08/07/2026
"မဲဆောက်နှင့် မယ်ရမတ် ရှိ PTT အရောင်းဆိုင်များတွင် ငွေစက္ကူအတုများ တွေ့ရှိ၊ မြန်မာခရီးသွားများအား သတိပြုရန် နှိုးဆော်"
=========================
မဲဆောက်၊ ဇွန်(၉)
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ မဲဆောက်မြို့နှင့် မယ်ရမတ်မြို့ (Mae Ramat) ရှိ PTT ဆီဆိုင်ခွဲများတွင် ဘတ် ၁,၀၀၀ တန် ငွေစက္ကူအတုများ ပျံ့နှံ့နေကြောင်း အဆိုပါလုပ်ငန်းစု၏ မန်နေဂျာနှင့် အမှုဆောင်အရာရှိများက သတင်းထုတ်ပြန်ကာ ပြည်သူများနှင့် ကုန်သည် စျေးရောင်းစျေးဝယ်များကို အထူးသတိပြုကြရန် အသိပေးနှိုးဆော်ထားသည်။
လတ်တလောတွင် မဲဆောက်နှင့် မယ်ရမတ်မြို့နယ်များရှိ PTT ဆီဆိုင်ဝင်းအတွင်းရှိ ဓာတ်ဆီဆိုင်၊ Café Amazon ကော်ဖီဆိုင်နှင့် 7-Eleven စတိုးဆိုင်များတွင် ဘတ် ၁,၀၀၀ တန် အတု စုစုပေါင်း (၅) ရွက် (တန်ဖိုးအားဖြင့် ဘတ် ၅,၀၀၀ ဖိုး) ရှာဖွေတွေ့ရှိထားကြောင်း သိရသည်။
အဆိုပါ သတင်းထုတ်ပြန်ချက်အရ ငွေစက္ကူအတု အသုံးပြုသူအများစုမှာ "မြန်မာလိုင်စင်နံပါတ်ပြားတပ်ဆင်ထားသည့် Probox Vanကားများဖြင့် လာရောက်ကြသော မြန်မာနိုင်ငံသား ဆီလာဖြည့်သူများ" ဖြစ်ကြပြီး ဆီဆိုင်ဝင်းအတွင်းရှိ ဆိုင်များတွင် လာရောက်သုံးစွဲခဲ့ကြခြင်း ဖြစ်သည်။ အချို့ကို ငွေပေးချေနေစဉ် လက်ငင်းဖမ်းမိခဲ့သော်လည်း အချို့ကိုမူ နောက်မှ စစ်ဆေးတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ဘတ် ၁,၀၀၀ တန် အတုများသည် သာမန်အတုများထက် ပိုမိုအတုခိုးရလွယ်ကူပြီး အဆင့်မြင့်သည့်အတွက်ကြောင့် ပိုမိုသတိထားရမည် ဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။ ၎င်းငွေစက္ကူအတုအချို့သည် ငွေစက္ကူစစ်ဆေးသည့် ဘောပင် (Money Detector Pen) ဖြင့် ခြစ်၍ စစ်ဆေးသော်လည်း အရောင်ပြောင်းလဲခြင်းမရှိဘဲ အစစ်အတိုင်း ပြသနေခြင်း၊ ငွေစက္ကူပေါ်ရှိ ရေစာ (Watermark) များ ပါရှိနေခြင်း၊ ခရမ်းလွန်ရောင်ခြည်ပြစက် (UV Light Machine) ဖြင့် စစ်ဆေးမှုကိုပင် ကျော်ဖြတ်နိုင်ခြင်း စသည့် ထူးခြားချက်များ ရှိနေကြောင်းသိရသည်။
ထို့ကြောင့် မဲဆောက်နှင့် ကပ်လျက်နယ်စပ်ဒေသများရှိ စျေးသည်များ၊ ဆိုင်ရှင်များ၊ အစားအသောက်နှင့် ဝန်ဆောင်မှုလုပ်ငန်းများ၊ စတိုးဆိုင်များအနေဖြင့် ငွေစက္ကူကို စက် သို့မဟုတ် ဘောပင်ဖြင့် စစ်ဆေးရုံတင်မကဘဲ လက်ဖြင့် ကိုင်တွယ်စမ်းသပ်ခြင်း၊ အလင်းရောင်တွင် သေချာစွာ ချိန်ညှိကြည့်ရှုခြင်းများဖြင့် ပိုမိုဂရုတစိုက် စစ်ဆေးရန် လိုအပ်နေပြီ ဖြစ်သည်။
အထူးသဖြင့် မြန်မာနိုင်ငံဘက်မှ လာရောက်ကြသည့် ခရီးသွားများနှင့် ကုန်သည်များအနေဖြင့်လည်း မိမိတို့လက်ဝယ်သို့ အခြားနေရာမှ ငွေစက္ကူအတုများ မသိမသာ ရောပါမလာစေရန် ငွေအကြွေလဲလှယ်ရာတွင်ဖြစ်စေ၊ ငွေအမ်းရာတွင်ဖြစ်စေ စေ့စေ့စပ်စပ် စစ်ဆေးကြပါရန် တိုက်တွန်းနှိုးဆော်ထားသည်။
#မြတ်ကို_ဒေါနမြေ(မူရင်း)
#မဲဆောက်_မဲရမတ်PTTဆီဆိုင်
#ထိုင်းဘတ်တစ်ထောင်တန်အတုများတွေ့ရှိ
#မြန်မာနိုင်ငံမှဆီလာဖြည့်သည့်ကားများ
#ဆီဖြည့်ခြင်းနှင့်ကော်ဖီဝယ်ယူရာတွင်အသုံးပြုခြင်း
Source: กิตติศักดิ์ บุญจันทร์
(သတင်းအချက်အလက်အရင်းအမြစ် - မဲဆောက်နှင့် အနီးတဝိုက်ရှိ PTT အမှုဆောင်အရာရှိများနှင့် မန်နေဂျာများ)