09/06/2023
ကျန်းမာရေး ဝန်ထမ်းများကို စစ်ကောင်စီပစ်မှတ်ထားဖိနှိပ်
ကျန်းမာရေးစောင့်ရှောက်မှု ဆိုးရွားစွာ ကျဆင်းလာ
−−−−−−−−−−−−−−−−−−−−−−−
စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးကုသပေးနိုင်မှု ကျဆင်းလာကာ စစ်ကောင်စီသည် ယင်းကိုဆန့်ကျင်သည့် ကျန်းမာရေးဝန်ထမ်းများကို ရက်စက်စွာပစ်မှတ်ထားလျက် ရှိသည်ဟု ပဋိပက္ခများအတွင်း ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေများကို လေ့လာနေသည့် The Safeguarding Health in Conflict Coalition (SHCC) အဖွဲ့က အစီရင်ခံသည်။
စစ်ကောင်စီသည် ၂၀၂၁ ခုနှစ်အတွင်း လူနာတင်ယာဉ်မောင်းများ၊ ဆရာဝန်များ၊ သူနာပြုများ၊ ဓာတ်မှန်ပညာရှင်နှင့် ဆေးဘက်ဆိုင်ရာ စေတနာ့ဝန်ထမ်းများ အပါအဝင် ကျန်းမာရေးဝန်ထမ်း ၁၁၂ ဦးကို ၂၀၂၂ ခုနှစ်အတွင်း ဖမ်းဆီးထားသည်၊ ၂၀၂၁ ခုနှစ်အတွင်းတွင်လည်း ဆေးဝန်ထမ်း ၆၇၉ ဦး ဖမ်းဆီးထားသည်ဟု ဇွန်လ ၈ ရက်တွင် ထုတ်ပြန်သည့် SHCC ၏ အစီရင်ခံစာတွင် ဖော်ပြသည်။
ထို့အပြင် ဆေးခန်းများ၊ ဆေးရုံများ၊ ဆေးဆိုင်များနှင့် ကျေးလက်ကျန်းမာရေးဌာနများသည် လေကြောင်းတိုက်ခိုက်မှု၊ မီးရှို့ခံရမှုများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၂၁ ခုနှစ်အတွင်း ၃၃ ကြိမ်ရှိခဲ့ပြီး ၂၀၂၂ ခုနှစ်အတွင်း ၅၆ ကြိမ်ရှိခဲ့သည်။ လူနာတင်ယာဉ် ၂၂ စီးလည်း ပျက်စီးသွားခဲ့သည်။ ၂၀၂၂ ခုနှစ်တွင် ဆေးရုံများ၊ ကျန်းမာရေးဌာနများနှင့် ဆေးခန်းများကို စစ်ကောင်စီက အနည်းဆုံး ၃၃ ကြိမ် ဝင်ရောက်စီးနင်းခဲ့သည်။
နိုင်ငံတကာဥပဒေတွင် လက်နက်ကိုင်ပဋိပက္ခအတွင်း ဆေးဘက်ဆိုင်ရာဝန်ဆောင်မှုများကို တိုက်ခိုက်ခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ခြင်းသည် စစ်ရာဇဝတ်မှုအဖြစ် ပြဋ္ဌာန်းထားသည်။
SHCC ၏ ဥက္ကဋ္ဌဖြစ်သူ Johns Hopkins တက္ကသိုလ်မှ ပါမောက္ခ Len Rubenstein က ။ “ကျန်းမာရေးစောင့်ရှောက်မှုကို တမင်တကာ တိုက်ခိုက်မှုနဲ့ ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မှုတွေဟာ စစ်ရာဇ၀တ်မှုပါ။ ကျူးလွန်သူတွေကို တာဝန်ခံဖို့ တရားစီရင်ရေး ယန္တရားတွေရှိတယ်” ဟု ပြောသည်။
“ကျန်းမာရေးစောင့်ရှောက်မှုအပေါ် အကြမ်းဖက်မှုသည် ကျန်းမာရေးဝန်ထမ်းများအပေါ် ဆိုးရွားသော စိတ်ကျန်းမာရေးဆိုင်ရာ သက်ရောက်မှုများ ရှိခဲ့သည်။ အကြမ်းဖက်မှုများကြောင့် ဖြစ်ပေါ်လာသော စိတ်ဖိစီးမှုများသည် ကျန်းမာရေးဝန်ထမ်းအများအပြား ထွက်ပြေးရန် သို့မဟုတ် ကျန်းမာရေးစောင့်ရှောက်မှု မပေးတော့မည့် အခြေနေများ တိုးလာနေသည်” ဟုလည်း အစီရီခံစာတွင် ဖော်ပြထားသည်။
နိုင်ငံအတွင်း ကျန်းမာရေးဝန်ထမ်း ၁၀၀,၀၀၀ ကျော်ရှိသည့်အနက် စစ်တပ်အာဏာသိမ်းပြီးနောက် ထက်ဝက်နီးပါး CDM လုပ်သွားကြောင်း စစ်ကောင်စီက ဝန်ခံထားသည်။ ထို့ကြောင့် အာဏာမသိမ်းခင်တွင် လူပေါင်း ၁၀,၀၀၀ လျှင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်သည့် ဝန်ထမ်း ၇ ဦးသာရှိခဲ့ရာ အာဏာသိမ်းပြီးနောက် ကျန်းမာရေးစောင့်ရှောက်မှု စနစ်မှာ ပိုမိုဆိုးရွားလာဖွယ်ရှိနေသည်။
(ပုံစာ − စစ်တပ်အာဏာသိမ်းပြီးနောက် အကြမ်းမဖက် အာဏာဖီဆန်သည့် လှုပ်ရှားမှု CDM တွင် ပါဝင်လာသူများတွင် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများလည်း ပါဝင်သည်။ ဓာတ်ပုံ − EPA)