Yin Monn ရင်ခုန် စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အချစ်ဇာတ်လမ်း ကြိုက်သူများအတွက် ကျမ ယဉ်မွန် ရေးသားတဲ့ ဝတ္ထုဇတ်လမ်းများ တင်ဆက်ပေးနေပါတယ်...

အခန်း (၈၀) -  ကြိုတင် အကြောင်း မကြားဘဲ ကဒ် ထုတ်ပေးခြင်းကြွက်ဖြူလေးကို အင်္ကျီ လဲပေးပြီးနောက် လရိပ်ချိုလည်း သူမ အခန်းထဲသိ...
20/03/2026

အခန်း (၈၀) - ကြိုတင် အကြောင်း မကြားဘဲ ကဒ် ထုတ်ပေးခြင်း

ကြွက်ဖြူလေးကို အင်္ကျီ လဲပေးပြီးနောက် လရိပ်ချိုလည်း သူမ အခန်းထဲသို့ ဝင်ကာ အဝတ်အစား လဲလိုက်သည်။

တိုက်ဆိုင်သည်မှာ သူမတွင်လည်း ဖိုးရွှေလုံး ဝတ်ထားသည်နှင့် အလွန် ဆင်တူသော အင်္ကျီတစ်စုံ ရှိနေခြင်းပင်။ သူမက ထိုအင်္ကျီကို ချက်ချင်း ထုတ်ဝတ်လိုက်ပြီး ဂျင်းဘောင်းဘီ (Overalls) နှင့် တွဲဖက် လိုက်သည်။

သူမ အခန်းထဲမှ ထွက်လာချိန်တွင် ကြွက်ဖြူလေး၏ မျက်ဝန်းများက တောက်ပ သွားတော့သည်။
သူသည် လရိပ်ချိုကို တစ်ချက်ကြည့်၊ ကိုယ့်ကိုယ်ကိုယ် တစ်ချက် ပြန်ကြည့်နှင့် သူ၏ မျက်နှာလေးပေါ်တွင် ပျော်ရွှင် ကျေနပ်မှုများ ပြည့်နှက် နေသည်။

သူက လရိပ်ချို၏ ခေါင်းစွပ်မှ ယုန်နားရွက်လေးများကိုပင် လှမ်းကိုင် ကြည့်နေပြီး လရိပ်ချိုနှင့် ဝတ်စုံ ဆင်တူ ဝတ်ထားရသဖြင့် အလွန် ဝမ်းသာ နေရှာသည်။

သူတို့နှစ်ဦး အဆင်သင့် ဖြစ်ချိန်တွင် အိမ်ရှေ့မှ အင်ဂျင်သံ တစ်သံ ကြားလိုက် ရသည်။
မင်းစက်အာဏာ ပြန်ရောက်လာပြီ။

အခန်းပြင်ပ အပူချိန်မှာ (၃၀) ဒီဂရီ စင်တီဂရိတ်ခန့် ရှိသော်လည်း မင်းစက် အာဏာကမူ ဆိုက်ဘေးရီးယားမှ ပြန်လာသည့် အလားပင်။

သူက အေးစက် တည်ကြည်သော အမူအရာဖြင့် ဧည့်ခန်းထဲသို့ သူ၏ ရှည်လျားသော ခြေတံများ အသုံးပြုကာ လှမ်းလျှောက် ဝင်လာသည်။

ဆိုဖာပေါ်တွင် မိခင်နှင့်သား အလား ဝတ်စုံဆင်တူ ဝတ်ဆင် ထားကြသော ထိုနှစ်ယောက်ကို မြင်လိုက် ရသည့်အခါ သူ၏ အေးစက်စက် မျက်ဝန်းများမှ တဆင့် တစ်ကိုယ်လုံးရှိ ရေခဲပြင်ကြီး အရည် ပျော်သွားသကဲ့သို့ ဖြစ်သွား ရသည်။

ဖိုးရွှေလုံးမှာ ထိုဝတ်စုံလေးဖြင့် အလွန်ချစ်ဖို့ ကောင်းနေသလို၊ လရိပ်ချိုမှာလည်း ချစ်စရာ ယုန်နားရွက်လေးများ၊ အသက်အရွယ်ကို ငယ်သွားစေသည့် ဘောင်းဘီ တို့ကြောင့် ပို၍ပင် နုပျို သွားပုံရသည်။ ဖိုးရွှေလုံးနှင့်အတူ ထိုင်နေသည်မှာ သားအမိထက် မောင်နှမနှင့် ပိုတူနေ၏။

မင်းစက်အာဏာ ပြန်ရောက် လာသည်ကို မြင်သောအခါ လရိပ်ချိုက ချက်ချင်း ထရပ်လိုက်ပြီး ဖိုးရွှေလုံးကို ဦးဆောင်ကာ လျှောက်လာသည်။

“ကျွန်မတို့ အဆင်သင့် ဖြစ်နေပြီ... အခုပဲ သွားကြမလား…”

မင်းစက်အာဏာက ခေါင်းငြိမ့် ပြလိုက်သည်။ သူ၏ အကြည့်များက မိန်းကလေး၏ ကိုယ်ပေါ်တွင် အတန်ကြာ ရပ်တန့်နေပြီးမှ အကြည့် လွှဲဖယ်လိုက်ကာ...

“သွားကြစို့....”

ကားပေါ် ရောက်သောအခါ လရိပ်ချိုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။

“မင်းစက်အာဏာ... ကျွန်မတို့ရဲ့ ဖိုးရွှေလုံးလေးကို ကြည့်ပါဦး.. ဒီအင်္ကျီလေးနဲ့ အရမ်းချစ်ဖို့ မကောင်းဘူးလား... ဒီတစ်စုံကို ရဖို့ ကျွန်မမှာ တော်တော် ကြာအောင် ရှာခဲ့ရတာ...”

“ချစ်ဖို့ ကောင်းတယ်...”

မင်းစက်အာဏာက ပြန်ဖြေ လိုက်သော်လည်း သူ ပြောနေချိန်တွင် နောက်ကြည့်မှန်မှ တဆင့် မိန်းကလေးကိုသာ ကြည့်နေခြင်း ဖြစ်သည်။

လရိပ်ချိုက ဂုဏ်ယူသော လေသံဖြင့်...

“ဟုတ်တယ် မဟုတ်လား.... ဖိုးရွှေလုံး အတွက် ဒီလိုချစ်စရာ ကောင်းတဲ့ ဝတ်စုံလေးတွေ အများကြီး ထပ်ဝယ် ပေးသင့်တယ်...”

“အင်း...”

မင်းစက်အာဏာက ထောက်ခံသည့် အနေဖြင့် အသံ ပြုလိုက်ပြီးနောက် အနက်ရောင် ကဒ်ပြား တစ်ခု ထုတ်ယူကာ သူမထံ ကမ်းပေး လိုက်သည်။

“ဒါ... ဒါက ဘာအတွက်လဲ...”

လရိပ်ချို မျက်တောင်ခတ်ရင်း ကြောင်ကြည့် နေမိသည်။

အွန်လိုင်း ပေါ်မှာသာ မြင်ဖူးခဲ့သည့် ဒဏ္ဍာရီလာ အကန့်အသတ်မဲ့ 'Black Card' ကြီး မဟုတ်ပါလော....

မင်းစက်အာဏာက...

“ဝယ်လိုက်ပါ...”

လရိပ်ချိုက....

“အဲ...”

သူမ ဆိုလိုတာ ဒါမျိုး မဟုတ်ဘူးနော်....

ဒီလူက ဘာလို့ ကြိုတင် အကြောင်းမကြားဘဲ လူတွေကို ပိုက်ဆံနဲ့ ပေါက်နေ ရတာလဲ......
ထားပါတော့...

သူ ပေးမှတော့လည်း ပြန်ရောက်ရင် ဖိုးရွှေလုံး အတွက် ချစ်စရာကောင်းတဲ့ အင်္ကျီလေးတွေ အများကြီး ထပ်ဝယ် ပေးလိုက်ရုံပေါ့....

သူတို့ သွားမည့် နေရာကို ရောက်သောအခါ မင်းစက်အာဏာက အရင်ဆင်းကာ ကျန်နှစ်ယောက်အတွက် ကားတံခါးကို လူကြီးလူကောင်းဆန်စွာ ဖွင့်ပေး လိုက်သည်။ သူက လရိပ်ချိုကို ကြည့်ပြီး....

“အဆင် ပြေရဲ့လား....”

သူနှင့် အတူ နေလာသည်မှာ ကြာပြီ ဖြစ်သဖြင့် လရိပ်ချိုက မင်းစက်အာဏာ၏ လိုရင်းတိုရှင်း စကား ပြောဟန်ကို နားလည်နေပြီ ဖြစ်သည်။ သူမ အနေဖြင့် သူနှင့်အတူ လူကြားထဲတွင် ပေါ်ထွက်လာရန် အဆင်ပြေပါ့မလားဟု မေးခြင်း ဖြစ်ကြောင်း သူမ သိလိုက်သည်။

လရိပ်ချိုက ခေါင်းလေးကုပ်ရင်း....

“အဆင် ပြေမှာပါ.... အခု ကျွန်မကို ဘယ်သူမှ မမှတ်မိ ကြသေးဘူး.... ပြီးတော့ ဝတ်ထား တာကလည်း ဒီလို မျိုးကြီးလေ....”

ထိုသို့ ပြောနေရင်း သူမက မှန် မပါသော အဝိုင်းပုံ ပယင်းရောင် မျက်မှန်ကြီးကို ထုတ်တပ်လိုက်ကာ....

“ဒီလိုဆိုရင် အဆင် ပြေသွားပြီ...”

“အင်း...”

မင်းစက်အာဏာက ခေါင်းငြိမ့် လိုက်သည်။

သူတို့ သုံးယောက်သား ဟော့ပေါ့ ဆိုင်သို့ ဦးတည် လမ်းလျှောက် ခဲ့ကြသည်။

ကိုယ့်ကိုယ်ကိုယ် မည်သူမှ မမှတ်မိနိုင်ဘူး ဟူသော လရိပ်ချို၏ ခန့်မှန်းချက်က မှန်ကန် နိုင်သော်လည်း...

ဖိုးရွှေလုံးနှင့် မင်းစက်အာဏာကိုမူ ထည့် မတွက်မိခဲ့ပေ။

သားအဖ နှစ်ယောက်လုံးက အထူးသဖြင့် အတူတူ ရှိနေချိန်တွင် လူအများ၏ အာရုံကို ဆွဲဆောင် လွန်းလှသည်။ သူတို့ သွားလေရာ နေရာတိုင်းတွင် လူတိုင်း၏ အကြည့်များက ကပ်ပါ လာကြသည်။
အမှန်ဆို ယနေ့ လရိပ်ချို ကိုယ်တိုင်ကလည်း ဖိုးရွှေလုံးနှင့် ဝတ်စုံတူ ဝတ်ထားသဖြင့် အတော်ပင် ထင်ပေါ်နေခြင်း ဖြစ်သည်။

“အား.... ဟို သားအဖကို ကြည့်စမ်းပါဦး... အရမ်း ကြည့်ကောင်းတာပဲ..... လူကြီးကလည်း ချောလိုက်တာ..... ကလေးလေး ကလည်း ချစ်စရာလေး....”

“ဘေးက အစ်မကလည်း လှတာပဲ.... ဒီမိသားစုက မိသားစု တစ်ခုလုံး ကြည့်ကောင်း နေတာပဲ.... အဖေ ဖြစ်သူက မောင်နှမ နှစ်ယောက်ကို အပြင် ခေါ်လာတာလား.... အမေက ဘယ်မှာလဲ မသိဘူးနော်....”

ထိုစကားကို ကြားလိုက်သောအခါ မင်းစက်အာဏာ ချက်ချင်း မျက်နှာ ပျက်သွားသည်။

ကံကောင်း ထောက်မစွာဖြင့် ထိုသူဘေးမှ အမျိုးသမီးက ဝင်ပြောလိုက်သည်။

“ဘာ မောင်နှမလဲဟဲ့.... အဲ့ဒါ မိသားစု လိုက်ကြီးလေ..... ဟိုမိန်းကလေးက အဲ့ဒီလူရဲ့ ဇနီး.. ကလေးရဲ့ အမေ ဖြစ်မှာပေါ့....”

“မဖြစ်နိုင်တာ..... အဲ့ဒီမိန်းကလေးက ကြည့်ရတာ အရမ်း ငယ်သေးတယ်!...”

“နင်က ဘာသိလို့လဲ.... ယောက်ျားဖြစ်သူက မိန်းမထက် အများကြီး ပိုရှည် နေလို့ပါ..... ဟိုလူက အဲ့ဒီမိန်းကလေးကို ကြည့်နေတဲ့ အကြည့်ကိုပဲ ကြည့်လေ... အဲ့ဒါ ဇနီးသည်အပေါ် ထားတဲ့ ချစ်မြတ်နိုးတဲ့ အကြည့်ဆိုတာ အသိသာ ကြီးပဲကို....”
.............................

ရှေ့ဆက်ပြီး ဘာတွေ ဆက်ဖြစ်မလဲ သိချင် နေပြီလား..... မညာနဲ့နော်......

#ဝတ္ထု #စာပေ
#အမုန်းကြားမှဖူးပွင့်လာသောအချစ်
#စာရေးသူယဉ်မွန်

အခန်း (၇၉) -  ချစ်စရာ ကောင်းတဲ့ ယုန်နားရွက်လေးတွေနောက်ဆုံး အလုပ် သိမ်းချိန်တွင် မျိုးပပအောင်သည် အံ့မင်းကျော် အနား ချဉ်းက...
19/03/2026

အခန်း (၇၉) - ချစ်စရာ ကောင်းတဲ့ ယုန်နားရွက်လေးတွေ

နောက်ဆုံး အလုပ် သိမ်းချိန်တွင် မျိုးပပအောင်သည် အံ့မင်းကျော် အနား ချဉ်းကပ်ရန် အခွင့်အရေးကို ရှာတွေ့ သွားသည်။ ပို၍ပင် ပြည့်စုံသွားသည်မှာ လရိပ်ချို တစ်ယောက် အနားတွင် မရှိတော့ခြင်းပင်။

ထို့ကြောင့် သူမက အံ့မင်းကျော် အနားသို့ ခပ်ရှက်ရှက် အမူအရာနှင့် တိုးကပ်သွားပြီး....

“ကိုကိုမင်းကျော်... တို့တွေ ဘယ်မှာ သွားစားကြမလဲဟင်.... RIVER VIEW ဟိုတယ်မှာ ပင်လယ်စာ သွားစားကြမလား...... အဲ့ဒီမှာ ဖေဖေက အသင်းဝင်ထားတာ ဆိုတော့ (VIP) အခန်း သုံးလို့ ရတယ်လေ....”

အံ့မင်းကျော်သည် စိတ်မပါ၊ လက်မပါ အမူအရာနှင့် ပျင်းရိစွာ အကြော တစ်ချက် ဆန့်လိုက်ပြီး....

“တော်ပြီ... ဒီနေ့ တော်တော် ပင်ပန်းနေလို့ ငါ မလိုက်တော့ဘူး...”

မျိုးပပအောင်သည် ထိုစကားကို ကြားသောအခါ အလောတကြီး အမူအရာဖြင့်...

“အမ်..... ဒါပေမဲ့ ဒီနေ့က ကိုကို ရိုက်ကူးရေးကွင်းကို စရောက်တဲ့ ပထမဆုံး နေ့လေ.... ဘာပဲဖြစ်ဖြစ် ကြိုဆိုပွဲ ညစာတော့ စားရမှာပေါ့....”

အံ့မင်းကျော်သည် ထိုစကားကို ကြားသောအခါ မျက်နှာ ပျက်သွားပြီး....

“ပထမဆုံးနေ့မှာ ကြိုဆိုပွဲ လုပ်ရမယ်လို့ ဘယ်သူက ဥပဒေ ထုတ်ထားလို့လဲ... မင်း အဲ့ဒီလောက်တောင် စားချင်နေ ရင်လည်း မင်းဘာသာမင်း သွားစား လိုက်လေ...”

အမှန်ဆို အံ့မင်းကျော်၏ စိတ် သဘောထားက သိပ် မကောင်းလှကြောင်းကို လူတိုင်း သိကြသည်။
သူ စိတ်ကြည်နေလျှင် ပေါင်းရသင်းရ လွယ်ကူသော်လည်း စိတ် မကြည်လျှင်မူ...။
ယခု အချိန်တွင် ဤလူက သိသိသာသာ စိတ်တို နေသည်။

အဟောက် ခံလိုက်ရသဖြင့် မျိုးပပအောင်၏ မျက်ဝန်း အစုံက ချက်ချင်း နီရဲလာပြီး....

“ညီမက လုပ်ထုံးလုပ်နည်းမလို့ ပြောတာပါ.... ကိုကိုမင်းကျော်ကလည်း ဘာလို့ အဲ့လိုကြီး ပြောရတာလဲ...”

‘တောက်(စ်)... ဘယ်သူက မင်းရဲ့ ကိုကိုမင်းကျော်လဲ....’

စိတ်ထဲတွင် မကျေမနပ် ဖြစ်နေသော အံ့မင်းကျော်သည် ပေါက်ကွဲတော့မည့် ဆဲဆဲ ဖြစ်နေသည်။
ဘေးမှ ဒါရိုက်တာ ကျော်သူသည် အခြေအနေ မဟန်တော့သည်ကို မြင်သောအခါ ကြားထဲမှ ဝင်၍ ဖြန်ဖြေ ပေးလိုက်သည်။

“ဒီနေ့တော့ မင်းကျော်လည်း တော်တော်‌လေး ပင်ပန်း နေပုံ ရတယ်.... တခြား တစ်ရက်ပဲ ပြောင်းလိုက် ရအောင်..... ပထမဆုံး နေ့မှာ ဇာတ်ဝင်ခန်းတွေ ချက်ချင်း ရိုက်ဖြစ်မယ်လို့ မထင်ထားမိတော့ သူ့ကို ပတ်ဝန်းကျင်နဲ့ အသားကျအောင် အနား ပေးသင့်တယ်...”

“ကဲ... အားလုံးပဲ ဒီနေ့တော့ စောစောပြန်ပြီး နားကြတာပေါ့... ကြိုဆိုပွဲကတော့ နောက်မှာ အခွင့်အရေးတွေ အများကြီး ရှိပါသေးတယ်...”

“ဒါဆိုလည်း... ကောင်းပါပြီ...”

အကျပ်အတည်းထဲမှ လွတ်မြောက် သွားသဖြင့် မျိုးပပအောင်သည် မလိုလားသော်လည်း ခေါင်းငြိမ့် လိုက်ရသည်။ တစ်ချိန်တည်းမှာပင် လရိပ်ချို အပေါ် ထားရှိသော သူမ၏ အမုန်းတရားများက ပို၍ တိုးလာသည်။

လရိပ်ချိုက ကိုကိုမင်းကျော် ကို တစ်နေ့လုံး အပိုင် စီးထားသဖြင့် သူက ညစာတောင် မစားချင် လောက်အောင် ပင်ပန်းသွားရခြင်း ဖြစ်သည်ဟု သူမ ထင်နေမိသည်။

မျိုးပပအောင်သည် ခေါင်းငုံ့လျက် သူမ ဖုန်းထဲမှ ဓာတ်ပုံ အချို့ကို တိတ်တဆိတ် ပြန်ကြည့်နေရင်း နှုတ်ခမ်းထောင့်၌ ကောက်ကျစ်သော အပြုံး တစ်ခု ပေါ်လာသည်။

‘လရိပ်ချို... နင် စောင့်နေလိုက်ဦး.... နင် ပေးဆပ် စေရမယ်...’
.....

မင်းစက်အာဏာ အိမ်တော်တွင်....

“အချစ်လေးရေ... ပြန်လာပြီ...”

အိမ်သို့ ရောက်သည်နှင့် လရိပ်ချို၏ မောပန်းသမျှမှာ အကုန်အစင် ပျောက်ကွယ် သွားသည်။
ဖိုးရွှေလုံးက သူမ၏ အသံကို ကြားသည်နှင့် လက်ထဲတွင် ရေခဲတုံးလေးများ ပါသော သစ်သီးဖျော်ရည် တစ်ခွက်ကို ကိုင်ကာ သူမကို ကြိုဆိုရန် တလှုပ်လှုပ် ပြေးထွက် လာသည်။

“အချစ်လေးကတော့ သိတတ် လိုက်တာ.... ချစ်လိုက်တာနော်...”

လရိပ်ချိုသည် ထိုခွက်ကို ယူကာ တစ်ကျိုက်တည်းနှင့် ကုန်အောင် မော့သောက် လိုက်ပြီးနောက် ပျော်ရွှင်စွာ ပြောလိုက်သည်။

“လာ... လာ... အန်တီက သားကို ချစ်စရာကောင်းတဲ့ အင်္ကျီလေးတွေ လဲပေးမယ်.... ခဏနေရင် တို့
တွေ ဟော့ပေါ့ သွားစားကြမယ်လေ.....”

အပြင်သွားမယ် ဟု ကြားသည်နှင့် အမြဲတမ်း အခန်းထဲ ပြေးပုန်းတတ်သော ကြွက်ဖြူလေးက ယခုတွင်မူ လရိပ်ချို၏ လက်ကိုကိုင်ကာ အပေါ်ထပ်သို့ လိုက်သွားရန် အသာတကြည် ခွင့်ပြု နေသည်။
အိပ်ခန်းထဲသို့ ရောက်သည့် အခါတွင်လည်း သူမက အင်္ကျီ တစ်စုံပြီး တစ်စုံ လဲပေးသည်ကို ငြိမ်ခံ နေရှာသည်။

“ဒါက ရိုးလွန်းတယ်... ဒါက အရောင် ရင့်လွန်းတယ်.... ဒါကတော့.....”

“ဘုရားရေ.... သားအတွက် ဒီအင်္ကျီတွေကို ဘယ်သူ ဝယ်ပေးတာလဲ.... အမြင်ကလည်း တကယ်ပါပဲ.... မေးနေစရာတောင် မလိုဘူး... သားသားရဲ့ ဖေဖေပဲ ဖြစ်ရမယ်....”

“သားသားက အသက် (၅) နှစ်ပဲ ရှိသေးတာကို (၃၅) နှစ်ကြီး လူလို့ ထင်နေတာလား မသိဘူး...”

လရိပ်ချိုသည် ဗီရိုထဲတွင် မွှေနှောက်ရင်း ညည်းညူနေပြီးမှ နောက်ဆုံး၌ သူမ အကြိုက်ဆုံး တစ်စုံကို ရှာတွေ့သွားသည်။

“ဝါး.... ဒါလေးက တကယ် ချစ်စရာ ကောင်းတာပဲ”

၎င်းမှာ အဖြူရောင် လက်တို ရှပ်အင်္ကျီလေး ဖြစ်ပြီး ခေါင်းစွပ်တွင် ရှည်လျားသော ယုန်နားရွက် နှစ်ဖက် ပါရှိသည်။ ထို့ပြင် တွဲဖက်ဝတ်ဆင်ရန် ဘောင်းဘီ နားသိုင်းစုံ (Overall) လေးလည်း ပါဝင်ကာ ထိုဘောင်းဘီ၏ အရှေ့တွင် 'ဒိုရေမွန်' ကဲ့သို့ အိတ်ကပ် အကြီးကြီး တစ်ခု ပါရှိသည်။

“ဒီစတိုင်ကို ကြည့်ရတာ သားသားရဲ့ ဦးငယ် ဝယ်ပေးထားတာ ဖြစ်ရမယ်.... ဒီကိစ္စမှာတော့ သူက တော်တော် အားကိုး ရသားပဲ..... ကလေးဆိုတာ ချစ်စရာကောင်းတဲ့ အင်္ကျီလေးတွေ ဝတ်ပြီး သွက်သွက်လက်လက် ရှိနေရမှာပေါ့...”

လရိပ်ချိုသည် ကိုယ့်ဘာသာကိုယ် ကျေနပ်စွာ ခေါင်းငြိမ့် လိုက်ပြီးနောက်....

“အချစ်လေး... ဘယ်လိုလဲ.... ဒါလေးကို ကြိုက်လား... မကြိုက်ရင် နောက်တစ်စုံ ထပ်ရှာ ပေးမယ်လေ....”

လရိပ်ချိုက ဖိုးရွှေလုံး၏ သဘောထားကို မေးရန် အမြဲတမ်း သတိ ရတတ်သည်။ သို့သော် ဖိုးရွှေလုံးကမူ သူမ၏ သဘောထားကို အမြဲတမ်း လိုက်လျောလေ့ ရှိသူ ဖြစ်သည်။

ထင်သည့် အတိုင်းပင်....

ယခု တစ်ကြိမ်တွင်လည်း ကြွက်ဖြူလေးက မဆိုင်းမတွ ခေါင်းငြိမ့် ပြသည်။

ထို့ကြောင့် လရိပ်ချိုက ဖိုးရွှေလုံးအား ထိုအင်္ကျီလေးကို ပျော်ရွှင်စွာ လဲပေး လိုက်သည်။
....

ချစ်စရာကောင်းတဲ့ မိသားစု ပုံစံလေး ဖြစ်အောင် ရေးဖွဲ့ သွားမှာပါ..... ယဉ်မွန်ကို အားပေးကြအုံးနော်.....

#ဝတ္ထု #စာပေ
#အမုန်းကြားမှဖူးပွင့်လာသောအချစ်
#စာရေးသူယဉ်မွန်

အခန်း (၇၈) -  ငါ နင့်ရဲ့ ဒေါ်လေး ဖြစ်သွားမှာကို အဲ့လောက်တောင် စိုးရိမ် နေတာလား.....လရိပ်ချို၏ စက်ဆုပ်ရွံရှာဟန် ပေါ်နေသော...
18/03/2026

အခန်း (၇၈) - ငါ နင့်ရဲ့ ဒေါ်လေး ဖြစ်သွားမှာကို အဲ့လောက်တောင် စိုးရိမ် နေတာလား.....

လရိပ်ချို၏ စက်ဆုပ်ရွံရှာဟန် ပေါ်နေသော မျက်နှာ အမူအရာကို မြင်လိုက်ရမှ နောက်ဆုံးတွင် အံ့မင်းကျော် သက်ပြင်း ချနိုင်တော့သည်။ လရိပ်ချို အကြောင်းကို သူ ကောင်းကောင်း သိထားသည်။
သူမ အမုန်းဆုံး အရာမှာ အချုပ်အနှောင် ခံရခြင်း ဖြစ်သည် ဆိုသည်ကိုလည်း သူ နားလည် သည်။
မင်းစက်အာဏာတို့ ကဲ့သို့ မိသားစု နောက်ခံ မျိုးဆိုသည်မှာ သူမ အတွက်တော့ ကြောက်စရာကောင်းသည့် အရာတစ်ခုသာ ဖြစ်လိမ့်မည်။

“ကဲ... နင် မေးစရာ ရှိတာတွေလည်း မေးလို့ ပြီးပြီ... အခု ငါ့အလှည့်ပဲ မဟုတ်လား....”

လရိပ်ချိုက လက်ပိုက်လိုက်ပြီး သူ့ကို စွေကြည့်ကာ မေးလိုက်သည်။

အံ့မင်းကျော်က ပခုံး တွန့်ပြရင်း....

“ဘာ မေးချင်လို့လဲ...”

“မင်းစက်အာဏာမှာ ညီလေး တစ်ယောက်ပဲ ရှိတာ မဟုတ်လား... ညီမလည်း မရှိဘူး... နင်က ဘယ်လိုလုပ်ပြီး သူ့တူ ဖြစ်နေ ရတာလဲ...”

လရိပ်ချိုက မေးလိုက်သည်။

အံ့မင်းကျော်သည် စီးကရက် တစ်လိပ်ကို မီးညှိလိုက်ပြီးမှ ဖြည်းဖြည်းချင်း ပြောပြလိုက်သည်။

“ငါက မင်းစက်အာဏာတို့နဲ့ သွေးမတော်၊ သားမတော်စပ် ပါဘူး... ငါ့အဘိုးက မင်းစက်အာဏာ မိသားစုနဲ့ ရင်းနှီးတဲ့ သူငယ်ချင်းတွေလေ.... ငါ့အမေ ငယ်ငယ်လေးမှာပဲ သူတို့က ကားအက်စီးဒင့်နဲ့ ဆုံးသွား ကြတာ... အဲ့ဒါနဲ့ မင်းစက်အာဏာ မိသားစုက ငါ့အမေကို မွေးစား ခဲ့တာပေါ့..... မိသားစု အစဉ်အလာအရ ဆိုရင်တော့ ငါက မင်းစက် အာဏာကို 'ဦးလေး' လို့ ခေါ်ရတာပေါ့...”

“ဩော်... အဲ့လိုကိုး...”

လရိပ်ချိုက သူ့ကို မကျေမနပ်စွာ စွေကြည့် လိုက်ရင်း....

“ငါက စီးကရက်ဖြတ်ဖို့ ကြိုးစား နေတာနော်... ငါ့ကို လာပြီး မမြှူဆွယ်နဲ့....”

“အရင်က ကောင်းနေတာပဲကို ဘာလို့ ဖြတ်ဖို့ လုပ်နေတာလဲ...”

အံ့မင်းကျော် မျက်မှောင် ကြုတ်သွားသည်။

“မကောင်းတဲ့ အကျင့် တစ်ခုကို ဖြတ်ဖို့ အကြောင်းပြချက် လိုသေးလို့လား...”

“ဟိုတုန်းကတော့ ငါ့ကို ဘယ်သူ ပြောခဲ့တာလဲ....”

“'ဒီနေ့ အရက် ရှိရင် ဒီနေ့ပဲ မူးလိုက်မယ်... ဒီနေ့ စီးကရက်ရှိရင် ဒီနေ့ပဲ သောက်လိုက်မယ်... အရက်နဲ့ စီးကရက် ဖြတ်တဲ့သူတွေက ငတုံးတွေ ဆိုတာလေ....”

အံ့မင်းကျော်က ညည်းညူရင်း စီးကရက်ကို ချေဖျက် ပစ်လိုက်သည်။

“ငါ ပြောပြ နိုင်သမျှတော့ ပြောပြီးပြီ.... တခြား မေးစရာ ရှိသေးလား...”

“ရှိတာပေါ့...”

လရိပ်ချိုက အံ့ကြိတ်ပြီး သူ့ကို စိုက်ကြည့်လိုက်ကာ...

“အမှန်အတိုင်း ပြောစမ်း... နင် ဘာလို့ ပုံညရှင် ဇာတ်ကောင်ကို လက်ခံ လိုက်တာလဲ.... ဒါက ဒုတိယ မင်းသား နေရာဖြစ်နေရုံတင် မကဘူ...၊ နင် ပုံမှန် သရုပ်ဆောင်နေကျ အမျိုးအစားလည်း မဟုတ်ဘူးလေ...”

သူမ ပြောချင်သည်မှာ ဤကောင်က သူမကို ဒုက္ခပေးရန် တမင် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုလိုခြင်းပင်။

အံ့မင်းကျော်က အပြစ်ကင်း စင်သော အမူအရာ ဖန်တီးကာ...

“ငါ ဒုတိယ မင်းသား နေရာကို လက်ခံတော့ ဘာဖြစ်လဲ.... မယူရဘူးလို့ ဘယ်သူက ဥပဒေ ထုတ်ထားလို့လဲ.....”

“ပုံညရှင် နေရာကို ယူတော့ရော ဘာဖြစ်လို့လဲ....”

“ငါ ပုံမှန် မလုပ်ဖူးတဲ့ ဇာတ်ကောင်မျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် စိန်ခေါ် ကြည့်ချင်တာလေ.... အဲ့ဒါ မရဘူးလား....”

“ပုံစံ တစ်မျိုးတည်းမှာပဲ အမြဲ ပိတ်မိနေတာက အဓိပ္ပာယ် မရှိဘူးလေ... ပြီးတော့ ဒီနေ့ ငါ သရုပ်ဆောင်တာ တော်တော်လေး ကောင်းတယ် မဟုတ်လား..... နင်တောင် ငါ့ကို စနောက်ပြီး ပျော်နေတာပဲလေ...”

“ငါ မပျော်ဘူးဟဲ့..... ငတုံးရဲ့!...”

မနက်ဖြန်ကျလျှင်မူ သူမ မျက်ရည် ကျရမည်မှာ သေချာပါသည်။

“ကဲပါ... နင်နဲ့ ဆက်ပြီး ကလေးကလားတွေ ပြော မနေတော့ဘူး..... ငါ ပြန်တော့မယ်....”

“ဖိုးရွှေလုံးကို ဟော့ပေါ့ အတူစားမယ်လို့ ကတိပေးထားလို့...”

လရိပ်ချိုသည် ဖုန်းထဲမှ အချိန်ကို အမြန် ကြည့်လိုက်သည်။

အံ့မင်းကျော်က မကျေမနပ် ဖြစ်သွားကာ...

“ငါ့ဦးလေးလည်း နင်နဲ့အတူ လိုက်မှာလား...”

“လိုက်မှာပေါ့... ငါတစ်ယောက်တည်း ဖိုးရွှေလုံးကို အပြင်ခေါ်သွားဖို့ မရဲပါဘူး..... တစ်ခုခု ဖြစ်သွားရင် ဘယ်သူ တာဝန် ယူမှာလဲ...”

ထိုစကားကို ကြားသောအခါ အံ့မင်းကျော်သည် ဒေါသ ထွက်လွန်းသဖြင့် တစ်ခုခုကို ထိုးပစ်ချင်စိတ် ပေါက်သွားသည်။

“မင်း သိတယ်ပေါ့.... ဖိုးရွှေလုံးက တော်ဝင် မြင့်မိုရ် မိသားစု တစ်ခုလုံးရဲ့ အသက်ပဲ... အထူးသဖြင့် သူ့အဘိုးနဲ့ အဘွား အတွက်ပေါ့.... သူတို့က မြေးလေးကို သူတို့ အသက် ထက်တောင် ပိုချစ်တာ.....”
“တစ်ခုခု ဖြစ်ရင် မင်းကို အရှင်လတ်လတ် မြေမြှုပ် ပစ်လိမ့်မယ်.... မင်းက ဘာလို့ ဒီလောက် ပူလောင်တဲ့ အလုပ်ကြီးကို လက်ခံ ထားရတာလဲ....”

ထိုစကားကို ကြားသောအခါ လရိပ်ချိုက မနှစ်မြို့ ဖြစ်သွားသည်။

“ဘာတွေ လျှောက်ပြော နေတာလဲ.... ဘာ ပူလောင်တဲ့ အလုပ်လဲ.... ငါ့ရဲ့ ဖိုးရွှေလုံးလေးက အရမ်းချစ်ဖို့ ကောင်းတာကို....”

အံ့မင်းကျော်က လှောင်ပြုံး ပြုံးလိုက်ကာ....

“ကြည့်ရတာ မင်းတော့ တစ်ယောက်ယောက်ရဲ့ ရုပ်ရည်နောက်မှာ မိန်းမောသွားပြီ ထင်တယ်.... သူက မင်းကို တစ်ခုခု တောင်းဆို လိုက်တာနဲ့ မင်းက အရာ အားလုံးကို ချက်ချင်း မေ့သွားတာပဲ....”
လရိပ်ချိုက စိတ်မရှည်စွာ မျက်စောင်း ထိုးလိုက်ပြီး...

“တော်ပြီ.. တော်ပြီ... နားပူ မနေနဲ့တော့ ဟုတ်ပြီလား.... မိစ္ဆာကြီး မင်းစက် အာဏာရဲ့ တောင်းဆိုမှုကို ငါက ငြင်းရဲမယ်လို့ နင် ထင်နေတာလား.... နင် သာဆိုရင်ရော ငြင်းရဲ ပါ့မလား.... အခု နင် ဖြစ်ပျက်နေတာကို ကြည့်ပါဦး... ငါ နင့်ရဲ့ ဒေါ်လေး ဖြစ်သွားမှာကို အဲ့လောက်တောင် စိုးရိမ် နေတာလား...”

“ဒေါ်... ဒေါ်လေး...”

အံ့မင်းကျော်သည် ဒေါ်လေး ဟူသော စကားလုံးကြောင့် လုံးဝ ဆွံ့အ သွားရပြီး စကားပင် ဆက် မပြောနိုင်လောက်အောင် ခံစား သွားရသည်။

“လိမ္မာတယ်...”

လရိပ်ချိုက ထိုခွေးပေါက်လေး၏ ခေါင်းကို အသာအယာ ပုတ်လိုက်ပြီးနောက် အခွင့်အရေး ရတုန်း ချက်ချင်း ခုန်ပေါက်ကာ ထွက်ပြေး သွားသည်။

သူမက အိတ်ကို ကောက်ယူကာ ရိုက်ကူးရေး အဖွဲ့ဝင်များကို ယနေ့ည အလုပ်ရှိသဖြင့် လူစုဝေးပွဲ မလိုက်နိုင်တော့ကြောင်း ရှင်းပြ ပြီးနောက် နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

အပြေးအလွှား ထွက်ခွာသွားသော မိန်းကလေး၏ ကျောပြင်ကို ကြည့်ရင်း အံ့မင်းကျော်၏ မျက်နှာပေါ်တွင် အေးစက်စက် အငွေ့အသက်များ ဖုံးလွှမ်း သွားသည်။

________________________________________

ရသ ပေါ်လွင်အောင် ကြိုးစားပြီး ရေးသား ထားပါတယ်........ အားလုံးလည်း ယဉ်မွန်နဲ့ ခံစားချက်ခြင်း ထပ်တူကျဖို့ မျှော်လင့်ပါတယ်.....

#ဝတ္ထု #စာပေ
#အမုန်းကြားမှဖူးပွင့်လာသောအချစ်
#စာရေးသူယဉ်မွန်

အခန်း (၇၇) -  သူ့ကို အိမ်ခေါ် သွားချင်တယ်အံ့မင်းကျော်၏ စစ်မေးသံကြောင့် လရိပ်ချို မျက်မှောင် ကြုတ်သွားပြီး စိတ်မသက်မသာ ဖြ...
17/03/2026

အခန်း (၇၇) - သူ့ကို အိမ်ခေါ် သွားချင်တယ်

အံ့မင်းကျော်၏ စစ်မေးသံကြောင့် လရိပ်ချို မျက်မှောင် ကြုတ်သွားပြီး စိတ်မသက်မသာ ဖြစ်သော လေသံဖြင့်

“ဟုတ်တယ် ဆိုတော့ ဘာဖြစ်လဲ......”

အံ့မင်းကျော်သည် ဒေါသတကြီး အမူအရာဖြင့် ဟိုဟိုဒီဒီ လျှောက်သွားနေပြီးမှ သူမကို စိုက်ကြည့်လိုက်ကာ....

“လရိပ်ချို... မင်းကတော့ အသက် ရှင်ရတာ ငြီးငွေ့ နေပြီလား.... မင်းစက်အာဏာနဲ့တောင် ကစား ရဲတယ်ပေါ့...... မီးနဲ့ကစားရင် လောင်တတ်တယ် ဆိုတာ မင်း မကြောက်ဘူးလား.....”

“ငါက မီးနဲ့ ကစားရတာ ပျော်လို့လေ.... နင်နဲ့ ဘာဆိုင်လို့လဲ...”

လရိပ်ချိုက အံ့မင်းကျော်၏ လေသံကို မကြိုက်သဖြင့် သူမ၏ တုံ့ပြန်မှုကလည်း သိပ် မကောင်းလှပေ။

“မင်း...”

အံ့မင်းကျော်သည် ဒေါသတကြီး ထွက်သွား တော့မည့်ဟန် ပြင်လိုက်သော်လည်း နောက်ဆုံးတွင်မူ သူနောက်မှ တိုင်ကြီးကိုသာ လက်သီးဖြင့် ခပ်ပြင်းပြင်းလေး ထိုးလိုက်သည်။

“လရိပ်ချို... ငါက မင်းကို လန့်အောင် ပြောနေတာ မဟုတ်ဘူး... သူငယ်ချင်း တစ်ယောက်အနေနဲ့ သတိ ပေးနေတာ....”

“မဟုတ်ရင် နင် ဘယ်လိုသေလို့ သေမှန်းတောင် သိရမှာ မဟုတ်ဘူး!.... မင်းစက်အာဏာက ဘယ်လို လူစားမျိုးလဲ ဆိုတာ မင်း မသိဘူးလား..... သူက မင်း အရင်က တွဲခဲ့တဲ့ သူဌေးသားလေးတွေလို ထင်နေတာလား...”

လရိပ်ချိုက သူ့ကို မျက်စောင်း ထိုးလိုက်ပြီး...

“ငါ့ကို လူအ ထင်နေတာလား.... သိတာပေါ့....”

“သိရက်သားနဲ့ မင်းက...”

“သိတော့ ဘာဖြစ်လဲ.... ငါ မင်းစက်အာဏာနဲ့ အတူတူ အိပ်တာ မြင်ရင်တောင် နင်နဲ့ ဘာဆိုင်လို့လဲ....”

“မင်း...”

အံ့မင်းကျော်သည် သူ့စိတ်ကို ဖြည်းဖြည်းချင်း ပြန်ထိန်း လိုက်သည်။

အမှန်ဆို လရိပ်ချိုက ထိုကဲ့သို့ မိုက်မဲသော ကိစ္စမျိုး လုပ်ဆောင်မည့် သူ မဟုတ်ကြောင်း သူ သိနေသည့်အတွက် ဒေါသစိတ်ကို မျိုသိပ်ကာ အသက် ခပ်ပြင်းပြင်းလေး ရှူလိုက်ပြီး...

“ဒါဆိုရင် အခြေအနေမှန်ကို ပြောပြ စမ်းပါဦး.... ဒါတွေက ဘယ်လို ဖြစ်ကုန်တာလဲ.....”

လရိပ်ချိုသည်လည်း အံ့မင်းကျော်နှင့် ကလေးကလား ရန်ဖြစ်နေခြင်းမှာ အဓိပ္ပာယ် မရှိဘူးဟု ခံစား မိသွားသည်။

သို့သော် ယနေ့ ဤအကောင် ရုတ်တရက် ပေါ်လာခြင်းကပဲ သူမကို ဂယောက်ဂယက် ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ယခုအချိန်တွင် သူမက ဒေါသ ထွက်လွယ်နေပြီး ဘာမဆို သူမကို ပေါက်ကွဲ သွားစေနိုင်သည်။

ထို့ကြောင့် သူမ စိတ်အေးအေးထားကာ ရှင်းပြ လိုက်သည်။

“ငါ အရင်က ဖိုးရွှေလုံးကို ကယ်ခဲ့ ဖူးတယ်လေ....”

အံ့မင်းကျော်၏ မျက်နှာပေါ်တွင် အံ့အား သင့်သွားသော အရိပ်အယောင်လေး ပေါ်လာပြီး

“မင်း ဖိုးရွှေလုံးကို ကယ်ခဲ့တယ် ဟုတ်လား..... သူ ဘာဖြစ်လို့လဲ...”

“ပြီးခဲ့တဲ့ လဝက်လောက်က ညီမင်းစက်က ဖိုးရွှေလုံးကို ဘား (Bar) တစ်ခုဆီ ခေါ်သွားခဲ့တယ်.... သူက ဆူညံတာတွေကို ရှောင်ရင်းနဲ့ စတိုခန်း တစ်ခုထဲမှာ မတော်တဆ သွားပုန်းနေတုန်း ဝန်ထမ်း တစ်ယောက်က မသိဘဲ တံခါးပိတ်လိုက်လို့ အထဲမှာ ပိတ်မိ နေမိခဲ့တယ်....”

အံ့မင်းကျော်၏ နှုတ်ခမ်းများ တွန့်သွားသွားကာ....

“ဖိုးရွှေလုံးကို ဘားထဲ ခေါ်သွားတယ် ဟုတ်လား.... အဲ့ဒါ ငါ့ရဲ့ တာဝန်မသိတဲ့ ဦးငယ် လုပ်မယ့် အလုပ်မျိုးပဲ... အဲ့ဒါနဲ့ နင်နဲ့ ဘာဆိုင်လို့လဲ....”

“အဲ့ဒီအချိန်တုန်းက ငါက ရတုခက်ထန် ဇာတ်ကားအတွက် လူရွေးပွဲသွားဖို့ ပြင်နေတာ... ဒါပေမဲ့ နှင်းယုက ငါ့ကို လူရွေးပွဲ မသွားနိုင်အောင် အဲ့ဒီစတိုခန်းထဲမှာပဲ ထည့်ပြီး ပိတ်ထားခဲ့တာလေ...” လရိပ်ချိုက ဖြစ်ပျက်ခဲ့သမျှကို အကျဉ်းချုံး ရှင်းပြ လိုက်သည်။

အံ့မင်းကျော်က အဆုံးအထိ စိတ်ရှည် လက်ရှည် နားထောင်ပြီးနောက်....

“အေး... ငါ နားလည်ပြီ... မင်းက ဖိုးရွှေလုံးကို ကယ်ခဲ့လို့ မင်းစက်အာဏာနဲ့ ဆုံခဲ့တာပေါ့... ဒါဆိုရင် နောက်တစ်ဆင့်က မင်းစက်အာဏာက မင်းကို ကျေးဇူးတင်တဲ့ အနေနဲ့ ငွေတစ်ထုပ် ပေးမယ်..... ပြီးရင် ဇာတ်လမ်းက ပြီးပြီလေ.....”

“မင်းတို့ လမ်းခွဲ ရမှာပေါ့..... အခုက ဘာလို့ မင်းစက်အာဏာနဲ့ အဆက်အသွယ် ရှိနေ သေးတာလဲ.... ပြီးတော့ သူ့အိမ်မှာတောင် သွားနေ လိုက်သေးတယ်....”

လရိပ်ချိုသည် မင်းစက်အာဏာက ကျေးဇူးဆပ်သည့် အနေဖြင့် လက်ထပ်ရန် ကမ်းလှမ်းခဲ့သည့် အပိုင်းကိုမူ ချန်လှပ် ထားလိုက်ပြီး....

“ဘာလို့လဲ ဆိုတော့ ဖိုးရွှေလုံးက လန့်သွား ခဲ့တယ်လေ.... ငါက သူ့ကို ကယ်ခဲ့တဲ့သူ ဆိုတော့ သူက ငါ့အပေါ် အရမ်းတွယ်တာ နေတာ.... ဒါကြောင့် မင်းစက်အာဏာက ဖိုးရွှေလုံးရဲ့ စိတ် အခြေအနေ တည်ငြိမ်သွားတဲ့အထိ သူ့အိမ်တော်မှာ နေပေးဖို့ တောင်းဆိုခဲ့တာ.... ငါက ဖိုးရွှေလုံး လိုအပ်တဲ့ အချိန်တိုင်း အနားမှာ ရှိပေးရတဲ့ စိတ်ငြိမ် ဆေးလိုမျိုးပေါ့.... နားလည်ပြီလား...”

ထိုစကားကို ကြားပြီးမှ အံ့မင်းကျော်၏ ဒေါသများက ဖြည်းဖြည်းချင်း ပြေလျော့ သွားတော့သည်။
သို့သော်လည်း သူက မကျေမနပ် ညည်းညူ နေဆဲပင်....

“မင်း တကယ် အဲ့ဒါပဲလား.... မိန်းကလေးတွေ အများကြီးက အိမ်ထောင်ပြုပြီး မင်းစက် အာဏာအိမ်ထဲ ဝင်ချင် နေကြတာ.... အခု မင်းက အဲ့ဒီပန်းတိုင်နဲ့ အနီးစပ်ဆုံး လူ ဖြစ်နေပြီ..... မင်းရော သူ့အပေါ် တခြား စိတ်ကူးတွေ မရှိဘူးလား...”

လရိပ်ချိုက မျက်ခုံး ပင့်လိုက်ပြီး အေးအေး ဆေးဆေးပင် ပြောလိုက်သည်။

“တခြား စိတ်ကူးတွေအကြောင်း ပြောမယ် ဆိုရင်တော့ ငါ ဖိုးရွှေလုံးအပေါ်မှာပဲ ရှိတာပါ... သူက အရမ်းချစ်ဖို့ ကောင်းလွန်းလို့ သူ့ကို ခိုးပြေးပြီး အိမ်ခေါ်သွားကာ ငါ့ရဲ့ ချစ်သူလေး အဖြစ် ထားချင်နေတာ.....”

အံ့မင်းကျော်က သူမကို စကားမဲ့စွာ ကြည့်လိုက်ပြီးနောက် နဖူးကို လက်ဖြင့် အုပ်လိုက်ကာ....

“ဘာပဲဖြစ်ဖြစ် မင်း တလွဲစိတ်ကူးတွေ မယဉ်တာ အကောင်းဆုံးပဲ.... ချမ်းသာ ကြွယ်ဝတဲ့ မိသားစုကြီးတွေ ဆိုတာ မင်း ထင်သလိုမျိုး မဟုတ်ဘူး...”

လရိပ်ချိုက လှောင်ပြုံး ပြုံးလိုက်ပြီး...

“ငါ့စိတ်ကူးထဲက ချမ်းသာတဲ့ မိသားစုတွေက ဘယ်လိုမျိုးလဲ ဆိုတာ နင် သိလို့လား...”

သူမသည် ထိုကဲ့သို့ အထက်တန်းလွှာ မိသားစုများကို အမုန်းဆုံးပင်။

သူတို့အားလုံးက ယဉ်ကျေးဟန် ဆောင်နေကြပြီး မျက်နှာဖုံး အတုအယောင်များ အသီးသီး တပ်ဆင် ထားကြသူများသာ။

ဦးနေမင်းအောင် မိသားစုထဲကနေ ခက်ခက်ခဲခဲ ထွက်လာခဲ့ရတာကို၊ သူမက ထို မီးပုံထဲသို့ နောက်တစ်ခါ အဘယ်ကြောင့် ပြန်ခုန်ဆင်း ပါတော့မည်နည်း...

ဒီအပိုင်းလေးကို ဘယ်လိုမြင်လဲ.. နောက်ဘာဖြစ်မလဲ ခန့်မှန်းကြည့်ပါဦး.....

#ဝတ္ထု #စာပေ
#အမုန်းကြားမှဖူးပွင့်လာသောအချစ်
#စာရေးသူယဉ်မွန်

အခန်း (၇၆) - မမလေးကတော့ တကယ့်ကို အစွမ်းထက်ပြီး ကြောက်စရာ ကောင်းတာပဲကြိုးကို ဆွဲဖြုတ် လိုက်ပြီးနောက်တွင်မူ ညီမင်းစက် တစ်ယ...
16/03/2026

အခန်း (၇၆) - မမလေးကတော့ တကယ့်ကို အစွမ်းထက်ပြီး ကြောက်စရာ ကောင်းတာပဲ

ကြိုးကို ဆွဲဖြုတ် လိုက်ပြီးနောက်တွင်မူ ညီမင်းစက် တစ်ယောက် လရိပ်ချို၏ အသံကို မကြားရတော့ပေ။ သူမက မင်းစက်အာဏာကို အိမ်ပြန်လာရန် ဖျောင်းဖျ နေလိမ့်မည်ဟုသာ သူ ခန့်မှန်း နေမိသည်။
သူ့အစ်ကို၏ ရက်စက်လှသော တုံ့ပြန်မှုကို ကြားလိုက်ရပြီးနောက် သူ့ စိတ်ထဲမှ အော်ဟစ် နေမိသည်။

‘မဖြစ်နိုင်တာ....’

‘လရိပ်ချို ကိုယ်တိုင် လက်နက် ထုတ်သုံးတာတောင် အရာ မထင်ဘူးလား ငါတော့ ဒီမှာတင် သေရ
တော့မယ့် ကံကြမ္မာပဲလား...”

လရိပ်ချို၏ အသံလေးမှာ ပို၍ပင် နူးညံ့သွားကာ....

“ဒါပေမဲ့ ကျွန်မ တစ်ယောက်တည်း ဖိုးရွှေလုံးကို အပြင်ခေါ်သွားဖို့က ယုံကြည်မှု မရှိလို့ပါ... တစ်ခုခု ထူးခြားတာ ဖြစ်လာရင် ဘယ်လို လုပ်မလဲ....”

“ဖိုးရွှေလုံးကလည်း ရှင့်ကို ပါစေချင်မှာ သေချာတယ်..... ပြန်လာခဲ့ပါနော်...”

“ဟုတ်ပြီ.... ကူညီတဲ့ အနေနဲ့ပါ... နော်... နော်လို့....”

မင်းစက်အာဏာသည် သုံးစက္ကန့်မျှ တိတ်ဆိတ် သွားပြီးနောက်....

“ကောင်းပြီ... အခုချက်ချင်း ပြန်လာခဲ့မယ်...”

ညီမင်းစက်မှာ ခဏမျှ မှင်တက် သွားသည်။ ရုတ်တရက် ဆိုသလို သူ့ ကိုယ်ပေါ်သို့ တောက်ပသော အလင်းတန်းများ ဖြာကျလာပြီး နတ်ပြည်သို့ တက်လှမ်း ရတော့မည့် အလား ခံစား လိုက်ရသည်။

‘မမလေးကတော့ တကယ့်ကို အစွမ်းထက်ပြီး ကြောက်စရာ ကောင်းတာပဲ...’

သူမ လုပ်နိုင် လိမ့်မည်ဟု သူ သိနေခဲ့ပြီးသားပင်။

သူ့အစ်ကိုက လုံးဝ မလှုပ်သာအောင် တင်းခံနေမည်ဟု ထင်ခဲ့သော်လည်း အမှန်တကယ်တွင် ယောက်ျားကြီး တန်မဲ့ မူနေခြင်းပင်။

ဖုန်းချ လိုက်ပြီးနောက် မင်းစက်အာဏာက စကား နှစ်ခွန်းတည်း ပြောလိုက်သည်။

“အစည်းအဝေး ပြီးပြီ...”

သူ၏ လက်အောက်ငယ်သား အားလုံးက တစ်ဦးကိုတစ်ဦး ကြောင်ပြီး ကြည့်နေ ကြသည်။ သူတို့အား ဤအတိုင်း လွှတ်ပေး လိုက်သည်ကို မယုံကြည်နိုင် ဖြစ်နေ ကြသည်။

ညီမင်းစက်ကမူ ဂုဏ်ယူ ဝင့်ကြွားစွာ နှာခေါင်း ရှုံ့လိုက်သည်။

“အားလုံး ငါ့ကို ကျေးဇူး တင်သင့်တာနော်.. ငါက ကယ်တင်ရှင်ကို ဖုန်းဆက်လိုက်လို့.. မင်းတို့အားလုံး ငါ့ကျေးဇူးကြောင့် အသက် ချမ်းသာရာ ရတာ...”

အစည်းအဝေး ပြီးသည်နှင့် ညီမင်းစက်ထံသို့ လူများက ဝိုင်းအုံ လာကြသည်။

“သူဌေးလေး.... ခုနက ကျွန်တော်တို့ နားကြား မှားတာ မဟုတ်ဘူး မဟု...တ်လား.... မိန်းကလေး တစ်ယောက်က စီအီးအို (CEO) မင်းစက်အာဏာကို တကယ် ဖုန်းဆက် ခဲ့တာလား”

“ဖုန်းဆက်တဲ့ သူက ဘယ်သူလဲ....”

“ဖုန်း တစ်ချက်တည်းနဲ့ စီအီးအိုကို အစည်းအဝေးထဲက ထွက်သွားအောင် လုပ်နိုင်တယ်နော်....”

“တကယ်ကြီးလား....”

“စီအီးအို နားမှာ တစ်ယောက်ယောက် ရှိနေပြီလား.... ဘယ်သူဌေး သမီးလေးလဲ...”

“သူဌေးလေး လျှို့ဝှက်ချက်လေးတွေ ဖွင့်ချ ပေးပါဦး.....”
.....

ညီမင်းစက်က သူတို့ကို သတိကြီးစွာ စိုက်ကြည့်လိုက်ပြီး....

“မင်းတို့ ဘာလုပ် နေကြတာလဲ.... သူက ဘယ်သူလဲ ဆိုတာ ငါ့ကို လာမေးနေကြတာ တစ်ခုခု ကြံစည် နေကြတာလား...”

“သူရဲ့ ခြေထောက်ကို ဖက်ပြီး ကပ်ချင်လို့လား... မရဘူးနော်.... ငါ့ရဲ့ အနာဂတ် မမလေး ခြေထောက်ကို ငါပဲ ဖက်မှာ.... မင်းတို့တွေ ယောင်ပြီးတောင် အိပ်မက် မမက်နဲ့!...”

လူတိုင်း ဆွံ့အ သွားသည်။

‘ခြေမလေးတောင် ဖက်ခွင့် မရှိဘူးလား...’
.....

ရိုက်ကူးရေး ရုပ်ရှင် မြို့တော်၏ ထောင့်တစ်နေရာတွင် လရိပ်ချိုသည် ဖုန်းချလိုက်ပြီးနောက် ပခုံးပေါ်မှ ဝန်ထုပ် ဝန်ပိုးကြီး ကျသွားသကဲ့သို့ ခံစား လိုက်ရသည်။

အခြေအနေကမူ နောက်ဆုံး၌ ပြေလည်သွားပြီ။

နောက်ထပ် ပြဿနာတွေ မရှိတော့ဘူး မဟုတ်လား....

ဤကိစ္စက သူမနှင့် လုံးဝ မပတ်သက်သည်မှာ သိသာ လှသည်။

သူမက အမှန်တကယ့်ကို ကိုယ်ကျိုး မငဲ့သူပဲ....

သူမ ထွက်ခွာရန် ပြင်လိုက်စဉ်မှာပင် ဖုန်း ပြန်မြည် လာသည်။

ညီမင်းစက် ဆီကပင်။

“သူဌေးလေး...... ဘာဖြစ်လို့လဲ.... ခုနက ဟာနဲ့ မလုံလောက် သေးလို့လား...”

“မဟုတ်ပါဘူး... မဟုတ်ပါဘူး... လရိပ်ချိုလေးရေ... နင့်ရဲ့ အလှမာယာ ထောင်ချောက် က တကယ့်ကို အစွမ်း ထက်လွန်းတယ်... အကျပ်အတည်းကို အောင်အောင်မြင်မြင် ဖြေရှင်း နိုင်ခဲ့ပြီ....”
လရိပ်ချို မျက်နှာ ပျက်သွားကာ...

“ဘာ အလှမာယာ ထောင်ချောက်လဲ.... ကျွန်မက ကျားကို ဂူအပြင်ထွက်အောင် မျှားထုတ်တဲ့နည်း ကို သုံးခဲ့ တာပါနော်.. ရှင်က စကားပုံတွေကိုတောင် ကျွမ်းကျွမ်းကျင်ကျင် မသိဘူးလား...”

“အာ!... သိပြီ... သိပြီ....”

“ကဲ... ဒါပဲနော်... ဖုန်းချလိုက်ပြီ.. နောက်မှ ထမင်းတစ်နပ် ဒကာခံမယ်....”

လရိပ်ချိုသည် လက်ထဲရှိ ဖုန်းကို ပြောစရာ စကားမဲ့စွာ ကြည့်နေမိသည်။

ဒီလူက တကယ်ရော ဘာကို နားလည် သွားတာလဲ....

“လရိပ်ချိုလေး... ဘာလို့ ဒီမှာ လာပုန်း နေတာလဲ....”

“သွားစားကြစို့...”

မည်သည့်နေရာကနေ ရောက်လာမှန်း မသိသော အံ့မင်းကျော်က သူမကို လာရှာ နေသည်။

လရိပ်ချိုသည် ပတ်ဝန်းကျင်ကို ထိတ်လန့်တကြား ကြည့်လိုက်သည်။ သူမအား လာရှာနေသည်ကို မည်သူမှ မမြင်ကြောင်း အတည်ပြုပြီးမှ စိတ်အေး သွားသည်။

သူမသည် နန်းတော်တိုင်ကြီးကို မောပန်းစွာ မှီလိုက်ပြီး....

“နင်တို့ပဲ သွားစားကြတော့.... ငါ ဒီနေ့ည အလုပ်ရှိလို့ မလိုက်နိုင်တော့ဘူး....”

“ဘာ....”

အံ့မင်းကျော်က ချက်ချင်း မျက်နှာ ပျက်သွားကာ....

“ဒါက ငါ့ကို ကြိုဆိုတဲ့ ညစာစားပွဲလေ... ပြီးတော့ ငါက ဇာတ်ကားထဲမှာ နင်နဲ့ ချစ်သူတွေ အဖြစ် သရုပ်ဆောင်ရမှာလေ.... နင် မလာဘူးလား.....”

လရိပ်ချိုက သူမ၏ နှာတံလေးကို ညှစ်လိုက်ပြီး -

“ငါ သိပါတယ်.. ငါ သိပါတယ်... ငါ မှားသွားတာပါ..... ဒါပေမဲ့ ငါ ဒီနေ့ တကယ် အရေးကြီးတဲ့ ကိစ္စ ရှိနေလို့ပါ... နောက်တစ်ခါကျရင် ငါ နင့်ကို သီးသန့် အပြင် ခေါ်သွားပါ့မယ်... ဟုတ်ပြီလား...”

“မရဘူး....”

အံ့မင်းကျော်က လုံးဝ လက်မခံဘဲ သူမကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

“ဘာ အရေးကြီးတဲ့ ကိစ္စလဲ.... ဒီနေ့ည ဘယ်သူနဲ့ တွေ့မှာလဲ....”

ထိုစကားကို ကြားသောအခါ လရိပ်ချို၏ အသံနေ၊ အသံထားက တည်ကြည် သွားပြီး...

“ငါ ဘယ်သူနဲ့ပဲ တွေ့တွေ့... အဲ့ဒါ နင့်ကိစ္စ မဟုတ်ဘူးလို့ ထင်တာပဲ….”

သူမ ပြောပြီးသည်နှင့် အံ့မင်းကျော်၏ မျက်နှာ အမူအရာက ချက်ချင်းပင် ကြည့်မကောင်းအောင် ဖြစ်သွားပြီး...

“မင်း... မင်းစက်အာဏာဆီ သွားမလို့မလား...”

________________________________________

ပိုပြီး စိတ်ဝင်စားပြီး ကောင်းလာပြီနော်.....

ယဉ်မွန် ရေးသားတာကို ဘယ်လို ထင်မြင်ကြသလဲ... လိုအပ်တာ ထောက်ပြပေးလို့ ရပါတယ်ရှင့်.....

#ဝတ္ထု #စာပေ
#အမုန်းကြားမှဖူးပွင့်လာသောအချစ်
#စာရေးသူယဉ်မွန်

အခန်း (၇၅) -  အလှ မာယာထောင်ချောက်မင်းစက်အာဏာက ထိုနေရာတွင် နောက်ဆုံး စီရင်ချက်ချသူ အဖြစ် လုပ်ဆောင်နေသည်ကို သူမက မည်ကဲ့သို...
15/03/2026

အခန်း (၇၅) - အလှ မာယာထောင်ချောက်

မင်းစက်အာဏာက ထိုနေရာတွင် နောက်ဆုံး စီရင်ချက်ချသူ အဖြစ် လုပ်ဆောင်နေသည်ကို သူမက မည်ကဲ့သို့ သွားကယ် ရမည်နည်း.....။

ညီမင်းစက်၏ ဖုန်းခေါ်ဆိုမှုက အမှန်တကယ်ကို နားမလည် နိုင်လောက်အောင် နက်နဲ လွန်းလှသည်။
အစပိုင်းတွင် လရိပ်ချိုသည် လက်ရှောင်ရန် ဆုံးဖြတ် ထားသော်လည်း ဘာကြောင့်ရယ်မသိ သူမ စိတ်ထဲ၌ အနည်းငယ်မျှ အပြစ် မကင်းသော ခံစားချက်ကလေးက နက်ရှိုင်းစွာ ပေါ်ပေါက် လာသည်...။

‘တောက်(စ်).....’

‘ဘာလို့ အပြစ် မကင်းသလို ခံစား နေရတာလဲ....’

သူမက ထိုကိစ္စများကို လျစ်လျူ ရှုတော့မည် အပြုတွင် ဖုန်းမှ အချက်ပေးသံ မြည်လာပြီး ညီမင်းစက်က ဗီဒီယို တိုလေး တစ်ခု ထပ်ပို့ လာပြန်သည်။

ဗီဒီယိုထဲတွင် မင်းစက်အာဏာ၏ အေးစက်စက်နှင့် ဓားသွား ကဲ့သို့ စူးရှနေသော အကြည့်များက တည့်တည့်ကြီး ရောက်လာသဖြင့် လရိပ်ချိုမှာ အလန့်တကြား ဖြစ်သွား ရသည်။

ခဏတာမျှ ကြောင်ကြည့် နေပြီးမှ ထိုအကြည့်များက ညီမင်းစက်ထံ ဦးတည်နေမှန်း သိလိုက် ရသည်။

“ညီမင်းစက်... မင်းကို နာရီဝက် အချိန်ပေးမယ်... အခုချက်ချင်း ဒီနေရာမှာတင် ဒီအဆိုပြုချက်ကို ပြန်ပြင်ပေး..... မင်း မလုပ်နိုင်ဘူး ဆိုရင်တော့ ဘဏ္ဍာရေး ဌာနကိုသွားပြီး မင်းရဲ့ လစာ အကြွင်းအကျန်ကို ထုတ်သွားတော့...”

ထို့နောက်တွင်မူ ဖုန်းမျက်နှာပြင်က မှောင်ကျ သွားသည်။

လရိပ်ချို တစ်ယောက် စကား မပြောနိုင် ဖြစ်နေသည်။

ဗီဒီယို မဆုံးခင် နောက်ဆုံး စက္ကန့်လေးမှာပင် ညီမင်းစက်၏ ရင်ကွဲမတတ် အကူအညီ တောင်းနေသော အသံကို သူမ ကြားယောင် လိုက်ရ သကဲ့သို့ပင်...။

အပြင်လူ ဖြစ်သော သူမပင် နာရီဝက် အတွင်း၌ အဆိုပြုချက် တစ်ခုလုံးကို ပြန်လည် ပြင်ဆင်ဖို့ ဆိုသည်မှာ မဖြစ်နိုင်မှန်း သိနေသည်။

သို့သော်......

သူမက အမှန်တကယ်ပဲ သူ့ကို မည်ကဲ့သို့ ကယ်တင်ရမှန်း မသိဘူးလေ....

လရိပ်ချို၏ ဦးနှောက်က အလုပ် စလုပ်လာပြီး စစ်သေနင်္ဂ ဗျူဟာ (၃၆) ပါးကို ခေါင်းထဲမှာ ပြန်လှန် ကြည့်မိနေသည်...။

‘ကိုယ်က သက်သောင့် သက်သာ နေပြီး ရန်သူကို ပင်ပန်းအောင် လုပ်တဲ့....’

'အေးအေးဆေးဆေး စောင့်ကြည့်တဲ့ နည်းလား....

အဲ့ဒီလို လုပ်ရင် ညီမင်းစက် သရဲက သူမကို သတ်ပစ် လိမ့်မယ်.....”

ရန်သူ့ ခေါင်းဆောင်ကို အရင်ဖမ်းတဲ့ 'ခေါင်းဆောင်ကို ချုပ်ကိုင်နည်း' လား....

မင်းစက်အာဏာ ကိုယ်တိုင်က ဘုရင်ကြီး ဖြစ်နေတာလေ....

မိတ်ဆွေကို ကယ်ဖို့အတွက် ရန်သူ့ရဲ့ အဖိုးတန် ပစ္စည်းကို တိုက်ခိုက်တဲ့....

'ဝေပြည်ကို ဝိုင်းပြီး ကျောက်ပြည်ကို ကယ်တဲ့နည်း' လား....

အဲ့ဒီလို အဖိုးတန် ပစ္စည်းက ဘယ်မှာ သွားရှာရမှာလဲ...

‘ဒါမှမဟုတ်ရင်.... 'အလှမာယာ ထောင်ချောက်' လား.....

အဟမ်း... အဟမ်း...

နောက်ဆုံးတွင် လရိပ်ချိုသည် သူမ၏ ခေါင်းကို သူမ ပြန်ထု လိုက်ပြီး....

“ရပြီ..... ကျားကို ဂူအပြင် ထွက်အောင် မျှားထုတ်တဲ့ နည်းပဲ....”

လရိပ်ချိုသည် အသက် ခပ်ပြင်းပြင်းလေး ရှူကာ စိတ်ကို တည်ငြိမ်အောင် ထားပြီး မင်းစက်အာဏာထံ ဖုန်းခေါ် လိုက်သည်။
.....

ယခုအချိန်တွင် တော်ဝင်မြင့်မိုရ် ကုမ္ပဏီ အုပ်စုထဲ၌ မင်းစက်အာဏာက...

အစည်းအဝေး ခန်းမထဲတွင် မင်းစက်အာဏာ၏ ဖုန်းကို ပရိုဂျက်တာ စခရင်ကြီးနှင့် ချိတ်ဆက်ထားပြီး ကုမ္ပဏီ၏ အတွင်းရေး အချက်အလက် အချို့ကို ပြသ ထားသည်။

ကုမ္ပဏီ၏ အဆင့်မြင့် အရာရှိကြီးများက စခရင်ပေါ်ကို (၁၂,၀၀၀) ရာခိုင်နှုန်းခန့် အာရုံ စိုက်ထားကြသည်။ အကြောင်းမူ ခဏနေလျှင် မင်းစက်အာဏာက သူတို့ကို မေးခွန်း ထုတ်တော့မည် ဖြစ်သောကြောင့်ပင်။

ငယ်ငယ်က ကျောင်းတွင် ဆရာမက မေးခွန်း မေးတော့မည့် အချိန်ထက်ပင် ပို၍ ကြောက်စရာ ကောင်းနေ၏။

ထိုအချိန်မှာပင် မင်းစက်အာဏာ၏ ဖုန်းက ရုတ်တရက် မြည်လာသည်။

မင်းစက်အာဏာက ဖုန်းကို ကြည့်ပင် မကြည့်ဘဲ အမှတ်မထင် ကိုင်လိုက်သည်။ ထို့ကြောင့် နောက်ထပ် အခိုက်အတန့်တွင် မိန်းကလေး တစ်ဦး၏ နူးညံ့ ချိုသာသော အသံလေးက ခန်းမထဲရှိ စပီကာများမှ တဆင့် ပျံ့လွင့် သွားသည်။

“ဟယ်လို... မင်းစက်အာဏာ.. အခု အလုပ် များနေလားဟင်....”

အမ်....

တစ်ခဏ အတွင်းမှာပင် အရာရှိကြီး အားလုံး ကြောင်အ သွားပြီး သူတို့ မျက်နှာများက အံ့အော မှင်သက် နေသော အမူအရာများ ဖြစ်သွား ကြသည်။

ဒါက ဘာကြီးလဲ.....

ဒါက သူဌေးရဲ့ ကိုယ်ပိုင်နံပါတ် မဟုတ်ဘူးလား....

မိန်းကလေး တစ်ယောက်က သူ့ကို ဖုန်းဆက်ပြီး ဒီလောက် အသံချိုချိုလေးနဲ့....
ပြီးတော့ နာမည်ကိုတောင် တိုက်ရိုက် ခေါ်နေတာလား...

သို့သော် သူတို့ကို ပို၍ အံ့အားသင့် သွားစေမည့် အရာက နောက်ပိုင်းတွင် ရှိနေသေး၏။

မင်းစက်အာဏာက ထိုအသံကို ကြားလိုက် ရသောအခါ သူ့ဘေး ပတ်ဝန်းကျင်မှ အငွေ့အသက်များက သိသိသာသာ ပြောင်းလဲ သွားသည်။

လူ့လောကထဲကို ကယ်တင်ရှင် လေပြေ ညင်းကလေး တိုက်ခတ် လာသကဲ့သို့ပင်...။

မဖြစ်နိုင်သော အဆိုပြုချက်ကို အသည်းအသန် ပြန်ပြင်နေရသည့် ညီမင်းစက်သည် လရိပ်ချို၏ ရင်းနှီးနေသော အသံကို ကြားလိုက် ရသောအခါ ချက်ချင်းဆိုသလို ဝမ်းသာမျက်ရည်များပင် ကျဆင်း မိတော့ မလိုပင်။

မမလေးရယ်...

နောက်ဆုံးတော့ ရောက်လာပြီပေါ့...

ဟီးးး...

မင်းစက်အာဏာ၏ တုံ့ပြန်မှုမှာ တစ်စက္ကန့်မျှသာ နောက်ကျ သွားသည်။ ထို့နောက်တွင် သူက ဖုန်းနှင့် စခရင် ချိတ်ဆက်ထားသော ကြိုးကို ဆွဲဖြုတ် လိုက်ပြီး ဖုန်းကို နားတွင် ကပ်လိုက်သည်။

သူ၏ မျက်နှာ အမူအရာက တစ်ချက် ကလေးမျှ မပြောင်းလဲ သွားသလို အသံကလည်း အေးစက်စက်နှင့် တည်တည်တံတံ ရှိနေဆဲပင်။

“တစ်ခုခု ဖြစ်လို့လား....”

ဖုန်းတစ်ဖက်မှ ကြောက်စရာ ကောင်းသော အသံကို ကြားလိုက် ရသောအခါ လရိပ်ချိုသည် နောက်ဆုတ်ချင်စိတ် ပေါက်သွားသည်။ သို့သော်လည်း နောက်ဆုံးတွင်မူ ဇွဲနပဲဖြင့် ဆက် ကြိုးစားလိုက်သည်။

သူမက အနူးညံ့ ဆုံးနှင့် အချိုသာဆုံး အသံကို ဖန်တီးကာ တောင်းဆိုမှုကို တိုးတိုးလေး ပြောလိုက်သည်။

“ဟို... ရှင် ဒီနေ့ည ပြန်လာ မှာလားဟင်..... တို့တွေ ဖိုးရွှေလုံးနဲ့ ဒီနေ့ ဟော့ပေါ့ သွားစားမယ်လို့ ကတိ ပေးထားတယ်လေ.....”

မင်းစက်အာဏာက အေးစက်စွာ ပြန်ပြော လိုက်သည်။

“အလုပ် များနေတယ်.. ပြန်မလာ ဖြစ်လောက်ဘူး...”

________________________________________

လရိပ်ချိုက မင်းစက် အာဏာကို စည်းရုံးနိုင်ပါ့မလား.... ညီမင်းစက်ကို ကူညီ နိုင်ပါ့မလား.....
ယဉ်မွန်ကတော့ ဇတ်လမ်း စဉ်းစားရင်း အရမ်း သိချင်နေပြီ.....

နောက်တစ်ခန်းကို မနက်ဖြန် ည (၉) နာရီမှာ တင်ပေးပါ့မယ်

ဒီအပိုင်းလေးကို ဘယ်လိုမြင်လဲ.. နောက်ဘာဖြစ်မလဲ ခန့်မှန်းကြည့်ပါဦး.....

#ဝတ္ထု #စာပေ
#အမုန်းကြားမှဖူးပွင့်လာသောအချစ်
#စာရေးသူယဉ်မွန်

ที่อยู่

Mae Sot
63110

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Yin Monnผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

แชร์