Burma Independent Voice

Burma Independent Voice ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Burma Independent Voice, เว็บไซต์ข่าวและสื่อ, Chiang Mai.

BIV သည် လွတ်လပ်၍ အမှီအခိုကင်းသော သတင်းမီဒီယာဖြစ်သည်။ သတင်းအမှားများကို တားဆီး၍ တရားမျှတမှု၊ လူ့အခွင့်အရေးနှင့် ဒီမိုကရေစီစံတန်ဖိုးများ မြှင့်တင်ရန် မည်သည့် ဩဇာခံခြင်းမှ မရှိသော သတင်းမီဒီယာ အဖြစ်ရပ်တည်သည်။

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ NLD ရပ်ကျေးဥက္ကဌကို ပျုစောထီး သတ်ဖြတ်ဇွန်လ ၂ရက်၊ ၂၀၂၆ | Burma Independent Voice မကွေးတိ...
02/06/2026

ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ NLD ရပ်ကျေးဥက္ကဌကို ပျုစောထီး သတ်ဖြတ်

ဇွန်လ ၂ရက်၊ ၂၀၂၆ | Burma Independent Voice

မကွေးတိုင်း ပွင့်ဖြူမြို့နယ် မုန်းဇလဲကျေးရွာ NLD ပါတီ ဥက္ကဌ ဦးအောင်ကျော်ဦးကို ပျုစောထီးတွေက ဇွန်လ ၂ ရက်က လာရောက် သတ်ဖြတ်သွားခဲ့ပါတယ်။

ဒီကနေ့ မနက် ၄ နာရီကျော်မှာ ရွာနီးချင်း ကျောင်းကုန်းကြီးကျေးရွာက ပျုစောထီး အင်အား ၅၀ ခန့်ဟာ လက်နက်ကိုယ်စီနဲ့ မုန်းဇလဲရွာကို ရောက်လာပြီး ဦးအောင်ကျော်ဦးကို ရွာစပ်မှာ သေနတ်နဲ့ နှစ်ချက် ပစ်သတ်ခဲ့တာပါ။ အသက် ၅၆ နှစ်အရွယ် မုန်းဇလဲကျေးရွာ NLD ဥက္ကဌဟာ ဦးခေါင်းအနောက်ဖက်မှာ အနီးကပ်ကျည်ဖောက်ဝင်တဲ့ ဒဏ်ရာတချက်၊ ဝမ်းဗိုက်ကို အနီးကပ်ပစ်ခတ်ခံရတဲ့ သေနတ်ဒဏ်ရာတချက်နဲ့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးခဲ့ရပါတယ်။

"ရွာထဲကို အရင် ဝင်လာတော့ သူ့မိန်းမကို အရင်တွေ့တာ။ မိန်းမကို နားထင်သေနတ်နဲ့ တေ့ထားပြီး နင့်ယောက်ျားဘယ်မှာလဲလို့ မေးတယ်။ ဟိုက မသိပါဘူး၊ အိမ်ပြန်မလာတာ ကြာပြီလို့ ပြောတော့ သေနတ်နဲ့ ချိန်ထားပြီး အိမ်အနှံ့ လိုက်ရှာတယ်။ မတွေ့ဘူး။ ရွာထဲက တခြားအိမ်ဝိုင်းတွေလဲ ဝင်ရှာကြတယ်။ ခဏကြာတော့ ရွာပြင်ချောင်းစပ်နားက သေနတ်သံတွေ ကြားရတာပဲ။ သူ့မိန်းမကိုတော့ အန္တရာယ်မပြုသွားကြဘူး။" လို့ ပွင့်ဖြူနယ်ခံတယောက်က ပြောပြပါတယ်။

ဦးအောင်ကျော်ဦးဟာ ရွာမှာ ကာလသားခေါင်းတယောက်ဖြစ်ပြီး ပွင့်ဖြူမြို့နယ်က ပရဟိတလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။ သူနဲ့ မယားညီအစ်ကို တော်စပ်တဲ့ ကျောင်းကုန်းကြီးကျေးရွာ NLD ရပ်ကျေးဥက္ကဌ ဦးထွေးနိုင်ဟာလဲ အာဏာသိမ်းခါစ ၂၀၂၁ မတ်လ ၅ ရက်နေ့က ကျောင်းကုန်းကြီးရွာ ကြံ့ခိုင်ရေးအမာခံတွေက သတ်ဖြတ်တာကို ခံခဲ့ရပါတယ်။

ဦးအောင်ကျော်ဦးကို မိသားစုက နေ့မကူးဘဲ ချက်ချင်း အကျဥ်းချုံ့ သင်္ဂြိုဟ်လိုက်ရပြီး ကွယ်လွန်ချိန်မှာ ဇနီးဖြစ်သူနဲ့ သားတဦး သမီးတဦး ကျန်ရစ်ခဲ့ပါတယ်။

02/06/2026

ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်

ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်ဇွန် ၂၊ ၂၀၂၆ | Burma Independent Voice ကဗျာဆရာနဲ့ ရုပ်ရှင်ဒါရိုက်တာ...
02/06/2026

ကဗျာဆရာ၊ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး ကွယ်လွန်

ဇွန် ၂၊ ၂၀၂၆ | Burma Independent Voice

ကဗျာဆရာနဲ့ ရုပ်ရှင်ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဇွန်လ၂ ရက် မနက်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ ရန်ကုန်မြို့ ကဗျာဆရာအသိုင်းအဝိုင်းဆီကနေ သိရပါတယ်။

ကဗျာဆရာမင်းထင်ကိုကိုကြီးဟာ ကိုကိုကြီး (မြန်မာ့ရုပ်သံ)၊ သင့်ကိုကိုကြီး (မြန်မာ့ရုပ်သံ)၊ မင်းဒင်ကိုကိုကြီး စတဲ့ ကလောင်တွေနဲ့
၁၉၉၀ ပြည့်နှစ်ကစပြီး မဂ္ဂဇင်းတွေမှာ ကဗျာတွေ စရေးခဲ့တာဖြစ်ပါတယ်။ မင်းထင်ကိုကိုကြီးကလောင်အမည်ကိုတော့ ၁၉၉၄ အောက်တိုဘာလထုတ် ရှေ့ပြေးမဂ္ဂဇင်းမှာ မျိုးကျော့မြိုင်ည ကဗျာဖြင့် စတင်ခဲ့တာဖြစ်ပါတယ်။

အသက် ၆၅ နှစ်ဝန်းကျင်ရှိပြီဖြစ်တဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ လူ့အခွင့်အရေးဆိုင်ရာ မှတ်တမ်းရုပ်ရှင်တွေ ရိုက်ကူးခဲ့သူဖြစ်ပါတယ်။ ဒါ့အပြင် "မောင်ရာဇာနေဝင်းကလုံး" ဗီဒီယိုဇာတ်ကားနဲ့ ရုပ်ရှင်ဒါရိုက်တာဘဝကို စတင်ခဲ့ပြီး မြန်မာ့ရုပ်ရှင်ဗီဒီယိုလောကမှာ အမျှင်၊ နောက်ဆုံးကဗျာ တို့လို့ သာမန်နဲ့ကွထွက်တဲ့ ဇာတ်ကားတွေကို ဖန်တီးခဲ့သူဖြစ်ပါတယ်။

သူရိုက်ကူးတဲ့ မှတ်တမ်းရုပ်ရှင် လက်ရာအများစုဟာ နိုင်ငံတကာစင်မြင့်တွေမှာ နေရာရခဲ့ပါတယ်။ ထိုင်းနိုင်ငံရောက် ပဒေါင်တိုင်းရင်းသားတွေအကြောင်း ရိုက်ကူးတဲ့ မနုဿလှောင်ချိုင့် "Human Zoo" နဲ့ အင်းလေးဒေသ ဂေဟစနစ်ပျက်စီးမှုအကြောင်း ရိုက်ကူးတဲ့ အင်းသီး "The Floating Tomatoes" မှတ်တမ်းရုပ်ရှင်တွေဟာ လူသိများပြီး ထင်ရှားပါတယ်။

၂၀၁၀ ခုနှစ် နောက်ပိုင်းမှာ ဒါရိုက်တာ ဇာဂနာနဲ့အတူ The Art of Freedom ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၁၂ ခုနှစ်မှာတော့ လူ့ဂုဏ်သိက္ခာရုပ်ရှင်သိပ္ပံကို တည်ထောင်ပြီး မြန်မာနိုင်ငံရဲ့ ပထမဆုံးသော နိုင်ငံတကာရုပ်ရှင်ပွဲတော်ဖြစ်တဲ့ "လူ့အခွင့်အရေး လူ့ဂုဏ်သိက္ခာ နိုင်ငံတကာရုပ်ရှင်ပွဲတော်" ကို စီစဉ်ကျင်းပခဲ့ပါတယ်။ ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှတ်တမ်းရုပ်ရှင်ကို ရိုက်ကူးခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် ရိုက်ကူးရေးမှာလည်း ဒါရိုက်တာအဖြစ် အစောပိုင်းက ပါဝင်ခဲ့ပါသေးတယ်။

ဒါရိုက်တာ မင်းထင်ကိုကိုကြီးဟာ ၂၀၁၉ ခုနှစ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး စစ်တပ်ရဲ့ ရပ်တည်ချက်ကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ရေးသားတာကြောင့် ပုဒ်မ ၅၀၅ (က) နဲ့ ထောင်ဒဏ် ၁ နှစ် ချမှတ်ခံခဲ့ရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ ၁ ရက် မနက်အစောပိုင်းမှာလည်း ထိပ်ပိုင်းနိုင်ငံရေးသမားတွေနဲ့အတူ အစောဆုံး ဖမ်းဆီးခံခဲ့ရပြီး ပုဒ်မ ၅၀၅ (ခ) နဲ့ ထောင်ဒဏ် ၂ နှစ် ထပ်မံချမှတ်ခံခဲ့ရကာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှာ ပြန်လည်လွတ်မြောက်လာခဲ့တာ ဖြစ်ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီးက လုံခြုံရေးအစည်းအဝေးတွင် တရုတ်နိုင်ငံအား သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် |...
31/05/2026

ဂျပန်ကာကွယ်ရေးဝန်ကြီးက လုံခြုံရေးအစည်းအဝေးတွင် တရုတ်နိုင်ငံအား သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်

မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)
ဂျပန်ကာကွယ်ရေးဝန်ကြီးသည် ယနေ့တနင်္ဂနွေနေ့တွင် တရုတ်နိုင်ငံအား အမည်မဖော်ဘဲ သွယ်ဝိုက်၍ ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး၊ တိုကျို၏ ပိုမိုအားကောင်းလာတဲ့ လုံခြုံရေးရပ်တည်ချက်အပေါ် ပေကျင်းဘက်က မည်မျှပင် ဝေဖန်နေပါစေ သူတို့ရဲ့ စစ်အင်အားကို ဆက်လက်တိုးမြှင့်သွားမည်ဟု ကတိပြုခဲ့ပါတယ်။

ဝန်ကြီးချုပ် ဆာနာအဲ တာကာအီချီ ၏ ဦးဆောင်မှုအောက်တွင် ဂျပန်နိုင်ငံဟာ ပိုမိုတက်ကြွသော ကာကွယ်ရေးမူဝါဒဘက်သို့ ကူးပြောင်းခြင်းကို အရှိန်မြှင့်လုပ်ဆောင်လာခဲ့ပြီး၊ ဒုတိယကမ္ဘာစစ်အပြီးကတည်းက ကျင့်သုံးလာခဲ့သည့် စစ်မလိုလားသော ငြိမ်းချမ်းရေးဝါဒ အမြင်ကို အမေရိကန်၏ တွန်းအားပေးမှုဖြင့် စွန့်လွှတ်လာခဲ့တာ ဖြစ်ပါတယ်။

ယခုကဲ့သို့ ပြောင်းလဲမှုဟာ ပေကျင်းအစိုးရ၏ မကြာခဏ ပြစ်တင်ရှုတ်ချခြင်းကို ခံခဲ့ရပြီး၊ ပေကျင်းက တိုကျိုအနေဖြင့် ဒေသတွင်းကို မတည်မငြိမ်ဖြစ်စေနိုင်သည့် "စစ်ဝါဒအသစ်" ဟူသော မဆင်မခြင်မူဝါဒကို လျှောက်လှမ်းနေသည်ဟု စွပ်စွဲခဲ့ပါတယ်။

ဂျပန်ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအီဇူမီ က ယနေ့တနင်္ဂနွေနေ့တွင် ပြန်လည်တုံ့ပြန်ရာ၌ အဆိုပါစွပ်စွဲချက်သည် "အမှန်တရားနှင့် လုံးဝဝေးကွာနေသည်" ဟု ဆိုပါတယ်။

"အသေအချာ စဉ်းစားကြည့်ပါ။ နျူကလီးယားလက်နက်တွေနဲ့ မဟာဗျူဟာမြောက် ဗုံးကြဲလေယာဉ် အမြောက်အမြား ပိုင်ဆိုင်ထားတဲ့ နိုင်ငံတစ်နိုင်ငံ ရှိနေပါတယ်။ ဂျပန်မှာတော့ အဲဒီလိုလက်နက်မျိုး တစ်ခုမှမရှိပါဘူး။ ဒါပေမယ့် ဂျပန်ကိုကျတော့ 'စစ်ဝါဒအသစ်' လို့ တံဆိပ်ကပ်နေကြတယ်။ ဒါဟာ မထူးဆန်းဘူးလား" ဟု စင်ကာပူတွင် ကျင်းပသည့် နှစ်ပတ်လည် IISS ရှန်ဂရီလာဆွေးနွေးပွဲ (Shangri-La Dialogue) တွင် ကိုအီဇူမီ က တရုတ်နိုင်ငံအမည်ကို တိုက်ရိုက်မဖော်ပြဘဲ ပြောကြားခဲ့ပါတယ်။

တရုတ်နိုင်ငံသည် နျူကလီးယားထိပ်ဖူး ရာပေါင်းများစွာကို ပိုင်ဆိုင်ထားသည်ဟု ယူဆရပြီး မကြာသေးမီနှစ်များအတွင်း သူတို့၏ စစ်အင်အားကို လျင်မြန်စွာ မြှင့်တင်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့သည့် နိုဝင်ဘာလက ဝန်ကြီးချုပ် တာကာအီချီ က တရုတ်နိုင်ငံအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို အဓမ္မသိမ်းပိုက်ရန် ကြိုးပမ်းလာပါက ဂျပန်အနေဖြင့် စစ်ရေးအရ ကြားဝင်စွက်ဖက်နိုင်ကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပြီးနောက်ပိုင်း အာရှအင်အားကြီး ပြိုင်ဘက်နှစ်နိုင်ငံအကြား သံတမန်ရေးရာ အငြင်းပွားမှုများ ဆက်တိုက်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။
ကိုအီဇူမီ က တရုတ်နိုင်ငံသည် "လုံလောက်တဲ့ ပွင့်လင်းမြင်သာမှုမရှိဘဲ" သူတို့၏ စစ်ရေးစွမ်းရည်ကို တိုးချဲ့နေပြီး၊ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုများဟာ "ဂျပန်နိုင်ငံအတွက် အလေးအနက် စိုးရိမ်ပူပန်စရာ ကိစ္စရပ်တစ်ခု" ဖြစ်ကြောင်း ဆိုပါတယ်။

တိုကျိုအနေဖြင့် သူ၏ ကာကွယ်ရေးစွမ်းရည်ကို "အဆင့်မြင့် ပွင့်လင်းမြင်သာမှုဖြင့် ပုံမှန်တည်ဆောက်သွားမည်ဖြစ်ပြီး စဉ်ဆက်မပြတ် မွမ်းမံပြင်ဆင်သွားမည်" ဟု ဆိုကာ ယင်းတွင် အတုမဲ့ဉာဏ်ရည် (AI)၊ မောင်းသူမဲ့စနစ်များအပြင် ဆိုက်ဘာနှင့် အာကာသ ကာကွယ်ရေးကဏ္ဍများ ပါဝင်မည်ဖြစ်ကြောင်း သူက ပြောကြားခဲ့ပါတယ်။

"ဂျပန်ရဲ့ ငြိမ်းချမ်းရေးကို မြတ်နိုးတဲ့နိုင်ငံဆိုတဲ့ အတိတ်သမိုင်းကို ဒေသတွင်းနဲ့ နိုင်ငံတကာအသိုက်အဝန်းက အသိအမှတ်ပြုထားပြီးသားပါ။ ဒီအမှန်တရားကို မဟုတ်မမှန် စွပ်စွဲချက်တွေနဲ့ တုန်လှုပ်အောင် လုပ်လို့ရမှာမဟုတ်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ဒါဟာ အရှိတရား ဖြစ်နေလို့ပါပဲ" ဟု သူက ဆိုပါတယ်။
ဖိလစ်ပိုင်ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို တီအိုဒိုရို (Gilberto Teodoro) နှင့် တွေ့ဆုံစဉ်အတွင်း ဂျပန်နိုင်ငံ၏ ၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အာဘူကူမာအဆင့် ဖျက်သင်္ဘောများ (Abukuma-class destroyers) နှင့် TC-90 လေယာဉ်များကို ဖိလစ်ပိုင်နိုင်ငံသို့ လွှဲပြောင်းပေးအပ်ရန် ရည်မှန်းထားကြောင်း နှစ်နိုင်ငံစလုံးက အတည်ပြုခဲ့သည်ဟု ဖိလစ်ပိုင်ဘက်က ထုတ်ပြန်ထားပါတယ်။

မနီလာအစိုးရဟာ ဂျပန်ဘက်က သက်တမ်းကုန်၍ အနားပေးတော့မည့် အာဘူကူမာအဆင့် စစ်သင်္ဘောများကို လိုချင်နေသည်မှာ ကြာပြီဖြစ်ပြီး၊ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်ကလည်း သင်္ဘောများကို စစ်ဆေးရန် စစ်ဘက်ဆိုင်ရာအဖွဲ့တစ်ဖွဲ့ စေလွှတ်ခဲ့ပါသေးတယ်။

တရုတ်နိုင်ငံ၏ ရေတပ်အင်အားချဲ့ထွင်မှုအပေါ် စိုးရိမ်မှုများရှိနေသည့် အရိပ်အောက်တွင် နှစ်နိုင်ငံအကြား ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးကို ပိုမိုခိုင်မာအောင် လုပ်ဆောင်လာခဲ့ကြပြီး၊ သတင်းအချက်အလက် မျှဝေရေးနှင့် ပွင့်လင်းသော ပင်လယ်ရေကြောင်း နယ်နိမိတ် ဆွေးနွေးပွဲများ ပြုလုပ်ရန် ကြေညာခဲ့ကြရာ ယင်းအပေါ် ပေကျင်းဘက်က သူတို့၏ နယ်နိမိတ်ပိုင်ဆိုင်မှု အခိုင်အမာဆိုချက်များကို "တရားမဝင်" ချိုးဖောက်ခြင်းဖြစ်ကြောင်း ပြစ်တင်ရှုတ်ချခဲ့ပါတယ်။

တီအိုဒိုရို က တောင်တရုတ်ပင်လယ်အတွင်း ပေကျင်း၏ လှုပ်ရှားမှုများကို အထူးပစ်မှတ်ထား ဝေဖန်ခဲ့ပြီး မနီလာအနေဖြင့် "ကျွန်ုပ်တို့၏ နယ်မြေတည်တံ့ခိုင်မြဲမှုနှင့် အချုပ်အခြာအာဏာကို အပေးအယူလုပ် (စနစ်တကျ စတေး) သွားမည်မဟုတ်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်မပြုသောကြောင့် ဖြစ်သည်" ဟု ဆိုပါတယ်။

"အဲဒီလိုလုပ်တာဟာ ပြည်သူတွေက ကျွန်တော်တို့ရဲ့ နိုင်ငံရေးခေါင်းဆောင်တွေကို ပေးအပ်ထားတဲ့ ဒီမိုကရေစီနည်းကျ လွတ်လပ်တဲ့ လုပ်ပိုင်ခွင့်အာဏာကို ဖျက်ဆီးရာ ရောက်ပါလိမ့်မယ်။ ဒါဟာ အထက်ကနေ အမိန့်ပေးညွှန်ကြားတဲ့ အာဏာရှင်စနစ်အချို့နဲ့ မတူပါဘူး" လို့ သူက ဆိုပါတယ်။

ပေကျင်းအစိုးရသည် သူတို့ရဲ့ အခိုင်အမာဆိုချက်များတွင် ဥပဒေကြောင်းအရ အခြေအမြစ်မရှိကြောင်း နိုင်ငံတကာခုံရုံး၏ ဆုံးဖြတ်ချက် ရှိနေသည့်တိုင် တောင်တရုတ်ပင်လယ်တစ်ခုလုံးနီးပါးကို သူတို့ပိုင်ဆိုင်ကြောင်း အခိုင်အမာ ပြောဆိုနေဆဲ ဖြစ်ပါတယ်။

တီအိုဒိုရို က ယခုကဲ့သို့ ပြောကြားနေစဉ်မှာပင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) တောင်ပိုင်းစစ်ဒေသကွပ်ကဲမှုဌာနချုပ်က သူတို့အနေဖြင့် ဖိလစ်ပိုင်နှင့် နှစ်ပေါင်းများစွာ နယ်မြေအငြင်းပွားနေသည့် စကာဘိုရော့သောင်ပြင် (Scarborough Shoal) ဝန်းကျင်ရှိ ရေပြင်နှင့် ဝေဟင်နယ်မြေများတွင် "စစ်ဆင်ရေးအသင့်အနေအထား ကင်းလှည့်မှုများ ပြုလုပ်ခဲ့ကြောင်း" အွန်လိုင်းတွင် ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ကင်းလှည့်မှုများသည် "တရုတ်နိုင်ငံ၏ ပိုင်နက်နယ်မြေဖြစ်သော" သောင်ပြင်ဝန်းကျင်တွင် "အခွင့်အရေးချိုးဖောက်မှုများနှင့် ရန်စသည့် လုပ်ရပ်မျိုးစုံကို ရင်ဆိုင်ဖြေရှင်းရန် ထိရောက်သော တုံ့ပြန်မှုတစ်ရပ်အဖြစ် ဆောင်ရွက်ခြင်းဖြစ်သည်" ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။
ရှန်ဂရီလာဆွေးနွေးပွဲသည် အာရှဒေသ၏ အဆင့်မြင့်ဆုံး ကာကွယ်ရေးဖိုရမ်တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၄၅ နိုင်ငံကျော်မှ လုံခြုံရေးအရာရှိများနှင့် ကျွမ်းကျင်သူများ တက်ရောက်ကြတာ ဖြစ်ပါတယ်။

ဂျပန်နှင့် သူ၏မဟာမိတ် အမေရိကန်တို့နှင့် မတူဘဲ တရုတ်နိုင်ငံသည် သူတို့ရဲ့ ကာကွယ်ရေးဝန်ကြီး ဒေါင်ဂျွန် (D**g Jun) အပါအဝင် ထိပ်တန်းကိုယ်စားလှယ်အဖွဲ့ကို စေလွှတ်ခဲ့ခြင်းမရှိဘဲ ကိုယ်စားလှယ်အဖွဲ့ကိုသာ နှစ်နှစ်ဆက်တိုက် စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျပန်ဝန်ကြီး ကိုအီဇူမီ ကမူ "ဒီတစ်ကြိမ်မှာ တွေ့ဆုံဆွေးနွေးခွင့် မရရှိခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်ရမိကြောင်း" ပြောကြားခဲ့ပါတယ်။

အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိပြုထားကြောင်း ထရမ့် ပြောကြားမေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BI...
31/05/2026

အီရန်က နျူကလီးယားလက်နက် မထုတ်လုပ်ရန် ကတိပြုထားကြောင်း ထရမ့် ပြောကြား

မေ ၃၁ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက်များ တီထွင်ထုတ်လုပ်သွားမည်မဟုတ်ကြောင်း သူ့ထံ အာမခံချက်ပေးထားပြီးဖြစ်ကြောင်း ပြောကြားလိုက်သော်လည်း၊ တစ်ဖက်တွင်မူ အမေရိကန်ဘက်က ပိုမိုတင်းကြပ်သည့် ငြိမ်းချမ်းရေးအဆိုပြုချက်အသစ်ကို ပေကျင်းနှင့် တဟီရန် (အီရန်အစိုးရ) ထံ ပြန်လည်ပေးပို့လိုက်ကြောင်း သတင်းများ ထွက်ပေါ်နေပါတယ်။

ယခုကဲ့သို့ အဆိုပြုချက်အပေါ် ပြင်ဆင်မွမ်းမံမှုများ ပြုလုပ်ခြင်းကြောင့် အရှေ့အလယ်ပိုင်းစစ်ပွဲကို တရားဝင်အဆုံးသတ်ရန်နှင့် အသွားအလာ ပိတ်ဆို့ခံထားရသည့် ဟော်မုဇ်ရေလက်ကြား ရေကြောင်းလမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်ရန် ကြိုးပမ်းနေတဲ့ သဘောတူညီချက်မှာ ရက်သတ္တပတ်ပေါင်းများစွာ ကြိုးပမ်းနေသည့်တိုင် ပိုမိုကြန့်ကြာသွားနိုင်ဖွယ် ရှိနေပါတယ်။

The New York Times နှင့် Axios မီဒီယာများ၏ စနေနေ့က ဖော်ပြချက်အရ ထရမ့်ဟာ အီရန်ဘက်က စဉ်းစားရမည့် ပိုမိုတင်းကြပ်သည့် အချက်အလက်များပါဝင်သော မူဘောင်အသစ်တစ်ခုကို ပြန်လည်ပေးပို့ခဲ့ကြောင်း သိရသော်လည်း အသေးစိတ်အချက်အလက်များကိုမူ ရှင်းလင်းစွာ မသိရသေးပါဘူး။

ထရမ့်က သူ့အနေနဲ့ မည်သည့်သဘောတူညီချက်တွင်မဆို အီရန်၏ နျူကလီးယားလက်နက် ထုတ်လုပ်မှုကို တားဆီးရန်နှင့် ပိတ်ဆို့ခံထားရတဲ့ ဟော်မုဇ်ရေလက်ကြားကို ပြန်လည်ဖွင့်လှစ်ရန် ဦးစားပေးလုပ်ဆောင်နေကြောင်း ပြောကြားထားပါတယ်။

"ကျွန်တော့်အနေနဲ့ မရှိမဖြစ် ရယူရမယ့် အာမခံချက်တစ်ခုကတော့ (အီရန်မှာ) နျူကလီးယားလက်နက် လုံးဝမရှိစေရပါဘူး။ သူတို့ကလည်း အဲဒါကို သဘောတူထားပြီးသားပါ၊ ဒါဟာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းပါတယ်" ဟု ထရမ့်က သူ၏ချွေးမဖြစ်သူ လာရာထရမ့် နှင့် စနေနေ့ညပိုင်းက Fox News အစီအစဉ်တွင် ပြုလုပ်ခဲ့သည့် အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။

သို့သော်လည်း တဟီရန်အစိုးရဘက်ကမူ ထရမ့်၏ ပြောကြားချက်အပေါ် ယခင်ကတည်းက သံသယရှိကြောင်း ထုတ်ဖော်ပြောဆိုထားပြီး၊ နှစ်ဖက်စလုံး၏ အဓိကဦးစားပေး ရပ်တည်ချက်များမှာလည်း ကွဲပြားခြားနားနေဆဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံ၏ မီဒီယာများအဆိုအရ သူတို့အနေနဲ့ နျူကလီးယားအစီအစဉ်ကဲ့သို့သော အဓိကကိစ္စရပ်များကို အလေးအနက်မဆွေးနွေးမီ ပိတ်ဆို့ခံထားရတဲ့ သူတို့ရဲ့ပိုင်ဆိုင်မှု အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံကို အမေရိကန်ဘက်က အရင်ဆုံးပြန်ပေးရန် လိုအပ်ကြောင်းနှင့်၊ နျူကလီးယားလက်နက်၏ ရှေ့ပြေးဖြစ်သော သူတို့ရဲ့ သန့်စင်ပြီးသား ယူရေနီယံများကို ဖျက်ဆီးပစ်မည်ဆိုသည့် ထရမ့်၏ ပြောကြားချက်မှာ "အခြေအမြစ်မရှိ" ကြောင်း တုံ့ပြန်ထားပါတယ်။

ထို့အပြင် တဟီရန်အစိုးရက လက်ရှိတိုက်ပွဲများ ဖြစ်ပွားနေသော်လည်း စစ်ပွဲအဆုံးသတ်ရေး မည်သည့်သဘောတူညီချက်တွင်မဆို လက်ဘနွန်နိုင်ငံကိုပါ ထည့်သွင်းရမည်ဟု အခိုင်အမာဆိုထားပါတယ်။ တစ်ဖက်တွင်လည်း ဘေရွတ် အစိုးရက အစ္စရေးစစ်တပ်ဟာ သူတို့နိုင်ငံအတွင်းသို့ စစ်အင်အားတိုးမြှင့်ကာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာ အဖွဲ့ကို ပစ်မှတ်ထားသည်ဆိုသော လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေခြင်းကို

"မြေလှန်စနစ်ကျင့်သုံးမှု" ဟု စွပ်စွဲထားပါတယ်။
ထရမ့်နှင့် အမေရိကန်အရာရှိများက အစပိုင်းတွင် သဘောတူညီချက်ရရှိရန် လက်တစ်ကမ်းအလိုသို့ ရောက်ရှိနေပြီဟု ပြောကြားခဲ့သော်လည်း၊ Fox အင်တာဗျူးတွင်မူ ထရမ့်က စစ်ရေးအရ ပြန်လည်အရေးယူနိုင်ခြေကို အရိပ်အမြွက်ပြသကာ စိတ်မလောသည့် လေသံဖြင့် ပြောင်းလဲပြောဆိုခဲ့ပါတယ်။

"ကျွန်တော် မလောပါဘူး" ဟု သူက ဆိုကာ "နှေးကွေးပေမယ့် သေချာတာကတော့ ကျွန်တော်တို့ လိုချင်တဲ့အရာကို ရရှိအောင် လုပ်ဆောင်နေပါတယ်။ အကယ်၍ ကျွန်တော်တို့ လိုချင်တာမရရင်တော့ တခြားနည်းလမ်းနဲ့ အဆုံးသတ်ရလိမ့်မယ်" ဟု သတိပေးခဲ့ပါတယ်။

အဆိုပါပြောကြားချက်ဟာ ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲ ပိထ် ဟက်ဂ်ဆက်သ် (Pete Hegseth) က စနေနေ့က အာရှဒေသ ကာကွယ်ရေးထိပ်သီးအစည်းအဝေးတွင် ဝါရှင်တန်အနေဖြင့် လိုအပ်ပါက စစ်ပွဲကို ပြန်လည်စတင်ရန် "လုံလောက်တဲ့ စွမ်းဆောင်ရည်ထက် ပိုရှိနေကြောင်း" ပြောကြားခဲ့မှုနှင့် ထပ်တူထွက်နေပါတယ်။

ပြီးခဲ့သည့် ဧပြီလက တဟီရန်နှင့် ဝါရှင်တန်တို့အကြား ပါကစ္စတန်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပပေးခဲ့သည့် သမိုင်းဝင်ဆွေးနွေးပွဲအပြီးတွင် ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီခဲ့ကြသဖြင့် အီရန်နှင့် ပင်လယ်ကွေ့ဒေသအတွင်း နေ့စဉ်ဗုံးကြဲတိုက်ခိုက်မှုများ ရပ်တန့်သွားခဲ့သော်လည်း၊ လက်နက်ကိုင်ပဋိပက္ခငယ်အချို့မှာမူ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အီရန်နိုင်ငံပိုင် ရုပ်သံလိုင်း IRIB ၏ ဖော်ပြချက်အရ အီရန်တော်လှန်ရေးအစောင့်တပ် (Revolutionary Guards) ဟာ "အီရန်ပိုင်နက်ရေပြင်အတွင်းသို့ ဝင်ရောက်ကာ ရန်လိုသော စစ်ဆင်ရေးများ လုပ်ဆောင်ရန် ကြိုးပမ်းနေသည့်" အမေရိကန်စစ်တပ်၏ ဒရုန်းယာဉ်တစ်စီးကို ပစ်ချခဲ့ကြောင်း သိရသော်လည်း၊ အဆိုပါဖြစ်စဉ်ကို အမေရိကန်ဘက်က အတည်ပြုခြင်း မရှိသေးပါဘူး။

ယခုသီတင်းပတ် အစောပိုင်းကလည်း မရေရာသော အပစ်အခတ်ရပ်စဲရေးကာလအတွင်း အဆိုးရွားဆုံး တိုက်ပွဲအဖြစ် အမေရိကန်စစ်တပ်က အီရန်နိုင်ငံ၏ ဘန်ဒါအာဘတ်စ် (Bandar Abbas) ဆိပ်ကမ်းကို တိုက်ခိုက်ခဲ့သဖြင့် အီရန်ဘက်ကလည်း လက်တုံ့ပြန်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ပါသေးတယ်။

သို့သော်လည်း ကမ္ဘာ့ရေနံထောက်ပံ့မှုကို ထိခိုက်စေပြီး ကမ္ဘာ့စီးပွားရေးနှင့် ကုန်ဈေးနှုန်းများကို ခြိမ်းခြောက်နေသည့် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုများကို ဖယ်ရှားနိုင်ရန်အတွက် ထရမ့်အနေဖြင့် သဘောတူညီချက်ရရှိအောင် သံတမန်ရေးအရ ဆက်လက်ကြိုးပမ်းနေရတာ ဖြစ်ပါတယ်။

သဘောတူညီချက်အရ ပိတ်ဆို့မှုများ ဖယ်ရှားပြီးပါက အီရန်အနေဖြင့် ရေလက်ကြားကို ဖြတ်သန်းသွားလာမည့် သင်္ဘောများထံမှ "ဖြတ်သန်းခ" ကောက်ခံမည်မဟုတ်ကြောင်း ထရမ့်က လူမှုကွန်ရက်တွင် ရေးသားခဲ့သော်လည်း၊ အီရန်သတင်းအေဂျင်စီ Fars ကမူ "ထိုကဲ့သို့သော အချက်အလက်မျိုး သဘောတူညီချက်စာသားတွင် မပါဝင်ကြောင်း" တုံ့ပြန်ထားပါတယ်။ စနေနေ့က အီရန် ISNA သတင်းအေဂျင်စီ၏ ဖော်ပြချက်အရ အီရန်လွှတ်တော်အမတ် အလီရေဇာ ဆာလီမီ (Alireza Salimi) က "ဟော်မုဇ်ရေလက်ကြားအပေါ် အီရန်၏ စီမံခန့်ခွဲမှုနှင့် အချုပ်အခြာအာဏာ ကျင့်သုံးမည့် အစီအစဉ်ကို မကြာမီ လွှတ်တော်က အတည်ပြုတော့မည်" ဟု ဆိုပါတယ်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟုက သူတို့၏ စစ်တပ်ဟာ လက်ဘနွန်နိုင်ငံအတွင်းသို့ ၃၀ ကီလိုမီတာ (မိနစ် ၂၀ ခန့် မောင်းနှင်ရသည့်အကွာအဝေး) ကျော်အထိ ထိုးဖောက်ဝင်ရောက်ထားပြီးဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက်၊ စနေနေ့တွင် အစ္စရေးစစ်တပ်က လက်ဘနွန်တောင်ပိုင်းရှိ ကျေးရွာများမှ ပြည်သူများအား ထပ်မံရွှေ့ပြောင်းကြရန် သတိပေးချက်များ ထုတ်ပြန်ခဲ့ပါတယ်။

လက်ဘနွန်ဝန်ကြီးချုပ် နာဝပ်ဖ် ဆလမ် (Nawaf Salam) က အစ္စရေးအနေဖြင့် "မြေလှန်စနစ်နှင့် အစုအပြုံလိုက် အပြစ်ပေးမှုများ" ကို လုပ်ဆောင်နေကြောင်း စွပ်စွဲလိုက်ပြီး "လျင်မြန်ပြီး စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေး" ပြုလုပ်ရန် တောင်းဆိုလိုက်ပါတယ်။

အစ္စရေးစစ်တပ်ကမူ ယနေ့တနင်္ဂနွေနေ့ နံနက်အစောပိုင်းတွင် ထုတ်ပြန်သည့် ကြေညာချက်၌ သူတို့၏ မြေပြင်စစ်ဆင်ရေးကို တိုးချဲ့နေကြောင်း အတည်ပြုခဲ့ပြီး၊ သူတို့၏ "သိသာထင်ရှားသော စစ်အင်အား" အပိုင်းအစများသည် လီတာနီ မြစ်ကို ဖြတ်ကျော်ကာ ဘိုဖော့တောင်ကုန်း နှင့် ဝါဒီအယ်လ်ဆာလူကီ ဒေသရှိ ဟစ်ဇ်ဘိုလာအဖွဲ့များကို တိုးချဲ့တိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့အကြား အပစ်အခတ်ရပ်စဲရေးကို ပြီးခဲ့သည့် ဧပြီ ၁၇ ရက်တွင် စတင်ခဲ့သော်လည်း နှစ်ဖက်စလုံးက ချိုးဖောက်နေသည်ဟု အပြန်အလှန် စွပ်စွဲနေကြတာကြောင့် တစ်ခါမျှ အတည်မဖြစ်ခဲ့ပါဘူး။
ပြီးခဲ့သည့် မတ်လအစောပိုင်းက အမေရိကန်-အစ္စရေးတို့၏ တိုက်ခိုက်မှုကြောင့် အီရန်၏ ထိပ်သီးခေါင်းဆောင် သေဆုံးခဲ့ရမှုအပေါ် လက်တုံ့ပြန်သည့်အနေဖြင့် အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအဖွဲ့က အစ္စရေးသို့ ဒုံးကျည်များဖြင့် ပစ်ခတ်ခဲ့ရာမှ၊ အစ္စရေးဘက်က လက်ဘနွန်သို့ နေ့စဉ်ရက်ဆက် လေကြောင်းတိုက်ခိုက်မှုများနှင့် မြေပြင်ကျူးကျော်မှုများကို စတင်ခဲ့ခြင်း ဖြစ်ပါတယ်။ အစ္စရေးနှင့် လက်ဘနွန်တို့သည် ဧပြီလတွင် တိုက်ရိုက်ဆွေးနွေးမှုများ စတင်ခဲ့ပြီး စတုတ္ထအကြိမ်မြောက် ဆွေးနွေးပွဲကို လာမည့်သီတင်းပတ်အတွင်း ပြုလုပ်သွားရန် မျှော်လင့်ရကြောင်း သိရပါတယ်။

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် နေတိုးနှင့် ဥရောပကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေးမေ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma In...
30/05/2026

ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန် နေတိုးနှင့် ဥရောပကို အမေရိကန် ကာကွယ်ရေးဝန်ကြီး သတိပေး

မေ ၃၀ ရက်၊ ၂၀၂၆ ခုနှစ် | Burma Independent Voice (BIV)

အမေရိကန် ကာကွယ်ရေးဝန်ကြီး ပိထ် ဟက်ဂ်ဆက်သ် ဟာ နေတိုး (NATO) နှင့် ဥရောပမဟာမိတ်များကို ယနေ့စနေနေ့တွင် ထပ်မံဝေဖန်လိုက်ပြီး၊ ကာကွယ်ရေးအသုံးစရိတ်ကို လုံလောက်အောင် တိုးမြှင့်ခြင်းမရှိတဲ့ နိုင်ငံများဟာ "အမေရိကန် ရဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်းနှင့် ရင်ဆိုင်ရလိမ့်မည်" ဟု ပြောကြားခဲ့ပါတယ်။

နေတိုးအဖွဲ့ဝင်နိုင်ငံများသည် ပြီးခဲ့သည့်နှစ်က ကာကွယ်ရေးဆိုင်ရာ အသုံးစရိတ်ကို ဂျီဒီပီ (GDP) ၏ ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရန် ကတိပြုခဲ့ကြသော်လည်း၊ ကြိုးပမ်းမှုများ ရှိနေသည့်တိုင် နိုင်ငံအများအပြားက အဆိုပါ ရည်မှန်းချက်သို့ ရောက်ရှိရန် မဖြစ်နိုင်ကြောင်း ပြောဆိုနေကြတာ ဖြစ်ပါတယ်။

"ဥရောပမဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် ပိုမိုသုံးစွဲဖို့ ယဉ်ကျေးပျူငှာစွာ တောင်းဆိုချက်တွေဟာ အချိန်အတော်ကြာအောင် လျစ်လျူရှုခြင်း ခံခဲ့ရပါတယ်" ဟု ပင်တဂွန်စစ်ဌာနချုပ်အကြီးအကဲက စင်ကာပူတွင် ကျင်းပနေတဲ့ ကာကွယ်ရေးထိပ်သီးအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။

နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရှန်ဂရီလာဆွေးနွေးပွဲ မှာပြောကြားတဲ့ မိန့်ခွန်းမှာ ဟက်ဂ်ဆက်သ် က "အခုတော့ သူတို့တွေ နောက်ကျမှ လိုက်မှီအောင် ပြန်ကြိုးစားနေကြပါပြီ" ဟု ဆိုပါတယ်။
"ကျွန်ုပ်တို့ရဲ့ စုပေါင်းကာကွယ်ရေးအတွက် တာဝန်ယူဖို့ ငြင်းဆန်တဲ့ မဟာမိတ်တွေဟာ ကျွန်ုပ်တို့ရဲ့ လုပ်ငန်းဆောင်ရွက်မှုပုံစံ သိသိသာသာ ပြောင်းလဲသွားခြင်းနဲ့ ရင်ဆိုင်ရမှာပါ"

နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ကလည်း ဝါရှင်တန်အနေဖြင့် အခြားသော ခြိမ်းခြောက်မှုများကို အာရုံစိုက်နေပြီး ဥရောပနိုင်ငံများက သူတို့ရဲ့ကာကွယ်ရေး ကို တိုးမြှင့်နေချိန်မှာ နေတိုးအဖွဲ့အတွင်းရှိ အမေရိကန်စစ်တပ်အင်အားကို ဥရောပ၌ လျှော့ချသွားရမည့် အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း ယခုလအစောပိုင်းတွင် ပြောကြားခဲ့ဖူးပါတယ်။

အာရှဒေသနှင့် ပတ်သက်၍လည်း ဟက်ဂ်ဆက်သ် က ဤဒေသ၏ လုံခြုံရေးဟာ "အမေရိကန်၏ စစ်အင်အားအပေါ်တွင်သာ အချိုးမညီမျှစွာ မှီခိုနေရပြီး၊ ကျွန်ုပ်တို့၏ မဟာမိတ်များနှင့် မိတ်ဖက်အများစုကမူ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်များကို အားနည်းသွားအောင် ခွင့်ပြုထားခဲ့ကြသည်" ဟု ထပ်လောင်းပြောကြားခဲ့ပါတယ်။

အာရှ-ပစိဖိတ်ဒေသရှိ နိုင်ငံအများအပြားသည် လက်ရှိတွင် အမှန်တကယ်ပင် အရှိန်မြှင့်လုပ်ဆောင်နေကြပြီဖြစ်ကြောင်း ဟက်ဂ်ဆက်သ် က ဆိုပြီး၊ တောင်ကိုရီးယားနိုင်ငံကို အထူးနမူနာအဖြစ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။

"တောင်ကိုရီးယားဟာ သူတို့ရဲ့ ကိုယ်ပိုင်ကာကွယ်ရေးအတွက် အစဉ်တစိုက် ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့မှာ စစ်ပွဲကို စာအုပ်ကြီးအတိုင်း လေ့ကျင့်ခန်းတစ်ခုလို သဘောထားဖို့ အခွင့်အရေး မရှိလို့ပါပဲ။ သူတို့ဟာ ရှေ့တန်းမျက်နှာစာမှာ ရှင်သန်နေကြရတာဖြစ်လို့ အစစ်အမှန် တိုက်ခိုက်ရေးစွမ်းရည်ကို တည်ဆောက်ထားကြတာ ဖြစ်ပါတယ်"

သူက ယခုကဲ့သို့ လုပ်ဆောင်ခြင်းဟာ "ခြိမ်းခြောက်မှု အခြေအနေကို ရှင်းလင်းပြတ်သားစွာ နားလည်သဘောပေါက်မှုကို ထင်ဟပ်စေခြင်း သက်သက်သာဖြစ်တယ်" ဟု ဆိုပါတယ်။
ထို့ပြင် ဟက်ဂ်ဆက်သ် သည် သြစတြေးလျ၊ ဖိလစ်ပိုင် နှင့် ဂျပန် အပါအဝင် အခြားသော နိုင်ငံများ၏ အသုံးစရိတ်ဆိုင်ရာ မူဝါဒများကိုလည်း ချီးကျူးပြောကြားခဲ့ပါတယ်။

"လူတိုင်းက ဒီကိစ္စမှာ ပါဝင်ပတ်သက်မှု (တာဝန်ယူမှု) မရှိရင် ခိုင်မာတဲ့ မဟာမိတ်အဖွဲ့ဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။ အလကား လိုက်ပါစီးနင်းတာမျိုး မရှိရပါဘူး" ဟု ဟက်ဂ်ဆက်သ် က ဆိုပါတယ်။

နယူးဇီလန်ကိုယ်စားလှယ်တစ်ဦးက သူတို့ကျွန်းနိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းသို့ တိုးမြှင့်ရန် အစီအစဉ်ကို "အလကား လိုက်ပါစီးနင်းခြင်း" ဟု သတ်မှတ်ပါသလားဟု မေးမြန်းရာတွင် ဟက်ဂ်ဆက်သ် က သဘောတူညီခဲ့ပါတယ်။

"ရိုးရိုးသားသား ပြောရရင် ၂ ရာခိုင်နှုန်းဆိုတာ မလုံလောက်ပါဘူး၊ ဒါကြောင့် ၂ ရာခိုင်နှုန်းဆိုတာ အလကား လိုက်ပါစီးနင်းတာပါပဲ။ ကျွန်တော့်အနေနဲ့ နယူးဇီလန်အပေါ် တစ်စုံတစ်ရာ အငြိုးအတေး မရှိပါဘူး၊ (ဒါပေမယ့်) မိတ်ဖက်တွေအနေနဲ့ ပိုပြီးတာဝန်ယူလာဖို့ ကျွန်တော် လိုလားပါတယ်" ဟု ဟက်ဂ်ဆက်သ် က တုံ့ပြန်ပြောကြားခဲ့ပါတယ်။

"ပြောရေးဆိုခွင့်အာဏာ၊ ဆယ်လီဆင်ဒရုန်းနှင့် နောက်ဖေးပေါက်ပြန်ကြားရေး"ဆောင်းပါး | Burma Independent Voiceနွေဦးတော်လှန်ရေး၏ ...
30/05/2026

"ပြောရေးဆိုခွင့်အာဏာ၊ ဆယ်လီဆင်ဒရုန်းနှင့် နောက်ဖေးပေါက်ပြန်ကြားရေး"

ဆောင်းပါး | Burma Independent Voice

နွေဦးတော်လှန်ရေး၏ အစောပိုင်းကာလများတွင် တော်လှန်ရေးအင်အားစုများ၏ အင်အားအကြီးဆုံး လက်နက်သည် သေနတ်များနှင့် ကျည်ဆန်များ မဟုတ်ခဲ့ကြပါ။ တော်လှန်ရေး၏ ကနဦးအင်အား အစစ်အမှန်မှာ ‘မိမိပြောလိုသည့်ဇာတ်ကြောင်းကို အများလက်ခံလာအောင် ဖန်တီးနိုင်စွမ်း’ (Strong Narrative) သာ ဖြစ်ခဲ့သည်။ ထိုဖြစ်စဥ်ကို ပံ့ပိုးရာတွင် လူမှုကွန်ယက်မှ တိုင်းသိပြည်သိ နာမည်ကျော်တချို့နှင့် အနုပညာရှင်များစွာ အားဖြည့်ပါဝင်ခဲ့ကြပါသည်။

အနုပညာရှင်တဦး၏ စိတ်ခံစားမှုအပြည့်ပါသော မိန့်ခွန်းတခု သို့မဟုတ် Facebook ပေါ်တွင် လူသိများသူတဦး၏ ပို့စ်တခုက လမ်းပေါ်သို့ လှိုင်းလုံးများကဲ့သို့ ထွက်လာသော လူထုကို စုစည်းပေးနိုင်ခဲ့ပြီး တော်လှန်ရေးကို အရှိန်အဟုန်ဖြင့် စတင်နိုင်စေခဲ့သည်။ အလားတူ ဖြစ်ရပ်များက သပိတ်တိုက်ပွဲများနှင့် လူမှုဖယ်ကျဉ်ရေး လှုပ်ရှားမှုများကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်ခဲ့ပြီး၊ ထောက်ပို့ရန်ပုံငွေကမ်ပိန်းများကို အချိန်တိုအတွင်း အောင်မြင်စေခဲ့သည်။ တော်လှန်ရေးသည် မြို့တွင်းကားလမ်းမများပေါ်နှင့် တောတောင်အတွင်းမှ စစ်မြေပြင်ပေါ်တွင်သာမက၊ ဖန်သားပြင်ပေါ်က လူမှုကွန်ရက်စာမျက်နှာများပေါ်တွင်ပါ တပြိုင်နက် တိုက်ပွဲဝင်ခဲ့ကြခြင်း ဖြစ်သည်။

ထိုကာလတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် တော်လှန်ရေးဦးဆောင်အဖွဲ့အစည်းများသည် ‘ဇာတ်ကြောင်းဆိုင်ရာအသာစီးရမှု’ (Narrative Advantage) ကို ထိရောက်စွာ အသုံးချနိုင်ခဲ့ကြသည်။ အနုပညာရှင်များ၊ အွန်လိုင်းဩဇာရှင် (Influencers) များ၊ အနုပညာရှင်များနှင့် လူသိများထင်ရှားသူများကို ဗျူဟာမြောက် အသုံးပြုကာ လူထု၏တော်လှန်ရေးစိတ်ဓာတ်၊ နိုင်ငံတကာ၏ကိုယ်ချင်းစာနာမှုနှင့် ပြည်တွင်း/ပြည်ပမြန်မာများ၏ ထောက်ပို့ပါဝင်မှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

စိတ်ခံစားချက်သည် စွမ်းအားဖြစ်ခဲ့ပြီး မျှော်လင့်ချက်သည် အားအကောင်းဆုံး နိုင်ငံရေးလက်နက် ဖြစ်ခဲ့သော ကာလတဖြတ် ဖြစ်ပါသည်။

သို့သော် တော်လှန်ရေးတခု၏ ပန်းတိုင်ကို အစောပိုင်း စိတ်ပေါက်ကွဲလှုပ်ရှားမှုများအပေါ်၌သာ အခြေပြု၍ မရနိုင်ပေ။ လူထုလှုပ်ရှားတခု အချိန်ကာလတခုသို့ ရောက်လာချိန်တွင် ဦးဆောင်အဖွဲ့အစည်းက ‘စနစ်ကျသော အဖွဲ့အစည်းဆိုင်ရာယန္တရား’ (Institutional Mechanism) အဖြစ်သို့ အသွင်ပြောင်းနိုင်ရမည် ဖြစ်သည်။ စိတ်ခံစားမှုဆိုင်ရာ အရှိန်အဟုန် (Emotional Momentum) ကို အုပ်ချုပ်မှုစွမ်းဆောင်ရည် (Administrative Capacity) အဖြစ်သို့ မပြောင်းလဲနိုင်သော လှုပ်ရှားမှုများသည် နောက်ဆုံးတွင် ‘အထိမ်းအမှတ်ပြနိုင်ငံရေး’ (Symbolic Politics) ထဲ၌သာ ပိတ်မိသွားတတ်သည်။ ယနေ့ တော်လှန်ရေးတွင် ကြုံတွေ့နေရသည့် အခက်အခဲများအနက် တခုမှာ ထိုအထိမ်းအမှတ်ပြနိုင်ငံရေးနှင့် ‘ဖွဲ့စည်းပုံအခြေခံ နိုင်ငံရေး’ (Structural Politics) ကြားက ကွာဟချက် ကြီးမားလာခြင်းပင် ဖြစ်နိုင်သည်။

ပုံစံမတူတဲ့ အပြောင်းအလဲတွေကြားက လူထုနဲ့ဆယ်လီများ
စစ်ပွဲကာလ ငါးနှစ်တာ ရှည်ကြာလာခဲ့ပြီ။ ပြက္ခဒိန်စာရွက်များ ပြောင်းလဲလာသည်နှင့်အမျှ လှိုင်းလုံးများကဲ့သို့ ပြင်းထန်ခဲ့သော အစောပိုင်း စိတ်လှုပ်ရှားတက်ကြွမှုများသည် ‘ဓာတ်ပြားဟောင်းအပေါ် ငြီးငွေ့လာနေမှု’ (Narrative Fatigue) အရိပ်မည်းအောက်သို့ တဖြည်းဖြည်း ကျရောက်လာခဲ့သည်။ လူထု၏ အစိတ်အပိုင်းအချို့သည် စိတ်ခံစားမှုအခြေပြု လှုံ့ဆော်မှုများကို ယခင်ကလောက် အလွယ်တကူ မတုံ့ပြန်တော့ဘဲ ပိုမိုတည်ငြိမ်သော အဖွဲ့အစည်းဆိုင်ရာ စွမ်းဆောင်ရည်နှင့် တာဝန်ခံမှုကို အာရုံစိုက်လာကြသည်။ လိုင်းပေါ်က ရေပန်းစားမှုများထက် ယုံကြည်စိတ်ချရမှု (Credibility) ကို ပြောင်းလဲရှာဖွေလာကြသည်။

တော်လှန်ရေးအစောပိုင်းကာလက လူထုကို နိုးထရုန်းကြွစေသူ စည်းရုံးလှုံ့ဆော်သူများ (Mobilizers) ဖြစ်ခဲ့ကြသော လူမှုကွန်ရက်ပေါ်က နာမည်ကျော်အချို့သည်လည်း အပြောင်းအလဲလက္ခဏာများ ပြသလာခဲ့ကြပါသည်။ အချို့သောဆယ်လီများသည် အချိန်ကြာမြင့်လာသည်နှင့်အမျှ “အဖွဲ့အစည်းကို ကိုယ်စားမပြုသော်လည်း တရားဝင်ပြောရေးဆိုခွင့် ရရှိထားသကဲ့သို့” Unofficial Representatives ဆန်ဆန် ပြုမူပြောဆိုလာကြသည်။

အယ်လဂိုရစ်သန်က သံပတ်ပေးထားတဲ့ လူ့အဖွဲ့အစည်း
ဤပြောင်းလဲမှုသည် ဆိုရှယ်မီဒီယာခေတ်၏ သဘောသဘာဝနှင့်လည်း ဆက်စပ်နေသည်။ လူမှုကွန်ရက်အယ်လဂိုရစ်သမ်များသည် စိတ်ခံစားမှု (Emotion)၊ ထိပ်တိုက်ရင်ဆိုင်မှု (Confrontation) နှင့် ပြင်းထန်သော ကိုယ်ပိုင်အမြင် (Strong Opinion) များကို လူကြားထဲသို့ ပိုမိုပို့ပေးလေ့ရှိသည်။ ထိုအခြေအနေတွင် တရားဝင်မှုအခြေပြု အဖွဲ့အစည်းနိုင်ငံရေးထက် ပုဂ္ဂိုလ်ရေးအခြေပြု လူမှုကွန်ရက်နိုင်ငံရေးက ပိုမိုအားကောင်းသည့်အတွက် ‘ဖော်လိုဝါအရေအတွက်’သည်‘တရားဝင်ပြောရေးဆိုခွင့်အာဏာစက်’ ကို ခြေရာချင်းတိုင်းထွာရန် အလွန်လွယ်ကူသည်။

“တရားဝင်ထုတ်ပြန်ချက်” များထက် “အသံကျယ်သော တသီးပုဂ္ဂလများ၏ အာဘော်” က လူထုကြား ပိုမိုပျံ့နှံ့လာသည့်အခါ နာမည်ကြီးသူမည်သူမဆိုသည် နောက်လိုက်နောက်ပါအင်အားဖြင့် ပြောရေးဆိုခွင့်ဩဇာတည်ဆောက်နိုင်သည့်အခြေအနေကို ဖန်တီးပေးသည်။ တော်လှန်ရေး၏ ပြောရေးဆိုခွင့်အာဏာဗဟိုချက်သည် ဦးဆောင်အဖွဲ့အစည်း (Institution) ထံမှနေ၍ တရားဝင်ရာထူးတာဝန် ပေးအပ်ထားခံရခြင်းမရှိသော အချို့ နာမည်ကြီးလူပုဂ္ဂိုလ်များ (Influencers) ဆီသို့ တဖြည်းဖြည်း ရွှေ့ပြောင်းရောက်ရှိသွားပြီး ဖွဲ့စည်းပုံအရဖြစ်တည်နေသော ဆင့်ကဲအမိန့်ပေးကွပ်ကဲမှုစနစ် (Chain of Command) နှင့် ဆယ်လီယဉ်ကျေးမှုတို့ ထိပ်တိုက်တိုးကြလေတော့သည်။

ပြောရေးဆိုခွင့်အာဏာ မှုန်ဝါးပျောက်ကွယ်ခြင်း
ဤဖြစ်စဉ်ကို ဖွဲ့စည်းပုံရှုထောင့်မှ ကြည့်မည်ဆိုလျှင် “ကြားခံပုဂ္ဂိုလ်က တရားဝင်မှုကို ကျော်လွန်ခြင်း” (Disintermediation) ဟု ခေါ်ဆိုနိုင်သည်။ အစိုးရနှင့် လူထုကြားက တရားဝင် ဆက်သွယ်ရေးလမ်းကြောင်းများ အားနည်းသွားသည့်အခါ လူပုဂ္ဂိုလ်တဦးချင်း၏ လူမှုကွန်ရက်ပေါ်မှ ပြောဆိုရေးသားချက်များက အဖွဲ့အစည်းဆိုင်ရာ သတင်းပြန်ကြားရေးလမ်းကြောင်းများ၏ နေရာကို အစားထိုးဝင်ရောက်လာခြင်း ဖြစ်သည်။ အချိန်တိုအတွင်း လူထုကို စည်းရုံးလှုံ့ဆော်ရာတွင် ဤပုံစံက ထိရောက်နိုင်ခြေ ရှိသော်လည်း၊ ရေရှည်အုပ်ချုပ်မှုဆိုင်ရာ ပြောရေးဆိုခွင့် တည်ဆောက်ရာတွင်မူ ‘ဖွဲ့စည်းပုံဆိုင်ရာချည့်နဲ့မှု’ (Structural Fragility) ကို ဖြစ်ပေါ်စေနိုင်သည်။

တရားဝင်ပြန်ကြားရေးယန္တရား၏ အားနည်းချက်သည် ဤပြဿနာကို ပိုမိုကြီးထွားစေသည့် အကြောင်းရင်းများအနက် တခု ဖြစ်နိုင်သည်။ NUG တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ တရားဝင် ပြောရေးဆိုခွင့်ရှိသူများ၊ တရားဝင် လူမှုကွန်ရက်စာမျက်နှာများနှင့် အစိုးရအာဘော်ရုပ်သံချန်နယ်တခုပါ အသင့်ရှိနေပြီးဖြစ်သည်။ သို့သော် အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် အရေးကြီးမူဝါဒများနှင့် ပြည်သူသို့ ထုတ်ပြန်မည့် သတင်းအချက်အလက်အချို့သည် ဤတရားဝင်လမ်းကြောင်းများမှတဆင့် ထိထိရောက်ရောက် အချိန်ကိုက် ရောက်ရှိမလာခဲ့သည့် ဖြစ်ရပ်များစွာ ကြုံတွေ့နေရသည်။

နေရာလွတ်မှာ ဘယ်သူဝင်ကစားမှာလဲ
Information Vacuum ဆိုသည့် နိုင်ငံရေးသီအိုရီတခုအရ သတင်းအချက်အလက်ဟူသည် လေဟာနယ်တခုကို ဗလာကျင်း ချန်ရစ်ထားခြင်းမျိုး မရှိပေ။ တရားဝင်အဖွဲ့အစည်း၏ တိတ်ဆိတ်နေမှု သို့မဟုတ် တုံ့ပြန်ချက်နှောင့်နှေးမှုများ ရှိလာသည့်အခါ ထိုလေဟာနယ်ထဲသို့ ကောလာဟလကွန်ရက်များ၊ ပုဂ္ဂိုလ်စွဲအခြေပြုဇာတ်ကြောင်းများနှင့် အလွတ်သဘောသတင်းပွဲစားများက အစားထိုးဝင်ရောက်လာတတ်သည်။ ယင်းအခြေအနေ၏ အကျိုးဆက်အဖြစ် “ဆယ်လီဆင်ဒရုန်း” (Celebrity Syndrome) ဟု ခေါ်ဆိုနိုင်သော ဖြစ်စဉ်တခု တဖြည်းဖြည်း ပေါ်ထွက်လာသည်။

“ဆယ်လီဆင်ဒရုန်း”
“ဆယ်လီဆင်ဒရုန်း” ဆိုသည်မှာ အဖွဲ့အစည်းတခု၏ တရားဝင်ပြန်ကြားရေးစနစ်များ အားနည်းလာသည့်အခါ လူမှုကွန်ရက်ပေါ်တွင် လူသိများသူ ပုဂ္ဂိုလ်တဦးချင်းစီ၏ အသံများက အဖွဲ့အစည်းကိုယ်စားပြုသည့် အသံများအဖြစ် အစားထိုးဝင်ရောက်လာသော နိုင်ငံရေးဖြစ်စဉ်ကို ဆောင်းပါးရှင်၏ ကိုယ်ပိုင်စကားလုံးဖြင့် ပြောဆိုခြင်း ဖြစ်သည်။ ထိုဖြစ်စဉ်တွင် တာဝန်ရှိမှု၊ တာဝန်ခံမှု (Accountability) ထက် ပျံ့နှံ့မှု (Reach) က ပိုအရေးပါလာပြီး ဖွဲ့စည်းပုံ (Structure) ထက် လူပုဂ္ဂိုလ်ရေး အသားပေးမှု (Personalization) က ပိုများနေတတ်သည်။

လူကြိုက်များမှုနှင့် တရားဝင်မှု
ငြင်းပယ်ရန်ခက်ခဲသော အချက်တခုမှာ လူသိများမှု/လူကြိုက်များမှု (Popularity) သည် ဖွဲ့စည်းပုံထဲက တရားဝင်မှုကို လုံးဝ အစားမထိုးနိုင်ခြင်းပင် ဖြစ်သည်။ အထူးသဖြင့် ‘ဆင့်ကဲအမိန့်ပေးကွပ်ကဲမှုစနစ်’ (Chain of Command) သည် လက်နက်ကိုင်တော်လှန်ရေး၏ဝိဉာဥ်ကို ထမ်းပိုးထားသော အဓိက ပင်မကျောရိုးဖြစ်သည်။ အလုပ်ဖြစ်သော အမိန့်ပေးစနစ်တခုဖြစ်လာရန် “မည်သူ့စကားသည် အဖွဲ့အစည်းကို ကိုယ်စားပြုသည်” ဆိုသည့် တရားဝင်အသံ (Legitimacy of Voice) ကို ရှင်းလင်းစွာ သတ်မှတ်ပေးနိုင်ရမည်။

ဘယ်သူက ဘယ်သူ့ကို အစီရင်ခံရသလဲ၊
ဘယ်သူက ဆုံးဖြတ်ပိုင်ခွင့်ရှိသလဲ၊
ဘယ်သူက အဖွဲ့အစည်းကို ကိုယ်စားပြု ပြောရေးဆိုခွင့်ရှိသလဲ
စသည့် အချက်များ မရှင်းလင်းပါက တော်လှန်ရေးအဆောက်အအုံတခုလုံး၏ ဖွဲ့စည်းပုံစည်းကမ်းစနစ်သည် တဖြည်းဖြည်း အားနည်းလာနိုင်ပြီး ရည်မှန်းချက် အကောင်အထည်ဖော်ရာတွင် ကမောက်ကမ ဖြစ်ရမှုများနှင့် ကြုံတွေ့ရတတ်သည်။

ပိုမိုဆိုးရွားသော အခြေအနေတချို့တွင် လူထုသည် "တရားဝင်ထုတ်ပြန်ချက်"နှင့် "ပုဂ္ဂိုလ်ရေးထင်မြင်ယူဆချက်"တို့ကြားက နယ်နိမိတ်ကို မခွဲခြားနိုင်တော့ဘဲ “အသံအကျယ်ဆုံးလူ” ၏ စကားကို "အဖွဲ့အစည်းတခုလုံး၏ တရားဝင်သဘောထား"အဖြစ် မှတ်ယူသွားတတ်ကြသည်။ တော်လှန်ရေးအဖွဲ့အစည်းအတွင်း ပြန်ကြားရေးစနစ် အားနည်းသွားခြင်းမှာ အဖွဲ့အစည်းအတွင်းကပြဿနာ မဟုတ်ဘဲ “တော်လှန်လူထုက မည်သူ့အသံကို ယုံကြည်ရမည်နည်း” ဆိုသော နိုင်ငံရေးအကျပ်အတည်းမျိုးစေ့ အညှောင့်ပေါက်လာခြင်းဖြစ်သည်။

လူမှုကွန်ယက်နောက်ခံအင်အားက CoC ကို ကျော်လို့ရသလား?
ယနေ့ လူထုအတွင်း တွေ့မြင်နေရသော မရေရာမှုများ၊ အငြင်းပွားမှုများနှင့် ကွဲပြားမှုအချို့၏ နောက်ကွယ်တွင် ဩဇာကြီးထွားလာသော အဖွဲ့အစည်းပြင်ပမှ အသံပိုင်ရှင်များ၏ အခန်းကဏ္ဍလည်း တစိတ်တပိုင်း ပါဝင်နေသည်။ အဖွဲ့အစည်းအတွင်း ယူနီဖောင်းဝတ်ဆင်ထားသည့် တပ်ဖွဲ့ဝင်အချို့ကလည်း တရားဝင်ပြောရေးဆိုခွင့် အဖွဲ့အစည်းဖက်က ပေးအပ်ထား/မထား ပြည်သူကမသိရှိရဘဲ မူဝါဒဆန်ဆန်စကားများကို လူထုကြားတွင် ပြောဆိုနေကြသည်။ တခါတရံတွင် ထိုသူများက တရားဝင်ထုတ်ပြန်ခြင်း မရှိသေးသည့် အချက်အလက်များကို ကြိုတင်ဟောကိန်းထုတ်နေကြပြီး အချို့ဖြစ်ရပ်များတွင် သတင်းထုတ်ပြန်မှုဆန်ဆန် ပြောဆိုရှင်းလင်းမှုများကို နောက်ဖေးပေါက်မှ တဆင့်ခံ ပြုလုပ်နေကြသည်။ ရာထူးတာဝန်ကို ကျော်လွန်ရေးသားပြောဆိုမှုများအား လူသိရှင်ကြား ထမင်းရည်ပူစည်းတားပြီး မတုန့်ပြန်ပါက လူထု၏ အစိတ်အပိုင်းတခုက ၎င်းတို့ကို အလိုတူအလိုပါ သဘောတူညီချက် (Tacit Approval) ပေးထားသည်ဟု ယူဆလာနိုင်သည်။ တော်လှန်ရေးထောက်ခံသူအချို့က ထိုအခြေအနေများကို မေးခွန်းထုတ်နေကြခြင်းဖြစ်သည်။

တရားဝင် ထုတ်ပြန်ချက်များထက် “အတွင်းစည်းနဲ့နီးစပ်သူများ” ပြောဆိုကြသည့် စကားလုံးများက ပိုမိုယုံကြည်ကိုးစားခံလာရသည့် အခြေအနေသည် အဖွဲ့အစည်းတခု၏ အုပ်ချုပ်မှုပိုင်းဆိုင်ရာ ရောဂါလက္ခဏာတခု ဖြစ်သည်။ ဤဖြစ်စဉ်များသည် ‘စနစ်’ ထက် ‘အချိတ်အဆက်/အဆက်အသွယ်’ က ပိုမိုအရေးပါနေဆဲ ဟူသော ထင်မြင်ချက်ကို အားပေးသည်။ အုပ်ချုပ်မှုပိုင်း အကျပ်အတည်းဆိုက်နေသည်ဟု ရှုမြင်ခံရနိုင်သည့် အလားအလာများ ဖြစ်ပေါ်စေသည့်အပြင် အဖွဲ့အစည်းဆိုင်ရာ တရားဝင်မှု (Institutional Legitimacy) ကို မေးခွန်းထုတ်ခံရသည့် အခြေအနေမျိုးကိုလည်း ဖန်တီးနိုင်လေသည်။

နှုတ်ဆိတ်နေခြင်း၏ နိုင်ငံရေးအရအဓိပ္ပါယ်
တိတ်ဆိတ်နေခြင်းဟူသည် လူထုဆက်ဆံရေးပညာရပ်တွင် မရှိသောအရာဖြစ်သည်။ သတင်းနှင့် ပြန်ကြားရေးသီအိုရီများအရ တိတ်ဆိတ်နေခြင်းကပင် သတင်းစကားတခု ပေးနေခြင်း ဟူသော ယူဆချက်တရပ် ရှိသည်။ သတင်းရှင်းလင်းချက် ထုတ်ပြန်သင့်သည့် အချိန်တွင် မလုပ်ဆောင်ခြင်းမျိုးသည် လူထုကို ပဟေဋိစစ်မျက်နှာ (Interpretation Battlefield) တခုသို့ ဆွဲခေါ်သွားနိုင်သည်။

နိုင်ငံရေးသမိုင်းတွင် အဖွဲ့အစည်းများသည် လက်နက်များ ကျည်ဆန်များ ဗုံးများကြောင့်သာ ပြိုကွဲရသည် မဟုတ်ချေ။ တခါတရံတွင် မထိန်းချုပ်နိုင်သောအသံများ၊ မဖြေရှင်းနိုင်သောသံသယများနှင့် ရှင်းမပြဘဲတိတ်ဆိတ်နေမှုများကြောင့်လည်း အဖွဲ့အစည်းများ အားနည်းသွားတတ်သည်။

တော်လှန်ရေး၏ တန်ဖိုးကြီးနောက်ဆုံးအရင်းအနှီး

တော်လှန်သူလူထုသည် နိုင်မြင်းကို ရွေးချယ်လောင်းခဲ့ကြခြင်းထက် ယုံကြည်ကိုးစားနိုင်မည့်စနစ်ကို ရှာဖွေနေကြခြင်းဖြစ်သည်။ အစောပိုင်းကာလတွင် မျှော်လင့်ချက်ကို ရှာဖွေခဲ့သော လူထုကြီးက အားကောင်းနိုင်သော်လည်း ယနေ့အမာခံများမှာ ခိုင်မာသော ဖွဲ့စည်းပုံကို ပိုမိုတောင်းဆိုလာကြပါသည်။ တဒင်္ဂစိတ်လှုပ်ရှားမှုထက် ယုံကြည်ကိုးစားနိုင်မှုက လူထုအတွက် ပိုမိုအရေးပါလာပြီး လက်တွေ့ကျသော တာဝန်ခံမှုကို ပိုမိုမျှော်လင့်လာကြသည်။ သည်။ ဦးဆောင်အဖွဲ့အစည်းအပေါ် လူထု၏ ယုံကြည်ကိုးစားနိုင်မှု (Institutional Trust) သည် တော်လှန်ရေးတခုလုံး၏ရလဒ်ကို ရေရှည်တွင်ဆုံးဖြတ်ပေးနိုင်သော တန်ဖိုးကြီးမားသည့် နိုင်ငံရေးအရင်းအနှီး (Political Capital) တခု ဖြစ်သည်။ ယုံကြည်မှုတကြိမ် ပြိုကွဲသွားပါက ပြန်လည်တည်ဆောက်ရန်မှာ အလွန်ခက်ခဲလေ့ရှိသည်။

ထို့ကြောင့် NUG နှင့် တော်လှန်ရေးဂေဟစနစ်တခုလုံးအတွက် ယနေ့ အရေးကြီးဆုံးမှာ —

“တော်လှန်ရေးလှုပ်ရှားမှုတရပ်အနေဖြင့် ဆယ်လီဆင်ဒရုန်းကို ကုစားကာ အဖွဲ့အစည်းစည်းမျဉ်း၊ ပြတ်သားသောကွပ်ကဲမှုစနစ်နှင့် လူထုအပေါ်တာဝန်ခံမှုတို့ကို ပိုမိုခိုင်မာအောင် မည်သို့ပြုပြင်မွန်းမံမည်နည်း”

— ဆိုသော မေးခွန်းပင် ဖြစ်သည်။

မိမိပြောလိုသည့်ဇာတ်ကြောင်းကို အများလက်ခံအောင် ဖန်တီးရာတွင် "ဘယ်သူ့စကားက တရားဝင်ပြောရေးဆိုခွင့်ကို ကိုယ်စားပြုသလဲ" ဆိုသည့် ပြည်သူ၏ ဝေဝါးမှုကို ဦးဆောင်အဖွဲ့အစည်းက မည်သို့ပြတ်သားစွာ ဖြေရှင်းပေးနိုင်သနည်း ဆိုသည့်အချက်မှာ တော်လှန်ရေးကို အသက်ဆက်ပေးမည့် ရေသောက်မြစ်တခု ဖြစ်လာနေသည်။ တခါတရံတွင် တော်လှန်ရေးတခု ကျရှုံးမှုသည် ရန်သူ့ကျည်ဆန်ကြောင့် မဟုတ်ဘဲ "မည်သူ့အသံကိုယုံကြည်ရမလဲ" ဆိုသည့် လူထု၏မေးခွန်းကို ဦးဆောင်သူများက မဖြေဆိုနိုင်ခြင်းကြောင့်ဖြစ်သည်။

ที่อยู่

Chiang Mai
50230

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burma Independent Voiceผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์