28/05/2026
မိတ်ဆွေတစ်ယောက်နဲ့ စကားပြောဖြစ်တော့
“လူခေးရေ.. လူခေးလို တောတောင်တွေထဲ သွားချင်ပေမဲ့ ကလေးတွေနဲ့ဆိုတော့ မရောက်ဖြစ်ဘူး” တဲ့
ဒါနဲ့ပတ်သက်ပြီး ပြောရပါဦးမယ်
တကယ်တော့
ကလေးတွေကို တောတောင်တွေထဲ ခေါ်သွားတာဟာ
သူတို့ကို သဘာဝစာသင်ခန်းကြီးတစ်ခုကို ပို့လိုက်သလိုပါပဲ ..
ကျနော်ငယ်ငယ်က ကျောင်းပိတ်ရက်ဆို ကျနော့်မိဘတွေက
ကျနော့်ကိုတောတောင်စိုက်ခြံတွေထဲ အမြဲခေါ်သွားပြီး
အဲဒီတောလမ်းတစ်လျှောက်မှာ တွေ့သမျှ အရာတွေကို ကျနော့်ကို ပြောပြလေ့ရှိပါတယ် “အဲဒါ သစ်စေးပင် သွားမထိနဲ့ ယားတတ်တယ်” “အဲဒီအရွက်လေးခူးခဲ့ အဲဒါ ယင်းပြားရွက် ပဲပုတ်ချက်နဲ့တို့စားရင်ကောင်းတယ်” “အဲမှိုကတော့စားလို့မရဘူး” “ အဲပိုးကောင်ကိုသွားမထိနဲ့ သူ့ကျောကုန်း အဆိပ်ပါတယ်” “အဲဒါ တပင်တိုင်မြနန်း တူးခဲ့ ဆေးဖက်ဝင်တယ်” “မြန်မြန်လျှောက် ခဏနေ မိုးရွာတော့မယ်” “ မိုးဦးရာသီ အပင်အောက်မှာ ဝင်မခိုနဲ့ တစ်နွေလုံးနာထားတဲ့သစ်ကိုင်းတွေ ကျိုးကျလိမ့်မယ် “
စသဖြင့် သူတို့ကျနော့်ကို ပြောဆိုသမျှအားလုံးဟာ ဒီနေ့ ကျနော်တောတောင်ထဲရောက်တဲ့အခါ ဘယ်အသီးအရွက်တွေက စားလို့ရတယ် ဘယ်သစ်ခွက ရှားပါးတယ် ဘယ်တောပန်းတွေကတော့ ဘယ်အချိန်မှာပွင့်ကြတယ် ဘယ်လိုအခြေဆို မိုးရွာမယ် ဘယ်လိုအခြေအနေဆိုနေသာမယ် စသဖြင့် ကျနော့်အလိုလို သိနေတာ.
ကလေးတွေကို တောတောင်တွေထဲ ခေါ်သွားတဲ့အခါ ဒါတွေပြောပြဖို့လိုသလို
သဘာဝတရားဟာ လူတွေကြောင့် ပျက်စီးလာတဲ့အကြောင်း ရာသီဥတုဟာ တောတောင်တွေ အပေါ်မှီခိုနေရတဲ့အကြောင်း အသိပညာတွေ ပေးထားနိုင်ဖို့လိုပါလိမ့်မယ် …
တောတောင်သဘာဝတွေကို ချစ်တဲ့ကလေးတွေဟာ
တစ်နေ့ကျရင် တောတောင်သဘာဝကို ချစ်ကြတဲ့ လူကြီးတွေဖြစ်လာပါလိမ့်မယ် …။