Burmese Past - မြန်မာ့အတိတ်

Burmese Past - မြန်မာ့အတိတ် မြန်မာ့သမိုင်းကြောင်းများနဲ့ ဖတ်ရှ

-မြန်မာ့ မှတ်သားဖွယ်ရာသမိုင်းကြောင်းများကို လူအများ စိတ်ပါဝင်စားမှု ပိုမိုတိုးမြင့်လာစေရန်
-မြန်မာစာပေ နှင့် စာအုပ်များကို တတ်စွမ်းသမျှ စုစည်းပေးရန်
-သမိုင်းကြောင်းကို မြန်မာစာဖတ်ပရိသတ်နှင့် မိတ်ဆက်ပေးနိုင်ရန်

အတာရေသင်္ကြန်ပွဲတော်ကြောင့် ဘ၀ဇာတ်သိမ်းမလှခဲ့သူ မိဖုရားစောလုံ-----------------------------------------မြန်မာရာဇဝင်မှာ "အ...
15/04/2025

အတာရေသင်္ကြန်ပွဲတော်ကြောင့် ဘ၀ဇာတ်သိမ်းမလှခဲ့သူ
မိဖုရားစောလုံ
-----------------------------------------
မြန်မာရာဇဝင်မှာ "အကျီစားသန်က ရန်များရ၏"၊ "အချစ်ကြီးလို့ အမျက်ကြီး" ဆိုတဲ့ ဆိုရိုးစကားတွေက မှန်ကန်ကြောင်းကို သက်သေပြခဲ့ဖူးတဲ့ မိဖုရားတစ်ပါး အမှန်တကယ်ရှိခဲ့ဖူးပါတယ်။
အဲဒီသူကတော့ အတာရေသင်္ကြန်ပွဲတော်ကြောင့် ကံဆိုးမိုးမှောင်ကျပြီး ဘဝဇာတ်သိမ်းမလှခဲ့တဲ့ “မိဖုရားစောလုံ” ပဲဖြစ်ပါတယ်။
ရုပ်ဆင်းအင်္ဂါ ချောမောလှပပြီး ဘုရင့်အချစ်ဆုံးမိဖုရားဖြစ်ခဲ့တဲ့ စောလုံရဲ့ ဘဝဇာတ်ကြောင်းက ဘယ်လိုကြောင့်များ ရာဇဝင်မှာ စာတင်ရလောက်တဲ့အထိ ဖြစ်ခဲ့ရသလဲဆိုတာကိုတော့ ဇာတ်လမ်း Z-Lann နဲ့အတူ ဆက်လက်လေ့လာကြည့်လိုက်ရအောင်နော်။
မိဖုရားစောလုံဟာ ရှမ်းပြည်မှ သီပေါစော်ဘွားကြီးရဲ့ သမီးတော်တစ်ပါးဖြစ်ပြီး “တရုတ်ပြေးမင်း” လို့ လူသိများတဲ့ “နရသီဟပတေ့မင်း” ရဲ့ မိဖုရားတွေထဲက တစ်ပါးဖြစ်ပါတယ်။
နရသီဟပတေ့မင်းဆိုတာကတော့ အလောင်းစည်သူမင်းကြီးရဲ့ မြေးတော်၊ ဥဇနာမင်းကြီးရဲ့ သားတော်ဖြစ်ပြီး ပုဂံမင်းဆက်ရဲ့ ၅၂ ဆက်မြောက်မင်းလည်း ဖြစ်ပါတယ်။
နရသီဟပတေ့မင်းဟာ ပုဂံထီးနန်းကို နှစ်ပေါင်း ၃၀ ကျော် သိမ်းပိုက်စိုးစံနိုင်ခဲ့တာကြောင့် နန်းသက်ရှည်တဲ့ဘုရင်တစ်ပါးအဖြစ်မှတ်ယူနိုင်ပြီး ရာဇဝင်ကျမ်းတွေရဲ့ ရေးသားဖော်ပြချက်အရဆိုရင်တော့ သူက ကျန်းမာရေးလည်း အလွန်ကောင်းမွန်သလို သမ်းဝေခြင်း၊ နှာချေခြင်းမျှပင်မဖြစ်ဖူးတဲ့သူလို့ သိရပါတယ်။
ဒါ့အပြင် အစားအသောက်ကိုလည်း ခုံမင်နှစ်ခြိုက်သူဖြစ်တာကြောင့် ပွဲတော်တည်တဲ့အခါမျိုးမှာ ဟင်းခွက်အရေအတွက် ၃၀၀ ပြည့်တော့မှသာလျှင် ပွဲတော်တည်လေ့ရှိတဲ့မင်းတစ်ပါးအဖြစ်လည်း သမိုင်းမှတ်တမ်းတင်ခြင်းခံထားရတာကို တွေ့ရပါတယ်။
နောက်ထပ်သမိုင်းရာဇဝင်ကျမ်းတွေထဲမှာတော့ နရသီဟပတေ့မင်းဟာ အကျီစားသန်သလို အမျက်ဒေါသလည်း ကြီးပြီး စိတ်မထင်ရင် မထင်သလို ပြုလုပ်တတ်သူဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
အထူးသဖြင့် အိပ်ရာနိုးလာတဲ့အခါမှာဆိုရင် အနီးအနားမှာရှိတဲ့ လက်နက် (သို့မဟုတ်) အရာ၀တ္ထုပစ္စည်းတစ်ခုခုနဲ့ ဘေးနားမှာရှိတဲ့ ရံရွှေတော်တွေ၊ မှူးမတ်တွေကို ပစ်ပေါက်တတ်တဲ့ အကျင့်လည်း ရှိပါတယ်။
ဒါကြောင့် မိဖုရားစောလုံဟာ နရသီဟပတေ့မင်းကြီး အိပ်မောကျနေတဲ့အချိန်တွေမှာဆိုရင် လက်နက်တွေ၊ ပစ္စည်းတွေကို သိမ်းဆည်းထားရပြီး ပစ်ပေါက်လို့ ထိခိုက်မိတဲ့အခါမှာ နာကျင်ခြင်းမရှိစေနိုင်တဲ့ ခရမ်းသီးတွေ၊ သံပုရာသီးတွေကို ပြောင်းလဲထားရှိပေးရပါတယ်။
နရသီဟပတေ့မင်းကြီးဟာ သူ့ရဲ့မိဖုရားတွေထဲမှာဆိုရင် မိဖုရားစောလုံကို အမြတ်နိုးဆုံးဖြစ်ပြီး မိဖုရားခေါင်ကြီးဖြစ်တဲ့ မိဖုရားဖွားစောကိုတော့ အရိုသေဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
ရှမ်းမင်းသမီးတစ်ပါးဖြစ်တဲ့ မိဖုရားစောလုံဟာ ရှမ်းသွေးပါသူပီပီ အလှသွေးကြွယ်ဝသလို အိန္ဒြေသိက္ခာကြီးမားပြီး ဘာသာတရားကိုလည်း ရိုသေကိုင်းရှိုင်းတတ်သူဖြစ်တာကြောင့် သူ့ရဲ့အချိန် အများစုကို ဘာသာရေးနဲ့သာ ကျော်ဖြတ်လေ့ရှိပါတယ်။
ဒါ့အပြင် နန်းတော်အတွင်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပတဲ့အခါမှာဆိုရင်လည်း ကိုယ်တိုင်ပါဝင်ဆင်နွှဲခြင်းမရှိဘဲ ဘေးတစ်နေရာမှာသာ အသာအယာစံမြန်းနေတတ်သူရယ်ပါ။
ဒီလိုအရှက်အကြောက်ကြီးမားလွန်းတဲ့ မိဖုရားစောလုံရဲ့ ကြမ္မာငင်မှုကတော့ တစ်ခါသော နွေရာသီချိန် ဧရာဝတီမြစ်ကမ်းနံဘေးမှာ အတာသင်္ကြန်ပွဲကျင်းပခဲ့ရာကနေ စတင်ခဲ့ပါတယ်။
အဲဒီတုန်းက နရသီဟပတေ့မင်းကြီးဟာ သင်္ကြန်ပွဲမှာ ရေကစားဖို့အတွက် လူအများမမြင်နိုင်အောင် နန်းတော်ကနေ မြစ်ဆိပ်အထိကို အမိုးအကာတွေကာရံပြီး သွားရောက်ခဲ့ပါတယ်။
မြစ်ဆိပ်ကို ရောက်တဲ့အခါမှာလည်း မိဖုရားတွေ၊ ကိုယ်လုပ်တော်တွေ၊ မောင်းမမိဿံတွေနဲ့အတူ ရေကစားမဏ္ဍပ်မှာ ရေသဘင်ပွဲဆင်နွှဲခဲ့ပြီး ဒီလိုဆင်နွှဲတဲ့အချိန်အတွင်းမှာတော့ မိဖုရားစောလုံဟာ သူ့ရဲ့မူလအကျင့်အတိုင်း ပါဝင်ဆော့ကစားခြင်းမရှိဘဲ မြစ်ဆိပ်အနီးက ယာယီတဲနန်းမှာသာ ဥပုသ်သီလဆောက်တည်နေခဲ့ပါတယ်။
ဒီအခါမှာတော့ အကျီစားသန်လှတဲ့ နရသီဟပတေ့မင်းဟာ အိန္ဒြေကြီးလွန်းတဲ့ သူ့ရဲ့မိဖုရားစောလုံကို ရေတွေရွှဲရွှဲစိုရုံသာမက ရေမွန်းအောင်ပက်ဖို့အတွက် ဘေးမှာရှိတဲ့ မောင်းမမိဿံတွေကို အမိန်ပေးခဲ့ပြီး ယာယီတဲနန်းမှာရှိနေတဲ့ စောလုံကိုလည်း သူ့ဆီ လာရောက်ခစားဖို့အတွက် အခေါ်တော်လွှတ်ခဲ့ပါတယ်။
အခြေအနေအရပ်ရပ်ကို သတိမမူမိတဲ့ စောလုံကတော့ လင်တော်မောင် အရှင်မင်းကြီးရဲ့အမိန့်အတိုင်း ရှေ့တော်မှောက်ကို ခစားဖို့အတွက် ရေကစားမဏ္ဍပ်ဆီကို ဝင်လာခဲ့ပါတယ်။
ဒီလိုနဲ့ မဏ္ဍပ်ထဲရောက်တဲ့အခါ မောင်းမ မိဿံတွေက အရှင်မင်းကြီး မှာကြားထားတဲ့အတိုင်း မိဖုရားစောလုံကို တစ်ကိုယ်လုံးရွှဲရွှဲစိုရုံသာမက အသက်ရှူကြပ်အောင် ရေတွေလောင်းပက်လိုက်တာကြောင့် အရှက်ကို အသက်ထက်ပိုတန်ဖိုးထားသူ စောလုံခမျာမှာ လူပုံအလယ် အရှက်ကွဲခဲ့တဲ့အပြင် တခြားသောမိဖုရားတွေနဲ့ ရံရွှေတော်တွေရဲ့ ရယ်မောမှုကိုပါ ရရှိခဲ့ပါတော့တယ်။
ဒါတင်မကသေးဘဲ ခင်ပွန်းတော်စပ်သူ နရသီဟပတေ့မင်းကပါ သူ့ရဲ့ဖြစ်အင်ကိုရှုစားပြီး သဘောတကျနဲ့ တသောသော ရယ်မောနေခဲ့တာကြောင့် စောလုံရဲ့စိတ်မှာ ပိုမိုခံစားရခက်သွားခဲ့ပါတယ်။
အဲဒီတုန်းက အတာရေသဘင်ပွဲဆိုတာ ရေကို ခန္ဓာကိုယ်စိုရုံအနေအထားမျှသာ ယဉ်ယဉ်ကျေးကျေး ပက်ဖျန်းလေ့ရှိတဲ့ ဓလေ့အဖြစ်သာ ရှိသေးတာပါ။
ဒါကြောင့် ခေါင်းအစ ခြေအဆုံး တစ်ကိုယ်လုံးရွှဲရွှဲစိုပြီး အသက်ရှုကြပ်လောက်အောင် ရေတွေလောင်းချခံထားရသူ စောလုံအတွက်ကတော့ ဒီအဖြစ်ဟာ အသည်းခိုက်အောင် အလွန်နာကျင်စရာကောင်းခဲ့သလို ခင်ပွန်းဖြစ်သူအပေါ်မှာလည်း နာကျည်းစိတ်တွေ၊ ရန်ငြိုးတွေ ဖြစ်ပေါ်စေပါတော့တယ်။
အဲဒီနောက်မှာတော့ သူ့ကို အရှက်မဲ့စေခဲ့သူ နရသီဟပတေ့မင်းကို ကလဲ့စားချေဖို့ ကြံစည်ခဲ့ပြီး ကြံစည်တဲ့အတိုင်းလည်း မင်းကြီး ပွဲတော်တည်မဲ့ စားတော်အုပ်ထဲမှာ အဆိပ်ထည့်သွင်းခဲ့ပါတယ်။
ဒါပေမဲ့ ဘုရင်တွေရဲ့ ဘုန်းကံအရှိန်အဝါက အင်မတန်မြင့်မားတယ်ဆိုတဲ့အတိုင်း နရသီဟပတေ့မင်းရဲ့ ဘုန်းကံအဟုန်ကလည်း ထိုစဉ်အချိန်မှာ မြင့်မားနေခဲ့တယ်လို့ ဆိုရမှာပါ။
အကြောင်းကတော့ ပွဲတော်မတည်ခင်အချိန်မှာ အနီးအနားဆီ ခွေးတစ်ကောင်က အမှတ်မထင်ဆိုသလို ရောက်ရှိလာခဲ့တာကြောင့် မင်းကြီးကလည်း ဒီအချင်းအရာအပေါ်မှာ သင်္ကာမကင်းဖြစ်ပြီး သူ့ရဲ့ပွဲတော်အုပ်ထဲက ဟင်းတစ်ဖတ်ကို ချကျွေးခဲ့ပါတယ်။
ဒီအခါမှာတော့ ခွေးဟာ ချကျွေးတဲ့အသားကို စားပြီးအချိန်ခဏအတွင်းမှာတင် သေဆုံးသွားခဲ့တာကြောင့် နရသီဟပတေ့မင်းဟာ သူ ပွဲတော်တည်မဲ့ ဟင်းတွေထဲမှာ အဆိပ်ပါဝင်နေတယ်ဆိုတာကို သတိမူသိရှိသွားပါတော့တယ်။
ပွဲတော်အုပ်ထဲမှာ အဆိပ်ပါဝင်နေကြောင်းကို မင်းကြီး သိရှိသွားချိန်မှာတော့ ဒေါသပုန်ထပြီး ပွဲတော်အုပ်ဆက်သသူကို ရှေ့တော်မှောက် ခေါ်ဆောင်လာဖို့ အမိန့်ပေးလိုက်ပါတယ်။
ဒီအချိန်မှာ မိဖုရားတွေထဲမှတစ်ပါးဖြစ်သူ မိဖုရားဖွားစောက မင်းကြီး ပွဲတော်တည်ဖို့အတွက် နေ့စဉ်လာပို့တဲ့ ဟင်းခွက်တွေထဲက ဘယ်ဟင်းခွက်ကို ဘယ်သူက ဆက်သပါတယ်ဆိုတာ အတိအကျမှတ်ရတာဖြစ်တဲ့အတွက် အဆိပ်ပါတဲ့ဟင်းခွက်က မိဖုရားစောလုံ ဆက်သတာဖြစ်ကြောင်းကို လျှောက်တင်ပါတယ်။
ဒီလိုနဲ့ စောလုံတစ်ယောက် ဘုရင့်ရှေ့တော်မှောက် ရောက်တဲ့အခါမှာတော့ မင်းကြီးဟာ မောင်းမမိဿံတွေကို မိမိအား ရေပတ်ဖို့အတွက် စေခိုင်းခဲ့ပြီး လူပုံအလယ်မှာလည်း ရာဇဣန္ဒြေပျက်အောင် အရှက်ခွဲခဲ့တာကြောင့် မင်းကြီးရဲ့အသက်ကို လုပ်ကြံခြင်းဖြစ်ကြောင်း၊ ဒီအတွက် မင်းကြီး ပေးလိုသည့်အပြစ်ကို ပေးနိုင်ကြောင်းဆိုကာ ကြောက်ရွံ့ခြင်းအလျဉ်းမရှိဘဲ ရဲရဲဝံ့ဝံ့ လျှောက်တင်လိုက်ပါတော့တယ်။
အဲဒီလိုလျှောက်တင်တဲ့အခါမှာလည်း “ဟယ် … ပန်းပွတ်သည်မြေး၊ နင် ငါ့ကို ဧရာ၀တီမြစ်ထဲ လူပုံအလယ်မှာ အရှက်ခွဲခဲ့တာ မေ့နေပြီလား” လို့ဆိုကာ စောလုံက မင်းကြီးရဲ့ မျိုးရိုးဇာတိဖော်ကာ မချေမငံ ပြောဆိုပါတယ်။ နရသီဟပတေ့မင်းရဲ့ မယ်တော်ဟာဆိုရင်တော့ မြစ်သာရွာသူ ပန်းပွတ်သည်ရဲ့ သမီးဖြစ်ပါတယ်။
ဒီအခါမှာတော့ စောလုံရဲ့ စကားလုံးတွေဟာ ယခင်ကတည်းက အမျက်ဒေါသကြီးမားတဲ့ နရသီဟပတေ့မင်းကို ပိုမိုစိတ်ဆိုးဒေါသထွက်သွားစေခဲ့သလို "မိဖုရားစောလုံကို ဖိုကျင်ထိုးပြီး စီရင်စေ" လို့လည်း အမိန်တော် ချမှတ်ခဲ့ပါတယ်။
ဒီလိုစီရင်ဖို့အတွက်လည်း ပန်းပဲသမားဦးရေ တစ်ထောင်ကိုအသုံးပြုပြီး အချိန်တိုအတွင်းမှာ သံကျပ်စင်ကို ပြုလုပ်စေပါတယ်။
သံကျပ်စင်ကိုပြုလုပ်နေတဲ့အချိန်အတွင်းမှာတော့ မိဖုရားစောလုံက ခန့်မှန်းထားတဲ့အချိန်ထက်ဆွဲပြီး ၇ ရက်ကြာ ပြုလုပ်ပေးဖို့အတွက် ပန်းပဲသမားတွေကို ရွှေငွေတွေပေးကာ တိတ်တဆိတ်တောင်းဆိုခဲ့ပါတယ်။
အဲဒီ ၇ ရက် အတွင်း မှာတော့ စောလုံဟာ တစ်နေကုန်ဆိုသလို သရဏဂုံသီလဆောက်တည်ပြီး ဘုရားဂုဏ်တော်၊ တရားဂုဏ်တော်နဲ့ သံဃာ့ဂုဏ်တော်တွေကိုပဲ ရွတ်ဖတ်ပူဇော်နေခဲ့တယ်လို့ဆိုပါတယ်။
၇ ရက်မြောက်တဲ့နေ့ကို ရောက်ရှိလာချိန်မှာတော့ မိဖုရားစောလုံဟာ သူနဲ့အမြဲတစေရှိနေတဲ့ စိပ်ပုတီးကို လက်မှာကိုင်ပြီး မီးအပူရှိန်တွေကြောင့် ရဲရဲတောက်နီနေတဲ့ သံကျပ်စင်ကြီးပေါ်ကို တက်လာခဲ့ရပါတယ်။
ဒီလိုတက်လာတဲ့အခါမှာတော့ ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ တက်လာခဲ့တာဖြစ်သလို ကွပ်မျက်ခံရဖို့စောင့်ဆိုင်းနေတဲ့ အချိန်အတွင်းမှာလည်း ရတနာသုံးပါးရဲ့ဂုဏ်တော်တွေကိုသာ တစ်ခုပြီးတစ်ခု အာရုံပြုပွားများနေခဲ့ပါတယ်။
စောလုံတစ်ယောက် သံကျပ်စင်အပေါ်ကိုရောက်ရှိပြီး အချိန်တခဏအတွင်းမှာပဲ မိုးကောင်းကင်မှာ မိုးသားတွေ၊ တိမ်စိုင်တိမ်ခဲတွေ ပေါ်လာခဲ့သလို နန်းတော်ကြီးတစ်ခုလုံးလည်း မိုးကြိုးပစ်သံတွေနဲ့ မိုးခြိမ်းသံတွေကြောင့် တုန်ခါနေခဲ့ပါတယ်။
အဲဒီနောက်သိပ်မကြာခင်အချိန်အတွင်းမှာပဲ မိုးတွေက သည်းထန်စွာရွာချလာခဲ့တာကြောင့် သံကျပ်စင်ကို အပူပေးထားတဲ့ မီးတွေကလည်း ငြိမ်းသက်သွားခဲ့ပါတယ်။
ဒါပေမဲ့ ဘုရင်မင်းမြတ်က ကိစ္စမပြီးမချင်း သံကျပ်စင်နဲ့ စီရင်မှုပြုရမယ်လို့ အမိန့်ပေးထားတာဖြစ်တဲ့အတွက် အမှုထမ်းတွေမှာလည်း မင်းအမိန့်ကို ရှောင်လွှဲနိုင်ခြင်းမရှိဘဲ နောက်တစ်ရက်မှာထပ်ပြီး မိဖုရားကို သံကျပ်စင်ပေါ်တင်ရပြန်ပါတယ်။
ဒီအခါမှာလည်း ပထမတစ်ရက်အတိုင်း မိုးတွေရွာချလာတာကြောင့် မီးတွေငြိမ်းသွားခဲ့သလို တတိယမြောက်နေ့ရောက်ပြန်တော့လည်း အလားတူဖြစ်ရပ်တွေနဲ့ ကြုံတွေ့ခဲ့ပါတယ်။
ဒီလိုမျိုးသုံးကြိမ်တိုင်တိုင် မီးတွေငြိမ်းခဲ့ရပြီးနောက်မှာတော့ မိဖုရားစောလုံဟာ သူမအနေနဲ့ ရတနာသုံးပါးနဲ့ ဂုဏ်တော်တွေပွားများရခြင်းရဲ့ အကျိုးအားကြောင့် အခုလိုဖြစ်တယ်ဆိုတာကို သဘောပေါက်ဆင်ခြင်မိခဲ့ပါတယ်။
ဒါကြောင့်လည်း “မိမိသည် အတိတ်ဘ၀က ကံကြမ္မာဝဋ်ကြွေးကြောင့် ယခုဘ၀တွင် ယခုကဲ့သို့ခံရခြင်းဖြစ်ကြောင်း” ကို နှလုံးသွင်းလိုက်ပြီး “ငါသည် ချမ်းသာခွင့် ရမည် မဟုတ်လျှင် တခဏချင်းပင် လောင်ကျွမ်းပါစေ” လို့ဆိုကာ အဓိဌာန်ပြုလိုက်ပါတော့တယ်။
အဲဒီတော့မှသာ စောလုံရဲ့ ခန္ဓာကိုယ်တစ်ခုလုံးက ချက်ချင်းဆိုသလို မီးဟုန်းဟုန်းတောက်လောင်ကျွမ်းပြီး ပြာကျသွားခဲ့တာဖြစ်ပါတယ်။
သူ နှစ်သက်မြတ်နိုးရတဲ့ မိဖုရားစောလုံကို သူပေးတဲ့အမိန့်အတိုင်း စီရင်ပြီးတဲ့အကြောင်းကို နရသီဟပတေ့မင်း ကြားသိပြီးချိန်မှာတော့ နောင်တကြီးစွာရခဲ့ပြီး အိပ်မပျော်စားမဝင်နဲ့ သောကဗျာပါဒဝေခဲ့ကာ နန်းတော်တစ်ခုလုံးမှာလည်း “စောလုံ … ငါ့ကို စောင့်ပါ” ဆိုတဲ့ တမ်းတဟစ်အော်သံတွေက ပဲ့တင်ထပ်နေခဲ့ပါတော့တယ်။
နရသီဟပတေ့မင်းရဲ့ ဒီလိုဖြစ်အင်ကို မြင်တွေ့ရချိန်မှာတော့ ရဟန္တာအရှင်သူမြတ်တို့က ပရိတ်တရားတော်တွေ ဟောကြားရွတ်ဖတ်ပေးခဲ့ကြသလို ပုဏ္ဍားတို့ကလည်း ဗေဒင်တွက်၊ ယတြာတွေ ချေပေးခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ မင်းကြီးဟာ သူ့ရဲ့လက်ချက်နဲ့ တိမ်းပါးသွားခဲ့သူ မိဖုရားစောလုံအတွက်ရည်စူးပြီး “မင်္ဂလာစေတီ” လို့အမည်ရတဲ့ ကောင်းမှုစေတီတော်တစ်ဆူကို တည်ထားစေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
မိဖုရားစောလုံအတွက် ရည်စူးပြီး နရသီဟပတေ့မင်းကြီး တည်ထားခဲ့တဲ့ “မင်္ဂလာစေတီ” ကိုတော့ ပုဂံမြို့တောင်ဘက် လေးဖာလုံခန့်အကွာမှာရှိတဲ့ မြင်းကပါရွာရဲ့မြောက်ဘက်မှာ ဖူးတွေ့နိုင်မှာပါ။
ဒီစေတီကိုတည်တဲ့အခါမှာ နရသီဟပတေ့မင်းက ရွှေစည်းခုံဘုရားရဲ့အသွင်သဏ္ဍာန်အတိုင်း တည်ဆောက်ဖို့စေခိုင်းခဲ့ပြီး ရွှေစည်းခုံဘုရားနဲ့ တူညီမှုမရှိပါက ပန်းရံသမားတွေရဲ့ အသက်ကို ဇီဝိန်ခြွေမှာဖြစ်ကြောင်း မိန့်တော်မူခဲ့တာကြောင့် ပန်းရံသမားတွေကလည်း မြင်းစီးပြီး ရွှေစည်းခုံဘုရားကို ပြေးကြည့်လိုက်၊ မင်္ဂလာစေတီတည်ထားမဲ့နေရာကိုပြန်လာပြီး ဘုရားတည်လိုက်လုပ်ခဲ့ကြပါတယ်။
ဒီလိုမျိုး ခေါက်တုံ့ခေါက်ပြန် အပြေးအလွှားလုပ်ခဲ့ရတာကြောင့်လည်း စေတီတည်နေတဲ့ အချိန်အတွင်းမှာ မောပြီး အသက်ဆုံးရှုံးခဲ့တဲ့ မြင်း ၉ ကောင်တောင်ရှိခဲ့တယ်လို့ ပါးစပ်ရာဇဝင်တွေရဲ့ အဆိုအရ သိရပါတယ်။
မိဖုရားစောလုံနဲ့ဆက်စပ်လျက်ရှိနေတဲ့ နောက်ထပ်ဘုရားတစ်ဆူကတော့ ပုဂံမြို့တောင်ဘက်ခြမ်း၊ အနော်ရထာ လမ်းမကြီးရဲ့ ဘေးဘက်မှာရှိတဲ့ မီးငြိမ်းကုန်းဘုရားဖြစ်ပြီး ဒီဘုရားဟာဆိုရင် မြင်းပြဂူ၊ နွားပြဂူနဲ့ တ၀ဂူဘုရား တို့နဲ့ မနီးမဝေးမှာရှိတာ ဖြစ်ပါတယ်။
ဒီဘုရားဟာ မိဖုရားစောလုံကို ဖိုကျင်ထိုးပြီး မကွပ်မျက်ခင်အချိန် ဟိုးအရင်ကတည်းက အဲဒီနေရာမှာ ဘွဲ့အမည်မသိတဲ့ ၁၂ ရာစုလက်ရာ တစ်ထပ်ဂူဘုရားအဖြစ် ရှိလို့နေခဲ့တာပါ။
ဒီလိုနဲ့ မိဖုရားစောလုံကို ကွပ်မျက်တဲ့အခါမှာတော့ မီးသုံးကြိမ်ငြိမ်းခဲ့တာကြောင့် အဲဒီဂူဘုရားကိုလည်း “မီးငြိမ်းကုန်းဘုရား” လို့ သတ်မှတ်ခေါ်တွင်ခဲ့ကြပါတယ်။
မိဖုရားစောလုံရဲ့ သမိုင်းဖြစ်အင်ကို သိရှိကြတဲ့သူတွေအနေနဲ့ကတော့ ပုဂံကို အလည်ရောက်ရှိတဲ့အခါတိုင်းမှာ အဆိုပါ “မီးငြိမ်းကုန်းဘုရား” က ဝင်ရောက်လေ့လာသင့်တဲ့ဘုရားတစ်ဆူဖြစ်သလို ပုဂံခေတ်ရဲ့ကျန်ရှိတဲ့ အနုသုခုမလက်ရာတွေကိုလည်း လေ့လာနိုင်တဲ့ ဘုရားတစ်ဆူဖြစ်ပါတယ်။
ကျီစားလိုစိတ်နဲ့ အရှက်စိတ်လွန်ကဲမှုကနေ တစ်ဆင့်ဖြစ်ပေါ်လာတဲ့ နရသီဟပတေ့မင်းနဲ့ မိဖုရားစောလုံတို့ရဲ့ ဇာတ်လမ်းဟာ ပုဂံသမိုင်းမှာရှိခဲ့ဖူးတယ် ဆိုပေမဲ့လည်း အချိန်ကာလအတော်ကြာမြင့်လာတာနဲ့အမျှ ဒီနေ့ခေတ် နှောင်းလူတွေအကြားမှာ စိတ်ဝင်စားစရာကောင်းတဲ့ ဒဏ္ဍာရီတစ်ပုဒ်အဖြစ်နဲ့သာ ကျန်ရှိပါတော့တယ်။

နော် ဂဲလယ် ထူး

Burmese Past - မြန်မာ့အတိတ်

#မြန်မာ့အတိတ်

ပြင်စည်စုဖုရား----(တနိုင်ငံမြိုင်ရံခြား သို့ ခရီးထွက်ခဲ့သူ)----------------------"သုပဘာဝတီ"ဘွဲ့ခံ ပြင်စည်စုဖုရားမင်းသမီး...
13/02/2025

ပြင်စည်စုဖုရား
----
(တနိုင်ငံမြိုင်ရံခြား သို့ ခရီးထွက်ခဲ့သူ)
----------------------
"သုပဘာဝတီ"ဘွဲ့ခံ ပြင်စည်စုဖုရားမင်းသမီးလေးဟာ ကုန်းဘောင်မင်းမျိုး စစ်စစ်ဖြစ်ခဲ့ပေမယ့် သူ့ရဲ့ဘဝမှာ ခါးသီးမှုတွေကြုံခဲ့ရပါတယ်။
ပြင်စည်မင်းသမီးလေးရဲ့ ဘွားတော် သာယာဝတီမင်း ၏ဘဏ္ဍာစိုးကျပင်းမိဖုရားကြီးမှာ ဘိုးတော် သာယာဝတီမင်းလက်ထက်မှာပဲ မင်းပြစ်မင်းဒဏ်သင့်လို့ ကွပ်မျက်ခံခဲ့ရသလို သူ့ရဲ့ မယ်တော်မကွေးမိဖုရားကြီးဟာလည်း လင်တော်မောင် မင်းတုန်းဘုရင်ကိုကွာရှင်းခဲ့သူရယ်လို့ လူအများပြောစရာ၊မေးငေါ့စရာဖြစ်ခဲ့ရပါတယ်။
ဒါ့အပြင် အစ်မတော်အရင်းဖြစ်သူ မင်းခင်းစုဖုရား မင်းသမီးလေးဟာလည်း သီပေါမင်းလက်ထက်မှာ ငတုဆိုသောအစေခံနှင့် ရွှေနန်းပျော်မင်းသမီးတစ်ပါးဖြစ်ပါလျက် ဖောက်ပြန်ခဲ့သည်ရယ်လို့ စွပ်စွဲခံရပြီး အရှက်တကွဲအကျိုးနည်းခဲ့ရပါတယ်။
ဒီလို ရှုပ်ထွေးလှတဲ့ အမှုများကိုကြုံခဲ့ရကာ ဘွားတော်၊မယ်တော်ကိစ္စသည် ပြင်စည်မင်းသမီးလေးနဲ့ တိုက်ရိုက်မသက်ဆိုင်ခဲ့ပေမယ့် နောက်ဆုံးအမှု ဖြစ်တဲ့ သူ့ရဲ့အစ်မတော်မင်းခင်းစုဖုရား အမှုမှာ ညီမတော်ပြင်စည်စုဖုရားနဲ့ မယ်တော်မကွေးမိဖုရားကြီးနဲ့ပါရော၍ အဖမ်းအဆီးခံရလို့ အဆုံးမှာ ဘုရားကျွန်ဘဝအထိရောက်ခဲ့ရပါတယ်။
ဒါပေမယ့် မင်းသမီးလေးဟာ ဘယ်သူ့အပေါ်မှ အပြစ်မယူပဲ အတိတ်ဘဝက မိမိရဲ့ ဝဋ်ကြွေးရယ်လို့သာသတ်မှတ်ပြီး သည်းခံခွင့်လွှတ်နိုင်ခဲ့ပါတယ်။
အကြောင်းက အစ်မတော် မင်းခင်းစုဖုရား အမှုဟာ သီပေါမင်းလက်ထက်မှာ ပေါ်ပေါက်ခဲ့ပြီး နန်းမတော်ကြီးရဲ့ မကျေနပ်မှုတွေကပေါက်ဖွားလာတာကိုသိခဲ့ပေမယ့် သူ့ကျွန်ဘဝရောက်လို့ အရှင်နှစ်ပါး တနိုင်ငံမြိုင်ရံခြား တွင် ညှိုးငယ်စွာစံနေရချိန်မှာ ကျင်းပခဲ့တဲ့ သမီးတော်များနားထွင်းပွဲကို ပြင်စည်မင်းသမီးလေးဟာ လှိုင်းဒဏ် လေဒဏ်ကိုခံကာ ပင်လယ်ခရီးကိုဖြတ်လို့ မိမိရဲ့သည်းခံခွင့်လွှတ်စိတ်နဲ့ သစ္စာရှိမှုကိုပြကာ ရတနာဂီရိကိုလိုက်ပါခဲ့သော "စုဖုရား" မင်းသမီးတစ်ပါးဖြစ် ခဲ့လို့ပါ။
ပြင်စည်စုဖုရား ကို မယ်တော်မကွေးမိဖုရားကြီးမှ ၁၂၂၃ခုနှစ် မန္တလေး မြနန်းစံကျော် ရွှေနန်းတော်ကြီးပေါ် မှာမွေးဖွားခဲ့ပါတယ်။ မွေးချင်းသုံးယောက်ရှိခဲ့ပေမယ့် မောင်တော် လယ်ကိုင်းမင်းသားဟာ ငယ်ကလွန်ခဲ့၍ အစ်မတော်မင်းခင်းမင်းသမီးနဲ့ ပြင်စည်မင်းသမီးနှစ်ပါးသာ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။
မိခင်မကွေးမိဖုရားကြီး နန်းတော်ပေါ်က ဆင်းခဲ့စဉ်မှာ အစ်မတော် မင်းခင်းမင်းသမီးတို့နဲ့အတူ နန်းတော်ပေါ်မှာ အမိမဲ့စွာနေခဲ့ရပြီး သီပေါမင်းလက်ထက် မှာ အစ်မတော်ရဲ့ စွပ်စွဲခံရမှုပေါ်ခဲ့ပြီး အဖမ်းအဆီးခံရကာ မယ်တော်မကွေးမိဖုရားနဲ့အတူ ပြင်စည်မင်းသမီးဟာ ဘုရားကျွန်ဖြစ်ခဲ့ရပါတယ်။ စိတ်မကောင်းစရာတခုက အစ်မတော်မင်းခင်းစုဖုရားကိုတော့ အကျဉ်းထောင်ထဲမှာပဲ အဆုံးစီရင်ခဲ့ပါတယ်။
ပါတော်မူပြီးနောက် မယ်တော် မကွေးမိဖုရားနဲ့အတူ ပြင်စည်မင်းသမီးဟာ မန္တလေးမြို့ အောင်နန်းရိပ်သာစံအိမ်မှာ နေ ခဲ့ရပြီး ပြင်စည်မင်းသမီးအား ဒုတိယအဆင့်မင်းသမီးအဖြစ်သတ်မှတ်ကာ ပင်စင်၁၀၀နဲ့ အိမ်လခ ၆၀ ပေးခဲ့ ပါတယ်။ပြင်စည်စုဖုရားနဲ့ မယ်တော်မကွေးမိဖုရားတို့ဟာ အမေတခု သမီးတခုဘဝနဲ့ သူ့ကျွန်ဘဝမှာနေထိုင်ခဲ့ရပြီး ၃နှစ်ကြာ ၁၂၅၀မှာ မယ်တော်မကွေးမိဖုရားကြီးကံကုန်ခဲ့ပါတယ်။
ပြင်စည်မင်းသမီးလေးဟာ မိမိဘဝရဲ့အားကိုးရာ အနေဖြင့် ရေနစ်သူ ကောက်ရိုးတစ်မျှင်ကို လှမ်းဆွဲရသူလို သူ့ဘဝရဲ့အိမ်ထောင်ဖက်အဖြစ် မိမိအိမ်သို့ ဆီပခုံးထမ်းတင်၍ ရောင်းသော ဆီထမ်းသမားဖြစ်သူ ဦးမောင်မောင်ဖေ ဆိုသူနှင့် လက်ဆက်ဆက်ခဲ့ပါတယ်။
ဒါပေမယ့် မင်းသမီးလေးဟာ သူ့လုပ်ရပ်အတွက်နောက်တမရခဲ့သလို ရှက်ဖွယ်ကိစ္စလို့မမြင်ခဲ့ပဲ ကိုယ့်ဝမ်းနာ ကိုယ်သာသိဆိုသလိုပဲ ရဲဝံ့စွာနဲ့ လောကကိုရင်ဆိုင်ခဲ့လို့ မန္တလေးရွှေမြို့မှာပဲ အခြေမပျက်နိုင်ထိုင်ခဲ့တဲ့ သတ္တိခဲမင်းသမီးဖြစ်ပါတယ်။
ပြင်စည်မင်းသမီးဟာ ဦးမောင်မောင်ဖေနှင့် ပြင်စည်သမီးတော်ကြီး၊ ပြင်စည်သမီးတော်လတ် နှင့် ပြင်စည်ကိုယ်တော်လေး ဆိုပြီး သားသမီးသုံးပါး ထွန်းကားခဲ့ပေမယ့် သမီးတော်နှစ်ပါးသာ အဖတ်တင်ကျန်ရစ်ခဲ့ပါတယ်။
ပြင်စည်မင်းသမီးဟာ သက်တော်၅၀အရွယ် ၁၂၇၃ခုနှစ်မှာ ရတနာဂီရိစံ တနိုင်ငံမြိုင်ရံခြား အရပ်မှ မိမိရဲ့ အစ်ကိုတော်အစ်မတော်တို့၏ သမီးတော်များနားထွင်းပွဲကို ဖိတ်ကြားခံခဲ့ရပြီး အတိတ်ကို ပြန်မလှန်ပဲ သည်းခံခွင့်လွှတ်ကာ တူမတော်များနားထွင်းပွဲသို့ ပင်လယ်ခရ်ီးကိုဖြတ်လို့ သွားရောက်ခဲ့ပါတယ်။
ရတနာဂီရိကိုသွားရောက်ခဲ့တဲ့ တော်ဝင်မျိုးနွယ် တွေထဲမှာ ပြင်စည်မင်းသမီးဟာ ရာထူးအကြီးဆုံးဖြစ်ခဲ့သလို တူမတော်ဖြစ်သော သီပေါဘုရင်၏ ဒုတိယ သမီးတော်လေးကို အရီးတော် ပြင်စည်စုဖုရားကိုယ်တိုင် နားထွင်းပေးခဲ့ရပါတယ်။
ပြင်စည်စုဖုရားမင်းသမီးဟာ ရတနာဂီရိက ပြန်ရောက်ပြီး ၄နှစ်အကြာ သက်တော်၅၄နှစ်တွင် ကံတော်ကုန်ခဲ့ရပြီး မန္တလေးမြို့မှာပဲ ဂူသွင်း သင်္ဂြိုလ် ခဲ့ကြပါတယ်။
ကိုးကား
ကုန်းဘောင်ရှင်းတမ်း
ရတနာဂီရိနိဒါန်းနဲ့နိဂုံး

-ကိုရဲလွင် - ကိုနေဝင်း - ကိုမောင်မောင်   - ကိုမွန်းအောင်( တေးရေးဆရာ သုံးဦး နဲ့ အဆိုတော်တစ်ဦး တို့ရဲ့ ... အမှတ်တရ ရှားပ...
14/01/2025

-ကိုရဲလွင်
- ကိုနေဝင်း
- ကိုမောင်မောင်
- ကိုမွန်းအောင်
( တေးရေးဆရာ သုံးဦး နဲ့ အဆိုတော်တစ်ဦး တို့ရဲ့ ... အမှတ်တရ ရှားပါးပုံရိပ်တစ်ခုပါ။ )
မူရင်းနှင့်ခရက်ဒစ် နေဖုန်းကျော်
#သိုး
#ကိုရဲလွင်

မန္တလေးသိန်းဇော်နဲ့ တယောဦးတင်ရီမြန်မာ့အတိတ်
01/01/2025

မန္တလေးသိန်းဇော်နဲ့ တယောဦးတင်ရီ

မြန်မာ့အတိတ်

ရှေးတုန်းက ... မေမြို့ ----------------Burmese Past - မြန်မာ့အတိတ်    #မြန်မာ့အတိတ်
31/12/2024

ရှေးတုန်းက ... မေမြို့
----------------
Burmese Past - မြန်မာ့အတိတ်

#မြန်မာ့အတိတ်

အောင်သင်း  ဘိန်းဖြူ ဘယ်လိုလုပ်ပြီး ပြတ်သွားတာလဲ။ကျော်ဟိန်း  ကျွန်တော်က ဘယ်သူ့ကိုမှ ကြောက်မနေချင်ဘူးဘယ်သူ့ အချုပ်ကိုင်ကို...
30/12/2024

အောင်သင်း ဘိန်းဖြူ ဘယ်လိုလုပ်ပြီး ပြတ်သွားတာလဲ။
ကျော်ဟိန်း ကျွန်တော်က ဘယ်သူ့ကိုမှ ကြောက်မနေချင်ဘူး
ဘယ်သူ့ အချုပ်ကိုင်ကိုမှ မခံချင်ဘူးဘယ်သူ့အလွှမ်းမိုးကိုမှ
မခံ ချင် ဘူး။ ဘယ်သူ့အနိုင်ကိုမှ မခံချင်တဲ့ကောင်ဟာ ဒါကြီးရဲ့
အနိုင်ကို ခံနေရပြီဆိုတာမျိုးကို တွေးလိုက်မိတော့ လန့်လာတယ် ဆရာ။ ငါတော့ သွားပြီပေါ့။ ဒီအတိုင်းကြီး ခံနေရတော့မလား ပေါ့။
ဖြတ်မှဖြစ်မယ်။ ဒီအတွေးဟာ ဆေးသမားအားလုံး ဖြစ်ဖူး တဲ့အတွေးပဲ။ ဒါပေမယ့် လက်တွေ့မှာ ဘယ်သူမှ အကောင် အထည်မဖော်နိုင်ဘူး။ ဖြတ်ချင်တဲ့အချိန်မှာ အားလုံးလိုလို စွဲကြ ပြီ။ ကျွန်တော်လည်း
ဖြတ်ချင်စိတ်ရှိတဲ့အချိန်မှာ ရေရေ လည် လည်ကို စွဲနေပြီ။ ဒါကြီးကို ဘယ်လိုဖြတ်မလဲ။ စဉ်းစား တော့ အဖြေတစ်ခုထွက်လာတယ်။
ဘိန်းဖြူဆိုတာကြီးက ငါ့ကို လွှမ်းမိုးနေပါကလား၊ ဒီကောင်ကြီး က
ငါ့ကို ချုပ်ကိုင်နေပါကလား ဆိုတာကြီးကို မကြိုက်နိုင်အောင်
ဖြစ်လာခဲ့ရတယ်။ အဲဒီအချိန်မှာပဲ ဒါရိုက်တာ တစ်ယောက်က
လည်း ကျွန်တော့်ကို လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးစား လာတာကို
သတိထားမိလာတယ်။ ရှေ့ပိုင်းမှာ ကျွန်တော်ပြောခဲ့ သလို
ကျွန်တော်က ဘယ်သူ့ လွှမ်းမိုးမှု ချုပ်ကိုင်မှုကိုမှ မခံချင် ဘူး။
နောက်ပြီး ကျွန်တော်က ရှက်တတ်တယ်ဆရာ။ ရှက် တတ်တယ်
ဆိုတာက တခြားဟာမျိုးတွေမဟုတ်ပါဘူး။ ကျွန်တော့် စိတ်ထဲမှာ
အထင်ကြီးနေတဲ့သူတစ်ယောက်ယောက် ကျွန်တော့် ကို'ဒီကောင်
အလကားကောင်ပဲလို့ အထင်သေးသွားမှာမျိုးကို ရှက်တတ် တယ်။
ဒီအချိန်မှာ ဒါရိုက်တာ ဆရာဦးဝင်းဖေနဲ့ လူသွားလမ်း ကလေး
ဆိုတဲ့ကားကို ရိုက်နေတဲ့အချိန်ပေါ့။ ကျွန်တော်က ဦးဝင်းဖေကို
အထင်ကြီးတယ်။ သူက အနုပညာ ကျောင်းအုပ်ကြီး၊ ပန်းချီလည်းတတ်တယ်၊ စာလည်းရေးတယ်၊ ရုပ်ရှင်ပညာကို လည်း တတ်တယ်။
ကျွန်တော်က ယူဆတယ်။ သူက ကျွန်တော့် ကို ဘိန်းဖြူစွဲနေသူရယ်လို့ သိသွားမှာကို ကြောက်နေတယ်။ အဲဒီ မှာတင်ပဲ ကဲကွာ
ဖြတ်တယ်ကွာဆိုပြီး ဖြတ်ချလိုက်ပြီး အရက်ကို သောက်တော့တာပဲ။
ပြောလိုက်ရဦးမယ်။ စောစောကပြောခဲ့တဲ့ ကျွန်တော့်ကို ချုပ်ကိုင်ဖို့
ကြိုးစားတဲ့ ဒါရိုက်တာကိုယ်တော်မြတ်က အဲဒီကျ တော့မှ
ကျွန်တော်ဟာဖြင့် အရက်တွေကို စွတ်သောက်နေပြီ၊ ကြည့်လုပ်ကြပါဦး ဘာညာနဲ့ ကျွန်တော့်အစ်ကိုတို့၊ ညီမတို့ကို သွားတိုင်တော့တာကိုး ဆရာရဲ့ ။ ဒီတော့ ကျွန်တော့်စိတ်ထဲမှာ ဟ ဘိန်းဖြူတုန်းကတော့ ဘာမှမပြော အရက်သောက်တာကျမှ ပြော ရသလား မရိုးသားဘူး
"ပေါ့။ တကယ်ဆိုတော့ ဘိန်းဖြူ လုပ်နေ တာကို သူသိတယ်၊
ရိပ်မိတယ်။ ခင်ဗျားဗျာ ဒါကို မလုပ်ပါနဲ့ ဘာ ညာ စသည်ဖြင့်
ကျွန်တော့်ကိုပြောစေချင်တယ်။ သူက အဲဒီ တုန်းက ဘာမှမပြောဘူး။ သူ့ကိုလည်း ခင်ဗျားဗျာ ဘိန်းဖြူ တုန်းကတည်းက ပြောပါလား၊
ခုမှပြောရသလားဆိုပြီး သူ့ကို ငို ပြီးတော့ကို ပြောခဲ့မိပါသေးတယ်။
အောင်သင်း- ဒီတော့ ဘိန်းဖြူကို ဖြတ်ချင်လာခဲ့တာတွေက...
ကျော်ဟိန်း- ဘိန်းဖြူ ရဲ့ လွှမ်းမိုးနေမှုကြီးကို ကြောက်တယ်။
နောက်တစ်ချက် က ဘိန်းဖြူကိုအကြောင်းပြုပြီး
တစ်ယောက်ယောက်၊ တစ်စုံ တစ်ခုကို ကြောက်နေရမှာကြီးကို
လည်း ကြောက်တယ်။ နောက် တစ်ချက်က အလုပ်တစ်ခုပေါ်လာ
လိုက်ရင် ကျွန်တော်က ဘယ် တော့မှ အဆင်သင့်မဖြစ်ဘူး။
အလုပ်အတွက် လာခေါ်လိုက်ရင် ကျွန်တော်က ခဏကလေးဆိုပြီး ဟိုဟာလုပ်သလိုလို၊ ဒီဟာ ယူသလိုလို၊ အိမ်သာဝင်လိုက်
သလိုလိုနဲ့ ဘိန်းဖြူကို ချရတော့ တာ။
အောင်သင်း-ရှူတာလား။
ကျော်ဟိန်း ဟုတ်တယ်။ စီးကရက်ထဲထည့်ပြီး ရှူတာ။
ကျွန်တော်က ထိုးတာတွေဘာတွေကို ဝါသနာမပါဘူး။
အောင်သင်း အတိုင်းအတာ အကန့်အသတ်ရှိသေးသလား။
ဘယ်လောက်များများလုပ်ခဲ့သလဲ။
ကျော်ဟိန်း ဟာ.. ဆရာ့နှယ်... ဘာပြောကောင်းမလဲ၊ သုံးလိုက်
ရှူလိုက် တာဟာ မိုးမွှန်ရောဆိုတာမျိုးပေါ့။ ပိုက်ဆံကလည်း ရနေ
ပြီကိုး ဆရာရဲ့။ ဘယ်လောက်ရှူလိုက် သုံးလိုက်သလဲဆိုရင်
ကျွန်တော် ဒီအိမ်ကြီးထဲက အခန်းတစ်ခန်းမှာချတာ၊ အခန်းထဲက
အိမ်မြှောင် တွေပါ ဘိန်းဖြူစွဲကုန်တာ။ ကျွန်တော်တို့ ဖြတ်တော့
အဲဒီကောင် တွေ အကုန်ပြုတ်ကျပြီး သေကုန်ရော။ ဒါနဲ့ပဲ ဖြတ်
လိုက်တော့ နေဦးဆရာ။
ဖြတ်တယ်။ ဒါပေမယ့် မလွယ်တာကို ပြောပြပါ့ မယ်၊ဥပဒေနဲ့ လည်း မလွတ်ကင်းတော့ ဥပဒေလည်းကြောက်ရအကုန် ကြောက်နေရတာကြီး ဖြတ်မယ်ကွာလို့ ဆုံးဖြတ်ပြီးတာနဲ့ ဘိန်းဖြူတစ်လိပ်ကို သေချာဖြည့်အဝချ၊ ပြီးတာနဲ့အထုပ်လိုက် ကြီးကို အိမ်သာထဲသွန်ထည့်ပြီး ရေဆွဲချပစ်လိုက်တယ်။ ပြီး တော့ မှ ဘိန်းဖြူ စည်းစိမ်ကလေးနဲ့ မှိန်းနေတာပေါ့။ ၂ နာရီ လောက် ရှိတော့ တဖြည်းဖြည်း ပြေသွားရော၊ အာနိသင် ကုန် သွားရော။ ဒီတော့ နောက်ထပ်ပြီး လုပ်ချင်လာပြန်ပါရော။ ကျွန်တော် ဘာလုပ်မိတယ်ထင်သလဲ။ အိမ်သာထဲပြန်သွား အိမ်သာခွက် ဘေးနှုတ်ခမ်းတွေကို လက်နဲ့ ပွတ်သပ်ရှာကြည့်မိ သေးတယ်။ နည်းနည်းပါးပါး ကပ်ပြီးကျန်နေခဲ့ဦးမလားပေါ့။ ကျွန်ဖြစ်သွား ပြီဆိုရင် အဲဒီလိုကို ကြောက်စရာကောင်းတယ် ဆရာရေ။ ကျွန်တော် မရွံမရှာကို လုပ်ခဲ့မိတာ။ နောက်မှ ဖျတ်ခနဲ သတိရ ပြီးဟ..ငါ ဘာလုပ်နေတာလဲ ရူးနေသလားဆိုပြီး စိတ် ကို ပျက်သွားတာပဲ။ တစ်ယောက်တည်း အိမ်သာထဲမှာ ရှက်လိုက် တာ ဆရာရယ်။
အဲဒီမှာတင် ဗွတ်ကို ဖြတ်ချပစ်လိုက်တာပါပဲ။ ဖြတ်လိုက် တော့ လည်း ပြတ်သွားတာပါပဲ။ ကျွန်တော့်စိတ်ကို ကျွန်တော် ယုံလာ တယ်။ ငါ တကယ်လုပ်ချင်ရင် တကယ်ကိုဖြစ်တယ်။ ငါ့စိတ်ကို ငါနိုင်တယ်လို့ ယုံကြည်လာတယ်။
အောင်သင်း နောက်ပိုင်း ဘယ်လောက်ကြာလောက်အထိ ရှူ ချင်စိတ် ပြန်ပေါ်နေသေးသလဲ။ တမ်းတစွဲလမ်းမိနေတာကို ပြော တာပါ။
ကျော်ဟိန်း-အဲဒီလိုတော့ မဖြစ်ဘူးဆရာ။ ကျွန်တော်က လူတစ်
မျိုးဆရာရဲ့။ မလုပ်တော့ဘူးလို့ ဖြတ်လိုက်ရင် စိတ်ကကို ပြတ် သွားတာ။ ဒါပေမယ့် စိတ်ကိုသာ နိုင်တာကိုး ဆရာရဲ့ ။ ဒီရုပ်ကြီး က သူ့သဘောသူဆောင်နေတာ မဟုတ်လား။ ကျွန်တော့်ရုပ်ကြီး က ဘိန်းဖြူစွဲသွားခဲ့ပြီလေ။ သူကတော့ တောင့်တနေပြန် သေးတာ ပဲ။ သူ့ကိုကျတော့ ကျွန်တော်က မနိုင်တော့ဘူး။ ဝါးဝါး နဲ့ သမ်းပြီး ရင်းထနေတာဟာ အကြာကြီးပဲ။ သူကလည်း ဆယ် နှစ်ပဲဆရာရေ ဆယ်နှစ်ပဲ။ ဆယ်နှစ်လောက်ကိုခံခဲ့ရတာ။ ပျောက် သွားတာ ဘာကြာသေးလို့လဲ။
အောင်သင်း တစ်ခုရှိတာက မင်းပြောသလို စိတ်ကပြတ်သွားဖို့ က သိပ်တော့ မလွယ်လှဘူးကွ။ ဒါကြောင့် တချို့ဆေးရုံတက်ပြီး ဖြတ်၊ ပြတ်သွားပါလျက် နောက်တစ်ခါ အဲဒီဘက်ကို ပြန်ပြီးလည် သွား တာမျိုးတွေ ဖြစ်နေတာပေါ့။
ကျော်ဟိန်း- ဟုတ်တယ် ဆရာ၊ သိပ်တော့ မလွယ်လှဘူး။ ဘိန်းဖြူ မစွဲနိုင် ပါဘူးဆိုတဲ့လူတွေ လာခဲ့စမ်းပါ၊ ကျွန်တော်ကကို ပိုက်ဆံအကုန် ခံပြီး တိုက်ပါ့မယ်။အဲဒီကျတော့
အောင်သင်း မလုပ်ပါနဲ့ မောင်ကျော်ဟိန်းရယ် အဲဒါမျိုးကို စိန် မခေါ်ကောင်းပါဘူး။ (ရယ်လျက် ပြောလိုက်မိပါသည်)
အပေါ်က အကြောင်းတွေက
နိုင်ငံကျော်မင်းသား ကျော်ဟိန်းကို ဆရာဦးအောင်သင်းက အင်တာဗျူးထားတဲ့အထဲက မူးယစ်ဆေးနဲ့ ပတ်သက်တဲ့အပိုင်း လေးကို ဖြတ်ပြီး ရေးပြလိုက်တာပါ။
မူးယစ်ဆေးဆိုတာ စွဲလမ်းသွားရင် လူမှုရေး၊ပညာရေး၊ မိသာစု အရေး ဘာဆိုဘာမှ သုံးမရတော့ဘဲ ဘဝပျက်သွားတတ်တယ်၊ ကိုယ်တွေလူငယ်ဘဝကလည်း အနည်းနဲ့အများ လက်တည့်စမ်း ဖူးတယ်ဆိုပေမယ့် ဒီနေ့ခေတ်မှာ မူးယစ်ဆေးက နာမည်ပေါင်းစုံ နဲ့ ထွက်လာတဲ့အပြင် generation တွေကလည်း မြင့်လာတယ်၊ ကိုယ်တွေခေတ်နဲ့ မတူတာက အတော်ကြီး လွယ်လွယ်ကူကူ နဲ့ ဝယ်လို့ရနေတာ..ပဲ။
လူငယ်တွေကို အဓိကပစ်မှတ်ထားပြီး ခေတ်ပျက်တုန်း အပီ အပြင်ကို အကြီးအကျယ် အရောင်းအဝယ်လုပ်နေတာတွေက အတော်ကြီး စိတ်မချမ်းသာစရာပဲ။ လူတယောက်က မူးယစ် ဆေးတကယ်စွဲသွားရင် ၊ မူးယစ်ကျွန်ဖြစ်သွားရင် သိပ်ကြောက်ဖို့ ကောင်းတယ်။
အသိ၊ သတိရှိပါစေ။

အောင်သင်း

#သုတဇုန္ #မြန်မာ့အတိတ်

urround sound system ဖြစ်အောင်ဖန်တီးထားတဲ့ တချိန်က လိပ်ခုံး ( 1955 )-------------------------------ပြည်လမ်း၊ စိုက်ပျိုးရ...
26/12/2024

urround sound system ဖြစ်အောင်ဖန်တီးထားတဲ့ တချိန်က လိပ်ခုံး ( 1955 )
-------------------------------
ပြည်လမ်း၊ စိုက်ပျိုးရေးမှတ်တိုင် အနီးမှာရှိခဲ့တဲ့ လိပ်ခုံးဆိုတာ နာမည်ကြီးခဲ့တဲ့ နေရာတစ်ခုပေါ့။
ဒီအဆောက်အဦကို ၁၉၅၅-၁၉၅၆ ခုနှစ်လောက်က ဗြိတိန်အင်ဂျင်နီယာတွေ ဆောက်ခဲ့တယ်လို့ သိရပါတယ်။
ဗြိတိန် နာမည်ကြီးဗိသုကာပညာရှင် Raglan Squire နဲ့ အဖွဲ့ရဲ့ ဒီဇိုင်းလို့ သိရပါတယ်။ အလွန်လက်ရာမြောက်တဲ့ ဒီအဆောက်အဦရဲ့
အမိုးခုံးဟာ အလျား ၁၅၃ပေ ၊ အနံ ၉၃ပေ ရှိပါတယ်။လိပ်ခွံနဲ့တူတဲ့ အမိုးခုံးကို အစွဲပြုပြီး လိပ်ခုံး လို့ခေါ်ကြတယ်။
ဒဏ္ဍာရီထဲက ရေနဲ့ အသံထိန်းစနစ်
ရန်ကုန်တက္ကသိုလ်ဝန်းထဲမှာ ပြည်လမ်းပေါ်က ကြည့်ရင် လိပ်ခုံးခန်းမလို့ ခေါ်ဆိုတဲ့ အဆောက်အုံငယ်တခု ရှိခဲ့ဖူးတယ်။ လိပ်ကျောကုန်းနဲ့တူတဲ့ အမိုးရယ်၊ ရေကန်ငယ်လေးနဲ့ မြက်ခင်းပြင်လေးက လိပ်ခုံးခန်းမရဲ့ အလှကို
ဖေါ်ညွှန်းနေပါတယ်။ သူ့အနောက်ဘက်မှာ
ဆေးတက္ကသိုလ် စာသင်ခန်းမ ၊ အရှေ့ဘက်မှာ အဆင့်မြင့်ပညာဦးစီးဌာန အဆောက်အအုံ ရှိတယ်။
လိပ်ခုံးခန်းမဟာ အနံ ၉၃ပေ၊ အလျား ၁၅၃ပေ ရှိပါတယ် (ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ ပါ)။
အဲဒီ လိပ်ခုံးခန်းမနဲ့ မြက်ခင်းပြင်လေးမှာ
ဟောပြောပွဲတွေ၊ မင်္ဂလာဧည့်ခံပွဲတွေ ကျင်းပကြတယ်။
ဘာလို့ အဲဒီနေရာလေးမှာ ကျင်းပခဲ့ရသလဲဆိုရင်
ဧရိယာစတုရန်းပေ ၁၄၂၂၉ ပေ အကျယ်အဝန်းထဲမှာ
ဘယ်နေရာကနေပြောပြော ဘယ်နေရာကနေ နားထောင်နားထောင် အသံကို ပီပီသသ ကြည်ကြည်မြမြ
ကြားနေရလို့ပါဘဲ။
အဲဒီလိုထူးခြားချက် ဖြစ်စေတာကတော့
ရေကနေ အသံထိန်းစနစ် ( Surrounding Sound System ) နဲ့ လိပ်ခုံးခန်းမကို တည်ဆောက်ထားလို့ပါဘဲ။
တည်ဆောက်ခဲ့တဲ့ အဖွဲ့ကတော့ ဗြိတိသျှက
Raglan Squire အဖွဲ့ဖြစ်ပြီး လိပ်ခုံးခန်းမ နဲ့
ဗိသုကာဒီဇိုင်းဆု ( ၁၉၆၀) ကို ရရှိတဲ့ အဖွဲ့ပါ။
၃-၃-၁၉၅၄ ရက်နေ့မှာ နိုင်ငံတော်ဝန်ကြီးချုပ် ဦးနုက အုတ်မြစ်ချပေးခဲ့ပြီး ၁၉၅၇ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။ အင်ဂျင်နီယာကျောင်းသားတွေအတွက် ရည်ရွယ်တည်ဆောက်ခဲ့ပေမယ့် ၁၉၅၇-၅၈ ခုနှစ် ပညာသင်နှစ်
တခုတည်းသာ အင်ဂျင်နီယာသင်တန်းကို ဖွင့်လှစ်နိုင်ခဲ့ပြီး ၁၉၆၀-၆၁ ခုနှစ်မှာ ဥပစ အပိုင်း(က)(ခ) သင်တန်း ၊
၁၉၆၄ မှစတင်ပြီး ဆေးတက္ကသိုလ်(၁) အဖြစ်
ပြောင်းလဲခဲ့ပါတယ်။
မှတ်မိသမျှ ပုံဖေါ်ရရင် အောက်ကြမ်းခင်းကို
ဆဋ္ဌဂံ ပျားအုံကွက် မှန်အထူတွေ ခင်းထားတယ်။
အလယ်တိုင်မပါတဲ့ ခန်းမကျယ် ဖြစ်တယ်။ ခြေထောက်၂ချောင်းထောက် ပေါ်တီကို ရှိတယ်။
မျက်နှာကျက်ကို လျှာထိုးသစ် ၃လွှာခင်းထားပြီး
တလွှာနဲ့ တလွှာအကြားမှာ ကတ္တရာပြားတွေ ပါတယ်။
အမိုးကို ကြေးပြားတွေနဲ့ မိုးထားပြီး ကြေးမှိုရိုက်ထားတယ်။ အဆောက်အအုံ ပါတ်လည်မှာ ရေမြောင်းတွေရှိပြီး
မှန်အထူတွေနဲ့ အုပ်ထားတယ်။
အဆောက်အဦ ရဲ့ ထောင့်၄ထောင့်မှာ ၄ပေ ပါတ်လည်အကျယ် ရေကန်တွေ ရှိတယ်။ အဆောက်အဦအောက်မှာ ရေလှောင်ကန် တခုရှိတယ်။ လူအင်အားနဲ့ အသံကို
ချိန်ညှိတဲ့စနစ်ပါ။ လူအင်အားများရင် ရေများများဖြည့်ပြီး ထိန်းညှိရတယ်ဆိုပါတယ်။
အဲဒီခေတ်က ကျောင်းသားတွေ ရဲ့ စိတ်နှလုံးထဲမှာ
ရန်ကုန်တက္ကသိုလ်အကြောင်းပြောရင်
ကန့်ကော်ပင်တန်းတွေ ၊ သစ်ပုတ်ပင်နဲ့ဂျပ်ဆင်၊
အင်းလျားကန် ၊ လိပ်ခုံးခန်းမ တို့က မပါမဖြစ်တဲ့ အရာတွေပါ။ ၁၉၉၀ခုနှစ်အရောက်မှာ လိပ်ခုံးအဆောက်အအုံကို
ကျပ် ၂၅သိန်း ၁သောင်း နဲ့ ရောင်းစားခံခဲ့ရပြီးနောက်ပိုင်းမှာတော့ ---
အင်ဂျင်နီယာကျောင်းသားတွေအတွက်ကတော့
ရေနဲ့ အသံထိန်းစနစ် တခုဖြစ်တဲ့ (Surrounding Sound System)ကိုလေ့လာဖို့ အခွင့်အရေး ဆုံးရှုံးခဲ့ရခြင်းပါဘဲ။ အခုတော့ မိုက်ခရိုဖုန်းမလို ၊ ဆောင်းဘောက်မလိုဘဲ
ရေနဲ့ အသံထိန်းညှိတဲ့ လိပ်ခုံးခန်းမ ရှိခဲ့ဖူးတယ်ဆိုတာ
ဒဏ္ဍာရီတခုအဖြစ် ရှိနေပါတော့တယ်။
* လိပ်ခုံးအကြောင်း စိတ်ဝင်စားစရာ comments
(1)၁၉၆၀ခုနှစ်တုန်းက 'နိုင်ငံတကာ ဗိသုကာ ဒီဇိုင်းဆု'
ရခဲ့ပါသည်။ အဆောက်အဦ၏ အခြားထူးခြားချက်မှာ အဆောက်အဦအောက် ရေလှောင်ခန်း ရှိခြင်းပါ။
စက်ဖြင့်ရေသွင်း၊ ရေထုတ်လုပ်နိုင်ကြောင်း ကြားဖူးပါသည်။ လူအင်အားနည်းသော အခန်းအနားတွင် ရေစုပ်ထုတ်ထား၍ ဟောပြောသံတွင် လှိုင်သံ echo sound ပေါ်ပါသည်။
လူပရိတ်သတ် များချိန်တွင် ရေအပြည့်သွင်းကာ
ဆူညံသံလျော့စေသည်ဟု ဆိုပါသည်။
(2)လိပ်ခုံးအဆောက်အဦးရဲ့ထူးခြားချက်
အခန်းအနားများမှာ microphone songbox သုံးစရာမလိုပါ။ အဆောက်အဦရဲ့ ညာဘက်ထိပ်နားအပြင်မှာ underground ရေမြောင်း ရှိပါတယ်။
မြောင်းထဲ ရေဖြည့်ထားရင် ရှေ့က စကားပြောတာနဲ့
နောက်ကကြားရပါတယ်။
surounding sound system လိုပါဘဲ။
(3)ကျွန်မမိဘတွေ အဲ့ဒီအကြောင်း ပြောပြခဲ့ဖူးပါတယ်။
ရေထည့်တာ အနည်း အများပေါ် မူတည်တယ်။
အသံကို ထိမ်းပေးတယ်လို့ ပြောပြဖူးပါတယ်။
စိတ်ဝင်စားစရာ သိပ်ကောင်းပါတယ်။
အစက အမိုးကရေကျဖို့အတွက် ရေနှုတ်မြောင်းလို့
ထင်ခဲ့တာ။ အဲ့လို မဟုတ်ပါဘူး။ ရေကို အချိန်အဆနဲ့
ထည့်ပြီး အသံထိမ်းဖို့ လုပ်တာ ဖြစ်နေပါတယ်။
ပန်းချီပြပွဲတစ်ခု လိပ်ခုံးမှာကျင်းပတုန်းက
မြောင်းဖုံးမှန်ကြည်အထူ ခင်းပြီးလရေသွင်းမြောင်းအတွင်း က မီးချောင်းထွန်းပြီး ကျင်းပပါတယ်။
ပဲ့တင်သံနည်းသွားပါတယ် ပြောပါတယ်။
၁၉၇၀-၇၅ ခုနှစ် ကျွန်မတို့ ပုဂံဆောင်သူတွေရဲ့
ရင်းနှီးခင်မင်တဲ့ လိပ်ခုံးပါ။
၁၉၅၅/၅၇ခုနှစ်ဝန်းကျင်က ဆောက်နေစဉ်ကာလမှာ
ရန်ကုန်တက္ကသိုလ်မှာ ဥပစာ(ခ)တန်း တက်နေတုန်းဖြစ်လို့မကြာခဏ ညနေဘက်လမ်းလျှောက်ရင်း သွားကြည့်ဖူးတယ်။ အမိုးကို လျှားထိုး သစ်၃/၄လွှာ တထပ်စီ ကန့်လန့်ဖြတ်မိုးပါတယ်။
တလွှာနဲ့တလွှာကြားမှာ မိုးရေလုံအောင် ကတ္တရာပြားတွေ
ခင်းပြီးအပေါ်ဆုံးက ကြေးပြားတွေကို သံချေးမတက်နှိုင်တဲ့ ကြေးမှိုများနဲ့ ရိုက်ပြီး ကပ်တာကို တွေ့ဖူးပါတယ်။
ဒီလိုစံနစ်တကျ ခိုင်ခန့်အောင် ဆောက်ခဲ့တဲ့အဆောက်အဦ ပျက်သွားခဲ့ရတယ်ဆိုတာ မယုံနှိုင်အောင် ဖြစ်ခဲ့ရပါတယ်။
အင်ဂျင်နီယာကောလိပ်အဖြစ် ဆောက်ခဲ့တာပါ။
ဆေးကောလိပ် ဖြစ်သွားတာကတော့
တချိန်မှာ သမီးတော်တပါး ဆေးကျောင်းရောက်ချိန်နဲ့ တိုက်ဆိုင်နေတာ သတိပြုမိပါတယ်။
ဒီအဆောက်အဦအပြင် ပြည်လမ်းကလပြည်ထောင်စုရိပ်သာ၊ နတ်မောက်လမ်းက စက်မှုကျောင်း၊
မင်္ဂလာဒုံလေဆိပ်တို့ဟာ နိုင်ငံခြားအထောက်အပံ့နဲ့
ဆောက်ခဲ့တာလို့ မှတ်သားဖူးပါတယ်။
(4)For the College of Engineering, Rangoon University, Burma, a very unusual single-curvature free-form shell was designed and built during 1955 and 1956 by British engineers and contractors – the former, architects Raglan Squire & Partners, the latter Taylor Woodrow Ltd.
The span was 93 ft. (28 m) and the length 153 ft. (46.6 m). Unlike the hypars and conoids, this was essentially a free-form shape, intended to evoke a turtle shell. It was also a rare example in being built entirely of teak. An architectural model of this structure was exhibited at the Building Exhibition in London in 1955.
(5) ကျွန်တော်တို့ ၁၉၈၀ခုနှစ် 2nd M. B.တက်တော့
လိပ်ခုံး ရှိသေးသည်။ တက္ကသိုလ်ပွဲတွေ၊ မင်္ဂလာဆောင်တွေကျင်းပသေးသည်။ အတွင်းဖဂဘက် ကြမ်းခင်းတွေက
ပျားအုံလို ဆဌဂံကွက်တွေ ဖြစ်ပါတယ်။
တချို့နေရာတွေမှာ ရေကန်လေးတွေလို ဖြစ်နေပါတယ်။
တချို့နေရာမှာ မှန်ထူအုပ်ထားခင်းထားပါတယ်။
ရှေ့ကပေါ်တီကိုက ခြေထောက်နှစ်ချောင်းထဲဘဖြစ်ပြီး
အပေါ်က ကြည့်ရင် လိပ်ဦးခေါင်းပုံ ဖြစ်ပါတယ်။
အမိုးကတော့ အပေါ်က ကတ္တရာလိပ်မိုးထားတယ်လို့
ထင်ပါတယ်။ ဒီလိုအဆောက်အဦမျိုး B.P.ဘရှိနိုင်ပါတယ်။
အဓိကက အင်္ဂလိပ်လက်အောက်က မြန်မြန်လွတ်ချင်ဇောနဲ့ လွတ်လပ်ရေးယူလိုက်တဲ့အခါ အင်္ဂလိပ်က
ဘာကိုမှ စနစ်တကျလွှဲချိန် မရှိတော့ပါ။
အဲဒီ (တက္ကသိုလ်များ နယ်မြေအင်ဂျင်နီယာဌာန) မှာ
လုပ်တုန်းက Sewage lines တွေဆိုလည်း
ပိုက်ပေါက်မှ အောက်မှာ လိုင်း ရှိမှန်းသိရတာပါ။
တက္ကသိုလ်ထဲ မပြောနဲ့ ရန်ကုန်မြို့အတွက်လည်း
အင်္ဂလိပ်ခေတ်က လုပ်သွားတဲ့ Underground Services တွေအတွက်လည်း Drawings တောင်မရှိပါ။
အဲဒါဟာနှောင်းလူတွေတွေအတွက်အကြီးအကျယ်ဒုက္ခများရပါတယ်။
(6)74' မှာ1stMB စတက်တော့ လိပ်ခုံးက ကျွန်တော်တို့အတွက် အပမ်းဖြေစရာနေရာတစ်ခု ဖြစ်လာတယ်။
စာကျက်စရာနေရာ၊ ကြက်တောင်ရိုက်၊ခြင်းခတ်၊
ဘော်လုံးကန်၊ စစ်တုရင်ထိုး အမျိုးမျိုးသော
အားကစားလုပ်ရာနေရာပါ။ ပန်းချီပြပွဲ အခမ်းအနား၊
ညစာစားပွဲ ကျင်းပရာနေရာ အမျိုးမျိုး အသုံးခံခဲ့တယ်။
RASU မှာ ဂုဏ်ယူစရာက ဘွဲ့နှင်းသဘင်ခန်းမ၊
သစ်ပုပ်ပင် RC ။ ဆေး ၁ ရဲ့ဂုဏ်ယူစရာက လိပ်ခုံး။
လူသိနည်းတဲ့ အချက်တစ်ချက်က
လိပ်ခုံးခန်းမရဲ့ ဒေါင့် ၄ ဒေါင့်မှာ ၄ ပေ ပတ်လည်ခန့်ရှိ
ရေကန်ငယ်၄ ခုရှိနေတာပါဘဲ။
အခန်းအနားလုပ်ရင် တက်ရောက်မယ့်
ဧည့်သည်အရေအတွက်ပေါ်မူတည်ပြီး ကန်တွေကို
ရေအနိမ့်အမြင့် ထည့်ရပါတယ်။
ဟောပြောပွဲလုပ်တဲ့အခါ ထပ်ဆင့်အသံလှိုင်းတွေ
မထွက်ပေါ်စေဘဲ အသံကို ကြည်ကြည်လင်လင်
ကြားရအောင် တွက်ချက်စီမံ တည်ဆောက်ခဲ့တာ
အတုယူစရာပါ။ ရှေးဟောင်းလက်ရာဖြစ်တာရယ်၊
အင်္ဂျင်နီယာအတတ်တွေ မဖွံ့ဖြိုးခင်က တီထွင်
တွက်ချက်ဆောက်လုပ်ခဲ့တဲ့ နည်းပညာတွေ
ကွယ်ပျောက်သွားရတာကိုတော့ အရမ်းနှမျောမိပါတယ်။
(7)အဲဒီမှာ လိပ်ခုံးက တအိအိ ပြိုဆင်းနေပါပြီ။
Structue calculation မပြောနဲ့ Drawing တောင်မရှိပါ။
ဒီတော့ ထပ်ပြိုမကျအောင် အောက်က ငြမ်းဆင်ပြီး ထောက်ထားရပါတယ်။ ဘယ်လို လုပ်နိုင်မလဲဆိုတာ အစည်းအဝေးပေါင်းများစွာ ထိုင်ခဲ့ပေမယ့်
နည်းလမ်းမတွေ့ပါ။
တဖြည်းဖြည်း:ပြိုဆင်းနေတာကို မကုစားနိုင်တဲ့အဆုံး လေလံပစ်ပြီး ရောင်းစားလိုက်တာပါ။
သိရှိသူတွေ ခုထိ သက်ရှိထင်ရှားရှိနေဆဲပါ။
မေးလို့ရပါတယ်။ အဆင်ပြေရင် ကျွန်တော်နဲ့လည်း
တွေ့ပြီး မေးနိုင်ပါတယ်။ သိရှိသူတွေနဲ့ တွေ့ချင်တယ်ဆိုလည်း ကျွန်တော် လက်ဆွဲခေါ်သွားပေးပါ့မယ်။ စိတ်ကြိုက်မေးပါ။ အခုထိပင်စင် မယူရသေးသူတွေ ရှိနေဆဲပါ။
(😎 နောက်လိပ်ခုံးတခု ရှိသေးတယ်၊
တက္ကသိုလ်ရိပ်သာလမ်းနဲ့ အင်းလျားလမ်းထောင့်မှာပါ။
သူကနည်းနည်း ငယ်တယ်။ ပြည်လမ်းလိပ်ခုံးထက်အရင် ဖြိုဖျက်ခံရပြီး ယခုအခါဒီနေရာမှာ အမေရိကန်သံရုံးရဲ့ အဆောက်အဦ တခုဆောက်လုပ်ထားတာ အမှတ်ရမိတယ်။
(9) လိပ်ခုံးထဲမှာ ဘာအခန်းအနားလုပ်လုပ်
စပီကာ ဆောင်းဘောက် ဘာမှမလိုပါ။
ရိုးရိုးပြောတာနဲ့တင် တခန်းလုံး ကြားရပါသည်။
အဲ့ထဲမှာ ဘောလုံးလည်း ကန်ဖူးတယ်။
stage အကန့်ရဲနောက်ထဲမှာလည်း ဖဲခိုးရိုက်ဖူးတယ်။
ဆေးကျောင်းတက်တုန်းက လွမ်းတာ....
မှန်ကူကွက် အဆောက်အဦက
ကျွန်တော် ဦးလေးတွေခေတ်က B.Sc.(Engg.)
တက်ခဲ့ကြတဲ့နေရာ
ကျွန်တော်တို့ခေတ်ကျ ဆေး(၁)။
(10) လိပ်ခုံးကတော့ ကျွန်တော် ညနေပိုင်း IFL
ပြင်သစ်ဘာသာ အချိန်ပိုင်း တက်ခဲ့ရတဲ့ နေရာ။
၁၉၆၄ ခုနှစ်က I.Sc.(A) ဥပစာသိပ္ပံ(က)ကို လိပ်ခုံးမှာ
တက်ခဲ့ရတယ်။
အင်္ဂလိပ်စာ ကျူတာ ဆရာမက ဒေါ်နွဲ့ယဉ်ဝင်း(အဆိုတော်)၊ သင်္ချာဆရာက ဦးစိန်ရှမ်း၊ အားလုံးဆရာတွေ ဝတ်ရုံအမဲကြီးတွေ (ရှေ့နေဝတ်ရုံမျိုး)ဝတ်ပြီး စာသင်ကြတယ်။
မြန်မာစာကလွဲရင် ကျန်ဘာသာတွေကို
အင်္ဂလိပ်လို ပြောသင်တယ်။
နယ်stateကျောင်းသား မောင်မှတ်တို့ ပါးစပ်ဟောင်းလောင်းနဲ့ ဘာမှနားမလည်ပါ။ ကျောင်းတက်ပြီး ၁ လကြာတော့
ပါချုပ်ခေါ်တွေ့တယ်။ Physics,Chemistry, Math
အားလုံး tutorial တွေမှာ (zero)ထွက်နေလို့။
မင်းတို့ အချိန်မီသေးတယ်။ RASUဝိဇ္ဇာသိပ္ပံတက္ကသိုလ်ပြောင်းခိုင်းတယ်။ ဒါကို "ဆရာကြီးရယ်-အင်ဂျင်နီယာ
ဖြစ်ချင်လို့ပါ၊ ကြိုးစားပါ့မယ်ဆိုပြီး တောင်းပန်တဲ့အတိုင်း ကြိုးစားတာ အင်ဂျင်နီယာ ဖြစ်လာတယ်။
အဲဒီတုန်းက ပညာရေးစံနစ်ပြောချင်တာ။
လိပ်ခုံးအောက်မှာ အအေးပေး ရေမြောင်းစံနစ်က
ရေက အသွားအပြန်ရေမြောင်းတွေနဲ့ ရှေ့က ရေကန်ကြီးကိုပို့၊ ရေပန်းနဲ့ အအေးခံတယ်။
ရွှေရောင်ခေတ်ကို သတိရလွမ်းမောမိပါရဲ့။
ဆရာမနွဲ့ယဉ်ဝင်း က သိပ်ချောပါသည်ဗျာ။ 💛
(11)၁၉၈၉-၉၀ခုနှစ်လောက်မှာ အဆည က
ပြုပြင် ထိမ်းသိမ်းနိုင်တော့ခြင်းမရှိတော့တဲ့အတွက် လေလံတင်ရာ ကြက်တန်းကုလားတွေက
၂၅သိန်း ၁ သောင်း နှင့် လေလံဆွဲ ၀ယ်သွားပါတယ်။😊🥲
ဆေးရေးပန်ချီကားနှင့် လိပ်ပြာတောင် အမိုးလေး ကျန်ခဲ့သော်လည်း ယခု မရှိရှာတော့ပြီ။
Credit .
Burmese Past - မြန်မာ့အတိတ်

ที่อยู่

Din Daeng

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Burmese Past - မြန်မာ့အတိတ်ผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Burmese Past - မြန်မာ့အတိတ်:

แชร์