16/12/2025
ပြည်သူ့ လမ်းညွှန်မှုနှင့်အညီ ဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေးတပ်ပေါင်းစုတွင် စစ်သည်အင်အား သောင်းဂဏန်းရှိ
16 Dec 2025 By Nway / MPA
ပြည်သူလူထု၏ လမ်းညွှန်မှုနှင့်အညီဖြစ်ပေါ်လာသော နွေဦးတော်လှန်ရေး မဟာမိတ် တပ်ပေါင်းစု တွင် စစ်သည်အင်အား သောင်းဂဏန်းရှိကြောင်း သိရသည်။
ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေးတပ်ပေါင်းစုတစ်ခု ပေါ်ပေါက်လာစေရန် ရည်ရွယ်ပြီး နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု (Spring Revolution Alliance - SRA) ကို အဖွဲ့ဝင် ၁၉ ဖွဲ့ဖြင့် ဖွဲ့စည်းလိုက်ခြင်းဖြစ်ကြောင်း ဒီဇင်ဘာ ၁၅ ရက်က ထုတ်ပြန်သည်။
" အဓိကက ဒီတပ်ပေါင်းစုဖွဲ့စည်းရခြင်းရဲ့ ရည်ရွယ်ချက်မှာ ၂ခုရှိပါတယ်။ တစ်ခုကကျတော့ လူထုရဲ့လမ်းညွှန်မှုလို့ ဒါပြောလိုတယ်ပေါ့။ ဆိုတော့ ဒီတော်လှန်ရေးအတွင်းမှာ ဒါတော်လှန်ရေး တပ်တွေကို ပြည်သူလူထုအနေနဲ့ ပြည်သူတွေအနေနဲ့ ပိုပြီးတော့ ညီညွှတ်ကြဖို့၊ ပိုပြီးတော့ လက်တွဲဆောင်ရွက်ကြဖို့ တိုက်တွန်းမှုတွေ အများကြီးရှိပါတယ်။ ကျနော်တို့အနေနဲ့ ပြည်သူလူထုရဲ့ လမ်းညွှန်မှုလို့ မှတ်ယူပါတယ်။ ဒါကြောင့်ပဲ ဒီလိုမျိုးတပ်ပေါင်းစု ပေါ်ပေါက်လာသည်အထိ ဒါ ကြိုးပမ်းဆောင်ရွက်ခဲ့ကြတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ခုနကပြောသလို တပ်ပေါင်းစု၊ ညီညွှတ်မှုကို မျှော်ရည်တဲ့ အစုအဖွဲ့တွေ၊ ဒီလိုအစုအဖွဲ့တွေမှာ ဒါလူမျိုးစုအခြေခံအစုအဖွဲ့တွေ၊ ဒီမိုကရက်တစ်အခြေခံအစုအဖွဲ့တွေ နောက်ပြီးတော့ ကျောင်းသားအစုအဖွဲ့တွေ ဒေသအခြေပြုအစုအဖွဲ့တွေ ဒါအများကြီးပါဝင်ပါတယ်" ဟု ကျောင်းသားလက်ရုံးတပ်တော် - SAF၊ ဒုဥက္ကဌ ၁၊ ကိုမင်းဟန်ထက်က MPA သို့ပြောသည်။
ယင်းတပ်ပေါင်းစုတွင်ပါဝင်သည့် ၁၉ဖွဲ့သည် နိုင်ငံအနှံ့ ဒေသအသီးသီး၌ ရှိနေကြောင်း သိရသည်။
" အဓိကကတော့ တပ်ပေါင်းစုအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီတပ်ပေါင်းစုထဲမှာပါဝင်နေကြတဲ့ ကနဦးပါဝင်တဲ့ ၁၉ဖွဲ့မှာဆိုလို့ရှိရင် နေရာဒေသအသီးသီးမှာ လှုပ်ရှားနေကြတဲ့ တိုက်ပွဲဝင်နေကြတဲ့ အဖွဲ့တွေဖြစ်တယ်။ ဒါကြောင့်မို့ တပ်ပေါင်းစုတစ်ခုလုံးအနေနဲ့ ပြောရမယ်ဆိုလို့ရှိရင် ဒီတပ်ပေါင်းစုဟာ နိုင်ငံအနှံ့အပြားမှာ ရှိနေပြီလို့ လက်ရှိအခြေအနေမှာ ပြောလို့ရတယ်။ ပြီးတဲ့အခါမှာ ခုနကပြောတဲ့ တပ်ပေါင်းစုရဲ့ အင်အားဟာ သောင်းဂဏန်းမှာရှိတယ်။ ဒါကြောင့်ပဲ ခုနကပြောတဲ့ စစ်ဆင်ရေးမှာ ဘယ်ဒေသမှာ အဓိကဖော်ဆောင်မယ်ဆိုတာထက် ဒီစစ်အုပ်စုကို အဓိက ထိုးနှက်တိုက်ခိုက်နိုင်မယ့် မဟာဗျူဟာကိုပဲ ဆက်ပြီးအကောင်ထည်ဖော်သွားမှာဖြစ်တယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
ယခင်က တပ်ဖွဲ့တစ်ဖွဲ့ချင်းစီရင်ဆိုင်နေရသည့် စစ်ရေး၊နိုင်ငံရေးဆိုင်ရာ ဖိအားများ၊ အခက်အခဲများ၊ အကျပ်အတည်းများနှင့် စိန်ခေါ်မှုများကို တပ်ပေါင်းစုအနေနှင့် ရင်ဆိုင်ရမည်ဖြစ်သဖြင့် ပိုမိုကောင်း မွန်သည့် အရွေ့ဖြစ်ပေါ်လာနိုင်ပြီး ပိုမိုအားကောင်းသည့် ထိုးစစ်များလည်း ပေါ်လာနိုင်ခြေ ရှိကြောင်း ၎င်းကပြောသည်။
နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု -SRAကို BPLA၊96 Soldiers၊ ဗမာ့တပ်တော်၊ ချင်းညီနောင်(CB)၊ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLF)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF)၊ Force for Federal Democracy ( FFD )၊GZA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF)၊ ကလေးဒေသတော်လှန်ရေးတပ် ( KRF)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (Magway PDF)၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ အမျိုးသားလွတ်မြောက်ရေးတပ်တော် (NLA)၊ ပြည်သူ့လွတ်လပ်ရေးတပ်တော် (PIA)၊ ပအိုဝ်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့-ခမ်းကောင်/ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PNDF-KK/PPDFlKD၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်( Sagaing PDF )၊ ကျောင်းသားလက်ရုံးတပ်တော် (SAF)၊ ယောတပ်တော် (YA)နှင့် ယောကာကွယ်ရေးတပ် (YDF) တို့ဖြင့် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။
SRA အနေဖြင့် တပ်ပေါင်းစုအတွင်းသို့ မပါဝင်နိုင်သေးသည့် အခြားသော နွေဦးတော်လှန်ရေး အင်အားစုများကို မူဝါဒသတ်မှတ်ချက်များနှင့်အညီ ထပ်မံဖိတ်ခေါ်သွားမည်ဖြစ်ကြောင်းနှင့် တပ်ပေါင်းစု၏ ရှေ့လုပ်ငန်းစဉ်များ အကောင်အထည်ဖော်နိုင်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ - SAF / BPLA
စာတည်း-ML