တပ်ဆင်ရင်း မူကွဲတွေ ထုတ်လုပ်တာမျိုး ဖြစ်နိုင်ခြေ ပိုများကြောင်း သူက ဆိုပါတယ်။

Reaper ဒရုန်းတွေကိုတော့ အမေရိကန် လေတပ်အပြင် အမေရိကန် အကောက်ခွန်နဲ့ နယ်စပ်လုံခြုံရေးအဖွဲ့၊ အီတလီလေတပ်နဲ့ ဗြိတိန် လေတပ်တို့မှာပါ အသုံးပြုနေပါတယ်။

ကိုးကား: Breaking Defence
ဓာတ်ပုံ - U.S. Air Force

❝ ရှမ်းပြည်နယ်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ မိုးလေဝသအခြေအနေ ❞Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်...
06/09/2026

❝ ရှမ်းပြည်နယ်၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ မိုးလေဝသအခြေအနေ ❞

Meteoblue (ICON Model) ၏ ၂၀၂၆ ခုနှစ် စက်တင်ဘာလ ၄ ရက်နေ့ ထုတ်ပြန်သော နေ့စဉ်မိုးရေချိန်ပြမြေပုံများအရ စက်တင်ဘာလ ၄ ရက်မှ ၁၀ ရက်နေ့အထိ (၇ ရက်အတွင်း) ရှမ်းပြည်နယ် မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း မြို့နယ်/ခရိုင်များအလိုက် ခန့်မှန်းမိုးရေချိန် ဇယား (mm)၊ မိုးလေဝသ ဆန်းစစ်ချက်နှင့် သဘာဝဘေးအန္တရာယ် သုံးသပ်ချက် ဖြစ်ပါသည်။

(စက်တင်ဘာ ၄ ရက် ညနေ ၃ နာရီ UPDATE)

=====
၁။ ရှမ်းပြည်နယ်အတွင်း ဒေသခွဲ/မြို့နယ်များအလိုက် နေ့စဉ်နှင့် စုစုပေါင်း ခန့်မှန်းမိုးရေချိန်ဇယား (mm)
(၇ ရက် စုစုပေါင်း ခန့်မှန်းမိုးရေချိန် အများဆုံးမှ အနည်းဆုံးအလိုက် High to Low Sorted ပြုလုပ်ထားပါသည်)

၂။ ရှမ်းပြည်နယ်အတွင်း ဖြစ်ပေါ်နိုင်သည့် မိုးလေဝသ အခြေအနေ ဆန်းစစ်ချက် (Synoptic Analysis)
📌 မုတ်သုံမြောင်တန်း (Monsoon Trough) နှင့် တိမ်တိုက်ဖြစ်ထွန်းမှု အခြေအနေ -
💡မြန်မာနိုင်ငံ အထက်ပိုင်းနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် မုတ်သုံမြောင်တန်း အားအသင့်အတင့်ဖြင့်ဆက်လက်တည်ရှိနေသဖြင့် ရှမ်းမြောက်ဒေသများ၌ တိမ်ဖြစ်ထွန်းမှု ပုံမှန်ရှိနေမည် ဖြစ်ပါသည်။
💡စက်တင်ဘာ ၁၀ ရက်ဝန်းကျင်မှ စတင်၍ မုတ်သုံမြောင်တန်း တောင်ဘက်အရပ်သို့ ဖြည်းဖြည်းချင်းရွေ့လျားလာမည်ဖြစ်ကြောင်း တွေ့ရသဖြင့် ရှမ်းပြည်နယ်အပါအဝင် အထက်မြန်မာပြည်ဒေသများတွင် မိုးအားလျော့လာနိုင်သာ်လည်း မြန်မာနိုင်ငံတောင်ပိုင်းဒေသများ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင် စသည့်ပြည်/နယ်တိုင်းများတွင် နေရာကွက်၍ မိုးအားဆက်လက်၍ ကောင်းနေနိုင်ပါသည်။

📌 မိုးရွာသွန်းမှု အရှိန်အဟုန်နှင့် ဒေသအလိုက် ပြောင်းလဲမှု ခန့်မှန်းချက်

💡စက်တင်ဘာ ၄ - ၆ ရက် (ရှမ်းမြောက် မိုးအရှိန်မြင့်ချိန်) - လားရှိုး၊ ကျောက်မဲ၊ နမ့်ဆန်နှင့် မူဆယ် အပါအဝင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင် နေ့စဉ် မိုးရေချိန် 8mm မှ 20mm ခန့်အထိ မိုးအတန်အသင့် ပုံမှန် ရွာသွန်းနိုင်ပါသည်။

💡စက်တင်ဘာ ၆ - ၇ ရက် (ရှမ်းတောင် မိုးပိုလာနိုင်သည့်ကာလ) - စက်တင်ဘာ ၆ ရက်နှင့် ၇ ရက်နေ့များတွင် ရှမ်းပြည်နယ် တောင်ပိုင်းရှိ တောင်ကြီး၊ နမ့်စန်နှင့် လွိုင်လင် မြို့နယ်များဝန်းကျင်၌ ဒေသတွင်း မိုးတိမ်များ ပိုမိုအားကောင်းလာနိုင်သဖြင့် မိုးရွာသွန်းမှု အရှိန် 10mm မှ 20mm ခန့်အထိ ခေတ္တ မြင့်တက်လာနိုင်ပါသည်။

💡စက်တင်ဘာ ၈ - ၁၀ ရက် (တစ်ပြည်နယ်လုံး မိုးအား လျော့ကျချိန်) - အနောက်တောင်မုတ်သုံလေ တဖြည်းဖြည်းအားလျော့လာမည်ဖြစ်ရာ ရှမ်းပြည်နယ် (မြောက်ပိုင်း၊ တောင်ပိုင်းနှင့် အရှေ့ပိုင်း) တစ်ဝှမ်းလုံးတွင် မိုးရွာသွန်းသည့် အကြိမ်ရေနှင့်မိုးရေချိန် ပမာဏ သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။

၃။ ဒေသအလိုက် ကြိုတင်ခန့်မှန်းချက်နှင့် သဘာဝဘေးအန္တရာယ် သတိပေးချက်
📌 တောင်ကုန်းတောင်စောင်း မြေပြိုမှုနှင့် တောင်ကျရေ အန္တရာယ် (ရှမ်းမြောက်နှင့် ရှမ်းတောင်) - ရှမ်းပြည်နယ် မြောက်ပိုင်း (ကျောက်မဲ၊ နမ့်ဆန် တောင်ကြားလမ်းများ) နှင့် ရှမ်းပြည်နယ် တောင်ပိုင်း (ကလော၊ ရွာငံ၊ ပင်းတယ တောင်ခြေဒေသများ) တွင် စက်တင်ဘာ ၆ ရက်အထိ မိုးမပြတ် ရွာသွန်းနိုင်ပါသဖြင့် တောင်ကျရေ ရုတ်တရက် စီးဆင်းခြင်း၊ ချောင်းရေလျှံခြင်းနှင့် တောင်ကုန်းတောင်စောင်း မြေပြိုမှု အန္တရာယ်များကို သတိပြုရန် လိုအပ်ပါသည်။

📌 ရှမ်းပြည်နယ် (အရှေ့ပိုင်း - တာချီလိတ်၊ ကျိုင်းတုံ) - ၇ ရက်အတွင်း စုစုပေါင်း မိုးရေချိန် 23mm မှ 48mm ခန့်သာ ရှိမည်ဖြစ်ပြီး စက်တင်ဘာ ၇ ရက်နောက်ပိုင်း မိုးရွာသွန်းမှု သိသိသာသာ နည်းပါးသွားမည် ဖြစ်ပါသည်။ မဲခေါင်မြစ်ဝှမ်းတလျှောက်မှချောင်းရေများ ပြန်လည်ကျဆင်းသွားမည်ဖြစ်ရာ ရေဘေးအန္တရာယ် လျော့နည်းသွားမည်ဟု သုံးသပ်ရပါသည်။

Win Naing
Administration Team,
MMWEATHER,

❝ ရေငုပ်သင်္ဘောတွေမှာ တာဝေးပစ် ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ဆင်နိုင်ဖို့ ဂျပန်အစိုးရ စီစဉ် ❞ဂျပန်အစိုးရဟာ ရေငုပ်သင်္ဘောတ...
06/09/2026

❝ ရေငုပ်သင်္ဘောတွေမှာ တာဝေးပစ် ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ဆင်နိုင်ဖို့ ဂျပန်အစိုးရ စီစဉ် ❞

ဂျပန်အစိုးရဟာ ရေငုပ်သင်္ဘောတွေမှာ တာဝေးပစ်ခတ်နိုင်တဲ့ ဒုံးကျည် အမျိုးအစားသစ်တွေ တပ်ဆင်ဖို့ စတင် စီစဉ်နေကြောင်း သိရပါတယ်။

ဝန်ကြီးချုပ် စနအဲ တကအိချိရဲ့ အစိုးရဟာ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ်ရေး ဘတ်ဂျတ် တင်သွင်းရာမှာ ရေငုပ်သင်္ဘော အခြေစိုက် ဒုံးကျည် စနစ်အသစ်တွေ ဖြည့်တင်းရေး အတွက်ပါ ထည့်သွင်း အဆိုပြုသွားမယ်လို့ ဆိုပါတယ်။

Maritime Executiveမှာ ဖော်ပြထားတဲ့ ဆောင်းပါးမှာတော့ ဂျပန်ဟာ အသံရဲ့ မြန်နှုန်းထက် ၅ ထက်မက ပိုမြန်တဲ့ ဟိုက်ပါဆောနစ် တာဝေးပစ် ဒုံးကျည်တွေကို ရေငုပ်သင်္ဘောတွေမှာ ဖြည့်တင်းဖို့ ရည်ရွယ်ထားကြောင်း သိရပါတယ်။ ပြီးတော့ ရေငုပ်သင်္ဘောက ရေအောက် ငုပ်လျှိုးနေရင်း ဒုံးကျည်တွေကို ပစ်ခတ်နိုင်မယ်လို့ ဆိုပါတယ်။ ဒါကြောင့် ပစ်ခတ်ချိန်မှာ ရေမျက်နှာပြင်ပေါ် တက်ရပြီး ရန်သူထောက်လှမ်းမိတာ ခံရနိုင်ခြေကို ရှောင်လွှဲနိုင်မှာ ဖြစ်ပါတယ်။

ဂျပန်ပြည်စောင့်တပ်ရဲ့ ရေတပ်ဟာ လက်ရှိ ရေငုပ်သင်္ဘောတွေမှာ ဘယ်လို ဟိုက်ပါဆောနစ် ဒုံးကျည် အမျိုးအစားကို တပ်ဆင်မလဲ ဆိုတာကိုတော့ အပြန်ပြန်အလှန်လှန် သုံးသပ် စဉ်းစားနေဆဲလို့ ဆိုပါတယ်။ ဖြစ်နိုင်ခြေ တစ်မျိုးက ဒုံးကျည်တွေကို ထောင်လိုက် အနေအထား ပစ်လွှတ်တဲ့ စနစ်ဖြစ်ပါတယ်။ နောက်ထပ် တစ်မျိုးကတော့ ramjet အင်ဂျင်တွေ အသုံးပြုပြီး ရေငုပ်သင်္ဘောရဲ့ တော်ပီဒို ပစ်လွှတ်ရာ အပေါက်တွေကနေပဲ ဒုံးကျည်တွေ ပစ်ခတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဘယ်နည်းလမ်းကို ရွေးချယ်တာ ဖြစ်ပါစေ အရမ်းဝေးကွာတဲ့ ပစ်မှတ်တွေကို မြန်နှုန်းမြင့် တိုက်ခိုက်နိုင်သလို ရန်သူ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ရှောင်တိမ်းနိုင်စွမ်း ရှိရမယ်ဆိုတဲ့ ဝိသေသတွေတော့ ပိုင်ဆိုင်လိမ့်မယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာ တရုတ်နဲ့ ရုရှားတို့ရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုမြင့်တက်လာတဲ့နောက် ဂျပန်ဟာ အစဉ်အလာအရ ဆွဲကိုင်ခဲ့တဲ့ စစ်ဆန့်ကျင်ရေး ဝါဒကနေ စတင်ဖယ်ခွာလာပြီး စစ်အင်အားနဲ့ စစ်ရေးနည်းပညာ ချဲ့ထွင်မှုတွေကို အရှိန်မြှင့် လုပ်ဆောင်လာနေပါတယ်။

ဂျပန်ဟာ အသံရဲ့ မြန်နှုန်းထက် ၅ ဆကျော် ပိုမြန်ပြီး ကီလိုမီတာ ၃၀၀၀ လောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်တဲ့ Type 25 ဟိုက်ပါဆောနစ် ဒုံးကျည်ကို စမ်းသပ်နေပါတယ်။ ဒါပေမဲ့ ဂျပန်ရေတပ်ရဲ့ အသစ်လွင်ဆုံးဖြစ်ပြီး ရေအောက် နင်ဂျာတွေနဲ့ တင်စားခံရတဲ့ Taigeiအဆင့် ရေငုပ်သင်္ဘောတွေမှာတော့ အဲဒီ ဒုံးကျည်တွေ တပ်ဆင်ဖို့ လတ်တလော အခြေအနေမှာ ကိုက်ညီမှု မရှိသေးပါဘူး။ အဲဒီ ရေငုပ်သင်္ဘောတွေမှာ ၅၃၃ မမ တော်ပီဒို ပြွန် ၆ ခု ပါရှိပြီး အသံရဲ့ မြန်နှုန်းထက် လျော့ပြီး ပျံသန်းနိုင်တဲ့ Harpoon UGM-84 ဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။ ဂျပန် အစိုးရဟာ အဲဒီ ရေငုပ်သင်္ဘောတွေမှာ ဟိုက်ပါဆောနစ် တာဝေးဒုံးကျည်တွေ ဖြည့်တင်း အဆင့်မြှင့်နိုင်ဖို့ ရည်ရွယ်ထားတာ ဖြစ်ပါတယ်။

မကြာသေးခင်ကလည်း ဂျပန်ရဲ့ Kongoအဆင့် ဖျက်သင်္ဘောတွေထဲက တစ်စီးဖြစ်တဲ့ Chokaiမှာ အမေရိကန်ရဲ့ နာမည်ကျော် Tomahawk ဒုံးကျည်တွေ တပ်ဆင် ပြီးစီးခဲ့ပါတယ်။ Chokaiဟာ အမေရိကန်ကို တစ်နှစ်လောက် သွားရောက်ပြီး အဲဒီ အဆင့်မြင့် လက်နက်စနစ် ဖြည့်တင်းတပ်ဆင် အဆင့်မြှင့်တင်ခဲ့တာ ဖြစ်ပါတယ်။ ဇူလိုင်လမှာတော့ အဲဒီသင်္ဘောဟာ ဂျပန်ရေတပ် သမိုင်းမှာ Tomahawk ဒုံးကျည်တွေ ပထမဆုံး စမ်းသပ်ပစ်ခတ်နိုင်တဲ့ ရေယာဉ်အဖြစ် မှတ်တမ်းဝင်လာခဲ့ပါတယ်။ ဂျပန်ရေတပ်ဟာ Chokaiနဲ့ အမျိုးအစားတူ ဖျက်သင်္ဘော ၈ စီးစလုံးမှာ Tomahawk လက်နက်စနစ်တွေ တစ်သုတ်ချင်းစီ တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။

Chokai အပါအဝင် Kongo အဆင့် ဖျက်သင်္ဘော အားလုံးမှာ ရေတပ်သုံး အဆင့်မြင့် Aegis လက်နက်စနစ်တွေ ပါရှိနေပေမယ့် Tomahawk ဒုံးကျည်တွေကို ကိုင်တွယ်လာနိုင်ခြင်းကတော့ စစ်ဆင်ရေး စွမ်းရည်အရ အများကြီး ပိုကောင်းလာစေတဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။ Kongoအဆင့် ဖျက်သင်္ဘောတွေမှာ Tomahawkတွေ တပ်ဆင်မှု အဆင်ပြေပြီ ဆိုရင်တော့ ပိုအဆင့်မြင့်တဲ့ Atagoနဲ့ Maya အဆင့် ဖျက်သင်္ဘောတွေမှာပါ အဲဒီလက်နက်တွေ ဖြည့်တင်းဖို့ ဂျပန်ရေတပ်က ရည်ရွယ်ထားပါတယ်။

❝ ပုဂံခေတ် အုတ်စီးအုတ်နင်းမှာ တိကျသေချာတဲ့ အုတ်စီစနစ် bonding/joint ရှိသလား ❞ပုဂံအစရှိ ရှေးက တည်ဆောက်ရေးနည်းပညာမှာ အမိုး...
06/09/2026

❝ ပုဂံခေတ် အုတ်စီးအုတ်နင်းမှာ တိကျသေချာတဲ့ အုတ်စီစနစ် bonding/joint ရှိသလား ❞

ပုဂံအစရှိ ရှေးက တည်ဆောက်ရေးနည်းပညာမှာ အမိုးခုံးတွေက စီ ရခက်တယ်။ အုတ်စီးအုတ်နင်းကောင်းဖို့ လိုမယ်ပေါ့။ ဒါပေမယ့် အခက်ဆုံးက အမိုးခုံးစီတာမဟုတ်၊ အမိုးပြန့် ။ flat roof လို့ ဘာသာပြန်ရမယ်ထင်တယ်။

ဒီလို အမိုးပြန့် ရအောင် အရွယ်စားကြီးတဲ့ ရှေးအုတ် နဲ့ သာတည်ဆောက်မှရတာ။ ခေတ်သစ်အုတ် (modular brick) နဲ့ စီလိုမရ။

နားလည်လွယ်အောင် ထပ်ရှင်းပြရရင် ခုခေတ် အင်္ဂလန်အုတ်နဲ့ ဘယ်လိုမှ အမိုးပြန့်စီလို့မရ။ ဘယ်လိုသော ဘိလပ်မြေသုံးသုံး ကျွံကျမှာ။
ဒါပေမယ့် သိပ်စီချင်ရင်တော့ အပေါ်ကို နည်းနည်းလေးခုံးပေးရတယ်။ ခုံးပေးရင် စီလို့ရသွားတယ်။
အပြန့်စီလို့ မရ။ အဲ့လို။

ရှေးအုတ်တွေက အရွယ်စားပိုကြီးတဲ့အတွက် မျက်နှာပြင်ဧရိယာပိုကျယ်တယ်။ အဲ့ဒါကို contact area လို့ဘာသာပြန်မယ်။ အရပ်ခေါ် ခေါ်ရရင်ါအပြားကြီးတယ်ပေါ့။ အနည်းဆုံး “တောင်ဆုပ်”အရွယ်ရှိတာကို။

မျက်နှာပြင်ကျယ်ပီး အပြားကြီးတဲ့အုတ်ကို တစ်ချပ်ပေါ် တစ်ချပ်ထပ်ပီး တိုးစီ စီလိုက်တဲ့အခါ အားသာချက် က ဟန်ချက်ညီအောင် ထိမ်းလို့ရသွားတယ်။ အဲ့ဒီစနစ်ကို Cantilever & Counterweight System လို့ ဘာသာပြန် သုံးနှုန်းလိုက်မယ်။

ပုဂံခေတ်ကနေ ကုန်းဘောင်ခေတ်အထိ အဲ့ဒီစနစ်ကို သုံးတယ်။ တစ်ဖက်ဖက် တနေရာရာကနေ စမှတ် ထားပီးအခြားတစ်ဖက်ကို နည်းနည်း ချင်း တိုးတိုးပီးစီသွားလို့ “ တိုးစီ “ စနစ်လို့ခေါ် တာ ဖြစ်မယ်။ အဲ့ဒါကိုတော့ အခေါ်ဝေါ်ရှိပီးသား။ Corbeling system ပါတဲ့။

အုတ်ဆိုဒ်ကြီးလို့ဆိုပီး အမိုးပြန့် မိုးဖို့လေပေါ်မှာ အုတ်စီလို့မရပါဘူး။ အောက်မှာ ငြမ်း အရင်ဆောက် ရပါတယ်။ ကျောက်စာတွေထဲတော့ ငြမ်း ဆိုတဲ့အသုံးနှုန်းမတွေ့သေး။

ကန္နာပြင်သစ်ဖိုး ဘယ်လောက်ကျတယ်ဆိုပီး တွေ့လို့ အခိုင်မာဖြစ်တဲ့ စင်တွေ ဆောက်ကြတယ်လို့ သိရတယ်။ သစ်သားထောက်တွေအများကြီးပါတဲ့ စင် တွေဆောက်မယ်။ ကြမ်းခင်းမယ်။ အဲ့ဒီသစ်သားကြမ်းခင်းပေါ်မှာ အုတ်စီမယ်။ စိတ်ချရဘီထင်ရတဲ့ အချိန်ရောက်ရင် သစ်သားစင်ကိုဖျက်ယူမယ်။ အဲ့လို။

ထားတော့…
ရှေးအုတ်စီး အုတ်နင်းအကြောင်း ပြန်ဆက်ရအောင်

ပုဂံခေတ် အုတ်စီးအုတ်နင်းမှာ တိကျသေချာတဲ့ အုတ်စီစနစ် bonding/joint ရှိသလားလို့ NUS က ဆရာကမေးလာတယ်။ ဥရောပမှာက ၁၅-၁၆ ရာစုရောက်တော့ အုတ်စီးအုတ်နင်းဖော်မြူလာရှိနေပြီ။ ဥပမာ English bonding, Flemish joint ဆိုတာမျိုးပေါ့။

အဲ့လိုတော့ ပုဂံခေတ်မှာမတွေ့ရဘူး။ ကုန်းဘောင် ခေတ်အထိလည်း မတွေ့မိသေးဘူး။ ဒါပေမယ့် တူညီတဲ့ စနစ်တစ်ခုရှိတယ်။ အဲ့ဒါက တိုးစီထိန်းညှိပီးစီတဲ့စနစ် Cantilever & Counterweight Technique ရှိတယ်ဆိုတာ သေချာတယ်။ အုတ်စီနည်းလို့ မြမ္မာမှုပြုရမယ်ထင်တယ်။ အဲ့ဒီအဆင့်ထိတော့ သုတေသနလုပ်ပီးဖြစ်လို့ ရဲရဲကြီးပြန်ပြောနိုင်လာတယ်။

ဒါပေမယ့် ဆက်လုပ်စရာတွေရှိသေးတယ်။ ရှေးအုတ်တွေနှင့် မြေသရိုးတွေရဲ့ အားသာချက်တွေမှာ ငလျင်ဒါဏ်ခံနိုင်ရည်ရှိ/မရှိတာ ဆိုတာမျိုးကို သက် သေပြရမယ်။

လုပ်နေတဲ့ သုတေသနအလုပ်တွေထဲမှာထပ်ပီးသက်သေပြချင်တာက ရှေးဘုရားတွေ ပြုပြင်ရာမှာ ခေတ်သစ်အုတ်တွေသုံးတာ မသင့်တော်။ ရှေးအုတ်ဆိုဒ်၊ ရှေးအုတ်ချပ်အတိုင်းသာ သုံးသင့်တာ။ ဒါမှ ငလျင်ဒါဏ်ကို အံတုနိုင်မှာ။

shaking table က ထိုင်းမှာ မရှိ။ NUS မှာ မရှိ။ NTU မှာသာရှိ။ ဘယ်လိုလုပ်ယူ ညှိယူရမယ် မသိသေး။ ညှိုနှိုင်းနေဆဲ။ ကဲ… ဒါလည်း ထားပါတော့။ သိပ်လေးသွားမှာစိုးလို့ ဒီလောက်ပါဘဲ။

ပုံကတော့ မန္တလေးကမိတ်ဆွေတစ်ယောက်ပို့ပေး လိုက်တဲ့ ငလျင်ဒါဏ်ခံခဲ့ရတဲ့ ကုန်းဘောင်ခေတ်
လက်ရာ အဆောက်ဦတစ်ခု။



Credit - Zay Myo Lin

မင်္ဂလာနံနက်ခင်းပါ .....​ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါ​စေ.......
05/09/2026

မင်္ဂလာနံနက်ခင်းပါ .....
​ဘေးရန်ခပ်သိမ်းကင်းငြိမ်းကြပါ​စေ.......

❝ အခုနှစ်ရဲ့ ၇ ခုမြောက် တိုင်ဖွန်း တိုက်ခတ်မှုကို တရုတ်ကြုံတွေ့၊ ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီး❞တိုင်ဖွန်းမုန်တိုင်း ဆော်...
05/09/2026

❝ အခုနှစ်ရဲ့ ၇ ခုမြောက် တိုင်ဖွန်း တိုက်ခတ်မှုကို တရုတ်ကြုံတွေ့၊ ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီး❞

တိုင်ဖွန်းမုန်တိုင်း ဆော်ဒဲလ်ကြောင့် တရုတ်နိုင်ငံ တောင်ပိုင်း ကမ်းရိုးတန်း ဒေသတွေမှာ ရေကြီးမှုတွေ ဖြစ်ပွားပြီး ကျောင်းတွေနဲ့ ပြည်သူ့သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေပါ ယာယီ ပိတ်ထားရပါတယ်။

ဖူကျန်းနဲ့ ကွမ်တုံဒေသတွေမှာ စက်တင်ဘာ ၄ ရက်နေ့ထိလည်း တိုင်ဖွန်းမုန်တိုင်း နောက်ဆက်တွဲ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေ ကြုံနိုင်ကြောင်း တရုတ် မိုးလေဝသ ဌာနက သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ဆော်ဒဲလ်မုန်တိုင်းကြောင့် မြို့ပြနဲ့ ကျေးလက်ဒေသ အတော်များများမှာ ဆိုးဆိုးရွားရွား ရေကြီးမှုတွေ ဖြစ်ပေါ်ခဲ့သလို ကားတွေပါ ရေထဲ မျောပါကုန်ပါတယ်။

ဖူတင်းနဲ့ ကျင်ရှိမြို့တွေမှာတော့ သုံးထပ်တိုက်တစ်လုံး ပြိုကျတာ အပါအဝင် အဆောက်အအုံတချို့ပါ ပျက်စီးခဲ့ပါတယ်။ ဖူကျိုးနဲ့ ချန်ကျိုးမြို့တွေမှာ စက်တင်ဘာ ၃ ရက်နေ့ ကတည်းက ကျောင်းတွေကို ယာယီပိတ်ထားစေပြီး ရထားနဲ့ ကူးတို့ရေယာဉ် ပြေးဆွဲမှုတွေကိုပါ ဆိုင်းငံ့ထားစေခဲ့ပါတယ်။ ပြီးတော့ ဒေသတွင်းက လေကြောင်းခရီးစဉ် ၁၈၀ ဝန်းကျင်ကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ဆော်ဒဲလ်မုန်တိုင်းဟာ ဩဂုတ် ၂၅ ရက်နေ့လောက်မှာ လေတိုက်နှုန်း တစ်နာရီကို ကီလိုမီတာ ၂၀၀ လောက်ထိ ပြင်းထန်ခဲ့ပြီး ဂျပန်တောင်ပိုင်းက အိုကီနာဝါနဲ့ အာမာမီ ဒေသတွေကို ဖြတ်သန်းခဲ့ပါတယ်။ နောက်တော့ ထိုင်ဝမ်ကျွန်း မြောက်ပိုင်းကနေ ကျော်ဖြတ်လာပြီး စက်တင်ဘာ ၃ ရက်မှာတော့ တရုတ် အရှေ့တောင်ဖက် ကမ်းရိုးတန်းဖြစ်တဲ့ ဒေါင်ရှန်းမြို့နားကနေ ကုန်းတွင်း ဝင်ရောက်ခဲ့ပါတယ်။

မုန်တိုင်း ကုန်းတွင်းဝင်ချိန်မှာရော၊ လက်ရှိ ကုန်းတွင်းပိုင်းကို ဆက်လက် ရွေ့လျားနေတဲ့ ကာလမှာပါ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် ရေကြီးမှုတွေ ဖြစ်ပေါ်လာတာပါ။ မုန်တိုင်းဟာ ကုန်းတွင်းဝင်ရောက်ပြီးတဲ့ အချိန်မှာတော့ သိသိသာသာ အားပျော့သွားပြီလို့ သိရပါတယ်။

ဖူကျန်းဒေသမှာတော့ မုန်တိုင်းချဉ်းကပ်လာချိန် ကတည်းက အန္တရာယ် အရှိဆုံး အပိုင်းတွေမှာ နေထိုင်သူ ၈၃၇၀၀ လောက်ကို ကြိုတင်ရွှေ့ပြောင်းပေးထားနိုင်ခဲ့တာကြောင့် အသေအပျောက်သတင်း မကြားရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။ ဂျပန်တောင်ပိုင်းကို မုန်တိုင်း ဖြတ်သန်းချိန်မှာတော့ လူ ၂ ဦး အနည်းအကျဉ်း ဒဏ်ရာရခဲ့ပါတယ်။

ဆော်ဒဲလ်ဟာ အခုနှစ်မှာ တရုတ် နိုင်ငံကို ဝင်ရောက်တိုက်ခတ်တဲ့ ၇ ခုမြောက် တိုင်ဖွန်းဖြစ်လာပါတယ်။ အခုနှစ်မှာ မုန်တိုင်းတွေ ခပ်စိပ်စိပ် ဖြစ်နေတာက ပစိဖိတ် သမုဒ္ဒရာ အနောက်ပိုင်းက အယ်လ်နီညို အပူလှိုင်း သက်ရောက်မှုတွေကြောင့်လို့ ယူဆရကြောင်း မိုးလေဝသ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ အဲဒီ အပူလှိုင်းရဲ့ အကျိုးဆက်ကြောင့် တိုင်ဖွန်းမုန်တိုင်းတွေကို တရုတ်ကမ်းရိုးတန်းဖက် ဦးတည်အောင် တွန်းလွှတ်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။

အယ်လ်နီညို အခြေအနေဟာ ၂၀၂၇ ထဲမှာ အပြင်းထန်ဆုံး အဆင့်ထိ ရောက်နေနိုင်ပြီး အဲဒီအခါ ပြင်းထန်တဲ့ ရာသီဥတု အခြေအနေတွေကို ပိုပြီး အချိန်ကြာကြာ သက်ရောက် ခံစားလာရနိုင်ကြောင်း စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ - Reuters

၄.၉.၂၀၂၆                     ည​နေ ၆း၀၀ နာရီ    ငမိုးရိပ်           ​ရေမှတ်        =     109.35   ပေ    မဟူရာ            ...
05/09/2026

၄.၉.၂၀၂၆ ည​နေ ၆း၀၀ နာရီ

ငမိုးရိပ် ​ရေမှတ် = 109.35 ပေ
မဟူရာ ​ရေမှတ်. = 217.50 ပေ
ပေါင်းလင်း ​ရေမှတ်. = 185.70 ပေ

#ငမိုးရိပ်တမံရေပိုလွှဲမှ​ ​ရေ= 2.35' ​ကျော်​နေပါသည်။
#​ရေပိုလွှဲရေစီးဆင်းနှုန်း = 1955.0 Cusec

#မဟူရာတမံ​ရေပိုလွှဲမှ​ရေ = 1.50' ​ကျော်​နေပါသည်။
#​ရေပိုလွှဲ​ရေထုစီးဆင်းနှုန်း= 170.0 Cusec

#ပေါင်းလင်း ရေပြည့်မှတ်ရောက်ရန်= 4.30 ပေလို

# ဒီ​နေ့မနက်ပိုင်း မိုးအနည်းငယ်များခဲ့လို့ ​ရေနည်းနည်းပြန်တိုးပါတယ်။ ည​နေပိုင်း​တော့ သာသာယာယာပါဘဲခင်ဗျာ။

Credit - Ngamoeyeik ID

❝ ဟောမုဇ်ကို တပ်တွေ စေလွှတ်ရေးကိစ္စ သုံးသပ်နေဆဲလို့ တောင်ကိုရီးယား အစိုးရပြော ❞အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှ...
05/09/2026

❝ ဟောမုဇ်ကို တပ်တွေ စေလွှတ်ရေးကိစ္စ သုံးသပ်နေဆဲလို့ တောင်ကိုရီးယား အစိုးရပြော ❞

အီရန်က ပိတ်ဆို့ထားတဲ့ ဟောမုဇ် ရေလက်ကြားမှာ စစ်ရေးအရ စွက်ဖက် ပါဝင်ရမလား ဆိုတာကို ပြန်လည် သုံးသပ်နေကြောင်း တောင်ကိုရီးယား အစိုးရက ပြောပါတယ်။

စက်တင်ဘာ ၄ ရက်နေ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ အဲဒီကိစ္စအတွက် အစိုးရဆီမှာ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ချထားပြီး ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို အတိအလင်း ငြင်းဆိုထားပါတယ်။ JTBCနဲ့ MBCတို့လို တောင်ကိုရီးယား မီဒီယာတွေက နှစ်မကုန်ခင် ဟောမုဇ်မှာ စစ်အင်အား ဖြန့်ကျက်ထားရှိဖို့ တောင်ကိုရီးယားက စီစဉ်နေပြီး အခုလထဲမှာ လွှတ်တော်က အဲဒီကိစ္စကို ခွင့်ပြုလိမ့်မယ်လို့ စက်တင်ဘာ ၃ ရက် ညနေပိုင်းမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတရုံးကတော့ ဒီကိစ္စကို သုံးသပ်နေတယ်ဆိုတာ မှန်ပေမယ့် တိကျတဲ့ ဆုံးဖြတ်ချက်တော့ မချရသေးဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ကနဦး ထွက်ပေါ်နေခဲ့တဲ့ သတင်းတွေ အရတော့ တောင်ကိုရီးယားဟာ မိုင်းရှင်းရေယာဉ် ဒါမှမဟုတ် ထောက်ပံ့ရေး ရေယာဉ် တစ်စီး၊ ကင်းလှည့်လေယာဉ်တွေကို အီရန်တောင်ပိုင်းက မဟာဗျူဟာ ရေပြင်မှာ ဖြန့်ကျက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဟာ ဟောမုဇ်ရေလက်ကြား လုံခြုံရေးအတွက် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်တို့နဲ့လည်း ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ ဟောမုဇ်ကို တောင်ကိုရီးယား စစ်ဘက် ရေယာဉ်၊ လေယာဉ်တွေ ဖြန့်ကျက်သွားမယ်ဆိုတဲ့ ကိစ္စအပေါ် သမ္မတရုံး အရာရှိ တစ်ဦးက လောလောဆယ်တော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူးလို့ ပြောကြားသွားပါတယ်။ လာမယ့် သီတင်းပတ်ကျရင် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်နဲ့ တွေ့ဆုံတဲ့အခါ တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က ဟောမုဇ်ကိစ္စ ထည့်ဆွေးနွေးဖွယ် ရှိတယ်လို့လည်း အဲဒီ အရာရှိက ဆိုပါတယ်။

ဟောမုဇ်ရေလက်ကြားမှာ လွတ်လပ်စွာ သွားလာခွင့် ဆိုတာက တောင်ကိုရီးယားရဲ့ အမျိုးသား အကျိုးစီးပွားနဲ့လည်း တိုက်ရိုက် ဆက်နွှယ်နေတဲ့ ကိစ္စပါ။ တောင်ကိုရီးယားကို တင်သွင်းတဲ့ ရေနံစိမ်း စုစုပေါင်းရဲ့ ၆၁ ရာခိုင်နှုန်းနဲ့ ကျောက်မီးသွေး အခြေပြု နက်ဖ်သာ လောင်စာ ၅၄ ရာခိုင်နှုန်းဟာ ဟောမုဇ်ကို ဖြတ်သန်းနေရတာ ဖြစ်ပါတယ်။

မကြာသေးခင်ကတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က မဟာမိတ် တောင်ကိုရီးယားဟာ အီရန်စစ်ပွဲမှာ အမေရိကန်ကို အကူအညီပေးပြီး ဟောမုဇ်လုံခြုံရေးကို အားဖြည့်ပေးဖို့ ပျက်ကွက်ခဲ့တဲ့အပေါ် လူသိရှင်ကြား ဝေဖန်ပြစ်တင်ခဲ့ပါတယ်။

တောင်ကိုရီးယားရဲ့ ဥပဒေတွေအရ နိုင်ငံရပ်ခြားမှာ တပ်တွေ ဖြန့်ကျက်ဖို့အတွက် လွှတ်တော်ရဲ့ သဘောတူညီမှုကို လိုအပ်ပါတယ်။ တကယ်လို့ အခုကိစ္စက လက်တွေ့ အထမြောက်လာရင်တော့ ၂၀၀၉ ခုနှစ်နောက်ပိုင်း ကိုရီးယားကျွန်းဆွယ် ပြင်ပမှာ တောင်ကိုရီးယားရဲ့ ပထမဆုံး စစ်ရေးအရ ဖြန့်ကျက်မှု ဖြစ်လာမှာပါ။ အဲဒီနှစ် မတ်လတုန်းကတော့ အေဒင် ပင်လယ်ကွေ့မှာ ပင်လယ်ဓားပြမှုတွေကို နှိမ်နင်းဖို့ တောင်ကိုရီးယား တပ်တွေကို ပို့ဆောင်ခဲ့ဖူးပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ - Getty Images

စင်္ကာပူ မြို့လယ်ခေါင် နားလောက်မှာ Dempsey Road ဆိုတာ ရှိတယ်။ Holland Road ဆိုတဲ့ လမ်းမကြီးကနေ ဝင်သွားရတာ။ Dempsey road ...
05/09/2026

စင်္ကာပူ မြို့လယ်ခေါင် နားလောက်မှာ Dempsey Road ဆိုတာ ရှိတယ်။ Holland Road ဆိုတဲ့ လမ်းမကြီးကနေ ဝင်သွားရတာ။

Dempsey road ထဲ ဝင်တာနဲ့ သီးခြားကမ္ဘာတစ်ခုရောက်သွားပါတယ်။ ဘာလဲဆိုတော့ လူကုန်ထံအသိုင်းဝိုင်းတွေ လာတဲ့နေရာပေါ့။

အဲ့ဝင်းထဲမှာ ရှေးဟောင်းပစ္စည်းရောင်းတဲ့ ဆိုင်တွေရယ်၊ fine dinning စားသောက်ဆိုင်တွေရယ်ဘဲ ရှိတယ်။

မြန်မာ၊ ထိုင်း၊ တရုတ် ၊ အင်ဒိယ၊ လာအို၊ ခမဲလ် စသဖြင့် အရှေ့တောင် အာရှ နှင့် အာရှနိုင်ငံအတော်များများရဲ့ ရှေးဟောင်းပစ္စည်းတွေ စိတ်ကြိုက်ဝယ်လို့ရတဲ့ ဆိုင်ကြီးတွေပါဘဲ။

ဒေါ်လာ သန်းပေါင်းများစွာရင်းနှီးမြုပ်နှံထားတဲ့ လုပ်ငန်းကြီးတွေပါ။

ရှေးပစ္စည်းတွေ ဘယ်လောက် ရောင်းရသလဲဆိုတော့ တစ်လကို ပေလေးဆယ် ကွန်တိန်နာတစ်လုံး အနည်းဆုံး ဝင်ပါတယ်။

ဘယ်က ဝယ်လဲဆိုတော့ ထိုင်းက ဝယ်တာပါ။ ချင်းမိုင် ၊ မဲဆောက် ကနေ တဆင့်ထိုင်းနိုင်ငံထဲရောက်သွားတဲ့ မြန်မာ့ရှေးဟောင်း ပစ္စည်းတွေဟာ ဘန်ကောက်က ဂိုဒေါင်ကြီးတွေမှာ သွားစုပါတယ်။

အဲ့ဂိုဒေါင်က ဘယ်လောက်ကြီးလဲဆို လေယဉ်ပျံတစ်စီးဝင်လို့ရသလောက်ကြိးတယ်ပေါ့ဗျာ။ ရှေးပစ္စည်းတွေ ဘယ်လောက်များသလဲဆို ပုဇွန်တောင် pro 1 ဆိုင်ထဲ ရောက်သွားသလိုမျိုးဖြစ်သွားမယ်ဗျာ။

နိုင်ငံတကာမှာရှိတဲ့ ပြတိုက်ကြီးတွေက အဝယ်တော်တွေ၊ အာခီတက်တွေ၊ အခန်းအလှပြင် ဒီဇိုင်နာကြီးတွေ ၊ ရှေးဟောင်းပစ္စည်း ကုန်သည်တွေ တွေကို ချိတ်ဆက်ရောင်းချတယ်ပေါ့။

ထိုင်းနိုင်ငံကနေ ဘယ်လိုအပြင်ထုတ်လဲဆိုတော့ shipping company ကောင်းကောင်းရှာရတယ်။
သူတို့က ရှေးပစ္စည်းမှန်သမျှကို duplicated art objects ဆိုပီး စာရွက်စာတမ်း အစစ်တွေရအောင် လုပ်ပီး ထုတ်တာ။

ရှေးဟောင်းပစ္စည်း ပုံတူတွေပါ ဆိုပီး ပေ၄၀ ကွန်တိန်နာထဲ နေ့စဉ်နီးပါးဝင်ရောက်ပီး ပင်လယ်ခရီးနဲ့ သွားကြတဲ့ အထဲ မြန်မာ့ရှေးပစ္စည်းက အရည်တွက် အများဆုံးလို့ ဆိုနိုင်တယ်။ ဘယ်လိုရောက်လဲဆို စောစောက ပြောတဲ့ မြဝတီမဲဆောက်၊ ကျိုင်းတုံ တာချီလိတ်ကနေ ရောက်တာဘဲ။

အမယ် အံဩဖို့ကောင်းတာရှိသေးတယ်။ ရန်ကုန်ဆိပ်ကမ်းကနေ duplicated art objects အဖြစ်နဲ့လည်း ရေလမ်းခရီးနဲ့ သွားကြတာဘဲဗျ။

ဥပမာပြောပြမယ်။ ပုဂံနားကပ်နေတဲ့ ဧရာဝတီမြစ်ထဲကနေ အမြင့် ၆ ပေလောက်ရှိတဲ့ ထိုင်တော်မူ ကြေးရုပ်ပွါးတော် ( bronze sculpture ) ကြီးဆယ်ယူရရှိတယ်။

ဆယ်ယူရရှိပုံ အဆင့်ဆင့် ဓာတ်ပုံရိုက်ထားတာတောင်ပါသေးတယ်။

အဲဒါရန်ကုန်ရောက်လာတယ်။ ဟိုဝန်ကြီးဌာနက ရှေးဟောင်းပစ္စည်း မဟုတ်ပါကြောင်း တံဆိပ်တုံးကြီးနဲ့ စာရွက်ထုတ်ပေးတယ်၊ ဒီဝန်ကြီးဌာက ဒါဟာ
ကြေးသွန်းဘုရားသာဖြစ်တယ် အဖိုးတန်ရှားပါး သတ္တုပစ္စည်းမပါဝင်ကြောင်း တံဆိပ်တုံးကြီးနဲ့ စာရွက်ထုတ်ပေးတယ်။

အဲ့ရုပ်ပွါးတော်ကြီး စင်္ကာပူရောက်လာတယ်။ ပင်နီစူလာ ပလာဇာအပေါ်ဆုံးထပ်က လူမျိုးခြားကန်ပနီတစ်ခုရဲ့ ကြိုးပန်းအားထုတ်မှုနဲ့ ပေါ့ဗျာ။

နိုင်ငံတကာ ပြတိုက်ကြီးတွေရဲ့ အဝယ်တော်တွေကို ချိတ်ဆက်တယ်၊ နိုင်ငံတကာ antique dealer ကြီးတွေကို ချိန်ဆက်တယ်။

ကျနော့မိတ်ဆွေ အကူညီတောင်းလို့ လိုက်ကြည့်ရာက ကြေးသွန်းထိုင်တော်မူရုပ်ထုကြီးတောင် ၆ ပေလောက် မြင့်တာ တစ်သက်နဲ့ တစ်ကိုယ် တစ်ခါဘဲ မြင်ဖူးတယ်။ ခုချိန်ထိလည်း မျက်လုံးထဲ ပြန်မြင်ယောင်သေးတယ်။ ဓာတ်ပုံလည်း ရိုက်ထားပေးမယ့် အခိုးခံရတဲ့ hard drives ထဲ ပါသွားတယ်။

ပင်နီစူလာပလာဇာ အပေါ်ဆုံးထပ်မှာ TOP Dimond crown လား ဘာလား ကန်ပနီနာမည်သေခြာမမှတ်မိတော့ပါ။ နာမည်လေးလုံးထင်ပါရဲ့။ TOP ပါတယ်၊ diamond ပါတယ်၊ crown ပါတယ်။
အဲ့ဒီကန်ပနီဟာ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ ဩဇီ စသဖြင့် လက်တံ အတော်ရှည်ရှည်ဖျန်ကြက်ထားတယ်။

ကျနော်က ရှေးဟောင်းပစ္စည်းဆိုင်တွေထဲ ဝင်ပီး ခေါင်းလောင်းစာ ကူးတယ်။ မကျဉ်းစေ့ပုရပိုဒ်ကို သူ့ အစဉ်တိုင်း က၊ ကာ၊ ကိ၊ ကိ ၊ ကု၊ ကူ ဆိုပီး စဉ်ပေးတယ်။ ဆင်းတုတော် စာကူးတယ်။ ဓာတ်ပုံရိုက်တယ်။ သူတို့ကျေနပ်အောင် ၊ ကြည်ဖြူအောင် ကူးသမျှစာကို အင်္ဂလိပ်လိုပြန်ပေးတယ်။

စင်္ကာပူရောက်လာတဲ့ နိုင်ငံတကာက ရှေးပစ္စည်းဟာ GST 7% အခွန်ဆောင်ပီး Fedex တို့ DHL တို့စီးပီး တရားဝင်ရောင်းလို့ရတယ်။ ဒါပေမယ့် GST မယူဘဲနဲ့ကို ရောင်းနေကြတာပါ။

စင်္ကာပူရောက်လာတဲ့ နိုင်ငံတကာက သံတမန်တွေ ( diplomats) တွေက ရှေးဟောင်းပစ္စည်း စုဆောင်းသူတွေထဲပါတယ်။

ဆွီဒင် သံအမတ်ကြီး ပြောပြချက်အရ သူတို့ တာဝန်ပီးဆုံးလို့ ပြည်တော်ပြန်တဲ့ အခါ ရှေးပစ္စည်းတွေကို သံတမန်ဘဝ ကိုယ်ပိုင်စုဆောင်းမှု ( private collection ) ခေါင်းစဉ်အောက်ထည့်လိုက်ရင် ပေ၄၀ ကွန်တိန်နာတစ်လုံးစာ ရတယ်။

ဒီအတိုင်းသယ်ရင် မရပါဘူးတဲ့။ တခြားနိုင်ငံက ထွက်လာလို့ ရရင်တောင် သူတို့နိုင်ငံ ဆိပ်ကမ်းကိုဖြတ်လို့ မလွယ်ပါဘူးတဲ့။

စင်္ကာပူ ရဲ့ တန်လင်းရှော့ပင်းစင်တာ နှင့် ဒန်းဆေးလမ်းတွေဟာ ရှေးဟောင်းပစ္စည်း ဖြန့်ဖြူးရာနေရာတွေပါ။ ထိုင်းမှာ ဝယ်တာထက် စျေး ၃-၄ ဆပိုပေးရပေမယ့် စင်င်္ကာပူကဝယ်ရင် စိတ်ချရတယ်ဆိုပီး ပိုအရောင်းသွက်နေပြန်ပါတယ်။

Museum Piece, master piece တွေရဲ့ စျေးကွက်ကြီးပေါ့။ ထားပါတော့။

ပုဂံခေတ် ကြေးသွန်းရုပ်ပွါးတော်ကြီးရဲ့ ခေါ်စျေးက ဒေါ်လာ ၇ သိန်းပါတဲ့။ လွန်ခဲ့တဲ့ ၂၀၀၈ က။

မင်္ဂလာနံနက်ခင်းပါ.....ရန်သူမျိုးငါးပါး​ဘေးမှ ကင်း​ဝေးကြပါ​စေ ...
04/09/2026

မင်္ဂလာနံနက်ခင်းပါ.....
ရန်သူမျိုးငါးပါး​ဘေးမှ ကင်း​ဝေးကြပါ​စေ ...

ที่อยู่

Chiang Mai

เบอร์โทรศัพท์

+959775240005

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yangon Nationผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ทางลัด

แชร์