03/08/2025
ဘင်္ဂလာဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်မှာ လှုပ်ရှားနေတဲ့ KNF နဲ့ AA တို့အကြား ဆက်စပ်မှုရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ်စစ်တပ်ပြော
နိရဉ္စရာ၊ ဩဂုတ် ၃/ ၂၀၂၅
ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းတောင်တန်းနယ်မှာ လူနည်းစု အခွင့်အရေးအတွက် လက်နက်ကိုင် တော်လှန်နေတဲ့ ကူကီး-ချင်းအမျိုးသားတပ်ဦး ( Kuki-Chin National Front) နဲ့ အာရက္ခတပ်တော် ( AA) တို့ အကြား ဆက်နွယ်မှုရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် ထိပ်တန်း စစ်အရာရှိတစ်ဦးက ထုတ်ဖော် ပြောကြားလိုက်ပါတယ်။
လွန်ခဲ့တဲ့ ကြာသပတေးနေ့က ဒါကာမြို့ရှိ ကြည်းတပ် စစ်တပ်ဌာနချုပ်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ KNF နှင့် AA အကြောင်းကို သတင်းထောက်တစ်ဦးက မေးမြန်းစဉ်မှာ ဘင်္ဂလားဒေ့ရှ် စစ်တပ် စစ်ရေးစစ်ဆင်ရေးမှူး ဒါရိုက်တာ ဗိုလ်မှူးချုပ် Md Nazim-Ud-Daula က အခုလိုမျိုး ပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ကူကီး-ချင်းအမျိုးသားတပ်ဦး (KNF) ဟာ အာရက္ခတပ်တော်ထံကနေ လက်နက်များရယူပြီး စစ်တကောင်းတောင်တန်းနယ်မှာ သူရဲ့ ဩဇာနယ်ပယ်ကိုချဲ့ထွင်ဖို့ ကြိုးပမ်းနေမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ပါတယ်။
ဗိုလ်မှူးချုပ် Md Nazim-Ud-Daula က “သူတို့ရဲ့ လူမျိုးစု အကြားမှာ အယူဝါဒ တူညီကြတာကြောင့် KNF နဲ့ AA တို့အကြား ဆက်နွှယ်မှုက အံ့သြစရာမဟုတ်ပါဘူး”လို့ တုံ့ပြန် ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင်သူက ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အပြောင်းအလဲအချို့ရှိပေမယ့်လည်း KNF ရဲ့ လွှမ်းမိုးချုပ်ကိုင်ဖို့ ကြိုးပမ်းမှုမှာ မအောင်မြင်ဘဲ သူတို့ရဲ့ စိုးမိုးမှုမှာ သိသိသာသာ ကျဆင်းသွားခဲ့တယ်လို့ မှတ်ချက်ပြုပြောဆိုပါတယ်။
“အစောပိုင်းက KNF နဲ့ တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ် စစ်သား ရှစ်ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် မကြာသေးခင် လပိုင်းတွေမှာတော့ ဒီလို ဖြစ်စဉ်တွေ သိသိသာသာ လျော့ကျသွားခဲ့ပါတယ်” လို့လည်း ပြောဆိုပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်က များမကြာခင်က ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးမှာ KNF တပ်ဖွဲ့ဝင်တွေ အများအပြားကျဆုံးခဲ့ပြီး သူတို့ရဲ့ အခြေစိုက်စခန်း အများအပြား ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
အဲဒီနေ့က သတင်းစာရှင်းလင်းပွဲမှာ စစ်တကောင်းတောင်တန်းနယ်မှာ ပေါ်ပေါက်နေတဲ့လူ နည်းစု လက်နက်ကိုင်တပ်တွေဖြစ်ကြတဲ့ UPDF နဲ့ JSS အပါအဝင် အဖွဲ့အသီးသီး အကြောင်းကို လည်း ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။
ကြာသပတေးနေ့က ဘင်္ဂလားဒေ့ရှ်စစ်တပ်က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဟာ ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဗိုလ်မှူး Sadique ကို ဖမ်းဆီးထိန်းသိမ်းထားခြင်းနဲ့ ပတ်သက်ပြီး အဓိက ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဖြစ်ပေမယ့်လည်း သတင်းထောက်တွေမေးမြန်းတဲ့ မေးခွန်းတွေအပေါ် ဗိုလ်မှူးချုပ် Md Nazim-Ud-Daula က ရှင်းလင်းပြောကြားသွားခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ် စစ်တပ်က ဗိုလ်မှူး Sadique က ယခင်ဝန်ကြီးချုပ်ဟောင်းဦးဆောင်တဲ့ ပါတီ အဝါမီလိဂ်မှ ပါတီဝင်တွေကို နိုင်ငံအတွင်း ဆူပူအကြမ်းဖက်မှုတွေပြုလုပ်ဖို့ သင်တန်းပေးမှုနဲ့ ဖမ်းဆီး ထိန်းသိမ်း ခံထားရပါတယ်။
ပိတ်ပင်ခံထားရတဲ့ အဝါမီလိဂ်ပါတီ၊ သူရဲ့လက်အောက်ခံ Chhatra League ကျောင်းသားပါတီနဲ့ အခြားဆက်စပ်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူ လူ ၃၀၀ မှ ၄၀၀ ခန့် ဟာ မြို့တော်ဒါကာတွင် ကွန်ဗင်းရှင်းစင်တာတစ်ခုမှာ “လျှို့ဝှက်အစည်းအဝေး” တစ်ခု ပြုလုပ်ပြီး လက်ရှိ အစိုးရကို ဖြုတ်ချဖို့နဲ့ ယခင်ဝန်ကြီးချုပ်ဟောင်း အာဏာပြရဖို့ စည်းဝေးခဲ့ကြတယ်လို့ ဆိုပါတယ်။
အဲဒီအစည်းအဝေးကို ဗိုလ်မှူး Sadique တက်ရောက်ခဲ့သလို တက်ရောက်သူတွေဟာ ကြားဖြတ် အစိုးရဆန့်ကျင်ရေး ကြွေးကြော်သံများကို ကြွေးကြော်ခဲ့ကြပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဗိုလ်မှူး Sadique အပါအဝင် အစည်းအဝေး တက်ရောက်သူ ၂၂ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့တယ်လို့ သိရှိရပါတယ်။
လက်ရှိ ဘင်္ဂလားဒေ့ရှ်နိုင်ငံရေး အခြေအနေမှာ ရှုပ်ထွေးနေပြီး ပါတီများအကြား သဘောထား ကွဲလွဲမှုတွေ အကြီးအကျယ် ဖြစ်ပေါ်နေသလို များမကြာမီမှာလည်း ရွေးကောက်ပွဲကျင်းပဖို့ရှိနေပြီး အခြေအနေမှာ ပိုမိုရှုပ်ထွေးလာနိုင်တယ်လို့ သုံးသပ်မှုတချို့ကလည်း ပြောဆိုထားပါတယ်။
ကူကီး-ချင်းအမျိုးသားတပ်ဦး ( Kuki-Chin National Front) နဲ့ အာရက္ခတပ်တော် ( AA) တို့ အကြား ဆက်နွယ်မှုရှိနေကြောင်း ဘင်္ဂလားဒေ့ရှ်စစ်တပ် ပြောဆိုမှုနဲ့ ပတ်သက်ပြီး အာရက္ခတပ်တော် ပြောခွင့်ရသူ ဦးခိုင်သုခအား မေးမြန်းထားပေမယ့်လည်း ပြန်လည်တုံ့ပြန် ဖြေကြားမှု မရှိသေးတဲ့အတွက် AA ဘက်က သဘောထာားကို တင်ပြနိုင်ခြင်း မရှိသေးပါ။
ဒီသတင်းအောက်ပါလင့်မှာ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်>>>
ပုံစာ- သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေတဲ့ ဗိုလ်မှူးချုပ် Md Nazim-Ud-Daula ကိုတွေ့ရစဉ်/ Dhaka Tribune
https://burmese.narinjara.com/local-news/detail/688ee63f80fd6d8ac9356c40
--
ဘင်္ဂလားဒေ့ရှ်နိုင်ငံစစ်တကောင်းတောင်တန်းနယ်တွင်လူနည်းစုအခွင့်အရေးအတွက်လက်နက်ကိုင်တော်လှန်နေသည့်ကူကီး...