11/07/2025
အမေရိကန်၊ ယူကေနဲ့ မြန်မာရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်စနစ်ကိုလေ့လာခြင်း
By Si Thu Tun
ကမ္ဘာပေါ်မှာ ရွေးကောက်ပွဲတွေနဲ့ လွှတ်တော်တွေ ပုံစံအမျိုးမျိုး ရှိကြပါတယ်။ အဓိကကတော့ မြန်မာနိုင်ငံမှာ ၂၀၁၀ နဲ့ ၂၀၂၀ ကြား ကျင့်သုံးခဲ့တဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်စနစ်ကို ရှင်းပြချင်တာပါ။ ဘာလို့လဲဆိုရင် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကာလ၊ ၂၀၁၅ ရွေးကောက်ပွဲနဲ့ ၂၀၂၀ ရွေးကောက်ပွဲ မဲဆွယ်ကာလတွေမှာ အမတ်နေရာ ၀င်အရွေးခံတဲ့ အမတ်လောင်းတွေကိုယ်တိုင် မိမိနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ လွှတ်တော်စနစ်ကို သိပ်နားမလည်လို့ ပရိသတ်ထဲက မေးခွန်းထအောက်တဲ့အခါ မဖြေနိုင်တာတွေတွေ့ရတော့ ပုံမှန်အရပ်သားတွေဆိုရင် မသိတဲ့သူ များနိုင်တယ်လို့ တွေးမိတာနဲ့ ဒီလိုဗီဒီယိုလေးလုပ်ဖို့ စိတ်ကူးဖြစ်တာပါ။
မြန်မာရဲ့ ရွေးကောက်ပွဲစနစ်နဲ့ ချိန်ထိုးနိုင်ဖို့အတွက် အမေရိကန်နဲ့ ယူကေရဲ့ ရွေးကောက်ပွဲစနစ်၊ လွှတ်တော်စနစ်လေးတွေကို အများကြီး ပြောမှာပါ။ မြန်မာအကြောင်း အဓိကဆိုပေမဲ့ အခု ဒီနှစ်နိုင်ငံအကြောင်း သိသွားရင် မြန်မာနဲ့ပတ်သက်လို့ ချိန်ထိုးနိုင်သွားပြီလို့ ယူဆမိလို့ပါပဲ။
အမေရိကန်ရဲ့ သမ္မတ ရွေးပုံစနစ်
Popular Vote & Electoral College
ပထမဆုံးအနေနဲ့ ရှုပ်ထွေးတယ်လို့ ထင်စရာရှိတဲ့ အမေရိကန်ရွေးကောက်ပွဲပါ။ တခြားနိုင်ငံတွေနဲ့ မတူဘဲ သမ္မတလောင်းတွေအများကြီး ရွေးကောက်ပွဲမှာ ကိုယ်တိုင်မဲဆွယ်ကြတာမျိုးပါ။ ပြည်သူက သမ္မတကို တိုက်ရိုက်ရွေးတယ်လို့ ထင်စရာရှိပေမဲ့ ကြားထဲ တဆင့်ခံထားပါသေးတယ်။ အဲဒါကတော့ electoral college လို့ခေါ်တဲ့အဆင့်ပါ။ တကယ်က ပြည်သူက electors တွေကို မဲပေးလိုက်ကြတာပဲဖြစ်ပြီး ဒီ electors အရေအတွက်ပေါ်မူတည်ပြီး ဘယ်သူသမ္မတဖြစ်လဲဆိုတာ အဆုံးအဖြတ်ပေးတာပါ။ ပြည်နယ်အသီးသီးက ပြည်သူတွေ ကိုယ်တင်ချင်တဲ့သမ္မတကို မဲပေးပြီး မဲရလဒ်ထွက်လာတဲ့ဟာကို popular vote လို့ခေါ်ပါတယ်။ ခုနက ပြောခဲ့သလို popular vote က အဆုံးအဖြတ်မဟုတ်သေးပါဘူး။ ပြည်သူတွေကိုယ်စား သမ္မတတွေကို အဆုံးအဖြတ်ပေးမယ့် elector တွေကိုပဲ ရွေးချယ်လိုက်တဲ့အဆင့်ပဲ ရှိသေးတာပါ။ များသောအားဖြင့် popular vote အရ ပြည်နယ်အများစုမှာ နိုင်ပေမဲ့ electoral college မှာ ရှုံးသွားတဲ့ သာဓကတွေလည်း အများကြီးပါ။ ဥပမာ ဟီလာရီကလင်တန်နဲ့ ဒေါ်နယ်ထရမ့်ဖြစ်ပါတယ်။ တကယ်က popular vote မှာ ဟီလာရီကလင်တန်က များပါတယ်။ ပြောမယ်ဆို တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူတဦးချင်းစီအလိုက်ပေးတဲ့မဲအရေအတွက်နဲ့ဆို ဟီလာရီကလင်တန်က နိုင်ပါတယ်။ ဒါပေမဲ့ electoral college ကနေ elector တဦးချင်းစီက ပေးတဲ့ မဲအရေအတွက်ရတော့ ဟီလာရီကလင်တန် ရှုံးသွားပါတယ်။
Electoral college က elector အရေအတွက်က အမေရိကန်လွှတ်တော်နှစ်ရပ်မှာရှိတဲ့ ကိုယ်စားလှယ်အရေအတွက်နဲ့ အတူတူပါပဲ။ ဆိုတော့ အမေရိကန်လွှတ်တော်နှစ်ရပ်မှာရှိတဲ့ ကိုယ်စားလှယ်အရေအတွက်+ ၃ ဦးပါ။ စုစုပေါင်း ၅၃၈ ဦး ရှိပါတယ်။ ၃ ဦးက ဝါရှင်တန်ဒီစီမြို့တော်ကို ကိုယ်စားပြုပါတယ်။ အမေရိကန်မှာ ပြည်နယ်ရဲ့ အရွယ်အစားနဲ့ လူဦးရေအပေါ်မူတည်ပြီး ပြည်နယ်အလိုက် elector အရေအတွက်လည်း မတူကြပါဘူး။ ဥပမာဆိုပါတော့ ကယ်လီဖိုးနီးယားပြည်နယ်မှာ elector အရေအတွက် ၅၅ ဦးရှိပြီး နယူးယောက်ပြည်နယ်နဲ့ ဖလော်ရီဒါပြည်နယ်တွေမှာတော့ elector ၂၉ စီ ရှိပါတယ်။ ဒါပေမဲ့ ပန်ဆယ်လ်ဗေးနီးယားနဲ့ အီလီနွိုက်စ်ပြည်နယ်တွေမှာဆို elector ၂၀ စီပဲ ရှိပါတယ်။ အဲဒီလိုပဲ တခြားပြည်နယ်တွေမှာ elctor ၁၆ ဦးရှိတဲ့ပြည်နယ်၊ ၁၁ ဦးရှိတဲ့ ပြည်နယ်၊ ၁၀ ဦးရှိတယ်ပြည်နယ် စသည်ဖြင့် ရှိပါတယ်။ ဒီနေရာမှာ စိတ်ဝင်စားဖို့ ကောင်းတာက ပြည်နယ်အလိုက် popular vote တွေ မဲပေးကြပြီဆိုပါတော့ ဟီလာရီကို မဲပေးတဲ့အရေအတွက်က ၅၀% ထက် ကျော်နေရင် အဲဒီပြည်နယ်မှာရှိတဲ့ elector အရေအတွက်အားလုံးကို ဟီလာရီက ရပါတယ်။ ဥပမာ ကယ်လီဖိုးနီးယားမှာ ပြည်သူတွေ ဟီလာရီကိုပေးတဲ့ မဲအရေအတွက် ၆၁% ရှိပြီး ထရမ့်ကို ပေးတဲ့မဲအရေအတွက်က ၃၁% ရှိတယ်ဆိုပါစို့၊ ဒီပြည်နယ်က elector ၅၅ ဦးကို ၆၁ နဲ့စားပြီး ဟီလာရီယူ၊ ကျန်တာကို ထရမ့်ယူဆိုပြီးမရပါဘူး၊ ၅၀% ကျော်နေတာဖြစ်တဲ့အတွက် အဲဒီပြည်နယ်ကိုယ်စားပြုတဲ့ ၅၅ ဦးလုံးကို ဟီလာရီရတာပါ။ ခုနက ၃၁% ရှိနေတဲ့ ထရမ့်က တမဲမှ မရပါဘူး။
၂၀၁၆ မဲပေးပွဲမှာ ဟီလာရီက elector အရေအတွက်များတဲ့ ပြည်နယ်ကြီးတွေအပါအ၀င် ပြည်နယ် ၂၀ မှာ အနိုင်ရပေမဲ့ ထရမ့်က ပြည်နယ် ၃၀ မှာ အနိုင်ရပြီး elector အရေအတွက်က ၃၀၄ ဦးအထိ ရသွားလို့ လွတ်လွတ်ကျွတ်ကျွတ်ကြီးကို သမ္မတ ဖြစ်သွားပါတယ်။ တကယ်တမ်း ခုနက ပြည်နယ်တွေမှာ ထရမ့်နိုင်တယ်ဆိုတာ အပြတ်အသတ်ကြီးနိုင်တာမဟုတ်ပါဘူး။ ပြည်နယ်အများစုမှာ ၅၁%/ ၅၂% လောက်နဲ့ ကပ်နိုင်တာပါ။ ဒါပေမဲ့ နိုင်သူအကုန်ယူ (winner-takes-all) စနစ်အရ အဲဒီပြည်နယ်တွေရဲ့ elector တွေကို အကုန်ရပြီး အခုလို နိုင်သွားတာပါပဲ။
အမေရိကန်မှာ ဒီမိုကရက်နဲ့ ရီပါဘလီကန်ပါတီကြီးနှစ်ခု ရှိတာမှာ ဘယ်ပြည်နယ်ကတော့ ဘယ်ပါတီအမာခံဆိုတာ ပုံသေတွက်လို့ရတဲ့ပြည်နယ်တွေရှိသလို အမြဲသတိထားပြီး အကြိတ်အနယ်ပြိုင်ရတတ်တဲ့ ပြည်နယ်တွေလည်း ရှိပါတယ်။ ဒီပြည်နယ်တွေကို အင်္ဂလိပ်လို swing states တွေလို့ ခေါ်ပါတယ်။ ဥပမာ အရီဇိုးနား၊ ဂျော်ဂျီယာ၊ မီချီဂန်၊ နီဗားဒါး၊ မြောက်ကာရိုလိုင်းနား၊ ပန်ဆယ်လ်ဗေးနီးယား၊ ၀င်စ်ကိုစင်နဲ့ နယူးဟမ်းရှိုင်းယားတို့လို ပြည်နယ်တွေဖြစ်ပါတယ်။ ဥပမာပေးရရင် ဒီပြည်နယ်တွေမှာ ၂၀၂၀ ဘိုင်ဒန်ပြိုင်တုန်းက နိုင်ခဲ့ပေမဲ့ ၂၀၂၄ မှာကျ ထရမ့်အကုန်နိုင်သွားပါတယ်။
သမ္မတဖြစ်ဖို့အတွက် electoral college vote အရေအတွက် ၂၇၀ ရဖို့ လိုပါတယ်။ များသောအားဖြင့် မဲ ၂၇၀ ကျော်ရပြီး တပါတီတည်းကပဲ နိုင်သွားတာမျိုးရှိပေမဲ့ တခါတလေ မဲ ၂၇၀ မရခဲ့သည်ရှိသော် အောက်လွှတ်တော်က သမ္မတရွေးခွင့်ရှိပြီး အထက်လွှတ်တော်ဆီးနိတ်ကတော့ ဒုသမ္မတကို ရွေးရပါတယ်။
မဲပေးတဲ့အကြောင်း ပြောပြီးပြီဆိုတော့ လွှတ်တော်စနစ်အကြောင်းပြောပါမယ်။ အမေရိကန်မှာ လွှတ်တော်စနစ်ကို ကွန်ဂရက် (congress) လို့ ခေါ်ပါတယ်။ ကွန်ဂရက်မှာ အထက်လွှတ်တော် (Senate) နဲ့ အောက်လွှတ်တော် (The House of Representatives) ဆိုပြီး ရှိပါတယ်။ အထက်လွှတ်တော်က အာဏာပိုရှိတာဖြစ်ပြီး အောက်လွှတ်တော်က တင်သွင်းလာတဲ့အဆိုကို အထက်လွှတ်တော်က မဲခွဲဆုံးဖြတ်ပြီး ပယ်ချပိုင်ခွင့် ရှိပါတယ်။ တခါတလေ ပါတီတခုကနေ သမ္မတဖြစ်သွားပေမဲ့ သူ့ပါတီက လွှတ်တော်ထဲမှာ အရေအတွက်နည်းနေတာလည်း ဖြစ်နိုင်ပါတယ်။ ဆက်ပြောရမယ်ဆိုရင် အထက်လွှတ်တော်အမတ် သို့မဟုတ် ဆီနိတ်တာတွေဟာ စုစုပေါင်း အယောက် ၁၀၀ ရှိပါတယ်။ ဒါဟာ အမေရိကန်က ပြည်နယ် ၅၀ ရှိတာမှာ ပြည်နယ် တခုကို ကိုယ်စားလှယ် ၂ ဦးနှုန်းနဲ့ စုစုပေါင်း ၁၀၀ ရှိနေတဲ့သဘောပါ။ အောက်လွှတ်တော်ကတော့ ပြည်နယ်အရွယ်အစား၊ လူဦးရေနဲ့ မဲဆန္ဒနယ်အပေါ်မူတည်ပြီး တွက်တာကြောင့် ပြည်နယ်တစ်ခုနဲ့တစ်ခု အောက်လွှတ်တော်အမတ်အရေအတွက်ချင်း မတူပါဘူး။ အောက်လွှတ်တော်အမတ် စုစုပေါင်း ၄၃၅ ဦး ရှိပါတယ်။
အောက်လွှတ်တော်မှာကတော့ ပါတီနှစ်ခုက ကိုယ်စားလှယ်အရေအတွက် တူဖို့ဆိုတာ မဖြစ်နိုင်ပေမဲ့ ဆီးနိတ်မှာတော့ ဖြစ်နိုင်ပါတယ်။ ဥပမာ ဒီမိုကရက်ဘက်ကလည်း ၅၀-ရီပါဘလီကန်ဘက်ကလည်း ၅၀ ဖြစ်တဲ့အခြေအနေရှိနိုင်ပါတယ်။ အဲဒီအခါမှာ ဒုသမ္မတရဲ့မဲက အဆုံးဖြတ်ပါပဲ။ အဲဒါကြောင့် မကြာသေးခင်က One Big Beautiful Bill Act အတွက် မဲပေးတော့ မဲအရေအတွက်တူပြီး အဆုံးအဖြတ်ပေးလို့မရလို့ ဒုသမ္မတ ဂျေဒီဗန့်စ်က ရီပါဘလီကန်ဘက်ကနေ ၁ မဲဝင်ပေးပြီး ဥပဒေကြမ်းအတည်ပြုပြီး သမ္မတထရမ့် လက်မှတ်ထိုးလို့ ရသွားပါတယ်။
အခုပြောခဲ့တဲ့အချက်အလက်တွေကိုကြည့်မယ်ဆိုရင် ပုံမှန်အခြေအနေမှာ လွှတ်တော်က သမ္မတကို တိုက်ရိုက်ရွေးလို့မရသလို ပြည်သူကလည်း တိုက်ရိုက်ရွေးလို့မရဘူးဆိုတာ တွေ့ရမှာပါ။ ဒါဟာ အမေရိကန်ရဲ့ founding fathers လို့ခေါ်ကြတဲ့ အမေရိကန်တည်ထောင်သူတွေက electoral college ဆိုတဲ့ဟာကို ကြားခံထားပြီး လူအုပ်နဲ့အနိုင်ယူတဲ့စနစ်မဖြစ်လာအောင် ကြိုကာထားတဲ့သဘောပါ။ Maine နဲ့ Nebraska လိုမျိုး ပြည်နယ်နှစ်ခုမှာဆိုရင် မဲနိုင်သူအကုန်ရစနစ်မဟုတ်ပြန်ပါဘူး။ ဒါက သူ့စနစ်နဲ့ သူ့ဟာသူ ပြန်ထိန်းကျောင်းလို့ရအောင် ကြိုကာထားတဲ့သဘောပါ။
နောက်ပြီး ရွေးကောက်ခံတွေရဲ့ သက်တမ်းကို ပြောပြချင်ပါတယ်။ အမေရိကန်သမ္မတတွေရဲ့ သက်တမ်းက ၄ နှစ်ဖြစ်ပြီး ၂ ကြိမ်ထက်ပိုပြီး သမ္မတ လုပ်ခွင့် မရှိပါဘူး။ အောက်လွှတ်တော်အမတ်တွေရဲ့သက်တမ်းကတော့ ၂ နှစ်ပါ။ ၂ နှစ်တကြိမ် အမြဲ ရွေးကောက်ပွဲရှိပါတယ်။ အထက်လွှတ်တော်အမတ်တွေရဲ့သက်တမ်းကတော့ ၆ နှစ်ဖြစ်ပေမဲ့ သူတို့လည်း ၂ နှစ်တကြိမ် ရွေးကောက်ပွဲရှိပါတယ်။ ဒါပေမဲ့ အောက်လွှတ်တော်နဲ့ မတူတာက အောက်လွှတ်တော်က အမတ်အကုန်လုံး ၂ နှစ်တကြိမ် ရွေးကောက်ပွဲဝင်ကြရပေမဲ့ အထက်လွှတ်တော် ဆီးနိတ်ကတော့ သုံးပုံတပုံပဲ ရွေးကောက်ပွဲဝင်ကြရတာပါ။ ဒါကလည်း အမေရိကန်ဖောင်းဒင်းဖားသားတွေရဲ့ ကြိုမြင်ပြီး စီစဥ်ထားမှုပါ။ ဘာလို့ဆို အထက်လွှတ်တော်က ရှိသမျှအမတ်တွေအကုန် လူစားလဲလိုက်ရင် နိုင်ငံရေးအရ၊ မူဝါဒတွေအရ မတည်မငြိမ်တာတွေ ဖြစ်သွားနိုင်လို့ပါ။ ဒါကြောင့် ပထမဆုံးအကြိမ် အမေရိကန်ရဲ့ လွှတ်တော်ဆိုပြီး စခေါ်ကတည်းက အဲဒီလိုသတ်မှတ်ထားတာပါ။ အဲဒီတော့ အထက်လွှတ်တော်မှာ ၂ နှစ်တကြိမ် ရွေးကောက်ပွဲရှိပေမဲ့ အထက်လွှတ်တော်အမတ်တွေရဲ့ သက်တမ်း ၆ နှစ်ကတော့ မပြောင်းလဲပါဘူး။
ယူကေရဲ့ ရွေးကောက်ပွဲ
ယူကေမှာကတော့ အထက်လွှတ်တော်ကို House of Lords လို့ ခေါ်ပြီး အောက်လွှတ်တော်ကိုတော့ House of Commons လို့ ခေါ်ပါတယ်။ House of Lords က ပုဂ္ဂိုလ်တွေကို ပြည်သူက တိုက်ရိုက်ရွေးတာမဟုတ်ပါဘူး။ အောက်လွှတ်တော် House of Common က ကိုယ်စားလှယ်တွေကိုပဲ တိုက်ရိုက်ရွေးခွင့် ရှိပါတယ်။ အဲဒီတော့ ယူကေရဲ့အမြင့်ဆုံးနိုင်ငံရေးရာထူးဖြစ်တဲ့ ဝန်ကြီးချုပ်ကို အောက်လွှတ်တော်ကပဲ ရွေးချယ်ပါတယ်။ အောက်လွှတ်တော်က ရွေးလိုက်တဲ့ဝန်ကြီးချုပ်လောင်းကို ဘုရင်/ဘုရင်မက ခန့်လိုက်တာပါပဲ။ အထက်လွှတ်တော်က ပယ်ချပိုင်ခွင့်မရှိပါဘူး။ အထက်လွှတ်တော်ဟာ ဟိုးအရင်က လုပ်ပိုင်ခွင့်အများကြီးရှိပေမဲ့ အခုနောက်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေကြောင့် သူတို့က ဥပဒေမဖြစ်အောင် ပယ်ချလို့မရဘဲ ကြန့်ကြာအောင် ဆိုင်းငံ့ထားလို့ပဲ ရနိုင်ပါတော့တယ်။ ငွေကြေးတို့၊ အခွန်တို့နဲ့ပတ်သက်တဲ့ဥပဒေကလွဲရင် ကျန်တဲ့ဥပဒေတွေကို ၁ နှစ်အထိ ဆိုင်းထားနိုင်ခွင့်ရှိပါတယ်။ ၁ နှစ်ကျော်သွားရင်တော့ အောက်လွှတ်တော်က ကြိုက်သလို ဆုံးဖြတ်ခွင့်ရှိပါတယ်။ ခုနကပြောခဲ့တဲ့ ငွေကြေးတို့၊ အခွန်တို့နဲ့ပတ်သက်တဲ့ဥပဒေဆိုရင်တော့ ၁ လထက်ပိုပြီး အချိန်ဆွဲထားပိုင်ခွင့် မရှိပါဘူး။
House of Lords မှာ အမတ်အရေအတွက်က ၈၀၀ နီးပါးလောက်ရှိပါတယ်။ အရင်ကဆို အကုန်လုံးက သူ့ရဲ့အမတ်နေရာကို နောက်မျိုးဆက်တွေကို လက်ဆင့်ကမ်းပေးပိုင်ခွင့်ရှိပါတယ်။ ဒါပေမဲ့ ၁၉၉၉ ခုနှစ်နောက်ပိုင်း လေဘာပါတီက တက်လာတဲ့ ဝန်ကြီးချုပ်တိုနီဘလဲလက်ထက်မှာ မျိုးရိုးစဥ်ဆက် အမတ်ဆက်ခံပိုင်ခွင့်ရှိသူ အယောက် ၆၀၀ လောက် သူတို့ရဲ့အမတ်ရာထူးကို စွန့်လိုက်ကြပါတယ်။ အခုလောလောဆယ် မျိုးရိုးစဥ်ဆက်အလိုက် အမတ်ရာထူးကို လက်ဆင့်ကမ်းပိုင်ခွင့်ရှိသူအရေအတွက်က ၉၂ ဦးပဲ ကျန်ပါတော့တယ်။ သူတို့ကို အင်္ဂလိပ်လို hereditary peers လို့ ခေါ်ပါတယ်။ ဒါပေမဲ့ အခု အထက်လွှတ်တော်မှာရှိနေတဲ့ ကျန်တဲ့အမတ်တွေက လက်ဆင့်ကမ်းပိုင်ခွင့်မရှိပေမဲ့ သူတို့ရဲ့အမတ်ရာထူးက တသက်တာဖြစ်ပါတယ်။ သူတို့ကိုတော့ အင်္ဂလိပ်လို life peers လို့ ခေါ်ပါတယ်။ သူတို့မသေမချင်း လွှတ်တော်ထဲ ထိုင်နေလို့ရပါတယ်။ သူတို့ကိုကျတော့ ဝန်ကြီးချုပ်က ရွေးချယ်ပြီး ခန့်ပိုင်ခွင့်ရှိပါတယ်။ ဝန်ကြီးချုပ်ခန့်ထားတဲ့သူကို ဘုရင်/ဘုရင်မက တရားဝင်အတည်ပြုခန့်ပေါ့လေ။ အဲဒီတော့ နောက်ထပ် ဝန်ကြီးချုပ်အသစ်တက်လာရင်ရော House of Lords က လူဟောင်းတွေကို လူစားထိုးခွင့်ရှိလားဆို မရှိပါဘူး။ ဒါပေမဲ့ အသစ်ခန့်အပ်ခွင့်တော့ ရှိပါတယ်။ House of Lords မှာက အရေအတွက် သတ်မှတ်ထားတာမရှိလို့ ဝန်ကြီးချုပ်အသစ်က lord အသစ် ထပ်ထည့်ချင်ရင် ထည့်လို့ရပါတယ်။ House of lords မှာ နောက်ထပ် ရှိနေသေးတဲ့တစုကတော့ ဘစ်ရှော့တွေပါ။ သူတို့က နိုင်ငံရေးပါတီတွေကို ကိုယ်စားမပြုဘဲ Church of England ကိုပဲ ကိုယ်စားပြုပါတယ်။ ဒါကြောင့် နိုင်ငံရေးကိစ္စတွေမှာ ဝင်ဆွေးနွေးလေ့မရှိဘဲ ကျင့်ဝတ်ပိုင်း၊ လူမှုရေးပိုင်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာပဲ ဝင်ဆွေးနွေးလေ့ရှိပါတယ်။ ဘာသာရေး၊ ပညာရေးနဲ့ လူမှုရေးပိုင်းတွေပဲ ပြောတာများပေမဲ့ ဥပဒေပြုရေးမှာတော့ မဲပေးခွင့်ရှိပါတယ်။
အလွယ်ပြောမယ်ဆိုရင် House of Lords က ပုဂ္ဂိုလ်တွေအများစုက မျိုးရိုးစဥ်ဆက်အရ မှူးမတ်တွေ၊ သူကောင်းမျိုးတွေ၊ မြို့စား၊ နယ်စားတွေပါ။ အင်္ဂလိပ်လိုပြောရင် duke, earl, baron, viscount ပေါ့နော်။ ပြုပြင်ပြောင်းလဲမှုတွေလုပ်ပြီးတဲ့နောက်ပိုင်း အသစ်ခန့်ခံရတဲ့ House of Lords အဖွဲ့ဝင်ကို ဘုရင်/ဘုရင်မက အလားတူ ရာထူးမျိုးပေးပြီး နယ်ပယ်တခုကို အပိုင်စားခွင့်ပေးပါတယ်။ သူတို့မှာ အရင်က မျိုးရိုးမရှိပေမဲ့လည်းပေါ့လေ။ ဥပမာ Alan Sugar ဆိုတဲ့ စီးပွားရေးသမားကို မန်ချက်စတာနယ်ကို အပိုင်စားပေးလိုက်တယ်ဆိုရင်၊ Baron Sugar of Manchester ပေါ့လေ။ Clapton ဆိုတဲ့နယ်ကိုပေးလိုက်ရင် Baron Sugar of Clapton ပေါ့လေ။
ပြုပြင်ပြောင်းလဲမှုတွေကြောင့် အခုဆို House of Commons က lower chamber ဖြစ်နေပေမဲ့ အာဏာအရှိဆုံး supreme ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ခန့်အပ်တာ၊ ဥပဒေအတည်ပြုတာတွေကို House of Commons မှာ စိတ်ကြိုက်လုပ်ပိုင်ခွင့် ရှိပါတယ်။ ဘုရင်ကတော့ အဆောင်အယောင်အနေနဲ့ပဲ ရှိတော့တဲ့သဘောပါပဲ။
ရွေးကောက်ပွဲကိုပြောရရင် House of Commons က ၅ နှစ်တကြိမ် ရွေးကောက်ပွဲလုပ်ပါတယ်။ ဝန်ကြီးချုပ်သက်တမ်းကလည်း ၅ နှစ်ပါပဲ။ ဒါပေမဲ့ ဆက်ရွေးခံရလို့ရှိရင် သက်တမ်းအကန့်အသတ်မရှိ ဆက်သွားလို့ရပါတယ်။ ဒီနေ့ခေတ်မှာတော့ သက်တမ်း ၃ ဆက်အထိ တာဝန်ယူကြတာ တွေ့ရပါတယ်။ ဒါပေမဲ့ သက်တမ်းမကုန်ခင် နုတ်ထွက်သွားတာမျိုးလည်း ရှိပါတယ်။ Iron Lady လို့ တင်စားကြတဲ့ မာဂရက်သက်ချာဆိုရင် သက်တမ်းသုံးဆက်မြောက်မှာ နုတ်ထွက်သွားတာပါ။ တခုရှိတာက မကြာသေးခင်က ပြောင်းလဲလိုက်တဲ့ဥပဒေအရ ဝန်ကြီးချုပ်က ၅ နှစ်မပြည့်လည်း ရွေးကောက်ပွဲ ခေါ်ယူပိုင်ခွင့် ရှိပါတယ်။
ယူကေမှာ အဓိက ပါတီကြီးနှစ်ခုကတော့ လေဘာပါတီနဲ့ ကွန်ဆာဗေးတစ်ပါတီပါ။ အလွယ်မှတ်ရင်တော့ ကွန်ဆာဗေးတစ်ပါတီက ဘုရင်စနစ်ကို ထောက်ခံသူတွေပါ။ တတိယအင်အားအများဆုံးပါတီကတော့ လစ်ဘရယ်ဒီမိုကရက်ပါတီပါ။ ယူကေရဲ့ နိုင်ငံရေးစနစ်နဲ့ စိတ်၀င်စားစရာ တိုးရီးနဲ့ ဝှစ်ပါတီအကြောင်းကို နောက်ထပ်ဗီဒီယိုသပ်သပ်လုပ်ပြီး ပြောပါမယ်။
မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲနဲ့ သမ္မတရွေးချယ်ပုံ
မြန်မာနိုင်ငံကတော့ စစ်တပ်က အကန့်အသတ်နဲ့ လုပ်ခွင့်ပေးထားတာမို့ semi-democracy လို့ ပြောရမှာပါ။ ၅ နှစ်တကြိမ် ရွေးကောက်ပွဲလုပ်ပါတယ်။ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အများစုမှာ နိုင်ပြီး လွှတ်တော်ကိုယ်စားလှယ်အများဆုံးရတဲ့ပါတီက သမ္မတနဲ့ ဒုသမ္မတတစ်ဦး ရွေးချယ်ခွင့် ရှိပါတယ်။ သတ်မှတ် ကိုယ်စားလှယ်အရေအတွက်မပြည့်ရင် တခြားနိုင်ငံရေးပါတီတွေနဲ့ ညွန့်ပေါင်း ဖွဲ့ရမှာပါ။ မြန်မာနိုင်ငံမှာ ပြည်သူက သမ္မတကို တိုက်ရိုက်ရွေးချယ်ခွင့်မရှိ၊ တက်လာမယ့်သမ္မတ ဘယ်သူဘယ်ဝါဖြစ်မလဲဆိုတာမသိပေမဲ့ ကိုယ်နှစ်သက်တဲ့ပါတီကို မဲပေးပြီး ဒီပါတီက ရွေးတဲ့သမ္မတကို လက်ခံတဲ့သဘောပါပဲ။ တကယ်လို့သာ အာဏာမသိမ်းဘဲ ဒီအတိုင်း ဆက်သွားရင် နောက်ပိုင်းမှာ သမ္မတဖြစ်နိုင်ချေ ဘယ်သူရှိလဲဆိုတာ လူတွေ ခန့်မှန်းလို့ ရလာနိုင်ပါတယ်။ ဘာလို့ဆို ပါတီကို မဲပေးတဲ့စနစ်အရ ပါတီဥက္ကဌက သမ္မတဖြစ်ဖို့ အခွင့်အရေး အများဆုံးမို့ပါပဲ။ ပါတီဥက္ကဌမဟုတ်ရင်တောင် ပါတီခေါင်းဆောင်ပိုင်းမှာ ရေပန်းအစားဆုံးလူက သမ္မတဖြစ်လာဖို့ အခွင့်အရေး များပါတယ်။ အခုပြောတာတွေကလည်း ထောက်ပြစရာ၊ ဝေဖန်စရာ ရှိကောင်းရှိနိုင်ပါတယ်။ ဒါပေမဲ့ပေါ့လေ။
ဆက်ပြောရရင် မြန်မာရဲ့ ပါလီမန်စနစ်ပေါ့လေ။ အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော်လို့ ခေါ်ပြီး အောက်လွှတ်တော်ကိုတော့ ပြည်သူ့လွှတ်တော်လို့ ခေါ်ပါတယ်။ လွှတ်တော်နှစ်ရပ်ပေါင်းကိုတော့ ပြည်ထောင်စု လွှတ်တော်လို့ ခေါ်ပါတယ်။ လွှတ်တော် နှစ်ရပ်ကနေ သမ္မတလောင်းနှစ်ဦးကို တင်ပါတယ်။ စစ်တပ်ဘက်က သမ္မတလောင်းတစ်ဦးကို တင်ပါတယ်။ စုစုပေါင်း သုံးဦးပါ။ အဲဒီထဲကမှ မဲအများဆုံးသူက သမ္မတဖြစ်ပြီး ဒုတိယမဲအများဆုံးသူက ဒုသမ္မတ ၁၊ တတိယမဲအများဆုံးသူက ဒုသမ္မတ ၂ ဆိုပြီး ဖြစ်လာမှာပါ။ မြန်မာမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD နိုင်ပြီး လွှတ်တော်ခေါ်၊ သမ္မတရွေးတော့ အလားတူ သမ္မတ ၂ ဦး တင်ပါတယ်။ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူပါ။ ပထမဆုံးအကြိမ်လည်းဖြစ် NLD က ရွေးတဲ့ သမ္မတလောင်းမှာ မဲအရေအတွက် နည်းမှာစိုးတဲ့အတွက် ဦးထင်ကျော်ကို မဲဝိုင်းပေးလိုက်တဲ့အချိန်မှာ ဦးဟင်နီဗန်ထီးယူမှာ မဲနည်းသွားပြီး စစ်တပ်က တင်တဲ့ ဦးမြင့်ဆွေက ဒုသမ္မတ ၁ ဖြစ်လာပါတယ်။ ဦးဟင်နရီဗန်ထီးယူကတော့ ဒုသမ္မတ ၂ ဖြစ်လာပါတယ်။
လွှတ်တော်အမတ်တွေထဲမှာ ကျန်းမာရေးကြောင့်သော်လည်းကောင်း၊ နုတ်ထွက်မှုကြောင့်သော်လည်းကောင်း၊ သေဆုံးမှုကြောင့်သော်လည်းကောင်း လစ်လပ်သွားတာတွေရှိတတ်တာမို့ by election ဆိုပြီး ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပတဲ့စနစ်လည်း ရှိပါတယ်။ ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲလုပ်ပြီး NLD က ဝင်ပြိုင်ခဲ့ပါတယ်။ မြန်မာရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လွှတ်တော်တိုင်းမှာ စစ်တပ်တိုက်ရိုက်ရွေးကောက်တဲ့ လွှတ်တော်ကိုယ်စားလှယ်က ၂၅% ရှိနေမှာဖြစ်ပြီး အစိုးရဝန်ကြီးအဖွဲ့မှာဆိုလည်း အရေးကြီးဆုံးလို့ပြောလို့ရတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးရာလို ဝန်ကြီးဌာနတွေကို စစ်တပ်က တိုက်ရိုက်ခန့်ပါတယ်။
ကဲ.. လောလောဆယ် ဒီလောက်ပါပဲ။ သိချင်တာတွေရှိရင် ကွန်မန့်ရေးပြီး မေးလို့ရပါတယ်။ အဆုံးထိ ကြည့်ရှုပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။