21/06/2026
🚨 အရွေ့တစ်ခု၏ နောက်ကွယ်မှ အရှိတရား — မြန်မာ့ဘောလုံးလောက၏ ယာယီအဆင်ပြေမှုအပေါ် ကောင်းကွက်၊ ဆိုးကွက်နှင့် စစ်မှန်သော ရေရှည်လမ်းစဉ်ကို ဆန်းစစ်ခြင်း
ကစားသမားလေး ဒီဇင်ဘာနှင်းရဲ့ ရဲဝံ့စွာ တံခါးဆွဲဖွင့်လိုက်တဲ့ အရွေ့ကြောင့် နောက်ဆုံးမှာတော့ အဖွဲ့ချုပ်ဥက္ကဋ္ဌ ကိုယ်တိုင် မီဒီယာတွေရှေ့ထွက်ပြီး ဝန်ကြီးဌာနအသင်း (၃) သင်းကို ထောက်ပံ့ကြေး သိန်း ၁,၀၀၀ စီ အထိ တိုးမြှင့်ပေးအပ်ကာ လိုအပ်ချက်တွေကို အမြန်ပြင်ဆင်ပေးမယ်လို့ ကြေညာခဲ့ပါတယ်။ ကစားသမားလေးကိုယ်တိုင်ကလည်း အဆင်ပြေသွားကြောင်း ဖွင့်ဟလာခဲ့ပါတယ်။
ဒါဟာ ဝမ်းသာစရာ ဖြစ်ရပ်တစ်ခုလို ထင်ရပေမဲ့ သေချာဆန်းစစ်ကြည့်ရင် ကောင်းကွက်၊ ဆိုးကွက်တွေနဲ့အတူ ကြီးမားတဲ့ သင်ခန်းစာတွေ ရှိနေပါတယ်။
အခုဆိုရင် ကစားသမားတစ်ယောက်ရဲ့ ရဲဝံ့တဲ့ရင်ဖွင့်ချက်ကြောင့် နှစ်ပေါင်းများစွာ ပိတ်မိနေတဲ့ အောက်ခြေက ပြဿနာတွေဟာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လှုပ်ခတ်သွားပြီး မီဒီယာစုံရဲ့ ထောက်ပြမှုနဲ့အတူ တာဝန်ရှိသူတွေကို ချက်ချင်း အရေးယူဆောင်ရွက်လာအောင် တွန်းအားပေးနိုင်ခဲ့ပါတယ်။
ဝန်ကြီးငှာန သုံးသင်းတွေအနေနဲ့ ထောက်ပံ့ကြေး သိန်း ၁,၀၀၀ ထိ တိုးရလာတာ၊ အဆောင်တွေကို ကောင်းမွန်အောင် ပြင်ဆင်ပေးမယ်ဆိုတာမျိုးတွေနဲ့အတူ တစ်နှစ် သိန်း ၂,၅၀၀ တန် စပွန်ဆာ စာချုပ်ချုပ်ဆိုနိုင်ခဲ့တာတွေဟာ ကစားသမားတွေရဲ့ လက်ရှိပြသနာနဲ့ ဒုက္ခတွေကို ချက်ချင်း သက်သာရာရစေပါတယ်။
ဒါပေမယ့် အစကတည်းက လိဂ်အသင်းအားလုံးကို သိန်း ၇၀၀ စီ တန်းတူထောက်ပံ့မယ်လို့ သတ်မှတ်ထားပြီးမှ အသံထွက်လာတဲ့ ဝန်ကြီးငှာနအသင်းနဲ့ နောက်ထပ်ငှာန ၂ သင်းကိုပဲ ကွက်ပြီး သိန်း ၁,၀၀၀ တိုးပေး၊ ကျန်တဲ့အသင်းတွေကို မျက်ကွယ်ပြုထားတာဟာ လိဂ်ပြိုင်ပွဲတစ်ခုမှာ မရှိသင့်တဲ့ "ခွဲခြားဆက်ဆံမှု" ဖြစ်ပြီး ရေရှည်မှာ အသင်းတွေကြား ပြဿနာထပ်တက်စေပါတယ်။
စနစ်တစ်ခုလုံး ယိုယွင်းနေတာကို စနစ်တကျ မပြုပြင်ဘဲ အရေးကြုံမှ ဥက္ကဋ္ဌကြီးက ကယ်တင်ရှင်ပုံစံနဲ့ ဝင်ရောက်ပိုက်ဆံစိုက်ရှင်းပေးတာဟာ ပြဿနာကို အပေါ်ယံ နှမ်းဖြူးပြီး ပြီးစလွယ် ဖုံးဖိလိုက်တာ သက်သက်ပဲ ဖြစ်ပါတယ်။
ကလပ်အသင်းတစ်သင်းကို လိဂ်ပြိုင်ပွဲဝင်ခွင့် မပြုခင်ကတည်းက FIFA ရဲ့ Club Licensing စည်းမျဉ်းတွေအတိုင်း အသင်းရဲ့ ဘဏ္ဍာရေးကျောထောက်နောက်ခံ ဘယ်လောက်ခိုင်မာလဲ၊ စပွန်ဆာ တကယ်ရှိရဲ့လားဆိုတာကို စာရင်းစစ်အဖွဲ့ နဲ့ သေသေချာချာ အသေးစိတ် စိစစ်ရမှာ ဖြစ်ပါတယ်။
ပရော်ဖက်ရှင်နယ်လိဂ်မှာ ငွေကြေးမရှိရင် ဘာမှလုပ်လို့မရတာကြောင့် ကလပ်အသင်းတွေအနေနဲ့ ဝင်ငွေရအောင် စပွန်ဆာ ဘယ်လိုရှာရမလဲဆိုတာ သိဖို့လိုပါတယ်။ ကိုယ်တိုင်မလုပ်တတ်ရင်လည်း Marketing ပညာရှင်တွေကို တရားဝင် ငှားရမ်းလုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ကစားသမားတွေကို စာချုပ်ချုပ်ဆိုတဲ့အခါ အသင်းက လစာမပေးနိုင်ရင် ဒါမှမဟုတ် ဖျက်သိမ်းရင် ဘယ်လိုလျော်ကြေးပေးရမယ်ဆိုတဲ့ အကာအကွယ်ပေးချက်တွေကို အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ စံနှုန်းအတိုင်း တိတိကျကျ ထည့်သွင်းချုပ်ဆိုပေးဖို့လိုပါတယ်။
ဒါပေမယ့် ကစားသမားတွေ ဒုက္ခရောက်ပြီး Online ပေါ်အသံထွက်လာမှ လိုက်လံငွေစိုက်ထုတ်ပေးတာမျိုးဟာ ရေရှည်အတွက် လုံးဝ (လုံးဝ) မှန်ကန်တဲ့ အဖြေမဟုတ်ပါဘူး။
အသင်းတစ်သင်းက စည်းကမ်းမလိုက်နာရင်၊ လစာမပေးနိုင်ရင် စည်းကမ်းအတိုင်းပဲ အမှတ်လျှော့မလား၊ တန်းချမလား ပြတ်ပြတ်သားသား လုပ်ရမှာဖြစ်ပြီး၊ လူပုဂ္ဂိုလ်မျက်နှာငဲ့ကာ အချင်းချင်း ဖုံးဖိပေးတာမျိုးတွေ လုံးဝ မလုပ်သင့်ပါဘူး။
မြန်မာ့ဘောလုံးလောကဟာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဇောက်ထိုးကျဆင်းလာခဲ့ပြီး "မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်" ဆိုတဲ့ ဆောင်ပုဒ်ကနေ "မြန်မာ့အားကစားမှ အာရှအားကစားသို့" လို့ အဆင့်လျှော့လိုက်ရတဲ့အထိ ဖြစ်ခဲ့ရပါပြီ။
ဒီအခြေအနေကနေ ရေရှည်တိုးတက်ဖို့ဆိုရင် "အရေးကြုံမှ သူရဲကောင်းလုပ်ပြတတ်တဲ့ လူပုဂ္ဂိုလ်" ကို အားကိုးနေတာမျိုး ဖြတ်ရပါလိမ့်မယ်။
ဘယ်သူ့မျက်နှာမှ မငဲ့ဘဲ စည်းမျဉ်းကို အကောင်အထည်ဖော်ရဲတဲ့ System ကိုပဲ တည်ဆောက်ရပါမယ်။ အဖွဲ့ချုပ်မှာရှိတဲ့ စာရင်းစစ် အဖွဲ့ဟာ ဥက္ကဋ္ဌကြီး အိတ်စိုက်ချပေးတဲ့ စာရင်းကိုပဲ ထိုင်ကိုင်နေရတဲ့ အဖာအထေအဖွဲ့ မဟုတ်ဘဲ၊ ကလပ်အသင်းတွေရဲ့ ရေရှည်ရပ်တည်နိုင်မှုကို တိတိကျကျ စစ်ဆေးရဲတဲ့ အဖွဲ့အစည်း ဖြစ်လာရပါမယ်။
ဒီဇင်ဘာနှင်းကတော့ ပိတ်ထားတဲ့ တံခါးကို ရှိသမျှအားနဲ့ ဆွဲဖွင့်ပြီး အခန်းထဲက ပြဿနာတွေကို အတိုင်းသား ပြပေးခဲ့ပါပြီ။ အခု အဲဒီအခန်းကို လှပသန့်ရှင်းအောင် ပြုပြင်ရမှာက တာဝန်ရှိသူတွေရဲ့ အလှည့်ဖြစ်ပြီး၊ ကျွန်တော်တို့ တွေနဲ့ ပရိသတ်တွေကတော့ အပေါ်ယံ နှမ်းဖြူးရုံနဲ့ စိတ်မချဘဲ... စနစ်တစ်ခုလုံး အခြေခံကအစ တကယ်တမ်း ပြောင်းလဲလာသည်အထိ မျက်ခြေမပြတ် ဆက်လက်စောင့်ကြည့် ထောက်ပြသွားဖို့ လိုအပ်ပါတယ်။ ✊⚽