Moon soon No pain no pain
Be proud injury.

12/07/2026

ပျိုး.....

အဲ့သည်လိုပေါ့ လွေးငယ်
သံသရာဆိုတာ အကွေ့ပေါင်းတစ်ထောင်ရှိသတဲ့
တစ်ကွေ့ကွေ့မှာ ငါတို့...
ပြန်ဆုံဖြစ်ခဲ့ကြရင် ငါကြိုက်တဲ့ လက်ဖျော်ကော်ဖီ ခါးစိမ့်စိမ့် တိုက်ပါရစေပေါ့။

ကိုလံဘတ်စ် က သူ့ရဲ့ရှာဖွေတွေ့ရှိမှုတွေကို
တလွှားလွှား ကမ္ဘာမှာ မော်ကွန်းတင်ပေးကြသူတွေရှိခဲ့ပါရဲ့...

လွေးငယ်ကို ရှာဖွေတွေ့ရှိခွင့်ရခဲ့တဲ့ကိုယ့်အတွက်တော့ ကမ္ဘာဟာ ရုံးမှာနေရင် လုံးနေခဲ့ပြီး အိပ်ဆောင်ပြန်ရောက်ရင်​တော့ ပြားနေသတဲ့ကွယ်။

နှင်းဆီ
စံပါယ်
လေရူးတွေက ဟူးရားရား
ရှမ်းမြောက်ပြည် နေ့ရက်တွေမှာ
လွေးငယ်အကြောင်းတွေးမိရင်
ကော်ဖီတွေမပေါ်ခင်ကတည်းက ကိုယ်ဟာ
အိပ်မပျော်ခဲ့သူ ဖြစ်လို့.....။

အမြတ်တနိုးနဲ့
ပျိုးချင်ခဲ့တာပါ။
ချစ်မှူရေးရာနဲ့ပက်သက်ရင် ဒီကမောင်ကြီး
စစ်မရောက်ခင်ကတည်းက ရှုံးနှင့်နေခဲ့သူ...
ဒဿ ကို ကိုယ်ချင်းစာတယ် လွေးငယ်။

၃၆
၂၈
၃၈....
အိပ်မက်တွေလေ
ဖြူစင်ခဲ့ပါတယ်
အချစ်ရဲ့ တခြားအခြမ်း ကိုယ့်အတွက်​တော့
မ မှောင် ခဲ့ဘူးဆိုတာယုံ.....။

အချစ်က
ချိုသလား
ခါးသလား သိချင်စမ်းပေမယ့်
ကိုယ်ဟာ
သူရဲဘောကြောင်တဲ့ လူညံ့တစ်ယောက်သာသာ။

ရုံးလမ်းသွယ်ထိပ်နား
မီးထွန်းပေးထားလည်း ခဏခဏ အခွဲ ခံရတဲ့ လမ်းမီးတိုင်လေးဟာ
ကိုယ်တို့ရဲ့ဖြစ်တည်မှုတွေကို အငွေ့ပျံစေသတဲ့။

စီးကလက်ကို အငြိုးနဲ့ နင်းခြေရင်း
အဲ့နေ့ရက်တွေကို ရပ်တန့်ထားချင်ခဲ့တယ်။

ဆရာတို့လမ်းက ညနေဘက် လူပြတ်် တယ်နော် တဲ့။
ရုံးဆင်းချိန် လိုက်ပို့ပေးရမလား နဲ့
ညနေဘက် အိမ်ပြန်လိုက်ပို့ခွင့်လေးကို ကိုယ်ဘာကြောင့် ခွင့်မတောင်းမိသလဲ...။
ကိုယ့်ကိုကိုယ် ခွင့်မလွတ်ဘူး လွေးငယ်။

Hou lai
Recall nine gate
No reason
Tong hua
အဲ့သီချင်း တွေ အတော်ကြိုက်သလား တဲ့။
ပါးလျလျ ပြုံးနေမိရင်း လွေးငယ် နားထောင်နေကြမလို့ ကိုယ်ကြိုက်လာမိတာပါ....လို့ တီးတိုးရင်ထဲ ပြောနေမိခဲ့....။

တကယ်တမ်းကောင်းကင်နက္ခတ်
ကြယ် တာရာ
အရာအားလုံး ထက် စကော်ပီယို လေးကို ချစ်မိတဲ့ အေးရိစ် တစ်ကောင်သာ။

မီတင်တွေမှာ ဟိုစ့်သ် လုပ်ဖို့ အဆိုပြုရင်း
လွေးငယ် ရဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးတွေ ကင်မရာကနေ ကိုယ်တခုတ်တရ ​ငေးနေမိတတ်တာ တော်တော်များများလဲ သိလာကြချိန်ပေါ့။

အချစ်ကို ချိုသလား
ခါးသလား သိစမ်းချင်ကြဖို့
ရုံးက အစ်မတွေ လှော်ပေးကြတုန်းခဏတွေမှာ
နီမြန်းမြန်း လွေးငယ်ရဲ့မျက်နှာလေ၊
ကိုယ့်ဘက်က ဖွင့်မ​ ပြော ရက်ခဲ့ဘူး ။

လက်ဖက်ရည်ကောင်း သောက်ချင်မိလို့
လွေးငယ်တို့ဇာတိမြို့ငယ်လေး
လိုက်လည်ချင်စမ်းတယ် ဆို​တော့
အမေတို့နဲ့ တိုင်ပင်ဦးမယ်
သူ့ကိုဆူမှာစိုးရိမ်လို့ ဆိုတယ်။

ထုတ်မ​ပာ ခဲ့ပေမယ့်
ကိုယ်တို့ စိတ်တွေ နီးကပ်လာစေတာက
တူနေတဲ့ ​ကြိုက်တတ်တဲ့ အရာတွေ ကြောင့်လဲပါမယ်။

ချစ်ရသော စကော်ပီယို လေးရေ ဆိုပြီး
စံပယ်ဖြူတွေ ပွင့်ဦးချိန်မှာ တယ်လီဂရမ်ကနေ စာတိုလေးပို့ဖြစ်တုန်းပေါ့။
ဆောင်းနဲ့နွေကြား
စံပယ်တွေ ဒီမှာဘက်ခြမ်း ပွင့်ကြတယ်။
တစ်ချို့လမ်းမတွေဟာ စိန်ပန်းပြာ တွေ စိုးမိုးလို့.....ပေါ့။

မျက်နက်ဝန်းကတစ်ဆင့်ပါပဲ
ကြင်နာနိုင်ကြတဲ့ အဲ့သည့် နေ့ရက် တွေက ဖြူစင်တယ်။

ဆိုင်ကယ်ဆီ ရှားပါးချိန်မလို့ မနက်ဝေလီ တန်းစီဖို့ပြင်တော့
အိပ်ချင်မူးတူးနဲ့ ဖုန်းထဲကနေ တားရှာတယ်။

ပိတ်ရက်တွေ မရောက်ချင်ပါဘူးတဲ့
ရုံးချိန်မှာ ခပ်ဝေးဝေးကပဲ ကြင်နာ တတ်ဖို့ သဘာဝက သင်ထားပေးတယ်။
တစ်ပတ်တစ်ခါ သောကြာညနေ ဆိုင်ထိုင်ဖြစ်ကြတဲ့အခါ
ဘီယာဆိုင်မှာ ကော်ဖီ မှာသောက်ကြတဲ့ ကိုယ်တို့နှစ်ယောက်ဟာ အယဥ်တွေကြားထဲက အရိုင်းတွေပေါ့။

တစ်ချို့ချိန်တွေ
ညစျေး
ရေပူစမ်း
စတာတွေ လည်ပတ်ချင်မိပေမယ့်
သဒ္ဒါလွန် သွားကြမှာ နှစ်ယောက်သား ထိန်းနေရပြန်တယ်။

ဘာသာရေးနဲ့လောကီကို တွဲမထားပေမယ့်
လွေးငယ်ကိုယ်တိုင်က ယုံကြည်နေတဲ့
သိုက်၊ ပဌာန်းဆက် ဆိုတာတွေလေ....
ကိုယ်ကတော့ ဥပါဒ်ဖြစ်မှာကိုပဲ တားခဲ့ပါတယ်။

ကနေ့ခေတ်မှာ
သမီးမိန်းကလေးကို ထိန်းကျောင်းတဲ့ ရှေးရိုးစွဲ မိဘတစ်ချို့ရဲ့
ဘာသာရေးနွယ်တဲ့ ယုံတမ်းတွေ ပါလို့ ကိုယ်ပြောတော့ လွေးငယ် မျက်နှာ ငယ်သွားရှာတယ်။

ကိုယ်တို့နှစ်ယောက်ဟာ
ချစ်တယ် လို့ ထုတ်မပြောခဲ့ကြပေမယ့်
ရင်ဘတ်ခြင်းနီးကြတဲ့ သူတွေပါ။
စက္ကူငှက် ရုပ် လေးတွေခေါက်ရင်း
ပုလင်းငယ်တွေ ဘယ်လောက်ရပြီ ဆိုတတ်တဲ့ ကလေးလေး တစ်ယောက်ဟန် နဲ့ လွေးငယ်ကို ပိုချစ်လာတယ်။

ဥာဏ်ရိုး မီးပူဇော်ပွဲ သွားဖို့
ရုံးက အစ်မတွေနဲ့ တိုင်ပင်ကြတုန်း
အပြင်မှာ အရမ်းမအေးစေနဲ့ ကိုယ် ပြောတော့
ကိုယ့်ရင်ခွင်ရှိနေတာပဲ ဆိုပြီးပြန်နောက်တဲ့ ကလေးမလေးကို ပိုချစ်လာတယ်။

အချိန်ခါမဟုတ်
မြောက်ပိုင်းမြေပေါ်မှာ
လေတွေ အရမ်းထန်တယ်။
မိုးတွေလေ အရမ်းကြီးတယ်...
ချစ်ရသူလေးကို ချစ်တယ်လို့ ဖွင့်မပြောရက်ခဲ့တာက ကိုယ့်အတွက် နောင်တ တွေနဲ့ အတူရစ်ပတ်ထားဆဲ....။

အဲ့နေ့က
လေမိုးအရမ်းထန်နေခဲ့တာပါ။
လက်​ ဆောင် ပါဆယ် ယူချင်လို့ ရုံးစောဆင်းချင်ရှာတဲ့ လွေးငယ်
ရုံးကအပြန်
လေထန်နေတဲ့ကြားမှာ
ဝဲပျံလာတဲ့ သွပ်အမိုးပြား
ကိုယ်တို့ရုံးအဖွဲ့ရောက်သွားချိန်မှာ
လဲကျနေတဲ့ ဆိုင်ကယ်
မမြင်ရက်ဖို့ကောင်းတဲ့ သက်မဲ့ခန္ဓာနဲ့ လွေးငယ်
သူယူသွားချင်ရှာတဲ့ ပစ္စည်းလေးတွေတောင် လမ်းပေါ် ပြန့်ကျဲ လို့လေ။

ကိုယ် က
ကိုယ်က သူရဲဘောကြောင်တဲ့ လူညံ့
ကိုယ်ဟာ
ချစ်ရသူကို မတားရက်ခဲ့တဲ့ ကောင်။

ရေခဲတိုက်မှာ ခဏထားတုန်းမှာ
အလှပြင်ပေးမယ့် မိသားစုကို
သေချာလေးပြင်ပေးပါ ပြောရင်း
ထွက်မကျလာတဲ့မျက်ရည်ဟာ
ရင်ထဲမှာ ပြည့်လျှံလို့။

ရုံးဖွဲ့စည်းပုံအရ
သေလွန်သူအတွက် အမိန့်စာပြန်ဖို့ စာစီတာကအစ ၊ နောက်ဆုံးပြန်တမ်းအထိ
ကိုယ်လုပ်ပေးခဲ့ရတာဟာ အင်မတန် ဝဠ် ကြွေး ပါပဲ။

ကြွေအိုးငယ်ထဲက လွေးငယ်ရဲ့ ကျန်ရစ်တဲ့ ပြာမှုန်တွေအတွက်
ဇာတိမြေကို ပြန်သယ်မယ့် လွေးငယ် မိသားစုဟာ
ကိုယ့်တို့သတင်းတွေကြားပြီး
သူတို့သမီးလေးက
ချစ်သူကြင်ဖက်သာမရှာ၊မရှိ ရင် အသက်ကြီးတဲ့အထိ နေသွားရမှာပါ ပြောလာတယ်။
တိုက်ဆိုင်မှုတွေကို
ဘုရားဟောနဲ့ ဘယ်လိုဖြေပြရပါ့မလဲကွယ်။
အခုတော့
သူတို့မိသားစုရဲ့ မလိုခြင်းကို ကိုယ်က ခံစားမိစေခဲ့လိုက်တာပါ။

လွေးငယ်ထွက်သွားပြီး
တစ်ပတ်အကြာမှာ
ရုံးမှာ အလုပ်တွေ၊ မီတင်တွေ အတွက် ထူးခြားတယ်။
ပရောဂျက်အတူလုပ်နေတဲ့သူတွေက
မကျွတ်လွတ်ဖူး ပြောတာဟာ ကိုယ့်အတွက် ရင်နာတယ်။
ဘာကိုများစွဲလန်းနေပါသလဲ လွေးငယ်။
ညဘက်တွေမှာ လွေးငယ်ရဲ့ ပုံရိပ်တွေ မြင်တဲ့အကြောင်း ရုံးနံဘေးခြံက ကချင်မိသားစု၊ ရှေ့ခြံက လားဟူ မိသားစု တွေ ပြောလာကြတယ်။
ဘာကို စွဲနေတာပါလဲ လွေးငယ်။

အလုပ်စားပွဲကို ရှင်းလင်းထားပါလျက် ခဏခဏ ပြက္ခဒိန် မှာ ရှေ့လက ရက်စွဲတစ်ခုကို ပြန်ပြန်ပြီး လှန်ထားတာကြုံနေရတယ်။

တကယ့်တကယ်က
အဲ့ရက်စွဲလေးဟာ လွေးငယ်နဲ့ကိုယ့်ရဲ့ ကြားက အမှတ်တရ ၊ နှစ်ပတ်လည်နေ့ဆိုတာ ကိုယ်တို့ပဲသိတာ။

ဘယ်လိုမှ လှန်ထားလိူ့မရတဲ့ ပြက္ခဒိန် ရယ်
လွေးငယ်ရဲ့ သုံးနေကြ ရေမွှေးနံ့ရယ်
ဘောပင်ခြင်းထဲက သုံးလက်စ ဘောပင်ဟာ
တခြားသူဘယ်လိုယူသုံးသုံး မှင်မထွက်၊ မှင်မလိုက်တာ မျိုးတွေ ကြုံလာခဲ့ကြတာ။

ရုံးစောင့်ဦးလေးကြီးရဲ့ အပြောအရဆို
ညဘက်တွေ ကိုယ့်ရဲ့ အလုပ်စားပွဲနား မှာ တွေ့ရတတ်တယ်၊
သူ့ရဲ့အလုပ်စားပွဲမှာလည်း ထိုင်နေတတ်တယ် ပြောလာပြန်တယ်။

အွန်လိုင်းမီတင် တွေမှာ
ဟို့စ် လုပ်တဲ့အခါ တစ်ခါခါ အမျိုးသားဟိုစ် လုပ်သူအသံက လွေးငယ်အသံနဲ့ တူလာသလိုလို၊ မီတင်ကင်မရာ ထဲမှာ လွေးငယ်ကို တွေ့လိုက်ရသလိုလို မြင်ရ၊ ကြားရ သူတွေ ရှိလာပြန်တယ်။

လလည်ရောက်လာတဲ့အခါမှာတော့
ဘာသာရေးခေါင်းဆောင်တွေ ခေါ်ပြီး သက်ဆိုင်ရာဘာသာအလိုက်
ဆု​တောင်းပွဲတွေ၊
ဆွမ်းကပ်တာတွေ လုပ်ကြတယ်။
လောကီဆရာတွေရဲ့ အစီအရင်နဲ့
လွေးငယ်ဟာ ဒီအရပ်
ဒီနေရာနဲ့ မသက်ဆိုင်တော့ကြောင်း
လွတ်ရာ၊ကျွတ်ရာ သွားသင့်ကြောင်း
စတာတွေ ပြန်တမ်း လုပ်ပေးတဲ့အခါ
လွေးငယ်ကိုယ်စားပြု တဘက်လေးပေါ်
ဆင်လိပ်ပြာ ကြီး ဝဲပျံလို့လေ။

သွားပါလွေးငယ်
သွားပါ။
ဒီကမ္ဘာရဲ့ အခြားအခြမ်းမှာ ကြောက်နေမယ်ဆိုတာသိပါတယ်၊
အချိန်တစ်ခုစောင့်ပြီးနောက်မှာ
လွေးငယ်နဲ့ နေဖို့ ကိုယ်လိုက်လာပါ့မယ်။
မွေးနေ့ရောက်တိုင်း
လွေးငယ်ကြိုက်တဲ့
အရာတွေ မျှဝေပေးနေပါတယ်။

တကယ်တော့
အတိတ်ဆိုတာ
မတူးဖော်သင့်တဲ့ မြို့ဟောင်းကြီးတစ်ခုသာ၊
ကိုယ့်အတွက်ကျ
ဟောသည့် ပစ္စုန်ပန်ဟာ
အတိတ်နဲ့အနာဂတ်ကို လွေးငယ်နဲ့အတူ
လှောင်ပိတ်နေခဲ့တာပါ။
လွေးငယ်ရေ
သံသရာ ဆိုတာ
အကွေ့ပေါင်း တစ်ထောင်ရှိသတဲ့
တစ်ကွေ့ကွေ့မှာ ကိုယ်တို့ ပြန်ဆုံကြရင်
ကော်ဖီခါးခါး အတူသောက်ကြတာပေါ့ကွယ်။

ရွှံထီးကလေးလိုပေါ့
ဆောင်းလို့တော့ရပါတယ်၊
မိုးတော့မစိုစေနဲ့ပေါ့.... ။

ထီးဖြစ်လျှက်နဲ့ မိုးလုံတဲ့ သတ္တိ ရှိမနေပြန်ဘူး။

တရာမင်းဝေ
မနော်ဟရီ
မင်းခိုက်စိုးစန်
စာအုပ်များသို့......။

ที่อยู่

Bangkok
Phra Nakhon

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Moon soonผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง Moon soon:

ทางลัด

แชร์