06/09/2025
"ဗမာလိုကြီး" စစ်တိုက်ခဲ့သည် အပိုင်း (၁)
၄ နှစ်တာ တွေ့ကြုံရသမျှ
"ဗမာလိုကြီး"စစ်တိုက်တယ်ဆိုတာ တကယ်တော့ ဗန်းစကားတစ်ခုပဲ
ဗမာလိုကြီးဆိုတာက ကျွန်တော်တို့ စလေ့နောက်လေ့ရှိတဲ့စကားတစ်ခွန်းပါ
အလုပ်တစ်ခုကို ဖြစ်ကလက်ဆန်း ဖြစ်သလိုလုပ်ရင် "ဗမာလိုကြီး"လို့ပြောတာဗျ
ဗရမ်းဗတာနဲ့ မဖြစ်ဖြစ်အောင် တခါစားအကွက်နဲ့လုပ်တာ
အဲ့ဒါကို "ဗမာလိုကြီး"လို့ခေါ်တာ
ဖြစ်ချင်တာပဲသိတယ် ဘယ်လိုနည်းစနစ်နဲ့လုပ်တာလဲ သူများတွေဘယ်လိုလုပ်လဲ ဘယ်လိုနည်းစနစ်တွေလိုလဲ ဘာတွေလေ့လာရဦးမလဲ
ကိုယ်ဘာတွေ လေ့လာဖို့ကျန်သေးလဲ ဒါတွေမစဉ်းစားတော့ဘူး စဉ်းလဲမစဉ်းစားချင်ဘူး ကြုံသလိုလုပ်တယ် ဒါမျိုးကို"ဗမာလိုကြီး"လို့ပြောတာ
ဗမာအများစုက ဖြစ်သလိုလုပ်တယ် ဖြစ်ကလက်ဆန်းလုပ်တက်ကြတယ်
ပြီးရင် ဒါကို ဂုဏ်ယူနေတယ် ငါတို့ဒီလိုလုပ်လိုက်တယ်တွေ့လား
ဗမာနည်းဗမာ့ဟန်တို့ ဗမာလိုလုပ်တယ်တို့ စောက်ကြီးစောက်ကျယ်နဲ့
"ဗမာလိုကြီး"ဆိုတာ ကျွန်တော်သိသလောက် ဒီကနေလာတယ်
နည်းပညာတစ်ခု အတက်ပညာတစ်ခုကို အစကနေ ဘယ်လိုလေ့လာမလဲ ဘယ်လိုဖြစ်တည်လာလဲ ငါတို့ဘာကြောင့် ဒီပညာကိုလိုတာလဲ နောက်ဆက်တွဲဖြစ်တွဲဖြစ်လာနိုင်တဲ့ ပြဿနာတွေဘယ်လိုဖြေရှင်းမလဲ ဒါတွေကအရမ်းအရေးကြီးတယ်
အခု ကျွန်တော်တို့ စစ်ရေးမှာ ဖြစ်နေတဲ့ ပြဿနာတွေရဲ့အရင်းခံက ဒါပဲ
ပြဿနာတစ်ခုဖြစ်လာရင် "ဗမာလိုကြီး"ရှင်းတဲ့ကိစ္စ
ပြဿနာကို ရေတိုပြေလည်ရင်ပြီးရော ရေရှည်ကိုမကြည့်တဲ့ကိစ္စ
နိုင်ငံရေး စစ်ရေးမှာ ဗမာလိုလုပ်ချင်နေကြတဲ့ ဗမာတွေ
အခုပြဿနာတွေတက်နေတာ ဒီအကြောင်းအရင်း တွေကြောင့်ပဲ။
နိုင်ငံက ဗမာတွေကြီးပဲနေထိုင်တာမဟုတ်ဘူး တိုင်းရင်းသားပေါင်းစုံနေ ထိုင်နေကြတာ တိုင်းရင်းသားတွေက ဒီနိုင်ငံရေး ဒီစစ်ရေးကို ဘယ်လိုဖြေရှင်းနေကြလဲ နားလည်ဖို့လိုတယ်
တိုင်းရင်းသားတွေက ကိုယ်ပိုင်လွတ်လပ်ခွင့်ရအောင် နိုင်ငံရေး၊ စစ်ရေးကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေကြတာ
သူတို့ဖြေရှင်းကြတာ နှစ် ၇၀ ရှိပြီ ဒီလိုဖြေရှင်းတဲ့နေရာမှာ မှားတာမှန်တာ မဆွေးနွေးလိုဘူး သူတို့ဟာသူတို့နည်းသူတိုဟန်နဲ့ဖြေရှင်းနေကြရတာတော့အမှန်ပဲ အရှိတရားပဲ။
ခေတ်အဆက်ဆက်တွန်းလှန်နေကြတာကို မမြင်နိုင်ပဲ နွေဦီးတော်လှန်ရေးမှပေါ်လာတဲ့သူတွေက မင်းတို့ဘာလုပ်နေတာလဲ မတိုက်ဘူလားဆိုပြီး စစ်ကိုဗမာလိုတိုက်ချင်နေတဲ့ လူတစ်စုရှိနေလေရဲ့...
အမှန်တရားကခါးသီးတယ် ကိုယ့်ပေါင်ကိုယ်လှန်ထောင်းတယ်ပြောလဲ ခံရမှာပဲ
ကျွန်တော်ဒီတော်လှန်ရေးထဲရောက်တာ ၄ နှစ်ရှိပြီ တော်လှန်ရေးလုပ်ရင် စစ်တိုက်ရင်၊ သေနိုင်တယ်ဆိုတာ သိပြီးသား အသက်ကိုပေးထားပြီးသား၊ တော်လှန်ရင်းသေရမှာ စစ်တိုက်ရင်း သေမှာမကြောက်ပါဘူး
စစ်တိုက်ရင် သေတက်တယ်
ဒါပေမယ့် စစ်တိုက်တယ်ဆိုတာ စစ်တကယ်တိုက်ဖို့တော့လိုတယ် စစ်ကစားတာ(မလိုအပ်ဘဲ)/စစ်သွေးကြွတာမျိုးကို စစ်တိုက်တယ်လို့ ဆိုလိုလို့မရဘူး
စစ်ရေးဆိုတာ နိုင်ငံရေးကြောင့်ဖြစ်လာတာ နိုင်ငံရေးအရ သဘောထားတွေကွဲလွှဲလို့ ညှိုနှိုင်းမရလို့ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ လူမျိုးစုတစ်ခုနဲ့တစ်ခု စစ်တိုက်ကြတာ
စစ်မှာ အင်အားကြီးတဲ့ကောင်က အင်အားငယ်တဲ့ကောင်ကို အနိုင်ကျင့်စမြဲပဲ
အခု ဒီနိုင်ငံမှာဖြစ်နေတဲ့ နိုင်ငံရေးအခင်းအကျင်းကလဲ စစ်တပ်က အင်အားကြီးတယ် သေနတ်ကိုင်ထားတယ်၊
အဲဒီအင်အားကြီးတဲ့ကောင်က အင်အားနည်းတဲ့ လူမျိုးစုတွေကို အနိုင်ကျင့်ဗိုလ်ကျစိုးမိုးတယ်
စစ်တပ်တစ်ခုကို တည်ဆောက်နိုင်တဲ့ လူမျိုးစုတွေက စစ်တပ်ကို စစ်တပ်နဲ့ပြန်တိုက်တယ် တော်လှန်တယ် ဒါဟာ ကိုယ်ပိုင်ပြဌာန်းခွင့်ရဖို့အတွက် နိုင်ငံရေးအရ ညှိုနှိုင်းဆွေနွေးလို့မရလို့ စစ်တိုက်တာ
စစ်တပ်မတည်ထောင်နိုင်တဲ့ လူမျိုးစုတွေကတော့ စကစ လုပ်သမျှငြိမ်ခံရတာပဲ
ပြည်မမှာတော့ ၂၀၁၅ မှာ ရွေးကောက်ခံအစိုးရတက်တယ် ၂၀၂၀ မှာထပ်နိုင်တယ် အဲ့တော့ စစ်တပ်ကအာဏာပြန်သိမ်းတယ် သိမ်းတော့ ဆန္ဒပြတယ် တောင်းတယ် တောင်းဆိုလို့မရဘူး
တောင်းတာမပေးပဲ သေနတ်နဲ့ပစ်သတ်တယ် အဲ့တော့မခံနိုင်လို့ တောထဲကို စစ်ပညာသင်ဖို့ လာခဲ့ကြတယ် စစ်ပညာသင်ပြီးပြန်တိုက်မယ်ဆိုပြီးလာခဲ့ကြတယ် ဒါကမူလအစ
အဲ့မှာတောင်သဘောထားကအမျိုးမျိုး တောထဲမှာပဲ စုဖွဲပြီးပြန်တိုက်ဖို့ အချိန်ယူဖို့သဘောထားရှိသူတွေရယ် UG ပြန်လုပ်ဖို့ သဘောထားရှိသူတွေရှိတယ် UG တွေပြန်လုပ်ခဲ့ကြတယ်
ဒီနေရာမှာ ဘယ်ဟာမှားတယ် ဘယ်ဟာမှန်တယ် မဆွေးနွေးလိုဘူး
သူ့ဟာနဲ့သူလုပ်ခဲ့ကြတာပဲ
ဒါပေမယ့် စစ်တိုက်ဖို့ဆိုရင် စနစ်တကျစုဖွဲ့နိုင်ရမယ်ဆိုတဲ့ အယူအဆကတော့ ဒီအချိန်မှာ မှန်ကန်နေပြီ
ဒီ ၄ နှစ်တာကာလမှာ စစ်ပညာကို ကျွန်တော်တို့ ဘယ်လောက်သင်နိုင်ခဲ့ပြီလဲ ဘယ်လောက်အသုံးပြန်ချနေပြီလဲဆိုတာ ကိုယ့်ကိုယ်ကိုမေးဖို့လိုတယ်
ကျွန်တော်တို့စစ်ပညာ တကယ်တက်ပြီလား ကျွန်တော်တို့ ဘယ်လောက်စနစ်တကျစုဖွဲ့နိုင်ပြီလဲ နည်းဗျူဟာတွေကို ဘယ်လောက်စနစ်တကျဆွဲနိုင်ပြီလဲ ဒါကအရမ်းအရေးကြီးပါတယ်။
မြောက်ပိုင်းကိုကျွန်တော် သေချာမသိဘူး ကျွန်တော်ကတောင်ပိုင်းက
ကျွန်တော်တို့တောင်ပိုင်းမှာလဲ တချို့နေရာမှာ စနစ်ကျတာတွေလဲ ရှိရင်ရှိမှာပါ ဒါပေမယ့် ကျွန်တော်ရောက်ခဲ့တဲ့နေရာတွေအားလုံးမှာတော့ စနစ်ကျမှုဆိုတာ မရှိသလောက်ပဲ
စနစ်တကျတည်ဆောက်တယိဆိုတာ ဘာလဲဆိုပြီးပြန်မေးရမယ့်အနေထားပဲ
စုဖွဲ့မှုရော၊ စစ်နည်းဗျူဟာတွေမှာရော မဟာမိတ်ကိစ္စတွေမှာရော လုံးဝအားရတာမျိုး မကြုံဘူးသေးဘူး စနစ်မကျေသးတာတွေပဲ အခုအချိန်ထိ တွေ့ရတယ်
၂၀၂၁ တောစခိုတုန်းက Ero တွေရဲ့လေ့ကျင့်သင်ကြားပေးမှုနဲ့ အခြေခံစစ်သင်တန်းတက်ခဲ့ရတယ် ဒီလိုနဲ့ Ero စုဖွဲ့ပေးတဲ့အတိုင်းနေရတယ် ကျွန်တော်က KNU တပ်မဟာ ၆ နယ်မြေ KNLA တပ်ရင်း ၁၈ ဂွင်မှာနေခဲ့တယ် Ero ဆရာတွေရဲ့ လမ်းညွှန်မှုနဲ့ လေ့ကျင့်စုဖွဲ့မှုတွေလုပ်ခဲ့တယ် ၂၀၂၁ ခုနှစ် ၈ လပိုင်းထဲက သင်တန်းဆင်းပြီးတာနဲ့ အနီးနားမှာရှိတဲ့ ရွာတွေ ( ရှေ့တန်း) ထွက်ခဲ့ကြတယ် အဲ့ဒီအချိန် တပ်မဟာ ၆ မှာ တိုက်ပွဲဆိုတာမရှိသေးဘူး ။NCA ကာလပဲရှိသေးတယ် သတင်းတွေမှာ KNLA တပ်မဟာ ၆ က PDF ဆိုတာမရှိပါဘူးလို့ ငြင်းထားတဲ့အချိန်ပဲရှိသေးတယ်။
တပ်ရင်းကရဲဘော်တွေက ရှေ့တန်းကို တစ်ဦးကျည် ၂၀နဲ့ ထွက်နေရပြီ လူအများကြီးတော့မထွက်နိုင်ကြသေဘူးပေါ့ သေနတ်မှမရှိသေးတာ
ထားလိုက်ပါ အဲ့တာတွေပြန်ပြောရရင် ပြောမကုန်ဘူး နောက်မှအသေးစိတ်ထပ်ရေးဦးမယ် အရမ်းတွေရှည်သွားလိမ့်မယ်
ပြောချင်တာက ကာလကိုပြောချင်တာ
၂၀၂၁ခုနှစ် ၈ လပိုင်းကထဲက ရှေ့တန်းထွက်လာကြတာ အခုအချိန်ထိပဲ။
ဒါဆို ကျွန်တော်တို့ စစ်တိုက်တဲ့အတွေ့အကြုံ ၄ နှစ်ရှိပြီ။ ကျွန်တော်တို့ ဘာတွေတက်ခဲ့ကြလဲ ဘာတွေရလိုက်ကြလဲ။
ကျွန်တော်ကတော့ ရှေ့တန်းမှာ ဘယ်လိုနေရတယ် ရှေ့တန်းမှာ တိုက်ပွဲဘယ်လိုဝင်ရတယ် ဆိုတာတွေပဲ သိခဲ့ရတယ် နေ့ည ကောင်းကောင်းမအိပ်ရ နဲ့ ရှေ့တမ်းတွေ၊ တိုက်ပွဲတွေ ပင်ပန်းဆင်းရဲမှုကိုတော့ ကောင်းကောင်းသိတယ်
ဒါပေမယ့် သိပ်အရေးကြီးတဲ့
စစ်နည်းဗျူဟာတွေကို ဘယ်လိုရေးဆွဲတယ် ဘာကြောင့် ဒီစခန်းတွေ ကိုသိမ်းရတယ်ဆိုတာမျိုးကို ဘယ်သူကမှမသင်ပေးခဲ့ပါဘူး ။
ကိုယ့်ဟာကိုလေ့လာရတာပါ သိချင်လွန်းလို့အတင်းလိုက်မေးခဲ့ရတာတွေပဲရှိခဲ့တယ်။
နိုင်ငံရေးအခံရှိပြီးသားလူတွေကတော့ သင်ယူရင် နားလည်နိုင်ပေမယ့် ကျွန်တော်တို့လို အပြင်လောကမှာ သာမန်လူတန်းစားဘဝက လာတဲ့သူအများစုကတော့ ဒီနိုင်ငံရေး၊ စစ်ရေးတွေကို လုံးဝ နားမလည်နိုင်လောက်အောင်ကို ရှုပ်ထွေးလွန်းလှတယ်။
မတရားမှုကို တော်လှန်ချင်လို့သာတောခိုလာခဲ့တာ လူငယ် အများစုက စစ်ရေး၊နိုင်ငံရေးကို သေချာသိနားလည်တဲ့သူတွေမဟုတ်ကြဘူး Ero အုပ်ချုပ်မှုအောက် မှာနေစဉ်ကာလကလည်း Ero က အခုရှေ့တန်းထွက်ဆိုထွက် အခုဒီစခန်းသိမ်းမယ်ဆိုသိမ်း၊ အခုကာကင်းထွက်မယ်ဆိုထွက်ကာ ၊ မိုင်းထောင်ရမယ်ဆိုထောင် သူတို့ခိုင်းတဲ့အတိုင်းပဲလုပ်ခဲ့ရတာပါ
MOD ပေါ်လာတော့လဲ သူတို့ သွားခိုင်းတဲ့နေရာသွား သူတို့တိုက်ခိုင်းတဲ့နေရာတိုက် သွားရတာပဲ ။
ဒါပေမယ့် ကွာခြားချက်တွေအများကြီးရှိတယ်
စစ်တိုက်တယ်ဆိုတာ လူမျိုးတစ်စု လူ့သိုင်းအဝိုင်းတစ်ခု နဲ့တစ်ခု အယူအဆယုံကြည်မှု အယူဝါဒတွေ ကွဲပြားလို့ ညှိနှိုင်းဆွေးနွေးလို့မရလို့ လက်နက်ကိုင်ပြီးစစ်တိုက်ကြတာ
တိုင်းရင်းသားတွေ ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်မရကြလို့ စစ်တိုက်ကြတာ
ဒီတော့ စစ်ရေးဟာနိုင်ငံရေးရဲ့ အဆက်ပဲ
နိုင်ငံရေးနဲ့ညှိနှိုင်းဆွေးနွေးလို့မရတာကြောင့် စစ်ရေးနဲ့ဖြေရှင်းကြတာ
ဒါကို အခုနွေဦးတော်လှန်ရေးမှာကျမှပေါ်လာတဲ့ တော်လှန်ရေးအင်အားစုတွေက ကောင်းကောင်းနားလည်ဖို့လိုတယ်လို့ကျွန်တော်မြင်တယ်
သူတို့နှစ်ပေါင်းများစွာတော်လှန်နေတာ သူတို့ပန်းတိုင်မရောက်သေးဘူး
ဒါပေမယ့် အခုအချိန်ဟာ အခွင့်အခါကောင်းဆိုတာသူတို့သိတယ် ။
စစ်ရေးအရဖြေရှင်းရအကောင်းဆုံးအချိန်ဆိုတာ သူတို့နားလည်တယ် ဒါကိုလည်း ကောင်းကောင်းအသုံးချနေတယ်။
မသိတာက ကျွန်တော်တို့ နွေဦီးတော်လှန်ရေးမှပေါ်လာတဲ့ အင်အားစုထဲမှာမှ အများစုက မသိဘူး ကျွန်တော်တို့သိတာ စစ်ကောင်စီမကောင်းဘူး စစ်ကောင်စီမတရားဘူး စစ်ကောင်စီက ပြည်သူတွေကို ပစ်သတ်တယ် စစ်ကောင်စီကြောင့် ငါတို့အခွင့်အရေးတွေဆုံးရှူံးတယ်
ဒီလောက်နဲ့ပဲ လက်နက်ကိုင်ခဲ့ကြတဲ့ကျွန်တော်တို့ လုံလောက်ကြပြီလား။
နိုင်ငံရေးကိုတွေးဖို့မလိုတော့ဘူးလား ဒီလောက်မှာပဲရပ်ထားကြတော့မှာလား
ဒီစစ်ကောင်စီကျရင်ပြီးရောကွာ ငါတို့ကတော်လှန်ရေးပြီးရင် အိမ်ပဲပြန်မှာ ဆက်မလုပ်ဘူး ဒီနေ့ပြီးရင် နောက်နေ့အိမ်ပြန်မှာလို့ပြောနေသူတွေ နိုင်ငံအရေးကဒီလောက်နဲ့တင်ပြီးပြီလားလို့မေးချင်တာပဲ။
စစ်တိုက်တယ်ဆိုတာ အဲ့ဒီအဆင့်မှာပဲဆိုရင် ဒါဟာစစ်ရေးလား စစ်ရေးလို့ခေါ်မလား။
စစ်တိုက်တယ်ဆိုတာ နိုင်ငံရေးအရ ကိုယ့်လူမျိုးစု ကိုယ့်လူ့အဖွဲ့အစည်းလူ့အသိုင်းအဝိုင်းတစ်ခုလုံးအတွက် နိုင်ငံရေးအရ စစ်တိုက်ရတာမဟုတ်ဘူးလားဆိုတာအထိ တွေးစေချင်တယ်။
ဒါကနိုင်ငံရေးအရစစ်တိုက်တယ်ဆိုတာတပိုင်း ထားတော့
စစ်တိုက်ပြီဆိုရင် ထိုးစစ်၊ တိုက်စစ်၊ ခံစစ်၊ ချွေစစ်၊ ပြောက်ကျားစစ်၊ အမျိုးမျိုးရှိတာပေါ့
အဲ့ထဲက တိုက်စစ်စီမံချက်ရေးဆွဲပြီဆိုရင် ကိုယ့်ရန်သူကို အချိန်နှင့်အမျှစောင့်ကြည့်ဖို့လိုတယ်
အချက်အလက်နဲ့ပြောရင် အချက် ၅ ခုပဲ
သတင်း၊ ရည်မှန်းချက်၊ လုပ်နည်း Plan၊ အုပ်ချုပ်ထောက်ပံ့၊ ဆက်သွယ်ရေး
အဲ့မှာမှ သတင်းပိုင်းကိုပြောပြချင်တယ်
Ero ဆရာတစ်ဦးသင်ပေးတာက စစ်တိုက်တယ်ဆိုတာ
"သတင်း ထောက်လှမ်းရေးသတင်းက ၆၀ % ၊ အုပ်ချုပ်ထောက်ပံ့က ၃၀%၊ ၁၀% ပဲစစ်တိုက်တာကွတဲ့"
သတင်း ၆၀ % ဆိုတာ ထောက်လှမ်းရေးသတင်း ၆၀% ဒါဟာ သိပ်များတဲ့ ပမာဏပါ။ အဲ့တော့စစ်တိုက်ဖို့ သတင်းရရှိဖို့ ကျွန်တော်တို့ဘာလုပ်နေလဲ ဘာလုပ်ပြီးပြီလဲ။ သတင်းအတိကျမရပဲစစ်တိုက်ဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်ဘူး။
အဲ့တော့အရေးကြီးတာ ထောက်လှမ်းရေးကွန်ရက်တစ်ခုရှိဖို့လိုတယ်။ ထောက်လှမ်းရေးကွန်ယက် ကြီးရင်ကြီးသလို သေးရင်သေးသလိုပဲသတင်းရရှိမယ်
ထောက်လှမ်းရေးကွန်ယက်ဆိုတာ တည်ဆောက်ရတယ် အခုလုပ်အခုယူရတဲ့ အလုပ်မဟုတ်ဘူး အချိန်ယူရတယ် တည်ဆောက်ရတယ်
လွယ်လွယ်မြင်အောင်ပြောရရင်
ကျွန်တော်တို့မြို့မှာကြုံတွေ့နေရတဲ့ စစ်ကောင်စီရဲ့ ထောက်လှမ်းရေးကွန်ယက် အရင်ခေတ်ကဆို ခင်ညွှန့်ရဲ့ထောက်လှမ်းရေးကွန်ယက် ဘယ်လောက်ထိလက်တန်ရှည်ခဲ့လည်း ကျွန်တော်တို့ပြောပြောနေတဲ့ ဒလန်ဆိုတဲ့ကောင်တွေ ရပ်ကွက်ဥက္ကဌကစလို့ ရာအိမ်မှူးဆယ်အိမ်မှူးအထိ သူတို့ရဲ့လက်တန်တွေပဲ၊ ဈေးသယ် ကုမ္ပဏီဝန်ထမ်းကစလို့ စစ်ကောင်စီက သူ့ရဲစိုးမိုးနယ်မြေတိုင်းမှာ ထောက်လှမ်းရေးအများအပြားထားရှိထားတယ်၊
ဒီကရတဲ့သတင်းတွေကို ထောက်လှမ်းရေးဌာနကိုပေးပို့တယ် ဒီကနေမှ သတင်းကိုအကဲဖြတ်ပြီး သက်ဆိုင်ရာကိုထပ်ပို့တယ်။ ဒါဟာထောက်လှမ်းရေးကွန်ယက် အဆင့်ဆင့် သတင်းပေးတယ်လို့ခေါ်တယ် ။
ဒါဟာမျိုးဆက် ဘယ်နှစ်ဆက်တောင်ရှိပြီလဲတွေးကြည့်ပေါ့။ ထောက်လှမ်းရေးကွန်ယက်ကိုအဲ့လိုတည်ဆောက်တယ်။
ဒါဆို ကျွန်တော်တို့ pdf တွေကရော နှစ်ပေါင်းများစွာတည်ဆောက်ထားတဲ့ စစ်ကောင်စီကို ဘယ်လိုယှဉ်မလဲ။ သေချာတာက တိုင်းအလိုက်မြို့နယ်အလိုက် သူတို့လိုမတည်ထောင်နိုင်ရင်တောင် ကျွန်တော်တို့မှာ ပြည်သူရှိတယ် ပြည်သူပါတယ်ဆိုတဲ့ အနေအထားနဲ့ရှေ့ဆက်နေကြရတာ ရရာသတင်းနဲ့ တိုက်နေကြရတာ
စနစ်တကျစုဖွဲ့ထားတဲ့ထောက်လှမ်းရေးကွန်ယက်ဆိုတာမရှိဘူး။ စနစ်တကျစုဖွဲ့ထားတဲ့ ထောက်လှမ်းရေးစနစ် ထောက်လှမ်းရေးကွန်ရက်ဆိုတာ မရှိဘူး အဲ့တာကြောင့် ကျွန်တော်တို့မှာ စနစ်မကျမှုတွေများစွာကြုံရတယ် သတင်းဖောင်းပွမှုများစွာကြုံရတယ်
စစ်ရေးသတင်းတိတိကျကျရဖို့ခက်ခဲတယ်
ရန်သူက တန်ပြန်သတင်းလွှင့်မှုတွေနဲ့ကြုံတွေ့ရရင် ပိုလိုတောင်အခက်တွေ့စေတယ်
ဟိုနေရာမှာရန်သူ ၅၀ တွေ့တယ် ဒီနေရာမှာ ရန်သူ ၁၀၀ တွေ့တယ် ဒီနေရာမှာတော့ ၁၅၀ တွေ့တယ် ဒါမျိုးသတင်းတွေကို မရေမရာသတင်းရပြီး အလုပ်လုပ်ရတဲ့အချိန်မျိုးတွေမှာ သတင်းကအတည်မပြုနိုင်တဲ့အတွက် ရန်သူကိုရှာရတဲ့ အချိန်တွေကုန် လူတွေပင်ပန်းတာမျိုးတွေကြုံတွေ့လာရတယ်
ရန်သူက တကယ်တက်မလာပဲ အရောင်ပြပြီးပြတာမျိုးတွေလဲရှိတာပေါ့။ ဒါဟာရန်သူ့စစ်ဗျူဟာထဲကတစ်ခုပဲ။
လူပင်ပန်းအောင်တမင်လုပ်တာ တန်ပြန်သတင်းလွှင့်တာ
ဘယ်လိုမျိုးလဲဆိုတော့ တကယ်ပဲ နေရာတစ်ခုမှာ အယောက် ၁၀၀ လောက်ပေါ်ပြရင်ပေါ်ပြလိမ့်မယ် ဒါ တကယ်သူတို့ ထိုးစစ်လုပ်လာတဲ့လမ်းကြောင်းဟုတ်ချင်မှဟုတ်တာ ပေါ်ပြပြီးရင် ပြန်ပျောက်သွားရော ဒါစစ်ရဲ့ ပရိယာယ်တစ်ခုပဲ။
ပြည်သူတစ်ဦးက ရန်သူ ၃၀ လောက်တွေ့လို့သတင်းပေးရင်ပေးမယ် ဒီနေရာမှာရန်သူ ၃၀ လောက် တွေ့တယ် ပြည်သူကတော့တွေ့ရင်တွေ့တာကို သတင်းပို့မှာပဲ ဒါကိုဘယ်လိုအတည်ပြုမလဲ ဘယ်လိုခန့်မှန်းမလဲ။
ပြီးရင် ဘယ်လို အကဲဖြတ်ပြီး ဘယ်ကိုပို့မလဲ
ဒါတွေကို စနစ်တကျဖြစ်အောင်ဘယ်လိုလုပ်မလဲ
ကွန်ယက်တစ်ခုဆိုတာ
သတင်းတစ်ခုရရင် ဒီသတင်းကို အကဲဖြတ်တဲ့သူက စနစ်တကျ အကဲဖြတ်ပြီး အတည်ပြုပြီး ရလာတဲ့သတင်းတွေကို စစ်ဦးစီးတွေကို စနစ်တကျသတင်းပို့၊ စစ်ဦးစီးတွေက ချိန်စပြီး အောက်ခြေတပ်ရင်းတွေကို Command ပြန်ပေး Commander တွေက အကောင်ထည်ဖော်ဒါဟာ လည်ပါတ်တဲ့ စနစ်တစ်ခုပဲ။
ဒီလို ကွန်ယက်တွေ ဘယ်လောက်ထိကျယ်ပြန့်အောင်လုပ်ပြီးပြီလဲ ဘယ်လောက်ထိလုပ်နေလဲဆိုတာ ကျွန်တော်တော့ သေချာရေရာတာမတွေ့ရသေးဘူး။
ဒီလိုသတင်းအချက်အလက်တွေမရှိ၊ မစုဆောင်းပဲ စစ်ဆင်ရေးတွေဖော်ဆောင်နေကြတာတွေ၊ စစ်သွေးကြွပြီးတော့ တွေ့တဲ့ စခန်း ဝင်ပစ်တာမျိုးတွေ များစွာကြုံဖူးတယ်
ဒါဟာ ဗမာလိုကြီး စစ်တိုက်နေတယ်လို့ပဲမြင်တယ်
ခေတ်က ပထမကမ္ဘာစစ်လို လူအုပ်ကြီးနဲ့ ကျားတက်ထိုးပြီး အနိုင်ယူရမယ့် ခေတ်မဟုတ်တော့ဘူး
သတင်းအချက်အလက်နဲ့ နည်းပညာသာတဲ့သူက အနိုင်ရတဲ့ခေတ်
စာကအရမ်းရှည်တော့
အပိုင်း ၂ ဆက်ရေးပါဦးမည်
၃၀/၈/၂၀၂၅