27/11/2025
🙄 အောင်သွယ်တော်တွေ မိတ်ဆက်ပေးသူနဲ့ တွေ့ပြီးနောက် (၄) နာရီအကြာမှာတင် လက်ထပ်ခဲ့တဲ့ အမျိုးသား တစ်လအတွင်း စုဆောင်ငွေ အားလုံး ကုန်သွား
အသက် (၄၀) အရွယ် တရုတ်အမျိုးသားတစ်ဦးဟာ အောင်သွယ်တော်တွေ စီစဥ်ပေးတဲ့ blind date မှာ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံပြီးနောက် (၄) နာရီအတွင်း လက်ထပ်လိုက်ရာကနေ တစ်လအတွင်း သူ့ရဲ့ စုဆောင်းငွေ ယွမ် (၂၄၀,၀၀၀) ကျော် အကုန် ကုန်သွားတဲ့ ဖြစ်ရပ်က တရုတ်ဆိုရှယ်မီဒီယာပေါ် လူပြောများခဲ့ပါတယ်။
တရုတ်နိုင်ငံ တောင်ပိုင်း Hunan ပြည်နယ် Hunag Zhongcheng မြို့မှ Huang Zhongcheng ဆိုသူ အမျိုးသားက သြဂုတ်လ (၂၁) ရက်နေ့ မနက်ပိုင်းမှာ အောင်သွယ်တော်တွေ စီစဥ်ပေးမှုအရ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
မိန်းမရှာနေတဲ့ ဒီအမျိုးသားဟာ အောင်သွယ်တော် (၉) ဦးကို ဆက်သွယ်ခဲ့ပါတယ်။ အောင်သွယ်တော်တွေ အားလုံးက အလှပြင်ဆိုင်တစ်ခုမှာ အလုပ်လုပ်တဲ့ အမျိုးသမီး တစ်ဦးတည်းကိုသာ သူနဲ့ မိတ်ဆက်ပေးခဲ့တယ်လို့ ဆိုပါတယ်။ Huang နဲ့ ဒီအမျိုးသမီးတို့ လူချင်းတွေ့ပြီး (၄) နာရီအကြာမှာ လက်ထပ်လိုက်ကြပါတယ်။
“သူမက အဲဒီနေ့ပဲ အားလုံးကို အပြီးသတ် လုပ်ရမယ်လို့ တောင်းဆိုခဲ့တယ်လေ။ ဒါကြောင့် ညနေ (၅) နာရီလောက်မှာ လက်ထပ်စာချုပ် လက်မှတ်ရေးထိုးခဲ့ကြတယ်။ အရာရာက အရမ်းမြန်ခဲ့တယ်။ ဒီနေ့က အိပ်မက်လိုပဲလို့တောင် သူမကို ပြောမိသေးတယ်” လို့ Huang က ပြန်ပြောပြပါတယ်။
“အဲဒီညမှာ ကျွန်တော်တို့ ဟိုတယ်မှာ အတူတူနေခဲ့ကြတယ်။ အဲဒီ တစ်ခါပဲ။ နောက်ပိုင်းဆို ကျွန်တော် ပွေ့ဖက်ဖို့ ကြိုးစားရင်တောင် သူမက တွန်းဖယ်ပစ်တာ” လို့ Huang က ဆိုပါတယ်။
Huang ရဲ့ အဆိုအရ သူတို့နှစ်ဦး အတူရှိခဲ့တာ နှစ်ရက်သာ ရှိသေးချိန်မှာပဲ အမျိုးသမီးက ပိုက်ဆံရှာဖို့ သူ့ကို Guangdong ပြည်နယ် သွားခိုင်းခဲ့ပါတယ်။
ဒ့ါအပြင် အကြောင်းပြချက် အမျိုးမျိုးနဲ့ ငွေရေးကြေးရေး အကူအညီတွေ အကြိမ်ကြိမ် တောင်းခဲ့ပြီး ငွေချေးတာလို့ အခိုင်အမာ ပြောခဲ့တယ်လို့ Huang က ဆိုပါတယ်။ သူတို့နှစ်ဦး လက်ထပ်ပြီးနောက် တစ်လအကြာမှာ Huang ရဲ့ စုဆောင်းငွေ ယွမ် (၂၄၀,၀၀၀) ကျော် အားလုံး ကုန်သွားခဲ့ပါတယ်။
“ပုံမှန်ဆို ကျွန်တော် ဆက်သွယ်ရင် သူမက ဘာမှ ပြန်မပြောဘူး။ ဒါပေမဲ့ ပြန်ပြောလာပြီဆိုရင်တော့ အမြဲတမ်း ပိုက်ဆံကိစ္စပဲ။ ဥပမာဗျာ တရုတ်ချစ်သူများနေ့ Qixi Festival အတွက်သုံးဖို့ တောင်းတယ်။ စက်တင်ဘာ (၆) ရက်နေ့ကျတော့ သူ့မရဲ့ သမီးအတွက် ကွန်ပျူတာလိုတယ်လို့ ပြောပြီး တောင်းတယ်” လို့ Huangh က ဖွင့်ဟခဲ့ပါတယ်။
“သူမတစ်ယောက်တည်း ယွမ် (၂၄၀,၀၀၀) ကို သုံးပစ်လိုက်တာ။ သြဂုတ် (၂၁) ရက်နေ့မှာ ချိန်းတွေ့ခဲ့ပြီး စက်တင်ဘာ (၈)ရက်နေ့ တစ်လတောင် မပြည့်ခင်မှာတင် အကုန်သုံးသွားခဲ့တာ” လို့ သူက ပြောပါတယ်။ ဒီအဖြစ်အပျက်ဟာ လူအများအပြားကို အံ့အားသင့်စေခဲ့ပြီး တရုတ်ဆိုရှယ်မီဒီယာမှာ ဆွေးနွေးငြင်းခုံမှုတွေ ဂယက်ထခဲ့ပါတယ်။
“ခံစားချက်နောက် လိုက်ပြီး မကြောက်မရွံ့ လက်ထပ်ရဲတဲ့သူတွေကိုတော့ တကယ် လေးစားတယ်ဟေ့။ တစ်ဖက်လူက ဘယ်မှာနေမှန်းတောင် မသိဘဲ လက်ထပ်ချင်ကြပြီး ပိုက်ဆံပါ အပ်ကြသေးတာ။ လေးစားပါတယ်ဗျာ!” လို့ ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးက ဆိုပါတယ်။
“ဒါကို သိရင် မူးယစ်ဆေး ရောင်းဝယ်သူတွေတောင် ထိုင်ငိုကြလိမ့်” နောက်တစ်ဦးက ပြောပါတယ်။ တတိယ တစ်ဦးကတော့ “သူ့အနေနဲ့ တရားစွဲသင့်တယ်။ အဲဒီ အောင်သွယ်တော် ပွဲစား (၉) ယောက်ကိုပါ အမှုဖွင့်သင့်တယ်။ ဒါက အုပ်စုလိုက် ပူးပေါင်း လိမ်လည်မှုပဲ” လို့ မှတ်ချက်ပေးထားပါတယ်။