24/12/2023
ကွင်းကောက်မြို့ အမှတ် ၅ လေ့ကျင့်ရေးတပ်ရှေ့ ဖြတ်သန်းသည့် မော်တော်ယာဉ်မှန်သမျှကို စစ်ကောင်စီတပ်က စစ်ဆေးပြီး ငွေတောင်း
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၂၄ ရက်
ဧရာဝတီတိုင်း၊ ကွင်းကောက်မြို့အနီးရှိ အမှတ်(၅)လေ့ကျင့်ရေးတပ်ရှေ့သို့ ဖြတ်သန်းမောင်းနှင်သည့် မော်တော်ယာဉ်များကို စစ်ကောင်စီတပ်မှ တားဆီး စစ်ဆေး၍ ယာဉ်တစ်စီးလျှင်ငွေ ၃၀,၀၀၀ ကျပ် တောင်းခံနေကြောင်း မြို့ခံများထံက သိရသည်။
ကွင်းကောက်မြို့တွင်ယမန်နေ့ ဒီဇင်ဘာ ၂၃ ရက်နေ့ ကစပြီးအမှတ်(၅)လေ့ကျင့်ရေးတပ်အရှေ့သို့ဖြတ်သန်းသွားလာနေသည့်ကုန်တင်ယာဉ်နှင့်ခရီးသည်ယာဉ်ကားများကို စစ်ကောင်စီတပ်က ယာဉ်လိုင်စင်နှင့်ယာဉ်မောင်းလိုင်စင် ရှိ/မရှိ စစ်ဆေးကာ ယာဉ်မောင်းလိုင်စင်မရှိသူများအနေဖြင့် တပ်အရှေ့မှ ဖြတ်သန်းသွားခွင့်မပြုကြောင်းသိရသည်။
“မနေ့ကစပြီး အမှတ် ၅ လေ့ကျင့်ရေးတပ်ရှေ့ ဖြတ်တဲ့ကားမှန်သမျှ ယာဉ်နဲ့ယာဉ်မောင်းလိုင်စင် အစစ်ခံနေရတယ်။ မပါတဲ့သူမှန်သမျှ တပ်ရှေ့ကနေထွက်ခွင့်မပေးဘူး”ဟု မြို့ခံမော်တော်ယာဉ်မောင်းတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထို့အပြင်ယာဉ်နှင့် ယာဉ်မောင်းလိုင်စင်မပါသူများအနေဖြင့် စစ်ကောင်စီတပ်ထံငွေ ၃၀၀၀၀ ကျပ်ပေးမှသာ တပ်အရှေ့မှဖြတ်သန်းခွင့်ပြုထားပြီး မပေးသူများကို မြို့တွင်းသို့ဝင်ခွင့်မပြုကြောင်း မြို့ခံများထံက သိရသည်။
“ ယာဉ်နဲ့ယာဉ်မောင်းလိုင်စင်မပါရင်တစ်စီးကို ကျပ်သုံးသောင်း တောင်းတယ်။ မြို့ထဲဝင်ချင်တော့ပေးရတာပေါ့။အချို့မပါတဲ့သူတွေဆိုရင်မြို့ထဲမဝင်ရလို့မြို့အပြင်မှာပဲ စောင့်နေကြရတယ်”ဟု မြို့ခံခရီးသည်ယာဉ်မောင်းတစ်ဦးကဆိုသည်။
ကွင်းကောက်မြို့တွင် နိုဝင်ဘာလအတွင်းကလည်း လမ်းမအနီး ဗုံးတွေ့သည်ဟုဆိုကာ လုံခြုံရေးအကြောင်းပြ၍ စစ်ကောင်စီတပ်နှင့်ရဲအဖွဲ့မှစစ်ဆေးပြီး မော်တော်ယာဉ်များကို ငွေတောင်းခံမှုများ ပြုလုပ်ခဲ့သည်။
#ဧရာဝတီတိုင်း #ကွင်းကောက်မြို့ #အမှတ်၅လေ့ကျင့်ရေးတပ် #မော်တော်ယာဉ်မှန်သမျှ #စစ်ကောင်စီတပ် #စစ်ဆေးပြီးငွေတောင်း