12/09/2026
မော်လမြိုင်တိုးဂိတ်အလွန် စစ်တပ်ဝင်းအနီးတွင် သေနတ်ကိုင်လူ၆ယောက် နေ့ခင်းကြောင်တောင် ဓားပြတိုက်
12 Sep 2026 By Ko Myo/ MPA
မွန်ပြည်နယ်၊မော်လမြိုင်တိုးဂိတ်အလွန်ရှိ စစ်တပ်ဝင်းအနီးတွင် သေနတ်ကိုင်ဆောင်ထားသူများက ကား၃စီးအား နေ့ခင်းကြောင်တောင် ဓားပြတိုက်သွားကြောင်း သိရသည်။
စက်တင်ဘာ၁၁ရက်၊ မွန်လွဲ၁နာရီခွဲခန့်တွင် မော်လမြိုင်-မုဒုံကားလမ်းမကြီးပေါ်ရှိ မော်လမြိုင်တိုး ဂိတ်အလွန် စစ်တပ်ဝင်းရှေ့တွင် ဆိုင်ကယ်၃စီး ပေါ်မှ အမျိုးသား၆ဦးက အိမ်စီးကား၂စီးနှင့် ခရီးသည် တင်ကား၁စီးကို တားကာ စစ်တပ်နှင့် မျက်နှာချင်းဆိုင်ရှိ မုဒုံမြို့နယ်၊တာပသွန်ရွာသို့သွားရာ လမ်း ထဲသို့ ခေါ်သွားကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း မော်လမြိုင်မြို့နယ်၊ဖားအောက်ရွာသားတစ်ဦးထံ က သိရသည်။
“စစ်တပ်ရှေ့မှာ ကားတွေကို တားတာဆိုတော့ စစ်တပ်က အရပ်ဝတ်တွေ တားတယ်ထင်ပြီး ခေါ်တဲ့ နောက် ပါသွားတယ်။စစ်တပ်ဝင်းက မော်လမြိုင်ဘက်ကလာရင် ဘယ်ဘက်ခြမ်းမှာ။ တာပသွန်ရွာအ ဝင်လမ်းက ညာဘက်မှာ။အဲလမ်းထဲ ခေါ်သွားပြီး သေနတ်တွေနဲ့ ဓားပြတိုက်သွားတယ်။ဒီနေ့ထိ မိတယ်လို့ မကြားသေးဘူး”ဟု ၎င်းက MPAသို့ပြောသည်။
ဓားပြများသည် ခရီးသည်များထံမှ ငွေသိန်း၉၀၊ ဝတ်စားထားသည့် ရွှေထည်များနှင့် ဖုန်းများအားလုံး ကို ဓားပြတိုက်သွားပြီးနောက် ဆိုင်ကယ်ဖြင့် အေးအေးဆေးဆေး ပြန်လည်ထွက်ခွာသွားကြောင်း သိရသည်။
“ဖုန်းတွေပါသွားတော့ ချက်ချင်း ဖုန်းဆက်တိုင်တာတွေ မလုပ်နိုင်ဘူး။ ဒီလိုနေရာမျိုးမှာ သေနတ်ပြ ပြီး ဓားပြတိုက်တာဆိုတော့ စဉ်းစားကြည့်ပေါ့၊ဘယ်သူဖြစ်မလဲလို့။ စစ်တပ်ရှေ့မှာ နေ့ခင်းကြောင် တောင် ဓားပြတိုက်တာကို အခုထိလည်း ဖမ်းမမိဘူးဆိုတာက ဘာသဘောလဲ”ဟု ၎င်းက ဆက် လက်ပြောသည်။
မော်လမြိုင်-မုဒုံကားလမ်းပေါ်ရှိ ယင်းနေရာသည် ညဦးပိုင်းပင်လျှင် ကားများမပြတ်သွားလာနေ ကြောင်းနှင့် တာပသွန်ရွာအဝင်လမ်းသည်လည်း နေ့ခင်းဘက်၌ ကားနှင့် ဆိုင်ကယ် မပြတ်ကြောင်း သိရသည်။
ယင်းဓားပြတိုက်မှုကို မွန်ပြည်နယ်လုံနယ်ဝန်ကြီး(လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန် ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်)၏ ခါးပိုက်ဆောင်တပ် ပြည်သူ့စစ်တို့က ကျူးလွန်ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများ ကြား သတင်းထွက်ပေါ်နေသည်။
#ဓားပြ #မွန်ပြည်နယ်