News & Knowledge Knowledge Sharing

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်...
06/07/2025

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ကနေ ရန်ကုန်မြို့၊ လှည်းကူးမြို့မှာ ကျောင်းလာတက်ရင်း လနဲ့ချီကြာအောင်ပျောက်ဆုံးနေတဲ့ လူရည်ချွန် နှစ်ထပ်ကွမ်းဆုရှင် G12 သမီးငယ်ရဲ့သတင်းပေးနိုင်သူကို ဆုငွေ ကျပ်သိန်း ၂၀၀ ပေးမယ်လို့ မိခင်ဖြစ်သူက ပြောလာပါတယ်။

G12 ကျောင်းသူ အသက် ၁၇ ကျော်အရွယ် မဆုရတနာအောင်ဟာ သူ ပညာသင်နေတဲ့ လှမ်းကူးမြို့က ဘော်ဒါဆောင်ကနေ ဧပြီ ၂၄ ရက်မှာ မုန့်ထွက်ဝယ်စားရင်း ပျောက်သွားခဲ့တာ ရှာမတွေ့သေးတာကြောင့် အခုလို ဆုကြေးထုတ်ရတာလို့ မိခင် ဒေါ်စမ်းစမ်းအေးက လူမှုကွန်ရက်မှာရေးပါတယ်။

မဆုရတနာအောင်ဟာ ကျောက်ဖြူမြို့မှာ နေခဲ့ချိန်က ၂ ထပ်ကွမ်း လူရည်ချွန်ဆု ရရှိထားသူဖြစ်ပြီး မငြိမ်သက်တဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် ရန်ကုန်မြို့ကို ပြောင်းရွှေ့လာပြီး ကျောင်းတက်နေတာလို့ သိရပါတယ်။

"ကျွန်မအသဲနှလုံး အရှင်လတ်လတ် ဆွဲထုတ်ခံထားရတဲ့ မိခင်တစ်ယောက်ပါ။ ကျွန်မသမီးဘယ်ရောက်သွားလဲ။ ကျွန်မအသက်ရှင်နေသရွေ့ သမီးငယ်လေး ဆုရတနာအောင်ကို ရှာနေမှာပါ ။ အခုတော့ ဘယ်တွေများရောက်နေပြီလဲ သမီးငယ်လေးရယ်။ မေမေ့ကို သေဒဏ်ထက်ပိုဆိုးတဲ့ပြစ်ဒဏ်ကို ချပေးခဲ့တာလားသမီးငယ်လေးရယ်" ဆိုပြီး လူမှုကွန်ရက်မှာ မိခင်ဖြစ်သူ ဒေါ်စမ်းစမ်းအေးက ရင်ဖွင့်ပါတယ်။
မိခင်ဖြစ်သူက သတင်းပေးနိုင်မယ့်သူကို ဆုကြေး သိန်းရာချီ ပေးမယ်လို့ ထုတ်ပြောနေချိန်မှာပဲ ဘော်ဒါကျောင်းက ဆရာမတစ်ယောက်ကလည်း မဆုရတနာအောင်ဟာ ဘော်ဒါကနေ ပျောက်သွားတာမဟုတ်ဘဲ သူတည်းတဲ့ နေအိမ်ကနေ ပျောက်သွားတာလို့ လူမှုကွန်ရက်မှာ ရေးထားတာတွေ့ရပါတယ်။

နှစ်ဘက် အပြန်အလှန် ဖြေရှင်းတာတွေ ရှိနေပြီး မဆုရတနာအောင်ကို လူမှုကွန်ရက်မှာလည်း အမြန်ပြန်တွေ့ပါစေဆိုပြီး ဆုတောင်းတာတွေလည်း တွေ့ရပါတယ်။
မဆုရတနာအောင် ပျောက်ဆုံးတာကို နေ့စဉ်ထုတ် သတင်းစာတွေမှာ လူပျောက်ကြော်ငြာနဲ့ ရှာဖွေနေပြီး ရဲတပ်ဖွဲ့၊ လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့တွေကိုလည်း တိုင်ကြားထားတယ်လို့ သိရပါတယ်။

၂၀၂၅ ခုနှစ်အတွင်းမှာ ကလေးငယ်တချို့ အပါအဝင် ဆယ်ကျော်သက် မိန်းကလေး၊ ယောက်ျားလေးတွေ၊ လူငယ်တွေ ပျောက်ဆုံးတာတွေကိုလည်း လူပျောက်ကြေညာတာတွေကနေ တွေ့ရပါတယ်။

အီရန်🇮🇷နဲ့အစ္စရေး🇮🇱ဘာလို့မတည့်ကြလဲဆရာကျော်စွာမင်းကို လေးစားစွာဖြင့် Credit ပေးပါတယ်ဆရာ 🙏အစ္စရေး (၁)။ အစ္စရေး အကြောင်း နည...
23/06/2025

အီရန်🇮🇷နဲ့အစ္စရေး🇮🇱ဘာလို့မတည့်ကြလဲ

ဆရာကျော်စွာမင်းကို လေးစားစွာဖြင့် Credit ပေးပါတယ်ဆရာ 🙏

အစ္စရေး (၁)။

အစ္စရေး အကြောင်း နည်းနည်းပြောကြည့်မယ်။

အစ္စရေးနိုင်ငံ ကို ထူထောင်တဲ့ ဂျူးလူမျိုး တွေဟာ အလွန်ရှေးကျတဲ့လူမျိုးတမျိုး။ အရှေ့အလယ်ပိုင်းမှာ လွန်ခဲ့တဲ့ နှစ် 3500 ကျော်ကတည်းက မြို့ပြနဲ့ အခြေချနေထိုင်ခဲ့ကြတယ်။ သူတို့မြို့တော်က ဂျေရုဆလင်။

ဘုရားသခင်ရှိတယ် ကမ္ဘာကြီးကို ဘုရားသခင်က ဖန်ဆင်းတယ် ဆိုတဲ့ ဘာသာတရားမျိုး ကို ပထမဆုံး စပြီး ကမ္ဘာကို မိတ်ဆက်ခဲ့တာ အစ္စရေးက ဂျူးတွေပဲ။ ဖန်ဆင်းရှင် တဦးတည်းထားပြီး ကိုးကွယ်တဲ့ဘာသာ မို့ monotheistic ဘာသာတွေ လို့ခေါ်တယ်။ လွန်ခဲ့တဲ့ နှစ် ၃၅၀၀ လောက်က သူတို့က စပြီး God ဖန်ဆင်းရှင်အဖဘုရား ဆိုတဲ့ ကိုးကွယ်မှု စတယ်။ သူတို့ ဘာသာရေး ဆိုတာ စတည်ထောင်တဲ့အချိန် ခရစ်ယာန်၊ အစ္စလာမ်၊ ဗုဒ္ဓဘာသာ မပေါ်သေးဘူး။ လက်ရှိကမ္ဘာအထိ ရှင်သန်နေဆဲ၊ လူအများကြီးကိုးကွယ်တဲ့ ဘာသာတရားတွေထဲမှာ ဟိန္ဒူ ဘာသာက ပထမဆုံးလို့ ဆိုနိုင်တယ်။ ဒုတိယက ဂျူးဘာသာပဲ။ ဟိန္ဒူကတော့ ဘုရားသခင်တွေမျိုးစုံရှိလို့ polytheistic လို့ခေါ်တယ်။ ဗုဒ္ဓဘာသာကျတော့ ဘုရားသခင်တယောက်သော်လည်းကောင်း၊ အများကြီးသော်လည်းကောင်း ရှိတာ မယုံလို့ Non-theistic လို့ခေါ်မယ်။

ဂျူးလူမျိုးတွေဟာ တနေ့နေ့ လူတွေကို ဖန်ဆင်းတဲ့ အဖဘုရားသခင် လူ့ပြည်ကြွလာမယ်လို့ ကျမ်းစာထဲမှာ ရေးထားတဲ့အတိုင်း ယုံကြတယ်။ ဂျူးဘာသာ နှစ် ၁၅၀၀ လောက်ကြာပြီးတဲ့နောက် ခရစ်သက္ကရာဇ် ၁ ခုနှစ်ပါတ်ဝန်းကျင်လောက် မှာ ယေရှုခရစ်ဆိုတဲ့ ဂျူးတယောက် ဂျေရုဆလင်မှာ မွေး လာတယ်။ သူက ကျမ်းစာထဲမှာ ရေးထားတဲ့အတိုင်း ဘုရားသခင်က လွှတ်လိုက်တာ သူပဲ၊ သူဟာ ဘုရားသခင်၊ သူဟာ ဘုရားကိုယ်ပွါး စသည်ဖြင့် ဂျူးတွေကို စည်းရုံးတယ်။ ဂျူးတွေက မယုံဘူး၊ မင်းသာမာန်လူပါ၊ ဘုရားသခင်မဟုတ်ဘူး လို့ ငြင်းတယ်။ အဲ့ဒီအချိန်မှာ ဂျေရုဆလင် ကို ရောမသားတွေက သိမ်းထားတာ။ ယေရှုခရစ်ဟာ သူ့ကိုယ်သူ ဘုရားလို့ မတန်မရာပြောတယ်ဆိုပြီး မယုံတဲ့ဂျူးတွေနဲ့ ယုံတဲ့ဂျူးတွေ ပြဿနာတက်နေချိန် ဂျေရုဆလင်ကို အုပ်ချုပ်နေတဲ့ ရောမသား ပွန်းတိယပ်စ် ပလိတ် က ယေရှုကို ဂျေရုဆလင်မြို့ရဲ့ အနောက်မြို့ရိုးမှာ ကားစင်တင်လိုက်တယ်။ သူအုပ်ချုပ်တဲ့ မြို့ငြိမ်အောင်လုပ်တာလား မသိဘူး။ အဲ… အဲ့ဒီမှာ ဂျူးဘာသာ နဲ့ ခရစ်ယာန် ဆိုတဲ့ ၂ ဘာသာ ကွဲထွက်သွားတာပဲ။ ဂျူးတွေ က ကျမ်းစာအုပ်အဟောင်းအတိုင်း ဆက်ကိုးကွယ်တယ်၊ ခရစ်ယာန်တွေက ကျမ်းစာအုပ်အဟောင်းကော၊ ယေရှုခရစ်မိန့်ခဲ့တာတွေ၊ သမိုင်းဖြစ်စဉ်တွေ သူ့နောက်လိုက်တွေပြောခဲ့တာတွေပေါင်းပြီး အခု bible သမ္မာကျမ်းစာ ကို ဆက် သယ်ယူတယ်။ အဲ့ဒီကစပြီး ဂျေရုဆလင်ဟာ ပြဿနာဖြစ်လာတယ်။ ရောမသားတွေရဲ့ နတ်ဘုရားမျိုးစုံ၊ ဂျူးတွေရဲ့ ကျမ်းစာအုပ်၊ ခရစ်ယာန်တွေရဲ့ ကျမ်းစာ၊ လူမျိုးရောထွေးမှု၊ ဘာသာတရားတွေ ရောပြွမ်းမှုတွေ ဖြစ်လာတယ်။ ဂျေရုဆလင်ဟာ ဂျူးတွေ အာရပ်တွေ နေကြတဲ့ ကုန်သွယ်မြို့ကြီး၊ လူမျိုးစုံလာကြတယ်။ ဂျူးတွေကတော့အများစု လို့ ဆိုမှာပေါ့။ ဘာသာတရား တခုထဲရှိတုန်းကတော့အေးချမ်းမှာပေါ့၊ နောက်များလာတော့ ပြဿနာတက်လာတယ်။

ယေရှုခရစ်အသတ်ခံရပြီး နောင် နှစ် ၅၀၀ ကျော်လောက်မှာ အခု ဆော်ဒီအာရေဗျနိုင်ငံ မက္ကာမြို့မှာ တမာန်တော် မိုဟာမက် မွေးတယ်။ မက္ကာဟာ ဂျေရုဆလင်နဲ့ ဆို မိုင် ၈၀၀ ကျော်ဝေးတာပေါ့။ မိုဟာမက်ကလည်း သူဟာ ဂျူးတွေကိုးကွယ်တဲ့ ကျမ်းစာအုပ်ထဲက ဘုရားသခင် God က လွှတ်လိုက်တဲ့ တမာန်တော် လို့ ပြောပြန်တယ်။ အာရပ်တွေက ယုံကြည်ကြတယ်။ ဂျူး က ယေရှုခရစ်လိုပဲ မယုံပြန်ဘူး၊ ပြဿနာတက်ကြပြန်တယ်။ ခရစ်ယာန်ကိုးကွယ်သူတွေကလည်း ခရစ်တော်သာ ဘုရားသားတော်၊ဘုရားကိုယ်ပွါးဖြစ်ပြီးသားမို့ မိုဟာမက်ကို မယုံဘူး။ ဒါနဲ့ ဘုရားသခင်တဆူထဲကနေ ကမ္ဘာ့ဘာသာကြီးသုံးခု ကွဲထွက်သွားတယ်။ လူဆိုတာ ကိုးကွယ်ရာရှာတာကိုး။ ယေရှုလည်းမယုံ၊ မိုဟာမက်လည်းမယုံတဲ့ ဂျူးတွေဟာ တခြားဘာသာဝင်တွေ နဲ့ ပြဿနာဖြစ်လာတယ်။ အဲ့ဒီမှာ ဂျူးတွေ လူနည်းစုဆိုတော့ တဖြည်းဖြည်း အရေး နိမ့်လာတယ်။ အာဒန်၊ ဧဝ အီဗရာဟင်က စတဲ့ ဘာသာတရား… သူတို့ရေးခဲ့တဲ့ဘာသာတရားကပဲ သူတို့ အဲ့ဒီမြို့ကနေ ပြေးရတဲ့ အခြေအနေဖြစ်လာတယ်။

ဂျူးတွေဟာ သိပ်ဥာဏ်ကောင်းတယ်၊ အိုင်းစတိုင်းဟာ ဂျူးပဲ၊ သင်္ချာသိပ်တော်တယ်။ သိပ္ပံ နဲ့ စီးပွါးရေး တော်တယ်။ ကမ္ဘာ့စီးပွါးရေး ဟာ သူတို့လက်ထဲမှာ ရှိနေတယ်၊ အခု Facebook ထွင်တဲ့ ဇူဇူ ဟာ ဂျူးပဲ၊ google ထွင်တဲ့ Larry Page ဟာ ဂျူး၊ CNN ဟာဂျူး၊ Dell ကွန်ပြူတာပိုင်ရှင်ဟာ ဂျူး၊ Bloomberg ဟာ ဂျူး၊ what'sApp ပိုင်ရှင်လည်း ဂျူး၊ ကမ္ဘာ့မီဓီယာသးဌေးကြီး ရူးပတ်မာ့ဒေါ့ခ် အမေကလည်း ဂျူး၊ ဒါရိုက်တာ စတိဗင် စပီးဖတ် ကလည်းဂျူးပဲ၊ ကမ္ဘာမှာ စိန်လောက ကို စီးထားတာဂျူး၊ မီဒီယာ၊ ရုပ်ရှင်၊သတင်းလောက၊ ဘဏ်လောက ကို စီးထားတာဂျူးတွေပဲ။ စတော့ချ်စျေးကွက်ကို ထွင်တာ၊ ဘဏ်လုပ်ငန်းကိုထွင်တာ ဂျူးတွေပဲ။ ဘာသာတရားတောင်စတွေ့ခဲ့တဲ့လူမျိုး…. ကျန်တာတော့အေးဆေးနေမှာပေါ့။

တခြားဘာသာတွေ တဖက်နဲ့တဖက် ခုတ်ထစ်ကြတဲ့အချိန် လူအင်အားနည်း၊ သွေးရောမခံတဲ့ ဂျူးတွေဟာ ရေကြည်ရာ မြက်နုရာ ကမ္ဘာပတ်ကုန်ကြတယ်။ ရောက်လေရာ နိုင်ငံအသီးသီးမှာ စေးကပ်၊ ခြစ်ကုတ်ပြီး အောင်မြင်အောင် စီးပွါးရှာတော်လွန်းလို့ ရောက်တဲ့နိုင်ငံတိုင်းက လူတွေ မျက်စောင်းထိုးခံရတဲ့သူတွေဖြစ်လာတယ်။

အစ္စရေး (၂)

အစ္စရေးအကြောင်း ဆက်ရေးရရင် အစ္စရေးနိုင်ငံထူထောင်တဲ့ ဂျူးလူမျိုးတချို့ဟာ လက်ရှိ အစ္စရေးနိုင်ငံ ဂျေရုဆလင်ကနေ BC ၆ ရာစုမှာသူတို့ရဲ့ဘုရားကျောင်းကို ဘေဘီလုံက တပ်တွေ က ဖျက်ဆီးလိုက်ကြလို့ ရေကြည်ရာမြက်နုရာ ပထမတကြိမ် ပြောင်းရွှေ့ကြတယ်။ ဒုတိယတကြိမ် ခရစ်နှစ် ၁ ရာစုလောက် မှာ ရောမသားတွေက သူတို့ ဒုတိယဘုရားကျောင်းကို ဖျက်ဆီးလိုက်ကြတယ်။ ဂျူးတွေကို ကျွန်အဖြစ် ဖမ်းသွားကြတယ်၊ မြို့အနေနဲ့ကြည့်ရင် ဂျူးတွေ ထောင်သောင်းချီ အသတ်ခံရတယ်။ အဲ့ဒီမှာ လူနည်းစုဖြစ်တာတကြောင်း၊ ပဋိပက္ခတွေနဲ့ နေမရတာ တကြောင်း ကြောင့် ဂျူးအများစုဟာ ဂျေရုဆလင်ကို စွန့်ကြတယ်။ အဲ့လို စွန့်ပြေးကြတဲ့ဂျူးတွေရဲ့သမိုင်းကို Jewish diaspora လို့ခေါ်ကြတယ်။

ရောမတွေဝင်ရောက်ခဲ့တဲ့ တစ်ရာစုနှစ်ကနေစပြီး နောင် နှစ် ၂၀၀၀ သမိုင်းတလျောက် ဂျူးတချို့ဘဲ ဂျေရုဆလင်မှာ လူနည်းစုအဖြစ် ဆက်ကျန်နေခဲ့တယ်။ အများစုက ဂျေရုဆလင်ကို စွန့်သွားပြီ။ စွန့်ပြေးတဲ့ ဂျူးတွေဟာ သူတို့ ဘာသာရေးယုံကြည်ချက်ကြောင့် ဘုရားသခင် ပြန်ကြွလာမယ့် ဂျေရုဆလင်ကို ဘယ်နေရာရောက်ရောက် အထွဋ်အမြတ် ထားကြတယ်။ ဇာတိဘူမိနက်သန်ကို အခွင့်ရရင် ရသလို ဘုရားဖူး ပြန်လာလေ့ရှိတယ်။အစ္စလာမ်တွေ ရှိခိုးရင် မက္ကာဘက် လှည့်ရှိခိုးသလို ဂျူးတွေ ရှိခိုးရင် ဘယ်နေရာရောက်ရောက် ဂျေရုဆလင်ဘက် လှည့် ရှိခိုးကြတယ်။

ဂျူးတွေဟာ တချို့ အီရန်၊ တူရကီ နဲ့ အာရှတိုက်ရောက်သူရောက်၊ အရှေ့ဥရောပ၊ အနောက်ဥရောပရောက်သူရောက်ပေါ့။ လွန်ခဲ့တဲ့ နှစ်၂၀၀၀ လောက်က တည်းက ဂျူးတွေ ဟိုရောက်ဒီရောက် သွားကြရင်း သူတို့ရဲ့ လက်မှု သိပ္ပံဝိဇ္ဇာပညာတွေဟာ အာရှ၊ ဥရောပ နယ်အနှံ့ ပြန့်နှံ့ကုန်တယ်။ သူတို့ကို ကောင်းကောင်းမွန်မွန် လက်ခံသူတွေလည်းရှိတယ်၊ မနှစ်သက်သူတွေလည်း ရှိတယ်။ ဘယ်နေရာရောက်ရောက် ဂျူးတွေဟာ သူတို့ယဉ်ကျေးမှုကို အတော်အလေးထားတယ်၊ သွေးရောမခံဘူး။ ဒီလိုလှည့်ပတ်သွားနေသူတွေ နှစ် နှစ်ထောင် လောက် သူ့ယဉ်ကျေးမှုမပျက်အောင် နေနိုင်တာ အတော်မာကျောထူးဆန်းတဲ့ စိတ်ဓါတ်ပဲ။ သူတို့ကဘယ်ရောက်ရောက် သူ့ လူအုပ်နဲ့သူနေတယ်၊ ရပ်ကွက်ထောင်တယ်ပေါ့၊ သူတို့ဘုရားကျောင်း သူတို့ဆောက်တယ်၊ ဒေသခံတွေနဲ့ စီးပွါးလုပ်တယ်၊ ဂျူးတဦးနဲ့တဦး ချမ်းသာအောင် ဖေးမကူညီတယ်။ ရှေးခေတ်က အဲ့လိုလှည့်တဲ့မျိုးနွယ် လူမျိုးတော်တော်များများက ဒေသခံတွေနဲ့ သွေးရောတာနည်းတယ်။ ဂေါတမဗုဒ္ဓရဲ့ သကျမျိုးတွေလည်း သွေးလုံးဝ အရောမခံခဲ့ဘူး။

ဂျူးတွေ ပြန့်နှံ့နေတာ အာရှတိုက်၊ ဥရောပတခုလုံးပဲ။ ဗြိတိသျှ ကိုလိုနီခေတ် မြန်မာပြည်မှာတောင် လူ ၅၀၀၀ လောက်နေခဲ့ကြတယ်။ မြန်မာပြည်မှာ တခုတည်းသော ဂျူးဘုရားကျောင်း ရန်ကုန်မှာရှိတယ်။

သမိုင်းကိုအတိုချုပ်ရရင် ဂျူးတွေဟာ ၁၈ ရာစု နောက်ပိုင်း မှာ အရှေ့ဥရောပဖက် တော်တော်များလာတယ်။ ရောက်တဲ့နေရာတိုင်း နိုင်ငံရေး၊ စီးပွါးရေး အရေးပါတဲ့နေရာ ရယူတတ်တယ်။ နယ်လှည့်ဂျူးတွေဟာ အစပိုင်းမှာ အစ္စလာမ်နဲ့ သိပ်ပြဿနာမရှိဘူး၊ ပထမ၊ ဒုတိယ ကမ္ဘာစစ်တွေပြီးမှ ပြဿနာ ကြီးလာတာ။

ဂျူးအများစု စွန့်သွားတဲ့ ဂျေရုဆလင်ဟာ ၁၃ ရာစုနောက်ပိုင်း ၂၀ ရာစုအထိ နှစ် ၇၀၀ ကျော် ခရစ်ယာန်၊ မွန်ဂို၊ နဲ့ ဆူလတန်တွေအောက်ကနေ နောက်ဆုံး အော်တိုမင်အင်ပါယာလို့ခေါ်တဲ့ အရှေ့အလယ်ပိုင်းက လူမျိုးစုအင်ပါယာကြီး ရဲ့ အုပ်ချုပ်မှုအောက် ရောက်လာတယ်။ အစ္စလာမ်အများစုပေါ့၊ ဆွန်နီမူစလင်တွေအများစုပါတဲ့ အဲ့ဒီအင်ပါယာကြီးထဲမှာ ဂျေရုဆလင်က နည်းနည်းကျန်နေတဲ့ ဒေသခံ ဂျူးတွေရော ဒေသခံ ခရစ်ယာန်တွေကော အော်တိုမင်အင်ပါယာအောက် လူမျိုးစုံ ဘာသာစုံနေကြတယ်။

ဖြစ်ချင်တော့ ၁၉၁၄-၁၉၁၈ ပထမကမ္ဘာစစ်မှာ အော်တိုမင်တွေက စစ်ရေးမှာ ဂျာမန်တွေဖက်က အားပေးတယ်။ ဝင်တိုက်တယ်။ ပထမကမ္ဘာစစ်မှာ ဂျာမဏီနောက်က လိုက်မိပြီး အော်တိုမင် ပြိုကွဲသွားတော့ တူရကီ၊ အီရတ်၊ ဆီးရီးယား၊ ဂျော်ဒန်၊ လက်ဘနွန် အီရန်၊ ဆော်ဒီအာရေဗျ၊ ယူအေအီး၊ ယီမန် စတဲ့ အရှေ့အလယ်ပိုင်း နိုင်ငံသစ်တွေ ပေါ်လာရော။

ဂျာမဏီနဲ့ အော်တိုမင်အငိပါယာကို တိုက်ခဲ့တဲ့ ဗြိတိသျှက အော်တိုမင်အင်ပါယာအဟောင်းထဲ သူတို့ကို ထောက်ခံတဲ့ ဥရောပက ဂျူးတွေထည့်ပြီး သွေးခွဲထားချင်ပုံရတယ်။ ပထမကမ္ဘာစစ်မပြီးခင် ၁၉၁၇ မှာ ဗြိတိသျှက ကမ္ဘာအရပ်ရပ်က ဂျူးတွေ သူတို့ကျမ်းစာထဲပါတဲ့ အထွဋ်အမြတ်နေရာ ဂျေရုဆလင်ပြန်ချင်ရင် ပြန်ကြစေ လို့အခွင့်ပေးတယ်။ Balfour declaration လို့ခေါ်တယ်။ အဲ့ဒီတုန်းက ဂျေရုဆလင်က ဗြိတိသျှ အောက်ရောက်နေပြီကိုး။ ဗြိတိသျှ က စစ်နိုင်ချင်တော့ ကမ္ဘာ့နိုင်ငံ အသီးသီမှာအခြေချနေတဲ့ ဂျူးတွေသူ့ဖက်ပါအောင်စည်းရုံးတဲ့ စိတ်ဓါတ်စစ်ဆင်ရေးပေါ့။

Balfour declaration ကြောင့် အရပ်ရပ်က ဂျူးတွေ ပါလက်စတိုင်းနယ် ဂျေရုဆလင်ကို ပြန်ဝင်လာတာ ဒေသခံ ပါလက်စတိုင်းသားတွေက မနှစ်သက်ကြဘူး။ သူတို့အော်တိုမင်အင်ပါယာဟောင်း ရဲ့ ရန်ဖက်ဗြိတိသျှ က ဂျူးတွေကို ဦးဆောင်ပြီးပါလက်စတိုင်းနယ်ထဲ ခေါ်သွင်းလာတာကို မခံစားနိုင်ဘူး။ နိုင်ငံရေးပြဿနာပေါ့။ သူ့ဘာသူပြန်လာရင် ပြဿနာမရှိဘူး။ ပြန်လာတဲ့ဂျူးလူမျိုးတွေဟာ နိုင်ငံရေးကစားကွက်ထဲ ကျသွားတယ်။ အောင့်သက်သက်လက်ခံရတယ်။ ဒါက ပထမကမ္ဘာစစ်အကြောင်းပြောတာ။

ပထမကမ္ဘာစစ်ပြီးတော့ စစ်ရှုံး ဂျာမဏီဟာ အတော်မွဲသွားတယ်။ နောက်ဟစ်တလာ တက်လာတယ်။ သူ့နိုင်ငံထဲနှစ်ပေါင်းရာချီရောက်နေပြီးတဲ့ ဂျူးတွေကို ငါတို့ ဂုတ်သွေးစုတ်တဲ့ လူမျိုးခြားတွေလို့ စွတ်စွဲတယ်။ နိုင်ငံမွဲရင် ဘာသာရေးက စပြီး လူတွေကို သိပ်သွေးခွဲလို့ ကောင်းတယ်။ ပထမကမ္ဘာစစ်ရှုံးကတည်းက သူ့ရန်သူ ဗြိတိသျှက ဂျူးတွေအပေါ် စီမံခန့်ခွဲတာ နေရာတွေပေးခဲ့တာလည်း ဂျာမဏီက ကြိုက်ပုံ မရဘူး။

ပထမကမ္ဘာစစ်ရှုံးပြီးအခဲမကျေတဲ့ ဂျာမန်တွေက ဟစ်တလာကို ထောက်ခံတယ်။ စစ်ကြောင့်ဆင်းရဲတာ အသာထား၊ ဘာသာရေး၊ လုမျိုးရေးနဲ့ လူနည်းစု ကို ဟစ်တလာက လှည့်တိုက်ပြီး အာဏာယူတယ်။ စစ်ရှုံးပေမယ့် ငါတို့ဟာ နှယ်နှယ်ရရမဟုတ်ဘူး၊ ဟစ်တလာက ငါတို့ဟာ အာရိယာန်မျိုးနွယ်တွေလို့ မျိုးချစ်စိတ်ဓါတ်ပြင်းထန်လာအောင် ဂျာမန်တွေကို မြှောက်ပေးတယ်။ ဂျာမန်တနိုင်ငံလုံး ဟစ်တလာနောက် ပါသွားတယ်။ နောက်ဂျာမဏီက စစ်ရေးပြင်ဆင်ပြီး ပိုလန်၊ ဩစတြီးလျ၊ ချက်၊ ဒိန်းမတ်၊ နော်ဝေး၊ ဂရိ၊ ယူဂိုဆလပ်၊ အီတလီ၊ ဟန်ဂေရီစတဲ့ ဥရောပနိုင်ငံတွေ တက်သိမ်းပြီး အဲ့ဒီနိုင်ငံအသီးသီးမှာ နေနေကြတဲ့ ဂျူးတွေကို အကုန်သတ်တယ်။ holocaust ဖြစ်စဉ်လို့ ကမ္ဘာမှာ မှတ်တမ်းတင်တယ်။ လူမျိုးတုံးသတ်ဖြတ်မှုပေါ့။

ဒုတိယကမ္ဘာစစ် (1939-1945) ပထမပိုင်းမှာ ကမ္ဘာကြီးက ဂျာမန်တွေကို စစ်ရေးအရသာ စောင့်ကြည့်နေခဲ့ကြတယ်။ ဂျူးလူမျိုးတွေနဲ့ ဂျာမန်တွေကို ဟစ်တလာက သွေးခွဲတာလည်း ဘာမှ သိပ်မပြောခဲ့ဘူး။ ဂျူးတွေက နိုင်ငံမဲ့တွေဆိုတော့ လူနည်းစုကိုး။ တကမ္ဘာလုံးမှာ ဂျူးက ၁၆ သန်းကျော်ကျော်ပဲရှိတယ်။ ဂျူးတွေ နာဇီဂျာမဏီ ကသတ်ပစ်တာ ၆ သန်းလောက် သေကုန်တယ်။ လူမျိုးတမျိုးရဲ့ ၃၇% ကျော် နာဇီတွေက သတ်ပစ်တာဘဲ။ ဂျူးတွေ သေရတာလည်းကမ္ဘာက ဆိတ်ဆိတ်နေခဲ့တယ်။ နောက်မှ ဂျာမဏီက စစ်သွေးကြွလာပြီး အရှေ့ဥရောပအကုန်သိမ်းရာကနေ ပြင်သစ်၊ အင်္ဂလန်အထိ စစ်ပြင်လာတော့ မဟာမိတ်ဖွဲ့ပြီး ဂျာမဏီကို ပြန်တိုက်ကြတယ်။ ဒုတိယကမ္ဘာစစ်ဖြစ်လာရော။ အဲ့ဒီအချိန်ကျမှ နာဇီဂျာမဏီရဲ့ ဂျူးအပေါ်ရက်စက်တာတွေ မဟာမိတ်တွေကဖွင့်ချတယ်။ဂျူးတွေကို လွတ်ရာ ကယ်ပေးကြရတယ်။ ဂျူးတွေက သွေးပျက်လောက်အောင် အသတ်ခံခဲ့ရတော့ အများစုဟာ အရှေ့အနောက် ဥရောပကနေ ဂျာမန်တွေနဲ့ လွတ်တဲ့ ဗြိတိသျှ၊ အမေရိကန်၊ ရုရှ. ဩစတေးလျှ၊ နယူးဇီလန်၊ ကနေဒါ၊ အာဂျင်တီးနား၊ ဘရာဇီး နဲ့ တချို့နဲ့ ဗြိတိသျှ လက်အောက်ခံ ပါလက်စတိုင်းနယ် ဖြစ်နေတဲ့ ဂျေရုဆလင် ကို ပြေးကုန်ကြရော။ ဒုတိယကမ္ဘာစစ်တုန်းက ဂျာမန်တွေသာ စစ်နိုင်သွားရင် ဂျူးတွေ ကျန်တောင်ကျန်ပါတော့မလား မသိဘူး။

စစ်ကြောင့် ကမ္ဘာအရပ်ရပ် ပြေးကြတဲ့ ဂျူးတွေကို မဟာမိတ်တွေက လိုက်စုပြီး UN ကတဆင့် ကဲ တကွဲကွဲ တပြားပြား ဟိုလူသတ် ဒီလူသတ်ခံရတာထက်စာရင် အားလုံးစုစုရုံးရုံးနေကြဖို့ နယ်မြေတခုရှာတဲ့အခါ သူတို့အထွဋ်အမြတ်ထားတဲ့ မူလ ဂျေရုဆလင် ပါလက်စတိုင်းဒေသမှာ ဂျူး နဲ့ အာရပ် တွေကိုနယ်မြေတွေခွဲပြီး သီးခြားအုပ်ချုပ်မှုတွေနဲ့ နေကြဖို့ UN က စီစဉ်တယ်။ စစ်နိုင် မဟာမိတ် ဗြိတိသျှ အမေရိကန် က အကောင်အထည်ဖေါ်ပေးရတယ် ။

အစ္စရေး (၃)

ဒီနေရာမှာ ပါလက်စတိုင်း ဆိုတာဘာလဲ ကြည့်ရအောင်။ ပါလက်စတိုင်းဆိုတာ လူမျိုးကိုပြောတာမဟုတ်ဘူး၊ နေရာကိုပြောတာ။ ပါလက်စတိုင်းသားတိုင်း အစ္စလာမ်တွေ မဟုတ်ဘူး၊ နှစ် ၃၅၀၀ ကျော် လူသားတွေ ဘာသာစုံနေထိုင်ခဲ့တဲ့ ဂျူးဘာသာဝင်တွေ၊ ခရစ်ယာန်ဘာသာဝင်တွေ၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အရေးပါတဲ့ နေရာကြီး။ ဗုဒ္ဓဘာသာအတွက်ဗုဒ္ဓဂါယ လိုပဲ၊ ပါလက်စတိုင်းသားတွေဆိုတာ အာရပ်တွေ၊ ခရစ်ယာန်တွေ၊ ဂျူးတွေ၊ ဂရိတွေ၊ ရောမသားတွေ စုနေတဲ့ ဒေသကြီး၊ west bank တို့ အခုပြဿနာတက်နေတဲ့ ဂါဇာတို့၊ ဂျော်ဒန်၊ အစ္စရေး ပါနေတဲ့ ဒေသကြီး။ မြန်မာလိုဆိုရင်တော့ မြန်မာ့ အလယ်ပိုင်းကို အညာကိုခေါ်သလို Middle East တနေရာကို ပါလက်စတိုင်းဒေသ လို့ ခေါ်ကြတယ်။

ဒုတိယကမ္ဘာစစ်အပြီး ပါလက်စတိုင်းဒေသမှာ ဘာသာစုံ လူဦးရေ တသန်းကျော်ပဲရှိတယ်။ အများစုကတော့ အစ္စလာမ်တွေ။ ဂျူးက သုံးသိန်းလောက်ရှိခဲ့တယ်။ ဒုတိယကမ္ဘာစစ်အပြီး ဂျူးတွေ အများကြီး ပြောင်းဝင်လာရာကနေ ၁၉၄၇ လောက်မှာ လူဦးရေ ၁.၉ သန်းလောက်ဖြစ်လာတယ်။

ပါလက်စတိုင်းဒေသဟာ မြန်မာနိုင်ငံရဲ့ ဧရိယာနဲ့ တွက်ရင် အဆ ၂၆ ဆငယ်တယ်။ မြန်မာနိုင်ငံရဲ့ ခရိုင်တခုစာလေး ကျယ်တာ။ ၁၉၄၇ တုန်းက ဂျူးက ၆ သိန်းကျော်။ လက်ရှိ ဂျူးက ပါလက်စတိုင်းမှာ ၇ သန်းကျော်နေပြီ။ အဲ့ဒီမှာ ဂျူး ၇ သန်းကျော် နဲ့ အာရပ် ၂ သန်းကျော် စစ်မီးလောင်နေတာ စဉ်းစားကြည့်ပေါ့။ ရန်ကုန်တိုင်းထဲက လူတွေ တယောက်နဲ့တယောက် ထချနေသလို ဖြစ်နေကြတာ။

မြှောက်ထိုးပင့်ကော်တွေက ဟိုဖက်ဒီဖက် တကမ္ဘာလုံး၊ ဘာသာစုံ ပါနေတယ်။ ဒါကြောင့် အဲ့ဒီဒေသဟာ ကမ္ဘာ့ဘာသာကြီးတွေ ပေါက်ဖွားတဲ့နေရာဖြစ်သလို ကမ္ဘာစစ်မီးသစ်မွှေးတဲ့နေရာဖြစ်မှာ တထိတ်ထိတ်ဖြစ်နေရတာ။ ဘာသာစုံတယ်လေ။ ခရစ်ယာန်၊ အစ္စလာမ်၊ ဂျူး အကုန်စုံကျနေတဲ့နေရာ။

အစ္စရေးအကြောင်းကို ဆက်ပြောကြည့်မယ်နော်၊ ၁၉၄၇ မှာ ဂျူးတွေကို ဂျေရုဆလင်မှာ ချပေးတုန်းက မူလပါလက်စတိုင်းသားတွေနဲ့ နယ်မြေခွဲ အတူတူနေကြလေသတည်း လို့ ကုလသမဂ္ဂ က လုပ်ချင်တာ။ အာရပ်နေရာ အာရပ်အုပ်ချုပ်၊ ဂျူးနေရာဂျူးနေကြ၊ ဂျေရုဆလင်ကဘုံပိုင်၊ ကွန်ဖက်ဒရေးရှင်းလိုလိုပေါ့။

ဂျေရုဆလင်ကို ဂျူးမြို့တော်အဖြစ်ထားပြီး နိုင်ငံသစ် ထူထောင်ကြမယ်ဆိုတဲ့ ဇီယွန်နစ်ဝါဒ ဟာ ဂျူးလူမျိုးတွေရဲ့ ဆန္ဒအဖြစ် ၁၈၉၇ လောက်ကတည်းက ရှိခဲ့တယ်။ဂျူးတွေရဲ့အကြံအစည်က ကမ္ဘာအရပ်ရပ်က ဂျူးလူမျိုးတွေ ပိုက်ဆံစု၊ ဂျေရုဆလင်တဝိုက်က မြေတွေကို အာရပ်တွေဆီကဝယ်။ ပြီးရင် အကုန်ပြောင်းပြီးနိုင်ငံထူထောင်ဖို့ ကြံစည်တာမျိုးပေါ့၊ မြေတွေကို ၁၉၀၀ လောက်ကတည်းက စလည်း ဝယ်နေကြပြီ။ မြေလုတာမျိုး၊ အတင်းအဓမ္မလုပ်တာမျိုး မဟုတ်ဘူး။ ဂျူးတွေရဲ့ အကြံအစည်ကိုမသိတဲ့ အာရပ်တွေကလည်း ရောင်းကြတာပဲ။

အဲ့လိုကြံစည်ကြိုးစားနေကြတုန်း ဒုတိယကမ္ဘာစစ်မှာ သူတိုလူမျိုး ၃၇% အသတ်ခံလိုက်ရတဲ့ ဂျူးတွေဟာ အတော်တုန်လှုပ်သွားကြတယ်။ နိုင်ငံတခု ထူထောင်ချင်တဲ့ ဆန္ဒပိုပြင်းပြလာတယ်။ ပထမကမ္ဘာစစ်အပြီး အော်တိုမင်အင်ပါယာပျက်ပြီး အရှေ့အလယ်ပိုင်းနိုင်ငံသစ်တွေ ပေါ်လာတော့ ဂျူးတွေလည်း သူတို့လည်း အရှေ့အလယ်ပိုင်းသမိုင်းကိုမွေးဖွားပေးတဲ့လူမျိုးမို့ အရှေ့အလယ်ပိုင်းမှာ သူ့နိုင်ငံသူ ထူထောင်ချင်လာတာကလည်း ဇီယွန်နစ်ဝါဒကို မီးရှို့တောက်လောင်စေတယ်။

အယင်ကဂျူးတွေဟာ သမိုင်းတလျှောက် စစ်သွေးအကြီးအကျယ်ကြွတဲ့ သမိုင်းသိပ်မတွေ့ရဘူး။ လူနည်းတာလည်း ပါမှာပေါ့။ ငါတို့နိုင်ငံမရှိလို့ မဖြစ်ဘူး။ ငါတို့ စုစည်းမှ ဖြစ်မယ်၊ ရန်သူဝိုင်းနေပြီလို့ တွေးကြတဲ့ ဂျူးတွေဟာ ၁၉၄၆ နောက်ပိုင်း ရုတ်တရက် ချက်ခြင်းဆိုသလို ခံချဖို့၊ ဦးအောင်ချဖို့ ၊နိုင်ငံတည်ထောင်ဖို့ စတဲ့ အမျိုးသားရေးစိတ်ဓါတ် သိပ်ပြင်းထန်လာကြတယ်။ ကြောက်စရာကောင်းအောင် စည်းလုံးလာကြတယ်။ ဘယ်လောက်စည်းရုံးလာသလဲဆိုရင် ကမ္ဘာစစ်အပြီး မြန်မာပြည်က ဂျူးလူမျိုး လေးငါးထောင်လည်း အစ္စရေးကိုအများစု ပြောင်းကုန်ကြလို့ မိသားစု လေးငါးစု နဲ့ ဘုရားကျောင်းတခု ရန်ကုန်မှာ ကြွင်းကျန်ရစ်တယ်။ စုနေကြတဲ့အလေ့ ဖြစ်လာတယ်။

ဂျူးလူမျိုးတိုင်း မှာ ကမ္ဘာစစ်ကာလအသတ်ခံရတဆွေမျိုးသားချင်း၊ မိသားစုတွေရှိကြသလို ဆုံးရှုံးရတဲ့ အနာရှိသွားတယ်။ လူမျိုးတမျိုးဟာ နာသွားရင် ကျားနာခဲ ခဲသလို သိပ်ကြောက်စရာ ကောင်းတယ်။ တဖက်နဲ့တဖက် ဘာသာကွဲနေကြရင် ပိုဆိုးရော။ ညှိရသိပ်ခက်တယ်။ မြန်မာလို လူမျိုးစုံတဲ့နိုင်ငံဟာလည်း သင်ခန်းစာယူမှ ဖြစ်မယ်။ ကွဲသွားရင် ရာသက်ပန်ရန်သူ ဖြစ်သွားကြရော။

ပြဿနာက ဂျူးအများစုဟာ နှစ်ထောင်ချီ ပါလက်စတိုင်းဒေသ ဂျေရုဆလင်ကို စွန့်သွားပြီး ပြန်ရောက်လာကြတာ။ လက်ရှိနေတဲ့ ပါလက်စတိုင်းသားတွေကလည်း ဒီလောက်ကြာနေမှတော့ မင်းတို့ မြေမဟုတ်တော့ဘူး လို့ အသစ်ဝင်လာတဲ့ ဂျူးတွေကို ပြောလည်း ပြောလို့ ရနေပြန်ရော။ အဲ့ဒီမှာ ပြဿနာစကုန်တာပဲ။

ဒီနေရာမှာ ဘာသာတရား နည်းနည်းထည့်ပြောမယ်။ ဘာသာရေးကျမ်းတွေရဲ့ ဗျာဒိတ်မှာ ယေရှုခရစ်က တနေ့နေ့ နောက်တဖန်ပြန်ကြွလာဦးမှာ၊ ဂျူးတွေရဲ့ ဘုရားသခင် God ကလည်း “မာဆားယ” ကယ်တင်ရှင်ကလည်း လူ့ပြည်ကို နောင်ကျရင် ပြန်ကြွလာဦးမှာ။ ဘယ်နေ့လည်းမသိပေမယ့် သူတို့ ပြန်ကြွလာရင် ဂျေရုဆလင်ကိုဘဲ ပြန်ကြွကြမှာ၊ ဘုရားသားတော် ယေရှုခရစ်ဝင်စားတဲ့ ဣသရေလ လူမျိုး ( ဂျူးလူမျိုး) တွေဟာ ဘုရားတွေ ပြန်ကြွလာချိန်မှာ ဂျေရုဆလင်မှာ ရှိနေမှကို ဖြစ်မှာ။ ဒါခရစ်ယာန် နဲ့ ဂျူးဘာသာ ရဲ့ အယူအဆ၊ ဒီတော့ ဂျူးတွေပြန်လာတာ ကောင်းတယ်။ ဘုရားပြန်ကြွဖို့ ဘုရားသခင်က ပြင်ဆင်ပေးတာ။ အဲ… အဲ့ဒါ သူတို့ဘာသာနှစ်ခုရဲ့ ဘာသာရေးအယူအဆ။

တော်သေးတာပေါ့ … တချို့ မူစလင် ယုံကြည်ချက်ထဲမှာတော့ ဘုရားစေလွှတ်သူလည်း ပြန်လာမယ်၊ဂျေရုဆလင် မဟုတ်လို့တော်သေး။ ဒမားစကတ်လားမသိဘူး၊ ဂျေရုဆလင်သာ သုံးပါးလုံးပြန်ကြွလာမယ် ဆိုရင် ဘာသာကြီးတွေ ဂျေရုဆလင်မှာ ဖျာဦးတာနဲ့ ကမ္ဘာအစောကြီးကတည်းက ပျက်မှာ။

ဗုဒ္ဓဘာသာမှာ ကတုံးရှုပ်ရင်ရှင်းမရဘူးဥပမာပေးတာနည်းသေးတယ်။ တခြားဘာသာတွေမှာတော့ ဘာသာရေးရှုပ်ရင် ကမ္ဘာပျက်နိုင်တယ်။

ဆက်ပြောရရင် အာရပ်တွေကလည်း ရေနံတွေ့ ပြီး ချမ်းသာလာတယ်၊ လူဦးရေ တိုးပွါးလာတယ်၊ ပါလက်စတိုင်းမှာ ဂျူးတွေ မလာခင်က အာရပ်တွေ အများဆုံးဆိုတော့ ဂျူးတွေ ပြန်လာတာ မခံနဲ့ချကွာဆိုပြီး ပါလက်စတိုင်းအာရပ်လူငယ်တွေကို ငွေထုတ်ပေးတယ်၊

ဂျူးကလည်း ဇီယွန်နစ်ဝါဒအားကောင်းတော့ ၁၉၄၈ မေလ ၁၄ ရက်နေ့ မှာ နိုင်ငံသစ် ထူထောင်ကြောင်း ကြေညာတယ်။ ကြေညာပြီး ၁၁ မိနစ်အကြာမှာ အမေရိကန်က နိုင်ငံသစ်ကို ထောက်ခံတယ်။ အာရပ်နိုင်ငံအားလုံးက ကန့်ကွက်တယ်။ ကမ္ဘာနိုင်ငံအများစုက ငြိမ်နေတယ်။ မထောက်ခံရဲကြဘူး။ မြန်မာနိုင်ငံက တနှစ်ကြာတဲ့အခါ အစ္စရေးနိုင်ငံကို ထောက်ခံတယ်။ မြန်မာဟာ အစ္စရေးကို အစောဆုံး ထောက်ခံတဲ့ အာရှနိုင်ငံ ထဲမှာပါတယ်။

နိုင်ငံထူထောင်ပြီးပြီးချင်းပဲ အာရပ်- အစ္စရေးစစ်ပွဲဖြစ်တယ်။ ပါလက်စတိုင်းအာရပ်တွေရယ်၊ အီဂျစ်၊ ဂျော်ဒန်၊ အီရတ်၊ ဆီးရီးယား၊ လက်ဘနွန်၊ ဆော်ဒီ၊ ယီမင် ဘက်က စစ်သည် ခြောက်သောင်း၊ အစ္စရေးက ကလေးလူကြီးမကျန် လူ တသိန်းကျော် နဲ့ ချကြတာ ၉ လကြာတယ်။ အစ္စရေး က နိုင်တယ်။ အယင်က ပါလက်စတိုင်းအာရပ်တွေနဲ့ အစ္စရေး ဂျူးတွေကို အညီအမျှ ခွဲပေးဖို့ လုပ်ထားတဲ့ မြေနေရာတွေပါ စစ်ပွဲကြောင့် မြေပုံတွေ ပြောင်းကုန်ပြီး ဂျူးတွေက အာရပ်နယ်မြေတွေပါ သူတို့လုံခြုံရေးအကြောင်းပြ ဝင်သိမ်းတယ်။ အစ္စရေးဟာ တဖြည်းဖြည်း စစ်လက်နက်နိုင်ငံဖြစ်လာတယ်။

အဲ့ဒီကတည်းက တခြိမ်းခြိမ်း ချလိုက်ကြတာ အစ္စရေးဟာ ရန်ကုန်သာသာ လူဦးရေ ၇ သန်းလောက်ရှိတဲ့ နိုင်ငံငယ်လေး ကနေ လူဦးရေ သန်း၅၀၀ လောက်ရှိတဲ့ အာရပ်ကမ္ဘာကို စိမ်ခေါ်ပြီးဆတ်ဆတ်ထိမခံတဲ့ ကြက်ဖတညင် ဖြစ်လာတယ်။ သူ့လူတယောက်ထိ ၁၀ ယောက်ပြန်လက်စားချေ တတ်တယ်။ လူတိုင်းစစ်မှူထမ်းရတယ်။ သူတို့ဟာ အရပ် ရှစ်မျက်နှာ ဘယ်အရပ်မှ ကျောပေးလို့မရဘူး၊ရန်သူဖြစ်သွားကုန်လေပြီ ဖြစ်တဲ့ အာရပ်တွေ ဝိုင်းထားတယ်။

အသစ်ထူထောင်တဲ့ အစ္စရေးကို ပြန်မလာကြတဲ့ ဂျူးလူမျိုးတွေကလည်း သူတို့နေတဲ့နိုင်ငံအသီးသီးမှာ အထင်ကရ ပညာရှင်တွေ၊ စီးပွါးရေးလုပ်ငန်းပိုင်ရှင်တွေ ဖြစ်နေကြတယ်။ ဥပမာအမေရိကန်မှာဆို ဒီနေ့ ဂျူးလူမျိုး 8 သန်းနီးပါးရှိတယ်။ လက်ရှိအစ္စရေးကမှ ၇ သန်းကျော် ရှိတာ၊ အစ္စရေးနိုင်ငံထက် အမေရိကန်နိုင်ငံမှာ ဂျူးပိုများတယ်။ဂျူးတွေဟာ အမေရိကန်နိုင်ငံသားတွေဖြစ်နေပြီး စီးပွါးရေး နိုင်ငံရေးမှာ ထိပ်တန်းကနေ ထဲထဲဝင်ဝင်ရောက်နေတော့ အမေရိကန်က အစ္စရေးထိရင် အစ္စရေးဘက်က စစ်ဝင်တိုက်မှာပဲ။ အမေရိကန်ရဲ့ အထက်လွှတ်တော်မှာ အမေရိကန် ဂျူးလူမျိုး အမတ် ၉ ယောက်ရှိတယ်။အောက်လွှတ်တော်မှာ ၂၆ ယောက်ရှိတယ်။

ကဲ… အမေရိကန် ဂျူးဖက်ပါတာ ငပွကြီးပြောလို့မရတော့ဘူး၊ ဒီလိုပဲ၊ ပြင်သစ်၊ ကနေဒါ၊ အင်္ဂလန်၊ ဘယ်လဂျီယန်၊ ရုရှ၊ ယူကရိန်း၊ အာဂျင်တီးနား၊ ဂျာမဏီ၊ ဩစတြေးလျား၊ ဘရာဇီး၊ မက္ကဆီကို၊ ဟန်ဂေရီတို့မှာ ဂျူး တွေ သိန်းချီရှိကြသေးတယ်။ အဲ့ဒီနိုင်ငံတွေလည်း သူ့နိုင်ငံထဲက ဂျူးပြည်သူတွေမျက်နှာနဲ့ အစ္စရေးဘက်က ပိုပိုသာသာလေးတော့ရပ်ကြတယ်၊ ရေနံလိုချင်လို့ အာရပ်တွေလည်း ပြုံးထားရတယ်။ နိုင်ငံရေးကိုး။

ပါလက်စတိုင်းအာရပ်တွေဘက်က ကြည့်တော့လည်း သူတို့ခမျာ လွတ်လွတ်လပ်လပ် မသွားရ၊ အနောက်ဖက်ကမ်းခြေ၊ ဂါဇာစတဲ့ နယ်မြေမှာ အစ္စရေးရဲ့ မျက်စိဒေါက်ထောက်ကြည့်တာခံပြီးနေရတဲ့ ကယ့်အရှုပ်တော်ပုံနေရာဖြစ်လာရော။ အဲ့ဒီမှာ လူ့အခွင့်အရေးအဖွဲ့တွေက ပါလက်စတိုင်းအာရပ်တွေဘက်ကအော်၊ ဂျူးဆိုအလွန်မုန်းတီးသွားတဲ့ အာရပ်တွေက အသေခံဗုံးခွဲတဲ့ ပါလက်စတိုင်း အာရပ်လူငယ်တွေမွေးပေး၊ ဂျူးက သူ့လူတွေသေမှာစိုးလို့ ပါလက်စတိုင်းအာရပ်တွေကိုကန့်သတ်…. ဒီလိုနဲ့ သမိုင်းတလျောက်မီးဟုန်းဟုန်းတောက်တဲ့နေရာဖြစ်လာတယ်။ ၇၅ နှစ်ကြာပြီ။ သနားချင်တဲ့ဖက်သာ သနားကြပေတော့။ နှစ်ဖက်လုံး ဇာတ်နာရှာတယ်။

( ဒီလောက်ဆို အစ္စရေးနဲ့ အာရပ်နိုင်ငံတွေ ဘာကြောင့် မကြာခဏထချနေကြတာလဲဆိုတာ သဘောပေါက်ကြမယ်ထင်ပါတယ် ။ နောက်ဆက်တွဲအပိုင်းဆက်​တွေ ဖတ်ချင်သေးရင် ဆရာကျော်စွာမင်းရဲ့ Page မှာ ဝင်ဖတ်လို့ရပါတယ်ခင်ဗျာ )
MMT

ငလျင်လူပ်နေချိန်နဲ့ငလျင်လူပ်ပြီးအခြေအနေများအတွက် ဆောင်ရန်ရှောင်ရန်များ Crd to BBC Burmese  #ငလျင်
28/03/2025

ငလျင်လူပ်နေချိန်နဲ့ငလျင်လူပ်ပြီးအခြေအနေများအတွက် ဆောင်ရန်ရှောင်ရန်များ
Crd to BBC Burmese
#ငလျင်

ကုန်းဘောင်မင်းဆက် သုံးဆက် တိုင်အာဏာလွမ်းမိုးခဲ့သော " သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီ" ဘွဲ့ရ ကျပင်းမင်းသမီး****************...
05/01/2025

ကုန်းဘောင်မင်းဆက် သုံးဆက် တိုင်အာဏာလွမ်းမိုးခဲ့သော " သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီ" ဘွဲ့ရ ကျပင်းမင်းသမီး
*************************************************

ကျပင်းထိပ်ခေါင်တင်၊ ငယ်မည်-မယ်မြတ်ရွှေ (၁၇၉၄ ဝန်းကျင်- ၁၈၇၄) သည် ကုန်းဘောင်မင်းဆက်၏ရှစ်ဆက်မြောက် မင်းဧကရာဇ်ဖြစ်သော သာယာဝတီမင်း၏ မိဖုရားခေါင်ကြီး ဖြစ်ပြီး နဝမမြောက်ဘုရင် ပုဂံမင်း၏ မယ်တော်ဖြစ်သည်။

မျိုးရိုးဆင်းသက်ပုံ

မြတ်ရွှေ၊ ကျပင်းမင်းသမီးသည် ရာဇသွေးအပြည့်ရှိသော မင်းသမီးတစ်ပါးဖြစ်ပြီး အလောင်းမင်းတရား၏မြစ်တော် တစ်ဖြစ်လဲ ဗဒုံမင်း၏ မြေးတော်ဖြစ်သည်။ အလောင်းမင်းတရားသည် ၎င်း၏မယ်တော်မင်းစောဦး ၏မောင်တော်စပ်သော မင်းသီရိရန္တဇ၏ သမီးတော်မယ်ယွန်းစံနှင့် လက်ဆက်၍ မင်းအဖြစ်သို့ရောက်သောအခါ [စန္ဒာဒေဝီ မိဖုရားခေါင်ကြီး|စန္ဒာဒေဝီ] ဘွဲ့နှင့် မိဖုရားခေါင်တင်သည်။ ထိုမိဖုရားခေါင်၏ နှမတော် မယ်နှိုင်းစံသည် ရတနာသိဃ်မြို့ဝန် သတိုးမဟာတရဖျား နှင့် ပေါင်းသင်းရာ ခင်မင်းလှ ကို မွေးသည်။ ခင်မင်းလှအရွယ်ရောက်ရာ မယ်တော်ဘက်မှ တစ်ဝမ်းကွဲ တော်စပ်သော [ဆင်ဖြူရှင်မင်းတရား|ဆင်ဖြူရှင်]နှင့်ထိမ်းမြားရာ ဆင်ဖြူရှင် အရိုက်အရာဆက်ခံသေအခါ မိဖုရားခေါင်အဖြစ်သို့ရောက်၏။ ဆင်ဖြူရှင်နှင့်မိဖုရားခေါင် တို့မှ မင်းရွှေနန်းကိုရသည်။ တစ်ဖန် သမီးတော် မင်းရွှေနန်းသည် ဦးရီးတော်[ဗဒုံမင်း] ၏ သားတော် ပုဂံဘုရင်ခံ သတိုးမင်းဖျား(မောင်ပေ)နှင့် လက်ဆက်ရာ ကျပင်းမင်းသမီးကိုဖွား၏။ ကျပင်းမင်းသမီး၏ မိသားစုတွင်း၌ပင် မိဖုရားခေါင်(၄)ဆက်ဖြစ်တည်ခဲ့သည်။ ၎င်းတို့မှာ

ဘေးမတော် မဟာမင်္ဂလာရတနာဓိပတိသီရိရာဇာစန္ဒာဒေဝီ ဘွဲ့ခံ မိဖုရားခေါင်ကြီး မယ်ယွန်းစံဘွားတော် သီရိအတုလမဟာ ပဒုမ္မာဒေဝီ ဘွဲ့ခံ မိဖုရားခေါင်ကြီး ခင်မင်းလှ၎င်းကိုယ်တိုင် နှင့်သမီးတော် သီရိပဝရ အတုလတိလောက မဟာရာဇိန္ဒာဓိပတိ ရတနာဒေဝီဘွဲ့ခံ စကြာဒေဝီ မိဖုရားခေါင်ကြီးတို့ဖြစ်ကြသည်။

ငယ်စဉ်ဘဝ

ကျပင်းမင်းသမီး (မယ်မြတ်ရွှေ)ကို ခရစ်နှစ် ၁၇၉၄ ဝန်းကျင်ခန့်တွင် ပုဂံမြို့စားသတိုးမင်းဖျား ၏ ကြင်ယာတော်မင်းရွှေနန်း မှ ဖွားမြင်သည်။ ဖခင်ဖြစ်သူမှာ ဘိုးတော်ဘုရား ၏ တောင်ရွှေရေးမိဖုရားမှ မွေးသော သားတော်ဖြစ်ရာ ဘိုးတော်ဘုရား ၏မြေးမ တော်စပ်ပြီး တောင်ငူမြို့ကိုစားရသည်၊ နောင် ကျပင်းမြို့ကိုစားရသည်။ ၁၈၁၀ ဝန်းကျင်ခန့်တွင် ဝမ်းကွဲအစ်ကိုတော်စပ်သူ မောင်ခင် (သာယာဝတီမင်း) နှင့် စုလျားရစ်ပတ် ထိမ်းမြားခဲ့သည်။ မောင်ခင်မှာ ထိုစဉ်ကာလ က သရက်မြို့ကိုစားရသောကြောင့် ခင်ပွန်းသည်၏ စားရသောမြို့အမည်နှင့် တွဲ၍ သရက်ထားထား ဟူ၍ လည်းကောင်း၊ စစ်ကိုင်းမင်းလက်ထက် ခင်ပွန်းသည်မှာ သာယာဝတီမြို့ကိုစားရ၍ သာယာဝတီထိပ်ထား ဟုလည်းကောင်းခေါ်တွင်ခဲ့သည်။ သရက်မြို့စားမင်းသား မောင်ခင်နှင့်ပေါင်းသင်းရာ ခရစ်နှစ် ၁၈၁၁၊ ဇွန် ၁၁ရက် တွင် မောင်လူကလေး(ပုဂံမင်းဖြစ်လာမည့်သူ) နှင့် ၁၈၁၃၊ဒီဇင်ဘာ၊၁၃ရက် ၌ စကြာဒေဝီမင်းသမီး ကိုလည်းကောင်း မွေးဖွားခဲ့သည်။

မြန်မာသက္ကရာဇ် ၁၁၉၆ ခုနှစ် (ခရစ်နှစ် ၁၈၃၄ ဝန်းကျင်ခန့်) တွင်ခဲအိုတော်ဘကြီးတော်မင်းတရားကြီး ကိုယ်တော် ကျန်းခန့်တော်မမူသောအခါ နိုင်ငံအုပ်ချုပ်ရေးကို မိဖုရားခေါင်ကြီး မယ်နုနှင့် ၎င်း မောင်တော်စလင်းမြို့စားမင်းသားတို့အား လွဲအပ် ထားခိုက် စလင်းမြို့စားနှင့်အပေါင်းပါတို့က သာယာဝတီမင်းသားအပေါ် မှုခင်းရှာကြံ၍အိမ်တော်ကိုဝိုင်းသောကြောင့် သာယာဝတီမင်းသားသည် ကြင်ယာတော် ကျပင်းမင်းသမီးနှင့် အတူ ရွှေဘိုသို့ နောက်တော်ပါများနှင့် အတူထွက်ခွါ၍ အခိုင်နေလေသည်။

နောင်တော်မင်းတရားကြီးကလည်း တပ်များစေလွှတ်၍တိုက်ခိုက်စေသည်။ သို့ရာတွင် သာယာဝတီ မင်းသားတပ်များကသာ အောင်လျက်ရှိသည်။ ညီတော် နောင်တော်ရင်းတို့ စိတ်ဝမ်းမကြည်ရှိကြသည်ကို အင်္ဂလိပ် ကိုယ်စားလှယ် မေဂျာဗားနေး(မယ်စယ်ဘော်ရနီ)သည် သာယာဝတီမင်းသားရှိရာ ရွှေဘိုသို့လိုက်သွားဖြန်ဖြေသော်လည်း အရေးမရသဖြင့် ဆရာတော်များကြွရောက်ဖြန်ဖြေစေ့စပ်ရသည်။ မကျန်းမမာဖြစ်နေသော နောင်တော်မင်းတရားကြီးသည် စလင်းမင်းသားနှင့်အပေါင်းပါတို့ကို ညီတော် သာယာဝတီ မင်းသားအားပေးအပ်၍ ၁၁၉၉ ခုနှစ်ကဆုန်လပြည့်ကျော် ၁၂ ရက်နေ့(ခရစ်နှစ်-၁၈၃၇)တွင် ထီးနန်းကိုပါ လွှဲအပ်လေသည်။ ယင်းသို့ ကုန်းဘောင်ရွှေဘိုမြို့မှနေ၍ မင်းအဖြစ်သို့ရသောကြောင့် ကုန်းဘောင်မင်း ဟူ၍လည်းကောင်း၊ ရွှေဘိုမင်းဟူ၍လည်းကောင်း တွင်ခြင်းဖြစ်သည်။

သာယာဝတီမင်းသည် ရွှေထီးရွှေနန်းကို သိမ်းမြန်းတော်မူပြီးလျှင်အမရပူရမြို့ကို ပြန်လည်ပြုပြင်၍ ၁၈၃၈ ခုနှစ်တွင်ပြောင်းရွှေ့စံတော်မူသည်။ ၁၂၀၂ ခုနှစ်ဝါဆိုလဆန်း၁ဝ ရက်နေ့ (ခရစ်နှစ် ၁၈၄၀ခန့်)တွင် ကျပင်းမင်းသမီး နှင့်အတူ ဘိသိက်ခံတော် မူ၍ သီရိပဝရာဒိတျာလောကဓိပတိ ဝိဇယမဟာ ဓမ္မရာဇာဓိရာဇာ တံဆိပ်နာမံခံ တော်မူသည်။ ကျပင်းမင်းသမီးအား သီရိပဝရတိလောကမဟာရတနာ ပဒုမဒေဝီ ဘွဲ့ခံစေ၍ မိဖုရားခေါင် မြှောက်သည်။

မိဖုရားခေါင်ကြီး အဖြစ် တန်ခိုးထွားခဲ့ပုံ

ကုန်းဘောင်မင်းဆက် သုံးဆက်တိုင်တိုင်အာဏာ ကြီးခဲ့ပါတယ်။မိမိရဲ့အာဏာအတွက် နန်းသွေးတော်တော်များများ ကို သုတ်သင်ခဲ့သည်ဟု မှတ်တမ်းများပါရှိသည်။

သာယာဝတီမင်း ဟာ မိမိရဲ့ မိဖုရားခေါင်ကျပင်းမင်းသမီးကြီးက မွေးဖွားတဲ့ပုဂံမင်းသားထက် အလယ်နန်းမိဖုရားကဖွားမြင်တဲ့ သားတော်တွေ ဖြစ်တဲ့ ပခန်းမင်းသားနဲ့ပြည်မင်းမင်းသားကို အရေးပေးချစ်ခင်ခဲ့ပါသည်။

သာယာဝတီမင်းကြီး စိတ္တဇ ရောဂါစွဲကပ်တဲ့အချိန်ကစပြီး မိမိသားရဲ့ ထီးနန်းလုဘက်ဖြစ်တဲ့ပြည်မင်းသား၊ ပခန်းမင်းသားနဲ့တကွ မြောက်သားတော်အခြွေအရံတွေကို ဘုရင့်အမိန့်နဲ့ဖမ်းဆီးပြီး သုတ်သင်ပြစ်ခဲ့ပါသည်။

နောက်ပြီး ပုဂ္ဂလိက ရန်ငြိုးထားပြီး သာယာဝတီမင်းရဲ့သာမန်အရပ်သူ အနောက်နန်းမိဖုရားမမြလေးကိုလဲ ဘုရင့်အမိန့်သုံးကာ သာယာဝတီမင်းရဲ့သားတော်ပြည်မင်းသားနဲ့ဖောက်ပြန်သည်ဟုစွပ်စွဲပီး ဆင်နဲ့နင်း အဆုံးစီရင်စေသည်။

အဲ့ဒီအချိန်မှာသာယာဝတီမင်းကြီးရဲ့အခြေအနေဟာ တော်တော်ဆိုးရွားနေချိန် ဗေဒင်ဟောကိန်းအစီအရင်ဖြင့် ကြေးနဲ့ပြုလုပ်ထားတဲ့ ထောင်ထဲမှာ သီးသန့်ထားပြီး သာမန်အဆင့်ကိုယ်လုပ်တော်ကမွေးဖွားတဲ့ ထီးနန်းလုနိုင်ခြေမရှိတဲ့ တရုတ်မြှော်မင်းသားလေးကို အစောင့်အနေနဲ့ထားရှိခဲ့သည်။

အဲ့ဒီနောက်မကြာခင်မှာပဲရွှေဘိုမင်းတရားကြီးဟာ သက္ကရာဇ် ၁၂၀၈ခု၊ ခရစ်နှစ် ၁၈၄၆ နိုဝင်ဘာလတွင် နတ်ရွာစံခဲ့သည်။ ယုတ်စွအဆုံး မိမိရဲ့ လင်တော်မောင် ရွှေဘိုမင်းတရားကြီး ကိုပင် အဆိပ်ဆေးခပ်ပြီး အဆုံးစီရင်ခဲ့သည်ဟု ကောလဟာလ ထွက်စေခဲ့သည်အထိ ဖြစ်စေခဲ့သည်။

နောက်ပြီး မြန်မာတို့အတွက်အရေးပါလွန်းလှတဲ့ ပင်လယ်ထွက်ပေါက်အပါအဝင် မြေကလားသော် သရက် ကုန်းကလားသော် တောင်ငူအထိ နယ်မြေတွေဆုံးရှူံးခဲ့ရတဲ့ အင်္ဂလိပ် မြန်မာဒုတိယ ကျူးကျော်စစ်ကြီးကို ဖြစ်စေခဲ့သူ အဖြစ် လက်ညှိုး ထိုးနိုင်ဖွယ်ရှိသူ ဖြစ်သည်။

ပုဂံမင်းလက်ထက်

ရွှေဘိုမင်းနတ်ရွာစံပြီးသည့်နောက် သားတော်ပုဂံမင်း နန်းတက်ရာ မယ်တော်ကျပင်းမင်းသမီးအား မယ်တော်ကြီးအဖြစ် တောင်နန်းဆောင်၌သာ ဆက်လက်စံစေ၍ မင်းခမ်းမင်းနား အဆောင်အယောင်နှင့်ထားသည်။ ပုဂံမင်း၏ မိဖုရားခေါင်မင်းရွှေကျူ မှာ ဘိုးတော်ဘုရား၏ မက္ခရာသားတော်မှ မြင်သောသမီးတော်ဖြစ်သည့် အလျောက် ကျပင်းမယ်တော်ကြီး နှင့် ညီအစ်မဝမ်းကွဲ တော်စပ်ပြီး အနေအေးသူဖြစ်ရာ ကျပင်းမယ်တော်ကြီးသာလျှင် အနောက်ဆောင်၌ တန်ခိုးထွားခဲ့သည်။

ပုဂံမင်း မှာ တိုင်းပြည်ရေးထက် ဘိုင်ဆပ်၊ မောင်ပိန် တို့၏ မြှောက်ပေးမှု ဖြင့် ဖဲရိုက် ကြက်တိုက် အပျော်အပါးတို့၌သာ ယစ်မူးနေရာ မယ်တော်ကျပင်းမိဖုရားကြီးမှာ လွှတ်တော်ကိစ္စများတွင် စိတ်ကြိုက် ခြယ်လှယ်လေသည်။ နောင်တွင် ဘိုင်ဆပ်၊မောင်ပိန် တန်ခိုးထွားလာရာ မယ်တော်ကြီး ၏ အရှိန်အဝါကျဆင်းလာသည်။ မြို့ဝန် ဘိုင်ဆပ်တို့ အဖွဲ့မှ မိဖုရားငယ်များ၊ မောင်းမမိဿံ များအား အကျပ်ကိုင်ခြိမ်းခြောက်၍ အလောင်းအစားပွဲများ အတွက်ငွေကြေးတောင်းခံသည်။ ထိုအခြင်းအရာတို့အား မသိရှိသော ပုဂံမင်းမှာ တစ်နေ့၌ မြို့စောင့်နတ်၏ အိပ်မက် ပေးမှုဖြင့် ရုပ်သေးသဘင်ကျင်းပရာ မယ်တော်ကျပင်းမိဖုရားမှ ပုဂံမင်း၏ ဇကားမိဖုရား အကူအညီဖြင့် အနောက်ဝန်ထံ ခွင့်မတောင်းဘဲ ဝင်လာသော ဘိုင်ဆပ်တို့အား အလစ်ငိုက်ဖမ်း၍ ဘုရင့်ရှေ့တော်မှောက် ခေါ်သွင်းစေသည်။ ထိုနောက်စစ်ဆေးမေးမြန်းရာ ပုန်ကန်ခြားနားမှာ ပေါ်ပေါက်သဖြင့် ဘိုင်ဆပ်၊မောင်ပိန်နှင့် နောက်လိုက်များ ကွပ်မျက်ခံရသည်။

ခရစ်နှစ် ၁၈၅၂ ခုနှစ်တွင် အင်္ဂလိပ် ကုန်တင်သင်္ဘော ကပ္ပတိန် ဟာရိုလူဝီနှင့် ရောဘတ်ရှက်ပတ်တို့သည် ရန်ကုန်မြစ်အတွင်း၌ ရှိနေစဉ် သင်္ဘော ပေါ်၌ လူသတ်မှု ကျူးလွန်ခဲ့ကြသည်။ မြန့်မာရေပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ရန်ကုန်မြို့ဝန်က ဖမ်းဆီးဒဏ်ရိုက်သည်ကို အင်္ဂလိပ်တို့က မကျေမနပ်ဖြစ်ကာ ဒုတိယအင်္ဂလိပ်မြန်မာစစ်ကို စတင်ခဲ့သည်။ ဒုတိယ အင်္ဂလိပ်မြန်မာစစ်တွင် မြန်မာတို့ ရှုံးနိမ့်ခဲ့ပြီး အကျိုးဆက်အနေဖြင့် စစ်လျှော်ကြေးငွေ တစ်ကုဋေပေးရပြီး အောက်မြန်မာနိုင်ငံပါ သိမ်းယူခဲ့သည်။ ထို့နောက် စိတ်ပိုင်းဆိုင်ရာထိခိုက်လျက်ရှိသော ပုဂံမင်းသည် ပြည်သူများက မိမိထက်ကြံရည်ဖန်ရည် ရှိသော မင်းတုန်း၊ ကနောင် ညီနောင်တို့အား အရေးပေးသည့်အပေါ် မရှုစိမ့်ဖြစ်၍ ပုန်ကုန်မှုဖြင့် စွဲချက်တင်ရာ မင်းသားညီနောင်တို့ ရွှေဘိုအရပ်သို့ တိမ်းရှောင်လေသည်။ သမိုင်းစာအုပ်များတွင် မင်းတုန်း ညီနောင် စွဲချက်တင်ခံရခြင်းမှာ ကျပင်းမိဖုရားကြီး ၏ ပယောဂမကင်းဟု ရေးသားဖော်ပြကြသည်။

မင်းတုန်းမင်းလက်ထက်

မင်းသားညီနောင် တို့၏ လက်ရုံးရည်၊နှလုံးရည် ကို မယှဉ်နိုင်ရကား ထီးနန်းစွှန့်သဖြင့် ခရစ်နှစ် ၁၈၅၃ တွင် မင်းတုန်းမင်းသား နန်းတက်သည်။ ကျပင်းမယ်တော်ကြီး မှာ ပုန်ကုန်မှု အစတွင် သားတော်ပုဂံမင်းဘက်မှ ပါဝင်သောလည်း အခြေအနေမလှ သဖြင့် မင်းတုန်းမင်း ဘက်ခိုလှုံသည်။ မင်းတုန်းမင်းလည်း ကျပင်းမယ်တော်ကြီးအား မိမိထံခိုလှုံသည်ကတစ်ကြောင်း၊နတ်ရွာစံဖခမည်းတော်၏မိဖုရားခေါင်ကြီး ဖြစ်သည်ကတစ်ကြောင်း ထောက်၍ စည်းစိမ်အခြွေအရံ မလျော့စေဘဲ စံမြန်းစေသည်။

မင်းတုန်းမင်းကြီး နန်းတက်လာပြီးတဲ့နောက်မှာ ကျပင်းမယ်တော်ကြီးရဲ့သမီးတော် စုဖုရားကြီး(စင်္ကြာဒေဝီ)ကိုတောင်နန်းတင်ပြီးမြှောက်စားခဲ့သည်။ မင်းတုန်းမင်းကြီးရဲ့ မန္တလေးနန်းတော်ထဲမှာပဲ နှစ်ပေါင်းနှစ်ဆယ်နီးပါးစံနေခဲ့ရပါတယ်။သမီးတော်စုဖုရားကြီး နတ်ရွာမစံမှီ တစ်နှစ်အလိုကျမှာသာ နတ်ရွာစံကံတော်ကုန်ခဲ့ပါတယ်။

နတ်ရွာစံပြီးတဲ့နောက်မှာလည်း စကြဝတေးမန္ဓတ်မင်းတို့၏ မိဖုရားကို သင်္ဂြိုဟ် သည့်နည်းအတိုင်းဟုဆိုကာ ခမ်းနားစွာ သင်္ဂြိုဟ် ခဲ့ပြီးတဲ့နောက်မှာ အရိုးကို လှော်ကားနဲ့ တင်ပြီး ဧရာဝတီမြစ် ထဲချခဲ့ပါတယ်။ မန်းလေးနန်းတွင်းက သင်္ဂြိုဟ် သည့်နေရာမှာလဲ ကျွန်းပြဿဒ် ဆောက်လုပ်ပြီး အမှတ်တရထားရှိခဲ့တာကို ယနေ့တိုင်တွေ့မြင်နိုင်သည်။

ကောင်းမှုတော်များ

ရွှေဘိုမင်းတရားကြီးသည် မြန်မာသက္ကရာဇ် ၁၂၀၀ ပြည့်နှစ် တွင် မန္တလေးမြို့ပြည်ကြီးတံခွန်မြို့နယ်၊ ဇောင်းကလော‌ရေကန်အနီး၌ ဘုရားစေတီတော်တစ်ဆူ တည်ထားတော်မူ၍ ဘုရားစေတီ တော်ကို “လောကမဏိစူဠာစေတီတော်”ဟု ဘွဲ့တော်တည်ထား ကိုးကွယ်တော်မူခဲ့သည်။ ထိုစေတီတော်မြတ်ကြီး၏ ထောင့်လေးထောင့်၌ အရံစေတီတော်တစ်ဆူစီ တည်ထားတော်မူသည်။ စေတီတော်၏ အနောက်မြောက်ထောင့်တွင် သမီးတော် စုဖုရားကြီး(နောင် စကြာဒေဝီ) မှ “သုံးလောကပရမေ” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော် မူသည်။ စေတီတော်ကြီး၏ အရှေ့တောင်ထောင့်၌ မိဖုရားခေါင် ကျပင်းမင်းသမီး မှ “မဟာတိလောက” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော်မူသည်။ စေတီတော်ကြီး၏ အနောက်တောင်ထောင့်၌ ဗန်းမော်မိဖုရားမှ “သုံးလူ့ထိပ်ပန်” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူ တည်ထား‌တော်မူသည်။ စေတီတော်ကြီး၏ အရှေ့မြောက်ထောင့်၌ အနောက်နန်းမတော် မမြလေးမှ “ရတနာလောက” ဘွဲ့တော်တင်ပြီး စေတီတစ်ဆူတည်ထားတော်မူခဲ့သည်။

ထိုပြင့် ကျပင်းမိဖုရားကြီးသည် မင်းကွန်းအရပ်ရှိ မယ်တော်ကြီးဘုရား အား တည်ထားကိုးကွယ်သူ ဒါယိကာမ ဖြစ်သည်။ ဘုရားစေတီ၏ အမည်ခေါ်တွင်ပုံကိုကြည့်ခြင်းဖြင့် ရွှေဘိုမင်းနတ်ရွာစံပြီးနောက် ပုဂံမင်းလက်ထက်တွင် မယ်တော်ကြီးဖြစ်လာသည့်အချိန်၌ တည်ထားခဲ့ဟန်တူသည်။

Crd,ဝီကီပီးဒီးယား

မိမိကိုယ်မိမိ​ေ-သ ဒါဏ်အမိန့်ချမှတ်သောမကွေးမင်းကြီးဦးကြာဥနှင့်မင်းတုန်းမင်းကြီး------------------------------------------...
04/01/2025

မိမိကိုယ်မိမိ​ေ-သ ဒါဏ်အမိန့်ချမှတ်သောမကွေးမင်းကြီးဦးကြာဥနှင့်မင်းတုန်းမင်းကြီး
----------------------------------------------------

ပုဂံကျောက်ဖြုန်း ဥတစ်လုံး ဟုဆိုသော ငယ်စဉ်က ကျောက်ရူးရောဂါရှိသော
ကြက်တိုက်ငှက်တိုက် ချိုးထောင်ငှက်ထောင် ဝါသနာကြီးလှသော ပုဂံမင်းကြီးသည်ညီတော်မင်းတုန်းမင်း၏နန်းချခြင်းကို ခံရသောအခါ ညီတော်မင်းတုန်းမင်းအား ညီတော် ဘုရင် ကြာကြာလုပ်ချင်ရင် ဂွေးကိုလုံအောင် ထိန်းကွဲ့ ဟု မှာတော်မူရှာသည်။

ပုဂံမင်းကြီး မှာခဲ့သော ဂွေး လုံအောင်ထိန်းဆိုသည်မှာ( မကွေး)မင်းကြီးဦးကြာဥ
(ယောမင်ကြီးဦးဘိုးလှိုင်၏ယောက္ခမတော်စပ်သူဝန်ရှင်တော်မင်းကြီးမဟာမင်းလှသီဟသူဘွဲ့ခံ)ကို ရည်ညွှန်းပြောဆိုခြင်းဖြစ်၏။

မကွေးမင်းကြီသည်သာယာဝတီမင်းကြီး စိတ်ဖောက်ပြန်သွားသောအခါ ပုဂံမင်းကို ထီနန်းရစေရန် ကူညီခဲ့၏။

မင်းတုန်းမင်းက ပုဂံမင်းကို တိုက်ခိုက်ရာ အမရပူရမြို့တွင်းမှ မင်းတုန်းမင်းကို ကူညီပေးခဲ့၏။

မြင်ကွန်းမြင်းခုန်တိုင်အရေးအခင်း၌ မင်းသားညီနောင်ဘက်မှ ကူညီပြန်၏။

ဤဖြစ်ရပ်ကား မြင်ကွန်းမြင်းခုံတိုင်မင်းသားအရေးတော်ပုံနှင့်ဆက်စပ်နေ
လေသည်။ မြင်ကွန်းမင်းသားက ဘထွေးတော် အိမ်ရှေ့စံ ကနောင်မင်းသားကို လုပ်ကြံသတ်ဖြတ်ပစ်လေသောအခါ ကနောင်မင်း၏ရင်သွေးတော် ပတိမ်းမင်းသားမှာ မခံမရပ်နိုင်ဖြစ်ပြီး မင်းတုန်းမင်းတရားကြီးကိုပုန်ကန်လေတော့သည်။

အကယ်၍အိမ်ရှေ့စံကနောင်မင်းလုပ်ကြံမခံရ၍ရှင်ဘုရင်ဖြစ်လျှင်ပတိန်းမင်းသားသည်အိမ်ရှေ့စံ(နောင်တွင်ရှင်ဘုရင်ဖြစ်မည့်သူ)အလောင်းအလျာဖြစ်နိုင်သည်။
သူ၏ဖခင်လုပ်ကြံခံလိုက်ရသည့်အခါသူ၏ရှင်ဘုရင်အိမ်မက်သည်လည်း
ပျောက်ကွယ်၍သူ၏ရပ်တည်မှုပါမသေချာမရေရာတော့ချေ။

ဤသည့်ပုန်ကန်မှုကြီး၌ နန်းတွင်းမှနေ၍ မကွေးမင်းကြီးဦးကြာဥက လျှို့ဝှက်စွာ ရိက္ခာများ ထောက်ပံ့ခြင်း ပြုသည်ဆို၏။

နောက် အရေးတော်ပြီးစီးသွားသောအခါ "မကွေးမင်းကြီးက စားနပ်ရိက္ခာ"သူပုန်ပတိန်းမင်းသားတို့ဖက်ကို ထောက်ပံ့ကူညီခဲ့သည်ဟူ၍ အမှုကြီးပေါ်လာလေ၏။ သို့သော်လည်း မကွေးမင်းကြီးက ရွံ့ကြောက်တုန်လှုပ်ခြင်း အလျင်းပင်မရှိချေ။

မင်းတုန်းမင်းတရားသည် သူများပြောတိုင်း ယုံကြည်တော်မမူလေဘဲ အမှုမှန်ဖြစ်စေရန်အလို့ငှာ မကွေးမင်းကြီးကို ရှေ့တော်ခေါ်စေလျက် မှူးမတ်ဗိုလ်ပုံစုံရာရှေ့မှောက်၌ ကိုယ်တိုင်စစ်ဆေးတော်မူလျှင် မကွေးမင်းကြီးက ကွယ်ဝှက်ခြင်း မရှိ။ ဟုတ်မှန်ကြောင်း ဝန်ခံသံတော်ဦးတင်လိုက်၏။

ထိုအခါမင်းတုန်းမင်းကြီးမှ...

"ကောင်းပြီ၊ အမတ်ကြီးသည် လွှတ်တော်တရားသူကြီးလည်း ဖြစ်သည်။ အမတ်ကြီး၏ အမှုကို အမတ်ကြီးကိုယ်တိုင် စီရင်ချက် ချရမည်”ဟုမိန့်တော်မူ၏။

ထိုအခါ မကွေးမင်းကြီးက မိမိတရားအတွက် မိမိကိုယ်တိုင် တရားသူကြီးကောင်းတို့၏နေရာ၌ ရပ်တည်လျက် ဤသို့စီရင်ချက် ချလေသည်။

-သူပုန်ရန်သူအား စားနပ်ရိက္ခာများ ထောက်ပံ့သောသူသည် မြို့ကိုကျော်သောအမှုဖြစ်သောကြောင့် သက်ရှိသက်မဲ့ ဥစ္စာပစ္စည်းအားလုံးကို သိမ်းစေ၊

-ရာထူးစည်းစိမ်ကို နှုတ်သိမ်းစေ၊ တစ်ဆွေလုံး တစ်မျိုးလုံးကိုလည်း မီးလောင်တိုက်သွင်းစေ၊

-မိမိကိုယ်တိုင်ကိုလည်း သတ်စေ"

ဟူ၍ စီရင်ချက်ချလေသတည်း။

ဤစီရင်ချက်ကြောင့် မင်းတုန်းမင်းတရားမှာ အံ့အားသင့်စွာဖြင့် ဤသို့မိန့်တော်မူ၏။

"မင်းကြီးသည် မင်းအဆက်ဆက် အမှုတော်ကို ထမ်းဆောင်ခဲ့သောဂုဏ်ထူးရှိသည်။ မိမိကိုယ်၌ မှုပြစ်ရှိသည်ကို မထိန်မချန် ဟုတ်မှန်သည့်အတိုင်း တင်လျှောက်သည်။

ရှေးထုံးရှေးစံ စာတမ်းစာလာရှိသည့်အတိုင်း စည်းစိမ်ရာထူးကို မငဲ့ကွက်၊ အသက်နှင့်တကွ ဆုံးရှုံးစေရန် ရဲရဲဝံ့ဝံ့ မှန်ကန်ရာ တရားလမ်းရှိသည့်အတိုင်း စီရင်ချက်ပေးကြောင်း လျှောက်ဝံ့သော ဂုဏ်ထူးရှိပေသည်။

ယင်းသို့ ဖြောင့်မတ်သောမင်းကြီးကို၄င်း စီရင်ချက်ချသည့်အတိုင်း မပြု မစီရင်ထိုက်ပေ။

မိမိအသက်စည်းစိမ်ကို စိုးရိမ်သောကြောင့်သာ ဓားနီးရာကို ခိုရသောအရာ ဖြစ်ချေသည်။

သို့ဖြစ်၍ သက်တော်ရှည်မင်းကြီးရာထူးကို ချီးမြောက်တော်မူလိုက်သည်"ဟူ၍ မိန့်တော်မူပြီးလျှင် ကျောက်စီတောင်ဝှေးကို သနားတော်မူလေသတည်း။

အမြော်အမြင်ရှိသောမင်းတုန်းမင်းကြီး ၏စိတ်ထားပြည့်ဝသောကြောင့်အသတ်မခံရပေ။

အမှု၏အဖျားပိုင်းကို မရှုလေဘဲ ရင်းမြစ်ကိုလိုက်၍ "မှုပြစ်ထင်ရှားလေတိုင်းကိုလည်း အပြစ်မပေးအပ်"ဟူသော သာဓကတစ်ရပ်အဖြစ်ဖြင့် ရာဇဝင်တစ်နေရာတွင် ဆီမီးတစ်ခွက် လင်းလက်စေခဲ့ပေသတည်း။

ငredit:ဒဂုန်ဦးစန်းငွေ
မှတ်ချက်။ ။၁၉၇၁ ခုနှစ်၊ စက်တင်ဘာလ၊ အတွဲ(၃)၊ အမှတ်(၁၁)ထုတ် ဖြူနီညိုပြာမဂ္ဂဇင်း ဆောင်းပါးကို ပြန်၍ ကောက်နှုတ်ထားခြင်း ဖြစ်ပါသည်။

Crd,

ที่อยู่

Phra Nakhon

เบอร์โทรศัพท์

+959966666666

เว็บไซต์

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ News & Knowledgeผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

ติดต่อ ธุรกิจของเรา

ส่งข้อความของคุณถึง News & Knowledge:

แชร์