20/03/2026
အခန်း (၈၀) - ကြိုတင် အကြောင်း မကြားဘဲ ကဒ် ထုတ်ပေးခြင်း
ကြွက်ဖြူလေးကို အင်္ကျီ လဲပေးပြီးနောက် လရိပ်ချိုလည်း သူမ အခန်းထဲသို့ ဝင်ကာ အဝတ်အစား လဲလိုက်သည်။
တိုက်ဆိုင်သည်မှာ သူမတွင်လည်း ဖိုးရွှေလုံး ဝတ်ထားသည်နှင့် အလွန် ဆင်တူသော အင်္ကျီတစ်စုံ ရှိနေခြင်းပင်။ သူမက ထိုအင်္ကျီကို ချက်ချင်း ထုတ်ဝတ်လိုက်ပြီး ဂျင်းဘောင်းဘီ (Overalls) နှင့် တွဲဖက် လိုက်သည်။
သူမ အခန်းထဲမှ ထွက်လာချိန်တွင် ကြွက်ဖြူလေး၏ မျက်ဝန်းများက တောက်ပ သွားတော့သည်။
သူသည် လရိပ်ချိုကို တစ်ချက်ကြည့်၊ ကိုယ့်ကိုယ်ကိုယ် တစ်ချက် ပြန်ကြည့်နှင့် သူ၏ မျက်နှာလေးပေါ်တွင် ပျော်ရွှင် ကျေနပ်မှုများ ပြည့်နှက် နေသည်။
သူက လရိပ်ချို၏ ခေါင်းစွပ်မှ ယုန်နားရွက်လေးများကိုပင် လှမ်းကိုင် ကြည့်နေပြီး လရိပ်ချိုနှင့် ဝတ်စုံ ဆင်တူ ဝတ်ထားရသဖြင့် အလွန် ဝမ်းသာ နေရှာသည်။
သူတို့နှစ်ဦး အဆင်သင့် ဖြစ်ချိန်တွင် အိမ်ရှေ့မှ အင်ဂျင်သံ တစ်သံ ကြားလိုက် ရသည်။
မင်းစက်အာဏာ ပြန်ရောက်လာပြီ။
အခန်းပြင်ပ အပူချိန်မှာ (၃၀) ဒီဂရီ စင်တီဂရိတ်ခန့် ရှိသော်လည်း မင်းစက် အာဏာကမူ ဆိုက်ဘေးရီးယားမှ ပြန်လာသည့် အလားပင်။
သူက အေးစက် တည်ကြည်သော အမူအရာဖြင့် ဧည့်ခန်းထဲသို့ သူ၏ ရှည်လျားသော ခြေတံများ အသုံးပြုကာ လှမ်းလျှောက် ဝင်လာသည်။
ဆိုဖာပေါ်တွင် မိခင်နှင့်သား အလား ဝတ်စုံဆင်တူ ဝတ်ဆင် ထားကြသော ထိုနှစ်ယောက်ကို မြင်လိုက် ရသည့်အခါ သူ၏ အေးစက်စက် မျက်ဝန်းများမှ တဆင့် တစ်ကိုယ်လုံးရှိ ရေခဲပြင်ကြီး အရည် ပျော်သွားသကဲ့သို့ ဖြစ်သွား ရသည်။
ဖိုးရွှေလုံးမှာ ထိုဝတ်စုံလေးဖြင့် အလွန်ချစ်ဖို့ ကောင်းနေသလို၊ လရိပ်ချိုမှာလည်း ချစ်စရာ ယုန်နားရွက်လေးများ၊ အသက်အရွယ်ကို ငယ်သွားစေသည့် ဘောင်းဘီ တို့ကြောင့် ပို၍ပင် နုပျို သွားပုံရသည်။ ဖိုးရွှေလုံးနှင့်အတူ ထိုင်နေသည်မှာ သားအမိထက် မောင်နှမနှင့် ပိုတူနေ၏။
မင်းစက်အာဏာ ပြန်ရောက် လာသည်ကို မြင်သောအခါ လရိပ်ချိုက ချက်ချင်း ထရပ်လိုက်ပြီး ဖိုးရွှေလုံးကို ဦးဆောင်ကာ လျှောက်လာသည်။
“ကျွန်မတို့ အဆင်သင့် ဖြစ်နေပြီ... အခုပဲ သွားကြမလား…”
မင်းစက်အာဏာက ခေါင်းငြိမ့် ပြလိုက်သည်။ သူ၏ အကြည့်များက မိန်းကလေး၏ ကိုယ်ပေါ်တွင် အတန်ကြာ ရပ်တန့်နေပြီးမှ အကြည့် လွှဲဖယ်လိုက်ကာ...
“သွားကြစို့....”
ကားပေါ် ရောက်သောအခါ လရိပ်ချိုက စိတ်လှုပ်ရှားစွာ မေးလိုက်သည်။
“မင်းစက်အာဏာ... ကျွန်မတို့ရဲ့ ဖိုးရွှေလုံးလေးကို ကြည့်ပါဦး.. ဒီအင်္ကျီလေးနဲ့ အရမ်းချစ်ဖို့ မကောင်းဘူးလား... ဒီတစ်စုံကို ရဖို့ ကျွန်မမှာ တော်တော် ကြာအောင် ရှာခဲ့ရတာ...”
“ချစ်ဖို့ ကောင်းတယ်...”
မင်းစက်အာဏာက ပြန်ဖြေ လိုက်သော်လည်း သူ ပြောနေချိန်တွင် နောက်ကြည့်မှန်မှ တဆင့် မိန်းကလေးကိုသာ ကြည့်နေခြင်း ဖြစ်သည်။
လရိပ်ချိုက ဂုဏ်ယူသော လေသံဖြင့်...
“ဟုတ်တယ် မဟုတ်လား.... ဖိုးရွှေလုံး အတွက် ဒီလိုချစ်စရာ ကောင်းတဲ့ ဝတ်စုံလေးတွေ အများကြီး ထပ်ဝယ် ပေးသင့်တယ်...”
“အင်း...”
မင်းစက်အာဏာက ထောက်ခံသည့် အနေဖြင့် အသံ ပြုလိုက်ပြီးနောက် အနက်ရောင် ကဒ်ပြား တစ်ခု ထုတ်ယူကာ သူမထံ ကမ်းပေး လိုက်သည်။
“ဒါ... ဒါက ဘာအတွက်လဲ...”
လရိပ်ချို မျက်တောင်ခတ်ရင်း ကြောင်ကြည့် နေမိသည်။
အွန်လိုင်း ပေါ်မှာသာ မြင်ဖူးခဲ့သည့် ဒဏ္ဍာရီလာ အကန့်အသတ်မဲ့ 'Black Card' ကြီး မဟုတ်ပါလော....
မင်းစက်အာဏာက...
“ဝယ်လိုက်ပါ...”
လရိပ်ချိုက....
“အဲ...”
သူမ ဆိုလိုတာ ဒါမျိုး မဟုတ်ဘူးနော်....
ဒီလူက ဘာလို့ ကြိုတင် အကြောင်းမကြားဘဲ လူတွေကို ပိုက်ဆံနဲ့ ပေါက်နေ ရတာလဲ......
ထားပါတော့...
သူ ပေးမှတော့လည်း ပြန်ရောက်ရင် ဖိုးရွှေလုံး အတွက် ချစ်စရာကောင်းတဲ့ အင်္ကျီလေးတွေ အများကြီး ထပ်ဝယ် ပေးလိုက်ရုံပေါ့....
သူတို့ သွားမည့် နေရာကို ရောက်သောအခါ မင်းစက်အာဏာက အရင်ဆင်းကာ ကျန်နှစ်ယောက်အတွက် ကားတံခါးကို လူကြီးလူကောင်းဆန်စွာ ဖွင့်ပေး လိုက်သည်။ သူက လရိပ်ချိုကို ကြည့်ပြီး....
“အဆင် ပြေရဲ့လား....”
သူနှင့် အတူ နေလာသည်မှာ ကြာပြီ ဖြစ်သဖြင့် လရိပ်ချိုက မင်းစက်အာဏာ၏ လိုရင်းတိုရှင်း စကား ပြောဟန်ကို နားလည်နေပြီ ဖြစ်သည်။ သူမ အနေဖြင့် သူနှင့်အတူ လူကြားထဲတွင် ပေါ်ထွက်လာရန် အဆင်ပြေပါ့မလားဟု မေးခြင်း ဖြစ်ကြောင်း သူမ သိလိုက်သည်။
လရိပ်ချိုက ခေါင်းလေးကုပ်ရင်း....
“အဆင် ပြေမှာပါ.... အခု ကျွန်မကို ဘယ်သူမှ မမှတ်မိ ကြသေးဘူး.... ပြီးတော့ ဝတ်ထား တာကလည်း ဒီလို မျိုးကြီးလေ....”
ထိုသို့ ပြောနေရင်း သူမက မှန် မပါသော အဝိုင်းပုံ ပယင်းရောင် မျက်မှန်ကြီးကို ထုတ်တပ်လိုက်ကာ....
“ဒီလိုဆိုရင် အဆင် ပြေသွားပြီ...”
“အင်း...”
မင်းစက်အာဏာက ခေါင်းငြိမ့် လိုက်သည်။
သူတို့ သုံးယောက်သား ဟော့ပေါ့ ဆိုင်သို့ ဦးတည် လမ်းလျှောက် ခဲ့ကြသည်။
ကိုယ့်ကိုယ်ကိုယ် မည်သူမှ မမှတ်မိနိုင်ဘူး ဟူသော လရိပ်ချို၏ ခန့်မှန်းချက်က မှန်ကန် နိုင်သော်လည်း...
ဖိုးရွှေလုံးနှင့် မင်းစက်အာဏာကိုမူ ထည့် မတွက်မိခဲ့ပေ။
သားအဖ နှစ်ယောက်လုံးက အထူးသဖြင့် အတူတူ ရှိနေချိန်တွင် လူအများ၏ အာရုံကို ဆွဲဆောင် လွန်းလှသည်။ သူတို့ သွားလေရာ နေရာတိုင်းတွင် လူတိုင်း၏ အကြည့်များက ကပ်ပါ လာကြသည်။
အမှန်ဆို ယနေ့ လရိပ်ချို ကိုယ်တိုင်ကလည်း ဖိုးရွှေလုံးနှင့် ဝတ်စုံတူ ဝတ်ထားသဖြင့် အတော်ပင် ထင်ပေါ်နေခြင်း ဖြစ်သည်။
“အား.... ဟို သားအဖကို ကြည့်စမ်းပါဦး... အရမ်း ကြည့်ကောင်းတာပဲ..... လူကြီးကလည်း ချောလိုက်တာ..... ကလေးလေး ကလည်း ချစ်စရာလေး....”
“ဘေးက အစ်မကလည်း လှတာပဲ.... ဒီမိသားစုက မိသားစု တစ်ခုလုံး ကြည့်ကောင်း နေတာပဲ.... အဖေ ဖြစ်သူက မောင်နှမ နှစ်ယောက်ကို အပြင် ခေါ်လာတာလား.... အမေက ဘယ်မှာလဲ မသိဘူးနော်....”
ထိုစကားကို ကြားလိုက်သောအခါ မင်းစက်အာဏာ ချက်ချင်း မျက်နှာ ပျက်သွားသည်။
ကံကောင်း ထောက်မစွာဖြင့် ထိုသူဘေးမှ အမျိုးသမီးက ဝင်ပြောလိုက်သည်။
“ဘာ မောင်နှမလဲဟဲ့.... အဲ့ဒါ မိသားစု လိုက်ကြီးလေ..... ဟိုမိန်းကလေးက အဲ့ဒီလူရဲ့ ဇနီး.. ကလေးရဲ့ အမေ ဖြစ်မှာပေါ့....”
“မဖြစ်နိုင်တာ..... အဲ့ဒီမိန်းကလေးက ကြည့်ရတာ အရမ်း ငယ်သေးတယ်!...”
“နင်က ဘာသိလို့လဲ.... ယောက်ျားဖြစ်သူက မိန်းမထက် အများကြီး ပိုရှည် နေလို့ပါ..... ဟိုလူက အဲ့ဒီမိန်းကလေးကို ကြည့်နေတဲ့ အကြည့်ကိုပဲ ကြည့်လေ... အဲ့ဒါ ဇနီးသည်အပေါ် ထားတဲ့ ချစ်မြတ်နိုးတဲ့ အကြည့်ဆိုတာ အသိသာ ကြီးပဲကို....”
.............................
ရှေ့ဆက်ပြီး ဘာတွေ ဆက်ဖြစ်မလဲ သိချင် နေပြီလား..... မညာနဲ့နော်......
#ဝတ္ထု #စာပေ
#အမုန်းကြားမှဖူးပွင့်လာသောအချစ်
#စာရေးသူယဉ်မွန်