19/09/2025
ဆိုင်ကယ် အရှိန်နဲ့မောင်းလာတဲ့ G-12ကျောင်းသားတဦး ဆီဘောက်ဆာကားကို ဝင်တိုက်မိပြီး သေဆုံး
စက်တင်ဘာ ၁၉
တနင်္သာရီတိုင်း၊ ကော့သောင်းမြို့၊ ဦးအောက်လမ်း၊ ရေခဲစက် အဝင်လမ်းထိပ်မှာ ဒီကနေ့ စက်တင်ဘာလ ၁၉ ရက်နေ့ မနက်က G-12 ကျောင်းသားတဦး မောင်းလာတဲ့ Honda Click 150 ဆိုင်ကယ်က ရပ်ထားတဲ့ ဆီဘောက်ဆာကားကို ဝင်တိုက်မိပြီး ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီကနေ့မနက်ပိုင်း ၈ နာရီခန့်မှာ G-12 ကျောင်းသားတဦးဟာ ဆိုင်ကယ်ကို အရှိန်နဲ့ လမ်းပြောင်ပြန် မှောင်းနှင်လာရာက လမ်းညာဘက်မှာ ရပ်ထားတဲ့ ဆီဘောက်ဆာကားကို ဝင်တိုက်ခဲ့တာလို့ သိရပါတယ်။
"ဆိုင်ကယ်က လမ်းပြောင်ပြန်မောင်းလာတာ။ ကားကရပ်ထားတာပါ။ ဆိုင်ကယ် အရှိန်ကများတယ်။ ကျောင်းသားလေး က ဒုန်းကနဲ တချက်ပဲ ကြားလိုက်ရတယ်။ ဆိုင်ကယ် ခေါင်းကြေသွားတယ်။ လူမျက်နှာပါ ကြေသွားတယ်။ ကတ္တာရာလမ်းနဲ့ ရိုက်သလိုဖြစ်သွားတာ " လို့ မျက်မြင်တွေ့ရှိရသူ ဒေသခံတဦးက မြို့တော်ကို ပြောပါတယ်။
ကော့သောင်းမြို့မှာ ကျောင်းသားတွေရဲ့ မိဘတွေက ခေတ်နဲ့ အညီ ဆိုင်ကယ် အကောင်းစားတွေကို အပြိုင်အဆိုင် ဝယ်ပေးထားကြပြီး ကလေးတွေဟာ ဆိုင်ကယ်တွေကို စည်ကမ်းမဲ့ မောင်းတာတွေနဲ့ ရပ်ကွက်ထဲတွေမှာ ဆိုင်ကယ်လီဗာ တဆုံးတင်ကာ စတန့်ထွင် မောင်းတာတွေ ပြုလုပ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။
" ခုကလေးကို အပြစ်ပြောတာ မဟုတ်ဘူး။ ကျွန်မတို့ဆီမှာက ကျောင်းသားတွေက ဆိုင်ကယ်တွေကို အရမ်းစီးကြတာ။ လီဗာတွေ ဆွဲပြီး တဝူးဝူးနဲ့။ ငယ်တဲ့အရွယ်တွေကို ခုလို ဆိုင်ကယ် အကောင်းတွေ မဝယ်ပေးစေချင်ဘူး။ ကိုယ့်သားသမီးကို သတ်သလိုပဲ " လို့ ကော့သောင်းဒေသခံအမျိုးသမီးတဦးက မြို့တော်ကို ပြောပါတယ်။
လတ်တလောမှာ ဆိုင်ကယ် တိုက်ပြီး သေဆုံးသွားတဲ့ G-12 ကျောင်းသားကို ၂ မိုင် ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံကို ပို့ထားတယ်လို့ ဒေသတွင်း သတငိးအရင်းမြစ်တွေထံက သိရပါတယ်။
မြို့တော် News Channel
page - https://www.facebook.com/MyoTawMedia
YouTube Channel - https://www.youtube.com/
TikTok Channel - https://www.tiktok.com/
Telegram Channel - https://t.me/myotawnews