RtiMyanmar

RtiMyanmar ထိုင်ဝမ် နိုင်ငံတကာ အသံလွှင့်ဌာန (RTI)
မြန်မာဘာသာ စာမျက်နှာမှ ကြိုဆိုပါတယ်။

စီအီးအို အိုင်ဒီဘိုင်ရွန်ရဲ့ အမျိုးသမီးဟာ ထိုင်ပေ ၁၀၁ နောက်ခံနဲ့အတူ သူ(မ)ရဲ့ ရင်တွင်းစကားတွေကို လူမှုကွန်ယက်စာမျက်နှာပေါ...
21/07/2025

စီအီးအို အိုင်ဒီဘိုင်ရွန်ရဲ့ အမျိုးသမီးဟာ ထိုင်ပေ ၁၀၁ နောက်ခံနဲ့အတူ သူ(မ)ရဲ့ ရင်တွင်းစကားတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ အမှန်တကယ်ပဲ ရေးသားဖော်ပြခဲ့တာလား

အင်္ဂလန်ရော့ခ်ဂီတအဖွဲ့ Coldplay ဟာ မကြာသေးခင်က အမေရိကန်နိုင်ငံ မက်ဆာချူးဆက်ပြည်နယ်ရဲ့ မြို့တော်ဘော့စတွန်မှာ ကမ္ဘာလှည့်ဖျော်ဖြေမှုတစ်ခုလုပ်ခဲ့ပါတယ်။ Coldplay အဖွဲ့ရဲ့ ဖျော်ဖြေပွဲမှာ အမေရိကန်နည်းပညာကုမ္ပဏီ Astronomer ရဲ့ စီအီးအို အိုင်ဒီဘိုင်ရွန်ဟာ သူ့လက်အောက် ဝန်ထမ်းရေးရာ အကြီးအကဲ ခရစ္စတင်းကာဘော့နဲ့အတူ ပွဲတက်ကြည့်ရှုခဲ့ပါတယ်။ Coldplay ရဲ့ ဖျော်ဖြေပွဲမှာ စိတ်ဝင်စားစရာကောင်းတာတစ်ခုက Kiss Cam လို့ ခေါ်တဲ့ ကင်မရာတွေကနေတဆင့် ပရိသတ်တွေထဲက စုံတွဲတွေကို ရိုက်ကူးပြီ ဖျော်ဖြေပွဲရဲ့ ဖန်သားပြင်တွေပေါ်မှာ ပြန်လည်ဖော်ပြတတ်တာပါ။ အဲဒီလို ဖန်သားပြင်ပေါ်မှာ ကိုယ့်ပုံတွေကို ပြန်မြင်ရတဲ့အခါ ချစ်သူစုံတွဲတွေဟာ ပွေ့ဖက်နမ်းပြပြီး ပျော်ရွှင်စရာအမှတ်တရကို ပွဲလာကြည့်တဲ့သူတွေနဲ့ မျှဝေတတ်ကြပါတယ်။

အလားတူ ဖျော်ဖြေပွဲကို တက်ရောက်လာတဲ့ စီအီးအို အိုင်ဒီဘိုင်ရွန်နဲ့ လက်အောက်ဝန်ထမ်းရေးရာ အကြီးအကဲ ခရစ္စတင်းကာဘော့စ်တို့ကိုလည်း ကင်မရာကနေ ရိုက်ကူးမိပြီး သူတို့တွေဟာ ဖန်သားပြင်ပေါ်မှာ အများနည်းတူ ပြန်လည်မျှဝေခြင်းကို ခံခဲ့ရပါတယ်။ အဲဒီလိုမျိုး ဖန်သားပြင်ပေါ်မှာ သူတို့နှစ်ဦးကို ပြန်မြင်တွေ့ရတဲ့အခါ ခရစ္စတင်းကာဘော့စ်ဟာ မျက်နှာကို လက်နဲ့ချက်ချင်း ကွယ်လိုက်ပြီး နောက်ကနေ သူ(မ)ကို သိုင်းဖက်ထားတဲ့ စီအီးအို အိုင်ဒီဘိုင်ရွန်ဟာလည်း ဖက်ထားရာကနေ လက်ကို လွတ်လိုက်ပြီး ချက်ချင်းဆိုသလို ထိုင်ချပြီး ပုန်းကွယ်လိုက်ပါတယ်။ နှစ်ယောက်လုံးဟာ မထင်မှတ်ထားတဲ့အချိန်မှာ သူတို့ကို ရိုက်မိသွားတာဖြစ်တဲ့အတွက် အတော်လေး ထိပ်လန့်တုန်လှုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ နှစ်ယောက်ရဲ့ နောက်ကွယ်ဇာတ်လမ်းကို မသိသေးတဲ့ Coldplay အဖွဲ့ရဲ့ အဆိုတော် ခရစ်မာတင်ဟာ “ဟာ… ဘာဖြစ်ကြတာလဲ။ သူတို့နှစ်ယောက်က တစ်ခုခုတော့ လွဲနေပြီနော်။ ဒါမှမဟုတ် သူတို့တွေက အရမ်းရှက်တတ်ကြတဲ့သူတွေ များလား” ဆိုပြီး အရွှန်းဖောက်ခဲ့ပါသေးတယ်။

အိုင်ဒီဘိုင်ရွန်နဲ့ ခရစ္စတင်းကာဘော့တို့ရဲ့ အပြုအမူတွေ၊ နောက်ပြီး အဆိုတော်ရဲ့ အရွှန်းဖောက်မှုတွေကြောင့် ပရိသတ်တွေဟာ သူတို့နှစ်ဦးကို သတိထားမိသွားကြပြီး နာရီပိုင်းအကြာမှာပဲ သူတို့တွေဟာ ဘယ်သူတွေလဲဆိုတာကို သိသွားကြသလို ဒီထက်ပိုပြီး ထိပ်လန့်ဖို့ကောင်းတာက သူတို့နှစ်ဦးလုံးဆီမှာ ကိုယ်ပိုင်မိသားစုကိုယ်စီရှိကြပြီး အိမ်ထောင်ရေး ဖောက်ပြန်နေတာကိုပါ တွေ့ရှိသွားကြပါတယ်။ သူတို့ရဲ့သတင်းဟာ အင်တာနက်ပေါ်မှာ အလျင်အမြန် ပျံ့နှံ့သွားပြီး လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ အပြောများတဲ့ အကြောင်းအရာတစ်ခု ဖြစ်လို့လာပါတယ်။ အထူးသဖြင့် စီးအီးအို အိုင်ဒီဘိုင်ရွန်ရဲ့ အကြောင်းကို လူတွေ ပိုပြီး စိတ်ဝင်စား၊ အပြောများကြပါတယ်။ အကြောင်းကတော့ သူ့ဆီမှာ ဝန်ထမ်းရေးရာ အကြီးအကဲ ခရစ္စတင်းကာဘော့ထက် အဆများစွာ ပိုချောပိုလှတဲ့ အမျိုးသမီးနဲ့ ကလေးငယ် (၃) ဦးကို ပိုင်ဆိုင်ထားသူ အမျိုးသားတစ်ဦးဟာ ဘာကြောင့်များ မိမိအမျိုးသမီးရဲ့ နောက်ကွယ်မှာ အိမ်ထောင်ရေးဖောက်ပြန်ချင်ရတာလဲဆိုပြီး မေးခွန်းတွေ ထုတ်လာကြပါတယ်။

လူမှုကွန်ယက်ပေါ်မှာ နာမည်ကြီးသွားတဲ့ အိမ်ထောင်ရေးဖောက်ပြန်မှုသတင်းထွက်ပေါ်လာတဲ့အချိန်မှာတော့ စီအီးအိုရဲ့ အမျိုးသမီးဖြစ်သူလို့ ယူဆရတဲ့ မီဂန်ခါရီဂန်ဟာ ပြီးခဲ့တဲ့ ၁၉ရက်နေ့က သူ(မ)ရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ “ကျမရဲ့ အမျိုးသားဟာ ကျမအပေါ် သစ္စာဖောက်မယ်ဆိုပြီး တစ်ခါမှ မတွေးခဲ့မိဖူးပါဘူး။ ကျမတို့ရဲ့ အိမ်ထောင်ရေးဟာ ယုံကြည်မှု၊ လေးစားမှု၊ ဖြူစင်တဲ့အချစ်တွေပေါ်မှာ တည်ဆောက်ထားတာ ဖြစ်ပြီး သူ့ဘက်က အလုပ်တွေ အရမ်းများလို့ အိမ်ကို အချိန်မှန် မပြန်ဖြစ်တာလို့ ပြောတိုင်း ကျမဘက်က သံသယဝင်တာမျိုး မရှိခဲ့ဘဲ အမြဲယုံကြည်ပေးခဲ့တယ်။ ဒါပေမယ့် တကယ်တမ်းကျတော့ သူက တခြားအမျိုးသမီးတစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ရှိနေခဲ့တာပါ။ ကျမတို့ရဲ့ မိသားစုအတွက် ကြိုးစားနေတာလို့ပဲ ထင်ခဲ့တဲ့ ကျမဟာ ဒီရှိုးပွဲပေါ်က ဖန်သားပြင်တစ်ခုကြောင့် ဘယ်လိုမှ ဖော်ပြလို့မရတဲ့ နာကျင်မှုတွေကို ခံစားခဲ့ရတယ်။” ဆိုပြီး စတဲ့စာသားတွေကို ရေးသားခဲ့ပါတယ်။

ဒီမှာ စိတ်ဝင်စားဖို့ ကောင်းတာတစ်ခုက သူ(မ)ရဲ့ ရင်ဖွင့်စကားတွေကို ချရေးထားတဲ့ ပို့်စ်မှာ ထိုင်ဝမ်ရဲ့ နာမည်ကြီး အထင်ကရနေရာ သင်္ကေတတစ်ခုဖြစ်တဲ့ ထိုင်ပေ ၁၀၁ ကို နောက်ခံထားပြီး ရိုက်ထားခဲ့တဲ့ သူ(မ)ရဲ့ ပုံကိုပါ တွဲပြီး တင်ထားတာဖြစ်လို့ ထိုင်ဝမ်လူမျိုးတွေအကြားမှာလည်း အတော်လေး ဂယက်ထခဲ့ပါတယ်။ လက်ရှိမှာတော့ ဒီပို့စ်နဲ့ ဓာတ်ပုံတွေဟာ အမှန်တကယ်ပဲ သူ(မ) ကိုယ်တိုင်တင်ခဲ့တာလားဆိုတာကိုတော့ သေချာမသိရသေးပါဘူး။ ဘယ်လိုပဲ ပြောပြော ဒီလိုမျိုး အိမ်ထောင်ရေး ဖောက်ပြန်မှုတွေမှာ ဖောက်ပြန်ခံခဲ့ရတဲ့သူ တစ်ယောက်ရဲ့ဘဝမှာ ထင်မှတ်မထားတဲ့ အပြောင်းအလဲကြီး တစ်ခုဖြစ်ပြီး ကိုယ်ချစ်ရင် ချစ်ခဲ့သလောက်၊ ယုံကြည်ရင် ယုံကြည်ခဲ့သလောက် ပိုပြီး နာကျင်ခံစားရမှာတော့ အမှန်ပါပဲ။

ဓာတ်ပုံ - အင်တာနက်
Thomas Chen မှ ရေးသားဖော်ပြသည်။ ဆက်လက်ကြိုးစားသွားပါဦးမည်။

ထိုင်ဝမ်၏ တန်းစီစီးပွားရေးထိုင်ဝမ်လူမျိုးများအတွက် တန်းစီခြင်းသည် နေ့စဥ်ထမင်းစားရေသောက်ကဲ့သို့ပင် ရိုးနေပြီ ဖြစ်သည်။ အလု...
21/07/2025

ထိုင်ဝမ်၏ တန်းစီစီးပွားရေး

ထိုင်ဝမ်လူမျိုးများအတွက် တန်းစီခြင်းသည် နေ့စဥ်ထမင်းစားရေသောက်ကဲ့သို့ပင် ရိုးနေပြီ ဖြစ်သည်။ အလုပ်သွားချိန် မြေအောက်ရထားတန်းစီခြင်း၊ နေ့လည်ထမင်းစားချိန်ရောက်လျှင် ထမင်းဗူးဝယ်ရန် တန်းစီခြင်း အစရှိသည်ဖြင့် နည်းမျိုးစုံဖြင့် တန်းစီကြရသည်။

နာမည်ကြီးအဆိုတော်၏လက်မှတ်တစ်စောင်ရရှိရန်၊ ဆေးရုံများတွင် နာမည်ကြီးဆရာဝန်၏ တိုကင်ရရှိရန်၊ လူကြိုက်များသည့် စားသောက်ဆိုင်များတွင် သွားရောက်စားသောက်ရန် အကြောင်းရင်းများစွာဖြင့် တန်းစီစောင့်ဆိုင်းရသည်။ အချို့တန်းစီမှုသည် အချိန်အနည်းငယ်သာ ကြာတတ်သော်လည်း အချို့သော တန်းစီမှုမှာ နေ့ဝက်နီးပါး ပေးရတတ်သည်။ နှစ်စဥ် အိုင်ဖုန်းအသစ်ထွက်လာချိန်တွင် နိုင်ငံတိုင်းနီးပါး ဖုန်းအသစ်စက်စက်ကို ပူပူနွေးနွေးလေး ကိုယ့်လက်ထဲရောက်ရှိစေရန် ရက်ပေါင်းများစွာပေးပြီး တန်းစီသည့်အဖြစ်ကို စာဖတ်သူများ ကြားဖူး၊ မြင်ဖူးမည် ထင်ပါသည်။ လတ်တလောကမှ နာမည်ကျော်အဆိုတော် Jay Chou ၏ စတိတ်ရှိုးလက်မှတ်တစ်စောင်ရရှိရန် နည်းအမျိုးမျိုးဖြင့် ဝယ်သည့်ပို့စ်ကို ရေးသားမျှဝေပေးဖူးသည်။

တန်းစီခြင်းသည် ထိုင်ဝမ်လူမှုရေး၏ အ‌ရေးပါသည့် ယဥ်ကျေးမှုတစ်မျိုးဟု ဆိုရမည်။ အချိန်ပေးနိုင်သူများက အချိန်ပေးပြီး တန်းစီကြသလို အချိန်မပေးနိုင်သူများကတော့ ငွေအကုန်အကျပိုခံပြီး ဝယ်ကြသည်။ စတိတ်ရှိုးလက်မှတ်မှ မုန့်တစ်လုံးထိ ရချင်ပါက သွားတန်းစီပေးသူများကို ရှာနိုင်သည်။ ခုလပိုင်းများတွင် ကျွန်မအလုပ်လုပ်ရာအနီး၌ နေ့စဥ်နီးပါး လူရာချီကျော် တန်းစီနေသည့်ဆိုင်တစ်ဆိုင် ရှိသည်။ ထိုဆိုင်ကို ဖြတ်သွားတိုင်း လူများသည် ထိုင်ခုံအသေးလေးဖြင့် ထိုင်ပြီးစောင့်နေကြောင်း တွေ့ရသည်။ ဆိုင်မှာ ညနေ ၂ နာရီမှ ဖွင့်သော်လည်း နေ့လည်ကပင် လူများစွာတန်းစီနေပြီဖြစ်ကြောင်း တွေ့ရသည်။ ရှေ့ပိုင်းတန်းစီသည့် လူများကို သွားကြည့်ချိန်တွင် အသက်ကြီးသူများဖြစ်ကြောင်း တွေ့ရသည်။ ကျွန်မပြောသည့်ဆိုင်သည် Goo Donut ခေါ်သည့်ဆိုင်ဖြစ်ပြီး Donut ရောင်းသည့်ဆိုင် ဖြစ်သည်။ ဤသို့ဆိုလျှင် တန်းစီသည့်လူကြီးများသည် မိမိအတွက် တန်းစီခြင်းမဟုတ်ပါ။ အချိန်ပေးတန်းစီပြီး အချိန်မပေးနိုင်သူများအား မူရင်းတန်ဖိုးထက် နည်းနည်းပိုများသည့်ဈေးဖြင့် ရောင်းပေးရန် တန်းစီခြင်း ဖြစ်သည်။

ကျွန်မလည်း စိတ်ဝင်စားသဖြင့် ထိပ်ဆုံးတွင် တန်းစီနေသည့် ဦးလေးကြီးကို ဘယ်အချိန်ကစပြီး လာတန်းစီကြောင်း မေးချိန်တွင် သူမှ မနက် ၈ နာရီကတည်းက လာတန်းစီခြင်းဖြစ်ကြောင်း ထိုဆိုင်သည် လူတစ်ဦးကို အများဆုံး ၅ လုံးသာ ဝယ်ခွင့်ပြုကြောင်း ပြန်ပြောသည်။ ကျွန်မမှ တန်းမစီနိုင်ကြောင်း ပြောချိန်တွင် ဦးလေးမှ သူ့ထံဝယ်နိုင်ကြောင်း ပြန်ပြောသည်။ မူလဈေးထက် ထိုင်ဝမ်ဒေါ်လာ ၂၀၀ ပိုပေးလျှင် ရပြီဟု ဆိုသည်။ ဤသို့ရောင်းဝယ်ခြင်းသည် တရားဝင်ဟု မဆိုနိုင်သော်လည်း လူကြီးများအတွက် အချိန်ဖြုန်းနိုင်ပြီး မိမိ၏အင်အားဖြင့် ငွေရှာသည့်နည်းတစ်မျိုးဟု ဆိုချင်ပါသည်။ ရုံးတက်ရ၍ အချိန်မရှိသူများအနေဖြင့် မိမိစားချင်သည့်အစားအစာ၊ မိမိကြည့်ချင်သည့် စတိတ်ရှိုးကို မစားနိုင် မကြည့်နိုင်ချိန်တွင် အလုပ်တက်ရန်မလိုဘဲ အချိန်များနေသည့် သက်ကြီးရွယ်အိုများက အချိန်ပေးပြီး တန်းစီခြင်းသည် စီးပွားရေးတစ်မျိုးဟု ဆိုနိုင်သည်။ တကယ်တော့ မနက် ၈ နာရီမှ ညနေ ၂ နာရီထိ ၆ နာရီကြာအောင် တန်းစီသည့်တန်ဖိုးသည် ထိုင်ဝမ်ဒေါ်လာ ၂၀၀ ဆိုလျှင် ဈေးမကြီးပါ။ ဝယ်လိုအားရှိပါက ရောင်းအားရှိခြင်းသည် မပြောင်းသည့်နိယာမပင် ဖြစ်သည်။

မနောကြည်မှ ရေးသားတင်ပြသည်။

ဝမ့်လီ ကုလားအုတ်တောင်ထိပ် (萬里駱駝峰)ဝမ့်လီမြို့နယ် (萬里區) ဟာ နယူးထိုင်ပေမှာ ရှိတာဖြစ်ပြီး ဘုရာမဦးခေါင်းကျောက်ဆောင်တည်ရှိရာ ရ...
20/07/2025

ဝမ့်လီ ကုလားအုတ်တောင်ထိပ် (萬里駱駝峰)

ဝမ့်လီမြို့နယ် (萬里區) ဟာ နယူးထိုင်ပေမှာ ရှိတာဖြစ်ပြီး ဘုရာမဦးခေါင်းကျောက်ဆောင်တည်ရှိရာ ရဲလျှိုဘူမိပန်းခြံ(野柳地質公園)ရှိတဲ့ပင်လယ်ကမ်းနားမြို့လေးဖြစ်ပါတယ်။ တံငါဆိပ်ကမ်းမြို့လေးလို့ဆိုလို့ရသလို ရှုမောမဆုံးတဲ့ ပင်လယ်သဘာဝအလှနှင့်ဆက်စပ်သော အလှတရားတွေကို ထာဝရပိုင်ဆိုင်ထားတဲ့မြို့နယ်လေးဟာလည်း ဝမ့်လီပါပဲ။

ဒီဝမ့်လီမှာရှိတဲ့ ကုလားအုတ်တောင်ကတော့ ပင်လယ်ရေမျက်နှာပြင်အထက် ၃၈ မီတာသာရှိတဲ့တောင်ကုန်းငယ်လေးသာဖြစ်သော်လည်း ဆိုရှယ်မီဒီယာမှာ အလွန်ရေပန်းစားနေတဲ့ မူလက လူသူအသိနည်းတဲ့ လျှို့လျှို့ဝှက်ဝှက်ဆန်လှတဲ့ တောင်ကုန်းငယ်လေးတစ်ခုပဲဖြစ်ပါတယ်။ ကုလားအုတ်တောင်လို့ခေါ်ရတဲ့အကြောင်းကတော့ အပြင်ပန်းပုံသဏ္ဍန်ဟာ ကုလားအုတ်နဲ့တူနေတာကြောင့်ဖြစ်ပြီး တည်နေရာကတော့ သုံးအောက် တံငါဆိပ်ကမ်း (東澳漁港) အနီးမှာ ရှိတာပါ။

မူလက လူသူအရောက်ပေါက်နည်းတဲ့ လျှို့ဝှက်နေရာလေးဖြစ်သော်လည်း ကုလားအုတ်တောင်ရဲ့ ထူးခြားတဲ့လှပမှုက လူအများကိုအလွန်ဆွဲဆောင်လွန်းတာကြောင့် လူတကာသိတဲ့ ယခုအခါမှာတော့ လျှိူ့ဝှက်တောင်ကုန်းလေးဖြစ်လို့နေပါပြီ။ သုံးအောက်တံငါဆိပ်အနီး အခမဲ့ကားရပ်နားနေရာရဲ့ မီတာ ၁၀၀ အကွာ တောအုပ်ငယ်လေးကိုဖြတ်ကျော်ပြီးတာနှင့် လက်ဝဲဘက်မှာဆိုလျှင် ကုလားအုပ်တောင်ကုန်းလေးကိုရောက်ရှိမှာဖြစ်ပြီး လက်ယာဘက်မှာဆိုလျှင် ပင်လယ်ရှုခင်းကို မြင်တွေ့ရမှာပါ။ တောင်ကုန်းဆီမှ အပေါ်ဘက်ကို ၅မိနစ်ခန့်ဆက်တက်မည်ဆိုလျှင် သဲကန္တာရရဲတိုက် (沙漠碉堡) ကို တွေ့ရမှာဖြစ်ပါတယ်။ နောက်ပြီး ဒီကုလားအုတ်တောင်ကုန်းပေါ်က သဲကန္တာရရဲတိုက်ထဲမှာ သဘာဝပြတင်းပေါက်ကြီး ၃ ခု (大洞門)ဟာ ထူးဆန်းစွာ သဘာဝအတိုင်းဖြစ်ပေါ်နေတာကိုလည်း အံ့ဩဖွယ်ရာတွေ့မြင်ရမှာ ဖြစ်ပါတယ်။

သဘာဝပြတင်းပေါက်ကြီး ၃ ခုဟာ ပင်လယ်ပြင်ကို လှမ်းမျှော်ကြည့်ဖို့ အကောင်းဆုံးရှုထောင့်မှာရှိနေတာဖြစ်ပြီး သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ ကုလားအုတ်တောင်ကုန်း၊ သဲကန္တာရရဲတိုက်က သဘာဝပြတင်းပေါက်တွေကနေတဆင့် ပင်လယ်ပြင်ကြီးရဲ့ သဘာဝအလှရှုစားရင်း ပင်လယ်ရေလှိုင်းသံတွေကို နားထောင်ရင်း ဓာတ်ပုံလှလှလေးတွေရိုက်ချင်ကြတဲ့ သူတွေအတွက် နေရာကောင်းလေးတစ်ခုဖြစ်ကြောင်း မိတ်ဆက်မျှဝေပေးလိုက်ပါတယ်ရှင်။

Photo:北觀粉絲團/好好玩/寶寶溫旅行親子生活

20 July 2025
အေးသုမွန်ဟန်

ဆာလဖာ တောင်ကြား-လျှိုဝှမ်ကူ(Sulfur Vally or Liuhuangku-硫磺谷-大磺嘴)ပင်လယ်တွေ သမုဒ္ဒရာတွေ ကျွန်းအလယ်ကျောတစ်လျှောက်က တောင်တန်း...
19/07/2025

ဆာလဖာ တောင်ကြား-လျှိုဝှမ်ကူ(Sulfur Vally or Liuhuangku-硫磺谷-大磺嘴)

ပင်လယ်တွေ သမုဒ္ဒရာတွေ ကျွန်းအလယ်ကျောတစ်လျှောက်က တောင်တန်းကြီးနှင့် ကျွန်းအနှံ့ကတောင်ကြီး တောင်ငယ်အသွယ်သွယ်တွေစတဲ့ သဘာဝတရားတွေနှင့်ပြည့်နှက်နေတာကတော့ ထိုင်ဝမ်လို့ အများသိကြတဲ့ ဖော်မိုဆာကျွန်းနိုင်ငံလေးပါပဲရှင်။ သဘာဝတရားကြီးဟာ အလှအပတွေပေးသလို ထူးခြားတဲ့ဘူမိဗေဒနှင့် ပထဝီအနေအထားတွေကိုလည်း လက်ဆောင်ပေးထားတာကြောင့် ထိုင်ဝမ်မှာ ငလျှင်ကြောတွေ၊ မီးတောင်ဟောင်းတွေလည်း ရှိနေတာပါ။

ရန်မင်စန်းအမျိုးသားဥယျာဉ် (陽明山國家公園)ရဲ့ အနာက်တောင်ဘက်မှာရှိပြီး ရန်မင်စန်းအမျိုးသားဥယျာဉ်အတွင်းရှိ သာ့ထွန်မီးတောင်အုပ်စု မြေအမျိုးအစားထဲမှာပါဝင်တဲ့ ဆာလဖာတောင်ကြား (硫磺谷-Sulfur Vally)ကတော့ မီးတောင်လှုပ်ရှားမှုနှင့် မီးတောင်အရင်းအမြစ်တွေကို ထင်ရှားစွာတွေ့မြင်ရမည့် ပတ်ဝန်းကျင်တစ်ခုပဲဖြစ်ပါတယ်။ ဆာလဖာတောင်ကြားဟာ ပေဖိုမြို့နယ် (北投區)မှာရှိတာဖြစ်ပြီး မင်မင်သုသုရေးသားမိတ်ဆက်ပေးဖူးပြီးဖြစ်တဲ့ ရှောင်ယိုခမ်း (https://reurl.cc/koLE6x) ကဲ့သို့ပင် မီးတောင်ဟောင်းရဲ့ အက်ကွဲကြောင်းမှ အငွေ့ထွက်သည့်နေရာတွေရှိနေတာ ဖြစ်ပါတယ်။ ဆာလဖာတောင်ကြားနှင့် ရှောင်ယိုခမ်းကွဲပြားမှုကတော့ ဆာလဖာတောင်ကြားမှာ အဖြူရောင်းမီးခိုးငွေ့တန်းတွေ တစ်နှစ်ပတ်လုံးဝေနေသည့်အပြင် ရေပူစမ်းရဲ့ အရင်းအမြစ်တွေနှင့် သဘာဝရေပူစမ်းထွက်တဲ့နေရာတွေ၊ သဘာဝရေပူစမ်းနေရာကို လူများတူးဖော်ကာ ရေစိမ်ကန်အဖြစ်ဖန်တီးထားတဲ့ ရေပူစမ်းကန်တွေ၊ အခမဲ့ခြေထောက်စိမ်လို့ရတဲ့ ရေပူစမ်းကန်တွေပါရှိတဲ့နေရာလည်းဖြစ်သလို ကျန်းမာရေးအတွက်လမ်းလျှောက်ရင်း ဆာလဖာတောင်ကြားတစ်ခွင်ကို လည်ပတ်နိုင်တဲ့ လျှောက်လမ်း (步道)တွေရှိနေတာလည်းဖြစ်ပါတယ်။

ဆာလဖာတောင်ကြားရဲ့မြေအနေအထားဟာ မြေဆီအပူ (地熱)စွမ်းအင်အရင်းအမြစ်အများပြားရှိတဲ့ မြေလွှာအနေအထားဖြစ်တာကြောင့် အဖိုးမဖြတ်နိုင်တဲ့ သဘာဝရေပူစမ်း အမျိုးမျိုးကိုဖြစ်ပေါ် ထွက်ရှိစေတာလည်းဖြစ်ပါတယ်။ ပေထိုတစ်ဝိုက်က ရေပူစမ်းတွေမှာတွေ့ရတဲ့ အဖြူရောင်ရေပူစမ်းရယ်လို့ အများခေါ်ကြတဲ့ ဖြူဝါဝါအရောင်အဆင်းရှိပြီး ဆာလဖာနံ့ထွက်ပေါ်နေတဲ့ အက်ဆစ်ဆာလဖိတ်(酸性硫酸鹽)အမျိုးအစားရေပူစမ်းဟာ ဒီဆာလဖာတောင်ကြားကရေပူစမ်းအရင်းအမြစ်ပဲဖြစ်ပါတယ်။ ဆာလဖာတောင်ကြားဟာ ယခင်ကဆာလဖာတူးဖော်ရာဒေသဖြစ်ခဲ့ပြီး ယနေ့အခါမှာတော့ ရေပူစမ်းဧရိယာအနေဖြင့်တစ်ဖုံ သဘာဝအပန်းဖြေရှူခင်းဧရိယာအဖြစ်တစ်မျိုး နာမည်ကျော်ကြားသူသိများလာကာ ဘေးပတ်ဝန်းကျင်မှာလည်း စိတ်ဝင်စား လေ့လာလည်ပတ်သူများပြားလှတဲ့နေရာတစ်နေရာဖြစ်လို့လာပါတယ်ရှင်။

လမ်းညွှန်➡️北投捷運(Beitou MRT)➡️ဘတ်စ်ကားအမှတ် 小7、小9、小26(佛陀侍站)

Photo:寶寶溫旅行親子生活/Undiscovered Taipei /微笑台灣

19 July 2025
အေးသုမွန်ဟန်

ထိုင်ဝမ်အများသုံးယာဥ်များပေါ်ရှိ ဦးစားပေးထိုင်ခုံထိုင်ဝမ်၏ အများသုံးယာဥ်များဖြစ်သည့် ဘတ်စ်ကား၊ မြေအောက်ရထားများတွင် သက်...
18/07/2025

ထိုင်ဝမ်အများသုံးယာဥ်များပေါ်ရှိ ဦးစားပေးထိုင်ခုံ

ထိုင်ဝမ်၏ အများသုံးယာဥ်များဖြစ်သည့် ဘတ်စ်ကား၊ မြေအောက်ရထားများတွင် သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သွားလာရန် အခက်အခဲရှိသူများအတွက် ဦးစားပေးထိုင် သည့် ပေါ်အိုက်ကျော့( 博愛座) ဟုခေါ်သည့် Priority seats များရှိသည်။

Priority seats များသည် အစပိုင်းတွင် ကောင်းသည့်ရည်ရွယ်ချက်ဖြင့် ထားရှိခြင်းဖြစ်သော်လည်း လူအချို့၏ အလွဲသုံးစားအသုံးပြုမှုကြောင့် မကြာခဏဆိုသလို အငြင်းပွားသည့် သတင်းများ ထွက်လာတတ်သည်။ Rti Myanmar စာမျက်နှာပေ့ချ်မှလည်း ဆိုင်ရာသတင်းများကို တင်ခဲ့ဖူးပါသည်။ Priority seats သည် တကယ်တော့ သက်ကြီးရွယ်အိုများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများနှင့် သွားလာရန်အခက်အခဲရှိသည့် သူများအား ငဲ့ညှာပြီး ထိုသူများအတွက် ဦးစားပေးထိုင်ခွင့် ရှိသည့်ခုံဟု သတ်မှတ်ထားသည်။ တကယ်တော့ ထိုသူများအပြင် တစ်နေကုန် မတ်တပ်ရပ်ပြီး အလုပ်လုပ်ခဲ့သူ၊ နေမကောင်းသူ၊ ရာသီလာသည့်အမျိုးသမီး အစရှိသည့်သူများသည် သတ်မှတ်ထားသည့်လူတန်းစားများတွင် အကျုံးမဝင်ပြီး ၎င်းတို့အတွက် သက့်တောင့်သက်သာ ထိုင်ရန်ခုံတစ်လုံးသည်လည်း လိုအပ်ပါသည်။ သို့သော် လူအများ၏အမြင်ကို ကြောက်သဖြင့် လိုအပ်သည့်တိုင်အောင် ထိုခုံများ လွတ်နေသည့်တိုင်အောင် မထိုင်ရဲသူများ ရှိသလို ထိုင်ရဲသူများကို နောက်မှတက်လာသည့် သက်ကြီးရွယ်အိုများက ကျယ်လောင်စွာဖြင့် နေရာဖယ်ပေးရန် တောင်းဆိုမှုများကလည်း မကြာခဏ ဖြစ်ပွားခဲ့သည်။

ထိုအဖြစ်များကြောင့် ထိုင်ဝမ်၏လွှတ်တော်အမတ်များသည် ဇူလိုင်လ ၁၅ ရက်နေ့တွင် ယခင်က 博愛座 (ပေါ်အိုက်ကျော့) ဟုခေါ်သည့် Priority seats များကို 優先席 (ရိုးရှန်းရှီ) ဟု ပြောင်းခေါ်ရန် ဥကဒေအတည်ပြုခဲ့သည်။ 博愛座 (ပေါ်အိုက်ကျော့) နှင့် 優先席 (ရိုးရှန်းရှီ) သည် အင်္ဂလိပ်လို ဘာသာပြန်ပါက Priority seats သာဖြစ်ပြီး တရုတ်လို တိုက်ရိုက်အဓိပ္ပါယ်ကောက်ပါက ဦးစားပေးထိုင်ခုံ၊ ဦးစားပေးနေရာ စသည့် အဓိပ္ပါယ် ရှိသည်။ 博愛座 (ပေါ်အိုက်ကျော့) သည် လူတန်းစားလေးမျိုးကို အဓိကထားပြီး ဦးစားပေးထိုင်သည့်ခုံများဖြစ်ပြီး 優先席 (ရိုးရှန်းရှီ) မှာ ကိုယ်စိတ်မသန်စွမ်းသူများ (身心障礙者) သို့မဟုတ် အခြားလိုအပ်သူများ (其他實際需要者) အတွက် ဦးစားပေးထိုင်ခုံဟု သတ်မှတ်ထားသည်။ ထို့ကြောင့် 優先席 (ရိုးရှန်းရှီ) သည် အသက်ကြီးမှ၊ ကလေးဖြစ်မှ ထိုင်ခွင့်ရှိသည့်ခုံ မဟုတ်တော့ပါ။ လိုအပ်သူတိုင်း ထိုင်ခွင့်ရှိသည့်ခုံ ဖြစ်သည်။ တကယ်တော့ နားလည်မှုရှိပါက မည်သည့်နာမည်ဖြစ်စေ အချင်းချင်း သည်းခံပြီး နားလည်မှုဖြင့် နေသွားပါက ပြင်စရာမလိုပါ။ သို့သော် နားမလည်သည့် သည်းခံစိတ်မရှိသည့် လူအချို့ကြောင့် အခေါ်အဝေါ်ပြောင်းခြင်း ဖြစ်သည်။

မသန်စွမ်းသူများအခွင့်အရေးကာကွယ်ရေးဥပဒေ (身心障礙者權益保障法) စည်းမျဥ်း ၅၃ အရ ဥပဒေအတည်ပြုခဲ့ခြင်း ဖြစ်သည်။ ထိုဥပဒေအရ အများသုံးယာဥ်များတွင် ဦးစားပေးထိုင်ခုံ ၁၅ ရာခိုင်နှုန်းထက် မနည်းရ၊ ရထားတံခါးနှင့် နီးရာနေရာများတွင် နေရာချထားခြင်း၊ မသန်စွမ်းသူများ သွားလာရလွယ်ကူစေရန် စီစဥ်ပေးခြင်းနှင့် သတိပေးချက်များကို ကြေညာပေးခြင်းများ လုပ်‌‌ဆောင်ရတော့မည်။ ဆိုင်ရာအမှတ်အသားအသစ်ကိုလည်း ဒီဇိုင်းဆွဲပြီး အဟောင်းများနေရာတွင် ပြောင်းလဲကပ်သွားရတော့မည်။ 優先席 (ရိုးရှန်းရှီ) ဆိုသည့် ဦးစားပေးထိုင်ခုံအ‌ခေါ်ကို ထိုင်ဝမ်တွင်သာ သုံးခြင်း မဟုတ်ပါ။ အိမ်နီးခြင်းနိုင်ငံဖြစ်သည့် ဂျပန်နှင့် ဟောင်ကောင်များတွင်လည်း ထိုသို့ သုံးသည်။ နောင်တွင် ထိုင်ဝမ်၏ အများသုံးယာဥ်ပေါ်ရှိ ဦးစားပေးထိုင်ခုံများတွင် အမှတ်အသားသစ်များကို တွေ့ရတော့မည်။ ကျွန်မကတော့ ဦးစား‌ပေးထိုင်ခုံအရောင်ကို ပိုစိတ်ဝင်စားသည်။ လက်ရှိအပြာရင့်ရောင်အစား ဟောင်ကောင်ကဲ့သို့ အနီ‌ရောင်ကို သုံးသွားမလား အခြားအရောင်ကို သုံးမလားဆိုသည်ကို ထွက်လာမှ သိနိုင်မည်။

မနောကြည်မှ ရေးသားတင်ပြသည်။
ဓာတ်ပုံ။ ။ အင်တာနက်

18/07/2025

မြန်မာပြည်ကို ပြန်တဲ့အခါ ထိုင်ဝမ်က စားစရာတွေကို လက်ဆောင်အဖြစ် သယ်သွားချင်တဲ့သူတွေအတွက် ထိုင်ဝမ်ထုတ် ခေါက်ဆွဲဗူးများ

(အမှားပြင်ဆင်ချက် - စာရေးသူ ဗီဒီယိုရိုက်တုန်းက အရောင်သေချာ မကြည့်မိလိုက်တဲ့အတွက် Wei Lih Jah-Jang Noodles အစိမ်းဗူးအစား အပြာဗူးယူပြီး ရိုက်မိသွားပါတယ် ၊ သက်သတ်လွတ်အရောင်က အစိမ်းရောင်ပါ ၊ အပြာရောင်မဟုတ်ပါဘူးခင်ဗျာ)

ကြာတတ်တာတွေမကြာစေဖို့ ကြာပန်းလေးတွေသွားကြည့်စို့(桃園蓮花季2025)ကြာပန်းရဲ့ အဓိပ္ပာယ်ဟာ သန့်စင်ခြင်းပါတဲ့။ ရွှံ့နွံတွေကြားပေါက...
16/07/2025

ကြာတတ်တာတွေမကြာစေဖို့ ကြာပန်းလေးတွေသွားကြည့်စို့(桃園蓮花季2025)

ကြာပန်းရဲ့ အဓိပ္ပာယ်ဟာ သန့်စင်ခြင်းပါတဲ့။ ရွှံ့နွံတွေကြားပေါက်ဖွားရသော်ငြားလည်း ရေကန်ပေါ်ကိုသန့်ရှင်းကြော့မော့စွာပွင့်လန်းလာရတာကြောင့်လို့မှတ်သားဖူးသလို ကြာပန်းဟာအဆင်းလှရုံသာမက အစေ့အဆံ၊ ကြာရိုးကြာနွယ်၊ ကြာရွက် ကအစအသုံးဝင်တဲ့ပန်းရယ်လို့လည်း ဖတ်ဖူးထားတာပါ။ မင်မင်သုသုတို့ ထိုင်ဝမ်မှာတော့ ပဒုမ္မာရွှေကြာပန်းတွေလှိုင်လှိုင်ပွင့်တဲ့ အချိန်ရာသီအခါသမယကိုရောက်ရှိလို့လာပြန်ပါပြီ။ မင်မင်သုသုတို့ ဗုဒ္ဓဘာသာမှာလည်း အထွဋ်အမြတ်ထားရတဲ့ ရွှေကြာပန်းလေးတွေဟာ မြင်သူတိုင်းနှစ်သက်ကြတဲ့ပန်းအမျိုးစားထဲမှာလည်းပါဝင်နေတာပါ။ ဗုဒ္ဓဂေါတမဘုရားရှင် ဖွားတော်မူခန်းကစပြီး "ပဒုမ္မာရွှေကြာပန်းကဲ့သို့ လန်းဆန်းစွာပွင့်လန်းနိူင်ကြပါစေ"ဆိုတဲ့ ဆုတောင်း/ဆုပေးခြင်း တွေအဆုံး ကြာပန်းဟာ မပါမဖြစ်ပဲမဟုတ်ပါလားရှင်။ ဒါတင်မက တရုတ်ရာဇဝင်ထဲမှာလည်း Lotus လို့ခေါ်တဲ့ ရုက္ခဗေဒအမည် Nelumbo မျိုးစိတ်အုပ်စုမှာပါတဲ့ ဒီကြာပန်းလေးတွေဟာ အရေးပါအရာရောက်ခဲ့တာပါပဲ။

ကြာပန်းနှင့်ပတ်သက်ပြီး အမှုမဲ့အမှတ်မဲ့နေခဲ့မိကြပေမယ့် ကြာပန်းဟာရာဇဝင်ကြီးမြတ်ခမ်းနားခဲ့တဲ့ပန်းတစ်မျိုးဆိုတာငြင်းလို့မရခဲ့ပါဘူး။ ပန်းမကြိုက် ပန်းမချစ်တတ်တဲ့ မင်မင်သုသုတစ်ယောက်ဟာ

"ကြာတတ်တာတွေမကြာစေဖို့ ကြာတွေလှူကာဆုတောင်းမယ်၊ မကြာခင်ပဲပြည့်ပါစေ"
ဆိုတဲ့ ဆရာမောင်ပန်းမွှေးရဲ့ ကဗျာစုလေးကျပြန်တော့ မြတ်မြတ်နိုးနိုးနှစ်ခြိုက်မိ သလို၊
လယ်စောင့်တဲကဗျာထဲက “ကြာနီတစ်ပွင့်ဖြူတစ်ပွင့် တဲနှင့်ပနံသင့်”ဆိုတဲ့စကားလုံးလေးကလည်း လယ်စောင့်တဲလေးအလှကို ကြာပန်းနှင့်တွဲဖော်ကျူးထားတာကြောင့် မျက်စိထဲမြင်ယောင်မိကာ ချစ်စရာကောင်းလို့နေပါတော့တယ်။ အထူးသဖြင့်မြန်မာစာကိုအလွန်ချစ်မြတ်နိုးသူတစ်ယောက်အနေနဲ့ရော မြန်မာ့ဓလေ့ကိုရော၊ ဘာသာရေးအငွေ့သက်လေးရော မေတ္တာရေးရာရနံ့လေးပါ ခံစားရလို့ပါပဲရှင်။

ကြာအကြောင်းနိဒါန်းခင်းတာ စာစီစာကုံးပမာအလွန်ကြာသွား(စာရှည်သွား)ပြီမို့ လိုရင်းဖြစ်တဲ့ ယခု၂၀၂၅ရဲ့ ထောင်ယွမ်က ကြာပန်းရာသီပွဲတော်လေးအကြောင်းကိုမိတ်ဆက်ပေးပါရစေဦးရှင့်။ ထောင်ယွမ် ကွမ်းရင်းမြို့နယ်(桃園 觀音)မှာ ကြာပန်းရာသီပွဲတော်ကို နှစ်စဉ် ဇူလိုင် ဩဂုတ်လတွေမှာကျင်းပလေ့ရှိတာဖြစ်ပြီး ယခု၂၀၂၅မှာလည်း အလားတူပင် ဇူလိုင်ရ၁ရက်နေ့မှ ဩဂုတ် ၁၇ရက်နေ့အထိကျင်းပသွားမှာဖြစ်လို့ ကြာပန်းချစ်သူများအတွက် ကြာပန်းအလှကြည့်ရှုခံစားဖို့ရာ ယခုဆိုလျှင် တစ်လတိတိအချိန်ကျန်ရှိနေပါသေးတယ်။

ကြာပန်းပွဲတော်ကျင်းပမည့်နေရာကတော့ ကွမ်းရင်းမြို့နယ်က ကြာပန်းဥယျာဉ်အပန်းဖြေစိုက်ပျိုးရေးဧရိယာ (Lotus Park leisure Agricultural Area-觀音區蓮花圓休閒農場區)မှာဖြစ်ပြီး ဓာတ်ပုံလှလှရိုက်လို့ရမယ့် နေရာဟာ ကြာပန်းခင်းအပါအဝင် နေရာ၅နေရာ ခင်ကျင်းပြသထားတာပါ။ ဒီလိုအနုပညာဖန်တီးမှုနဲ့ သဘာဝအလှအပတွေပေါင်းစပ်ဖန်တီးထားတဲ့ နေရာ၅ခုတင်မကသေးပါဘူး။ ကြာပန်းနှင့်ဆက်စပ်ထွက်ရှိသောကုန်ပစ္စည်းများ ၊ ဒေသထွက်စိုက်ပျိုးရေးထွက်ကုန်များ ရောင်းချပြသပေးသည့်အပြင် လယ်တော့အတွေ့အကြုံလည်ပတ်သည့် တစ်နေ့တာလေ့လာရေးခရီးစဉ်များ နှင့်ဖျော်ဖြေရေးများကိုပါထည့်သွင်းထားတာကြောင့် ပန်းလေးတွေအလှခံစားရင်း တစ်နေ့တယအပန်းဖြေလည်ပတ်နိုင်မှာဖြစ်ပါတယ်ဆိုတဲ့အကြောင်း မျှဝေရေးသားလိုက်ပါတယ်ရှင်။

လိပ်စာ ➡️蓮花園休閒農業區遊客服務中心旁 (桃園市觀音區新華路一段及金華路交叉口)
ကြာပန်းဥယျာဉ်အပန်းဖြေစိုက်ပျိုးရေးဧရိယာ၊ ဧည့်သည်ဝန်ဆောင်မှုစင်တာနံဘေး
အခမဲ့ ဖယ်ရီများလည်းစီစဉ်ထားရှိပေးထားတာဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေးနှင့် ကြာပန်းပွဲတော်ဆိုင်ရာ အသေးစိတ်အချက်အလက်များသိရှိလိုပါက သက်ဆိုင်ရာဝက်ဘဆိုက်တွင်ဝင်ရောက်လေ့လာနိုင်ပါသည်⬇️⬇️⬇️
https://2025taoyuanlotus.989.com.tw/

Photo: 農業易遊網/看見台灣之美/桃園市政府

16 July 2025
အေးသုမွန်ဟန်

ထိုင်ဝမ်နွေရာသီနှင့် စာကြည့်တိုက်ထိုင်ဝမ်တွင် မြို့တိုင်း၊ မြို့နယ်တိုင်းလိုလို စာကြည့်တိုက် ရှိသည်။ အကြီးအသေးသာ ကွာခြား...
16/07/2025

ထိုင်ဝမ်နွေရာသီနှင့် စာကြည့်တိုက်

ထိုင်ဝမ်တွင် မြို့တိုင်း၊ မြို့နယ်တိုင်းလိုလို စာကြည့်တိုက် ရှိသည်။ အကြီးအသေးသာ ကွာခြားပါသည်။ စာကြည့်တိုက်သည် စာဖတ်ဝါသနာအိုးများအတွက် စာအုပ်ငှားရာ၊ မိဘများအတွက် နွေရာသီချိန်ခါတွင် ကလေးများကို ခေါ်သွားရာ နေရာကောင်းတစ်ခု ဖြစ်သည်။

လူတိုင်းနီးပါး လက်ကိုင်ဖုန်းတစ်လုံးဖြင့် တစ်နေလုံး ဖုန်းပွတ်နေသည့်ခေတ်တွင် ထိုင်ဝမ်အစိုးရသည် ပြည်သူများအား စာဖတ်ကြရန် အားပေးသည်။ ပြည်သူများ စာဖတ်လာအောင်လည်း နည်းအမျိုးမျိုးဖြင့် ဆွဲဆောင်သည်။ စာကြည့်တိုက်ကို ပြည်သူများလာချင်အောင် အပြင်ပန်းသဏ္ဍာန်မှအစ အတွင်းပိုင်း အပြင်အဆင်အားလုံးကို အမျိုးမျိုးပြုပြင်ပြီး ကောင်းသထက်ကောင်းအောင် ကြိုးစားလုပ်ဆောင်ကြသည်။ စာကြည့်တိုက်ရှိ စာအုပ်များလည်း နှစ်အလိုက် ရာသီအလိုက် လအလိုက် ထွက်လာသည့် စာအုပ်သစ်များနှင့် စာအုပ်ကောင်းများကို ဝယ်ပြီး ထားပေးသည်။ စာအုပ်ဝယ်ရာတွင် အရွယ်အလိုက် ကလေးသူငယ်ဖတ်စာအုပ်၊ ဆယ်ကျော်သက်ဖတ်စာအုပ်၊ လူကြီးပိုင်းဖတ်စာအုပ်၊ ဘာသာစကားသင်ကြားရေး၊ ကျွမ်းကျင်ပညာပိုင်းဆိုင်ရာစာအုပ် အစရှိသည်ဖြင့် စာအုပ်အမျိုးမျိုး ရှိသည်။ စာကြည့်တိုက်၏ အပြင်အဆင်ပိုင်းကလည်း ကလေးသူငယ်များအလွှာဆိုလျှင် ကလေးများအကြိုက် ကာတွန်းရုပ်လေးများဖြင့် ပြင်ဆင်ခြင်း ကလေးများအတွက် သင့်တော်သည့် စားပွဲ၊ ထိုင်ခုံများ ထားပေးခြင်းဖြင့် ကလေးများလာချင်အောင် ပြင်ဆင်ပေးထားသည်။

ပူပြင်းသည့်နွေခေါင်ခေါင်ချိန်တွင် ကုန်တိုက်ကဲ့သို့သော နေရာများ မသွားချင်သူများအနေဖြင့် စာကြည့်တိုက်သည် ရွေးချယ်မှုတစ်မျိုး ဖြစ်လာသည်။ ထို့ကြောင့် ထိုင်ဝမ်၏စာကြည့်တိုက်များတွင် နွေရာသီချိန်ခါသည် လူပိုများသည့်အချိန် ဖြစ်သည်။ စာကြည့်တိုက်သို့ လာပါက စာအုပ်၊ ရုပ်ရှင်ခွေများ ငှားနိုင်သည့်အပြင် စာမေးပွဲပြင်ဆင်သူများအတွက် လင်းလင်းထိန်ထိန်ဖြင့် ဆိတ်ငြိမ်စွာ စာကျက်နိုင်ခြင်း၊ အချက်အလက်ရှာလိုသူများအတွက် မိမိကွန်ဗျူတာဖြင့်ဖြစ်စေ၊ စာကြည့်တိုက်ရှိ ကွန်ဗျူတာဖြင့်ဖြစ်စေ အေးဆေးစွာ အချက်အလက်များ ရှာဖွေနိုင်ခြင်း၊ ရုပ်ရှင်ကားကို ငွေအကုန်အကျမရှိဘဲ ကြည့်ချင်သူများအတွက် ခွေတစ်ခွေယူပြီး သီးသန့်ခန်းလေးတွင် မိမိဘာသာ ရုပ်ရှင်ကားကို အေးဆေးကြည့်နိုင်ခြင်း အစရှိသည်ဖြင့် ရွေးချယ်မှုများစွာ ရှိပါသည်။ ရုပ်ရှင်ကြည့်သည့် သီးသန့်ခန်းသည် အချို့သောစာကြည့်တိုက်များတွင်သာ ရှိပြီး ကြိုတင်စာရင်းပေးထားပါက ပိုသေချာသည်။ သီးသန့်ခန်းမရှိသည့်တိုင်အောင် ခွေရွေးပြီး ကွဗျူတာတွင် သွားကြည့်နိုင်ပါသည်။

ထိုင်ဝမ်ကျောင်းများ၏ နွေရာသီကျောင်းပိတ်ရက်သည် ဇွန်လလည်မှစ၍ ပိတ်ပြီး သြဂုတ်လကုန်မှ စက်တင်ဘာလလည်ထိ ကျောင်းများ ပြန်ဖွင့်သည်။ ဤနှစ်လကျော် သုံးလသော ကျောင်းပိတ်ရက်တွင် ကလေးများကို အိမ်တွင် ထားပါက ဖုန်းပွတ်ခြင်းနှင့် ဗီဒီယိုကြည့်ခြင်းမှလွဲ၍ ကျန်သည့်အလုပ်ကို ကလေးများ လုပ်မည်မဟုတ်ပါ။ ထို့ကြောင့် ကလေးများကို ဖုန်းမပွတ်ဘဲ စာအုပ်ဖတ်စေချင်သည့်မိဘများက ကလေးများကို စာကြည့်တိုက်သို့ ခေါ်သွားတတ်သည်။ ခုနှစ်ပိုင်းများတွင် တရုတ်စာအုပ်မဖတ်ချင်သည့် ကျွန်မတို့ ရွှေမြန်မာများအတွက် စာကြည့်တိုက်တိုင်းတွင် မြန်မာစာအုပ်များ ထားရှိသည့်စင်များ ရှိသည်။ ထို့အပြင် ထိုင်ဝမ်၏စာကြည့်တိုက်သည် မတူသည့်အချိန်အလိုက် မတူသည့်ပွဲများ ပြုလုပ်တတ်သေးသည်။ ဥပမာ။ ။ မတူသည့်နိုင်ငံများ၏ ယဥ်ကျေးမှုမျှဝေပွဲများ၊ ကလေးများအကြိုက် ပုံပြင်ပြောပွဲများ ပြုလုပ်တတ်သည်။ အထူးသဖြင့် စနေ၊ တနင်္ဂနွေကဲ့သို့ ရုံးပိတ်ရက်များဆိုလျှင် ပွဲပိုများသည်။ မိမိအားလပ်ချိန်တွင် စာကြည့်တိုက်၏ အခမဲ့ဝန်ဆောင်မှုများကို သွားရောက်ခံစားကြည့်ရန် တိုက်တွန်းပါသည်။

မနောကြည်မှ ရေးသားတင်ပြသည်။

မနက်ဖြန် ဇူလိုင် ၁၇ ရက်နေ့ ထိုင်ပေမြို့နှင့် နယူးထိုင်ပေမြို့များတွင် မြို့ပြခံနိုင်ရည်ရှိခြင်းလေ့ကျင့်မှုများကို ပြုလုပ...
16/07/2025

မနက်ဖြန် ဇူလိုင် ၁၇ ရက်နေ့ ထိုင်ပေမြို့နှင့် နယူးထိုင်ပေမြို့များတွင် မြို့ပြခံနိုင်ရည်ရှိခြင်းလေ့ကျင့်မှုများကို ပြုလုပ်သွားမည်

စာရေးသူ လက်ရှိနေထိုင်လျက်ရှိတဲ့ ထိုင်ဝမ်နိုင်ငံမှာ ဝမ့်အမ်းဆိုတဲ့ စစ်ဘက်နဲ့ အရပ်ဘက် ပူး‌ပေါင်းပြီး လေကြောင်းရန်ကနေ ကာကွယ်ဖို့အတွက် လေ့ကျင့်မှု (萬安演習) ကို ၁၉၇၈ ခုနှစ်ကတည်းက စတင်ပြုလုပ်ခဲ့ပါတယ်။ ဝမ့်အမ်းလေ့ကျင့်မှုကို ပြုလုပ်ရတဲ့ ရည်ရွယ်ချက်ကတော့ ထိုင်ဝမ်မှာ မှီတင်းနေထိုင်နေကြတဲ့ သူတွေအားလုံး အကယ်၍ အရေးပေါ် လေကြောင်းတိုက်ခိုက်မှုနဲ့ တွေ့ကြုံလာရတဲ့အခါ ဘယ်လိုမျိုး တုန့်ပြန်ရမလဲ၊ ဒါမှမဟုတ် အချိန်တိုအတွင်းမှာ ဘယ်လိုမျိုး နေရာတွေမှာ သွားရောက်ခိုလှုံရမလဲဆိုတာတွေကို သိရှိနိုင်ဖို့အတွက် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနက ဦးစီးကျင်းပပေးတာပဲ ဖြစ်ပါတယ်။ နှစ်စဥ် ဝမ့်အမ်းလေ့ကျင့်မှုကို ဇူလိုင်လ‌မှာ လေ့ကျင့်တတ်ပြီး ဒါဟာ ထိုင်ဝမ်တစ်နိုင်ငံလုံးမှာ ရှိတဲ့သူတွေ ပါဝင်ရတဲ့ လေ့ကျင့်မှု တစ်ခုဖြစ်ပါတယ်။

အလားတူ ထိုင်ဝမ်မှာ ၂၀၁၅ ခုနှစ်က စတင်ပြီး ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ မီးသတ်ဌာနက ဦးစီးပြီး ငလျင်၊ မီးဘေးစတဲ့ ကပ်ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာရတဲ့အခါ ဘယ်လိုမျိုး ပြုမူလုပ်ဆောင်ရမလဲဆိုတဲ့ မင်အမ်းလေ့ကျင့်မှု (民安演習) ကိုလည်း လေ့ကျင့်ကြပါတယ်။ မင်အမ်းလေ့ကျင့်မှုက ဝမ့်အမ်းလေ့ကျင့်မှုလိုမျိုး တစ်နိုင်ငံလုံးက ပြည်သူတွေပါဝင်ရတဲ့ လေ့ကျင့်မှုမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ပါဝင်လေ့ကျင့်လိုကြတဲ့ ပြည်သူတွေကသာ ပါဝင်လေ့ကျင့်ရတာပါ။ မင်အမ်းလေ့ကျင့်မှုကတော့ နှစ်စဥ် ပုံမှန် မတ်လမှာ ကျင်းပလေ့ရှိပါတယ်။ ဒါပေမယ့် ဒီတစ်နှစ်ရဲ့ ထူးခြားချက်က ယမန်နှစ် ဒီဇင်ဘာလက ထိုင်ဝမ်သမ္မတ လိုက်ချင်းတယ် (賴清德) မိန့်ခွန်းထဲမှာ ပြောကြားခဲ့တဲ့အတိုင်း ၂၀၂၅ ခုနှစ်ကစပြီး ပုံမှန်နှစ်ကြိမ် ခွဲပြီး ကျင်းပတတ်တဲ့ ဝမ့်အမ်းလေ့ကျင့်မှုနဲ့ မင်အမ်းလေ့ကျင့်မှု နှစ်မျိုးကို ပူးပေါင်းပြီး မြို့ပြခံနိုင်ရည်ရှိခြင်း (城鎮韌性演習 - Urban Resilience Exercise) ဆိုတဲ့ နာမည်အသစ်နဲ့ ယမန်နေ့ ၁၅ ရက်နေ့ကနေ လာမယ့် ၁၈ရက်နေ့အထိ ထိုင်ဝမ်နိုင်ငံရဲ့ မြို့ဒေသအသီးသီးမှာ လေ့ကျင့်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

စာရေးသူတို့ မြန်မာလူမျိုးတွေ အများစု နေထိုင်ကြတဲ့ ထိုင်ဝမ်မြောက်ပိုင်းဒေသက ထိုင်ပေမြို့နဲ့ နယူးထိုင်ပေမြို့တွေမှာတော့ မနက်ဖြန် နေ့လယ် ၁ နာရီခွဲကနေ ၂ နာရီအထိ မြို့ပြခံနိုင်ရည်ရှိခြင်းလေ့ကျင့်မှုကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ဒီတစ်နှစ်ရဲ့ လေ့ကျင့်မှုကတော့ ခါတိုင်းနှစ်တွေရဲ့ ဝမ့်အမ်းလေ့ကျင့်မှုလိုမျိုး ဗဟိုအစိုးရက သတ်မှတ်ထားတဲ့ ညွှန်ကြားချက်အတိုင်း တစ်နိုင်ငံလုံးက ပုံစံတူ လေ့ကျင့်သွားတာမျိုးမဟုတ်ဘဲ ဇာတ်ညွှန်းမရှိသော်လည်း အတွေးအခေါ် အမြော်အမြင်ရှိရှိ (有想定、無腳本) ဖြင့် လေ့ကျင့်တဲ့စနစ်ကို အသုံးချသွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဇာတ်ညွှန်းနဲ့ အန္တရာယ်အမျိုးအစားတွေကိုလည်း လေ့ကျင့်ချိန်မှာ တာဝန်ခံဝန်ထမ်းများက ကျပန်းရွေးချယ်သွားမှာဖြစ်ပြီး သက်ဆိုင်ရာ ဒေသန္တရအစိုးရလက်အောက်ရှိ အုပ်ချုပ်ရေးအဖွဲ့နဲ့ သက်ဆိုင်ရာ ဌာနတွေရဲ့ ချက်ချင်းတုန့်ပြန်နိုင်မှုနဲ့ ပူးပေါင်းဖြေရှင်းနိုင်မှု စွမ်းရည်တွေကို တိုက်ရိုက်စစ်ဆေးသွားမှာပဲ ဖြစ်ပါတယ်။ ဒီလိုမျိုး ပုံစံပြောင်းလေ့ကျင့်ရတာဟာလည်း အမှန်တကယ် စစ်ဖြစ်ပွားခဲ့ပါက စစ်ဘေးကာလအတွင်း အရေးပေါ်ကုသရေးစခန်း၊ ကယ်ဆယ်ရေးစခန်းနဲ့ လိုအပ်တဲ့ပစ္စည်းများချမှတ်ရေးစခန်းတွေရဲ့ လည်ပတ်နိုင်ရေးစနစ်တွေကို စမ်းသပ်နိုင်ရန်ပဲ ဖြစ်ပါတယ်။ ဒါမှသာ ထိုင်ဝမ်ရဲ့ ပြည်တွင်းအရေးပေါ်ကယ်ဆယ်ရေးစနစ်မှာ တကယ်အလုပ်ဖြစ်/မဖြစ်ကို စစ်ဆေးသိရှိနိုင်မှာပဲ ဖြစ်ပါတယ်။

ထိုင်ပေမြို့နဲ့ နယူးထိုင်ပေမြို့မှာ နေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေအနေနဲ့လည်း မနက်ဖြန် နေ့လယ် ၁ နာရီခွဲလောက်မှာ အရေးပေါ်ဥဩဆွဲသံကို ကြားရမှာဖြစ်ပြီး ဒီလိုမျိုး အသံကြားပြီဆိုတာနဲ့ လမ်းပေါ်ရောက်နေတဲ့ ကားတွေ၊ ဆိုင်ကယ်ပေါ်တွေကို အမြန်ဆုံးဘေးကပ်ရပ်နားထားပြီး လေ့ကျင့်မှု လုပ်ဆောင်နေစဥ်ကာလအတွင်း တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်တွေအတိုင်း အနီးဆုံး ခိုလှုံရေးစခန်းတွေဆီ အမြန်ဆုံး သွားရောက်ရမှာ ဖြစ်ပါတယ်။ အကယ်လို့ ညွှန်ကြားချက်အတိုင်း မလုပ်ဆောင်ရင်တော့ ဒဏ်ငွေအဖြစ် ထိုင်ဝမ်ဒေါ်လာ ၃ သောင်းအထက် ၁ သိန်းခွဲအောက် ပေးဆောင်ရနိုင်ပါတယ်။ ဒါပေမယ့် လေ့ကျင့်မှုလုပ်ဆောင်နေတဲ့အခါ မိမိရဲ့ နေအိမ်၊ ဒါမှမဟုတ် ရုံး၊ ကုမ္ပဏီစတဲ့ အဆောက်အအုံတွေထဲမှာဆိုရင်တော့ ခိုလှုံရေးစခန်းကို သွားစရာမလိုပါဘူး၊ ဒါပေမယ့် လေ့ကျင့်မှုလုပ်ဆောင်နေစဥ်အတွင်းမှာတော့ လျှပ်စစ်မီးတွေကို ပိတ်ထားရမှာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း ဇူလိုင်လ ၉ ရက်နေ့ကတည်းက ထိုင်ဝမ်သမိုင်းမှာ ကုန်ကျစရိတ်အကြီးမားဆုံးနဲ့ ကာလအရှည်ကြာဆုံးဖြစ်တဲ့ ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှု (漢光演習) ကိုလည်း ဆက်လက်လေ့ကျင့်လျက်ရှိပြီး တစ်ချိန်တည်းမှာလည်း မြို့ပြခံနိုင်ရည်ရှိခြင်းလေ့ကျင့်မှုကို လေ့ကျင့်လျက်ရှိပါတယ်။ ဒီလိုမျိုး လေ့ကျင့်မှုတွေဟာ တရုတ်နိုင်ငံရဲ့ စစ်ရေးတိုးမြှင့်အသုံးပြုမှုနဲ့ ၂၀၂၇ ခုနှစ်မှာ ထိုင်ဝမ်ကို လာရောက်ကျူးကျော်တိုက်ခိုက်မယ်ဆိုပြီး ခြိမ်းခြောက်မှုတွေကို တုန့်ပြန်တဲ့အနေနဲ့ လုပ်ဆောင်နေတဲ့ အကျယ်ပြန့်ဆုံး စစ်ရေးလေ့ကျင့်မှု၊ ကာကွယ်ရေးလေ့ကျင့်မှုတွေပဲ ဖြစ်ပါတယ်။

Photo - 國防部發言人, Rti
Thomas Chen မှ ရေးသားဖော်ပြသည်။ ဆက်လက်ကြိုးစားသွားပါဦးမည်။

ကို့ကန်လိုဏ်ခေါင်း-ပိုင်စားထွင် လိုဏ်ခေါင်းအုပ်စု (過港隧道-白沙屯隧道群)ထိုင်ဝမ်မှာတော့ ပိုင်စားထွင် (白沙屯) လို့ဆိုလိုက်တာနှင့် မာ...
12/07/2025

ကို့ကန်လိုဏ်ခေါင်း-ပိုင်စားထွင် လိုဏ်ခေါင်းအုပ်စု (過港隧道-白沙屯隧道群)

ထိုင်ဝမ်မှာတော့ ပိုင်စားထွင် (白沙屯) လို့ဆိုလိုက်တာနှင့် မာကျူမယ်တော်ကျောင်းနှင့်ပတ်သက်ပြီး ရင်နှီးနေကြတဲ့ အမည်နာမတစ်ခုပဲဖြစ်ပါတယ်ရှင်။ ထိုင်ဝမ်လူမျိုးတို့ရဲ့ ရိုးရားဓလေ့ယုံကြည်ကိုးကွယ်မှုဖြစ်တဲ့ မာကျူမယ်တော်လှည့်လည်ပွဲများ (https://reurl.cc/LndA84) အနက် ပိုင်စားထွင်မားကျူလှည့်လည်ပွဲဟာလည်း စည်းကားသိုက်မြိုက်လှကြောင်းကို မင်မင်သုသုက Taiwan Culture ဆိုတဲ့ စာအုပ်လေးကို RtiMyanmar စာဖတ်ပရိတ်သတ်များနှင့်အတူ ဖတ်ပြရင်းမျှဝေပေးခဲ့ဖူးပြီးဖြစ်ပါတယ်။

ယခုမိတ်ဆက်ပေးမယ့် ကို့ကန်လိုဏ်ခေါင်း(過港隧道)ကတော့ လူသိများကြတဲ့ ပိုင်စားထွင်မားကျူကျောင်းနှင့် မဝေးလှတဲ့နေရာမှာရှိနေတဲ့ မီးရထားလမ်းရဲ့ ဥမင်လိုဏ်ခေါင်းတွေထဲကတစ်ခုပဲဖြစ်ပါတယ်ရှင်။ တည်နေရာကတော့ မြောင်လိ ဟို့လုံ (苗栗、後龍)မှာရှိတာဖြစ်ပြီး ၁၉၂၀နှင့် ၁၉၂၁ ကတည်းကဖောက်လုပ်ပြီးစီးခဲ့တဲ့ ပင်လယ်ပတ်လမ်းမီးရထားလမ်းကြောင်းရဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ ဒီလိုဏ်ခေါင်းတွေရဲ့ သက်တမ်းဟာ နှစ်ရာကျော်ပြီဖြစ်ကာ ယခုနှစ်ပိုင်းမှာတော့ ဥမင်လိုဏ်ခေါင်းအဟောင်းတွေကိုအသုံးပြုခြင်းလည်း မရှိတော့ပါဘူး။ အသုံးပြုခြင်းကို ရပ်တန့်ခဲ့သော်လည်း ၂၀၀၉ ခုနှစ်မှာဒီလိုဏ်ခေါင်းတွေကို ပြန်လည်မွမ်းမံကာ စက်ဘီးလမ်းအဖြစ်အသုံးပြုထားသလို ယခုအခါမှာလည်း ရောင်စုံသက်တန့်သဖွယ် မီးအလင်းရောင်ထွန်းညှိထားတာကြောင့် လည်ပတ်ချင်စဖွယ်နေရာတစ်ခုဖြစ်လို့လာတာပါ။

ဟို့လုံကမ်းနားမှာရှိတဲ့ ဒီ ဟို့လုံကို့ကန်လိုဏ်ခေါင်း(後龍過港隧道)ဟာ သုံးခုရှိတာဖြစ်ပြီး ပထမလိုဏ်ခေါင်းကတော့ အရှည်ဆုံးဖြစ်ကာ ၂၉၅မီတာရှည်လျားပါတယ်။ မီးရထားဇလီဖားတုံးတွေနှင့် မီးရထားလမ်းကိုဖယ်ရှားလိုက်ပြီးနောက်မှာတော့ ဒီလိုဏ်ခေါင်းအတွင်းမှာ စက်ဘီးစီးရင်းဖြတ်သန်းလို့ဖြစ်စေ လမ်းလျှောက်ရင်းဝင်ရောက်လေ့လာလည်ပတ်လို့ဖြစ်စေအထူးသင့်တော်လှတဲ့ အနေအထားပါပဲ။ ဒုတိယလိုဏ်ခေါင်းကတော့ ၁၆၂မီတာရှည်လျားပြီး နှစ်ရာချီကြာမြင့်နေပြီဖြစ်သော်လည်း ဖွဲ့စည်းပုံအနေအထားကောင်းမွန်ကာ ခိုင်မာစွာတည်ရှိနေဆဲဖြစ်ပါတယ်။

ဒီ ကို့ကန်လိုဏ်ခေါင်းတွေဟာ ၃ခုဆက်တိုက်ရှိနေတာဖြစ်ပြီး နှစ်တစ်ရာကျော် ဂျပန်ခေတ်ကဖောက်လုပ်ထားခဲ့ပြီး တည်ဆောက်မှုနည်းပညာကောင်းမွန်ခဲ့တာကြောင့် ရံဖန်ရံခါ ရေအနည်းငယ်စိမ့်သည်မှလွဲ၍ ယနေ့ထက်တိုင် တည်တံ့ခိုင်မှာဆဲဖြစ်သော်လည်း ထိုင်ဝမ်မီးရထားကိုမီတာစနစ်(電氣化)ဖြင့်ပြောင်းလဲခုတ်မောင်းခဲ့သည့်အတွက် မီးရထားလမ်းဟောင်းဟာ အသုံးပြုခြင်းမရှိတော့ပါဘူး။ တစ်ချို့မှတ်တမ်းများအရ မီးရထားဝန်ကြီးဌာနာရဲ့ လမ်းကြောင်းပြုပြင်ပြောင်းလဲမှုကြောင့် ၁၉၇၃ခုနှစ်မှစတင်အသုံးပြုခြင်းမရှိတော့ပဲ ပိတ်သိမ်းခဲ့တဲ့လမ်းကြောင်းဖြစ်တယ်လို့ သိရပါတယ်။ မည်သို့ပင်ဖြစ်စေ ၂၀၁၅ခုနှစ်မှာတော့ ဟို့လုံကို့ကန် ဥမင်လိုဏ်ခေါင်းတွေဟာ မြောင်လိရဲ့ ရှေးဟောင်းသမိုင်းဝင်ဆောက်အဦးအဖြစ် တရားဝင်သတ်မှတ်ခြင်းခံရပြီဖြစ်ကာ ဟောင်းနွမ်းပေမယ့် ခိုင်ခံနေဆဲဖြစ်တဲ့ ထိုင်ဝမ်ရဲ့လမ်းပန်းဆက်သွယ်ရေးကဏ္ဍမှာ တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့ပြီးဖြစ်တဲ့ ဒီလိုဏ်ခေါင်းတွေကို ရောင်စုံမီးအလှဆင်ကာ ခမ်းနားစွာအငြိမ်းစားပေးထားတာကြောင့် ရှေးဟောင်းအဆောက်အအုံစိတ်ဝင်စားသည်ဖြစ်စေ၊ အလည်အပတ် သို့ စက်ဘီးစီးရတာသွားရတာဝါသနာထုံသည်ဖြစ်စေ၊ ဓာတ်ပုံလှလှရိုက်လိုသည်ဖြစ်စေ တစ်ခါတစ်ခေါက် သွားရောက်လေ့လာသင့်ပါတယ်ဆိုတဲ့အကြောင်း ပိုင်စားထွင်ဥမင်လိုဏ်ခေါင်းများအကြောင်း မျှဝေရေးသားလိုက်ပါတယ်။

ပိုင်စားထွင်မားကျူကျောင်းအကြောင်းလေ့လာရင်း မင်မင်သုသုဖတ်မိမှတ်မိ သိရှိလာရတဲ့ မြောင်လိ ဟို့လုံတစ်ဝိုက်က စိတ်ဝင်စားစရာအကြောင်းအရာလေးများကိုလည်း အလျဉ်းသင့်သလိုဆက်လက်မျှဝေပေးသွားပါဦးမယ်ရှင်။

地點: 苗栗縣後龍鎮過港隧道 (Google地圖導航) 🔗 Google မြေပုံလမ်းညွှန်

Photo:yahoo/王王(台灣景點分享)

12 July 2025
အေးသုမွန်ဟန်

ထိုင်ဝမ်သမိုင်းမှာ ကုန်ကျစရိတ်အကြီးမားဆုံးနဲ့ ကာလအရှည်ကြာဆုံးဖြစ်တဲ့ ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၉ ရက်နေ့က စတ...
12/07/2025

ထိုင်ဝမ်သမိုင်းမှာ ကုန်ကျစရိတ်အကြီးမားဆုံးနဲ့ ကာလအရှည်ကြာဆုံးဖြစ်တဲ့ ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှုကို ဇူလိုင်လ ၉ ရက်နေ့က စတင်ခဲ့

ထိုင်ဝမ်ရဲ့ အမျိုးသားကာကွယ်ရေးဝန်ကြီးဌာနက တစ်နှစ်တစ်ကြိမ် ပြုလုပ်လေ့ကျင့်လေ့ရှိတဲ့ ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှု (漢光演習) ကို ဇူလိုင်လ ၉ ရက်နေ့ကတည်းက စတင်ကျင်းပခဲ့ပါတယ်။ ဒီတစ်နှစ် ထိုင်ဝမ်ရဲ့ ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှုသမိုင်းမှာ ကုန်ကျစရိတ်အကြီးမားဆုံးနဲ့ ကာလအရှည်ကြာဆုံး ကျင်းပတဲ့ စစ်ရေးလေ့ကျင့်မှု တစ်ခုဖြစ်ပြီး စုစုပေါင်း ၁၀ ရက်တာ နီးပါး လေ့ကျင့်သွားမှာပဲ ဖြစ်ပါတယ်။ ယခုတစ်ခေါက် စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်လေ့ကျင့်ကြတဲ့ တပ်ဖွဲ့ဝင်ဦးရေဟာလည်း စံချိန်တင် များခဲ့ပါတယ်။

ဒီတစ်နှစ်ရဲ့ ဟန့်ကွမ်းစစ်‌ရေးလေ့ကျင့်မှုဟာ ခါတိုင်းနှစ်တွေတုန်းကလိုမျိုး ကြိုတင်ဇာတ်တိုက်ထားပြီး လေ့ကျင့်ထားတာမျိုးပဲ မဟုတ်ဘဲ အကယ်၍ တရုတ်နိုင်ငံဘက်မှ ရုတ်တရက် ကျူးကျော်ဝင်ရောက်ခဲ့ပါက တပ်ဖွဲ့ဝင်တွေအနေနဲ့ ဘယ်လိုမျိုး တုန့်ပြန်တိုက်ခိုက်ကြမလဲဆိုတာကို စစ်းသပ်တဲ့ လေ့ကျင့်မှုမျိုးလည်း ပါဝင်သွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှုနယ်မြေအတိုင်းအတာဟာလည်း အရင်ကထက် ပိုမို ကျယ်ပြန့်လာသလို အဆပေါင်းများစွာ ပိုမို တင်းကျပ်လာပါတယ်။ ဒီတစ်နှစ်ရဲ့ စစ်ရေးလေ့ကျင့်မှတွေထဲမှာ နောက်ထပ်ထူးခြားတာတစ်ခုကတော့ ထိုင်ဝမ်ရဲ့ စူပါမားကတ်တွေမှာ ခိုလှုံရေးစခန်းတွေအဖြစ် ဘယ်လိုမျိုးအသုံးပြုသွားမလဲဆိုတာကိုလည်း ထည့်သွင်းလေ့ကျင့်သွားမှာ ဖြစ်ပါတယ်။

ဒီတစ်နှစ်ရဲ့ ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှုဟာ ထိုင်ဝမ်နိုင်ငံရဲ့ သမ္မတလိုက်ချင်းတယ် (賴清德) က တရုတ်နိုင်ငံဟာ “ပြည်ပရန်သူ” ဆိုပြီး တရားဝင် သုံးနှုန်းပြောဆိုမှုအပြီးမှာ ပထမဆုံးအကြိမ် ပြုလုပ်လေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှု ဖြစ်ပါတယ်။ ဒီလိုမျိုး ယခင်ကထက် အင်အားတိုးချဲ့ပြီး စစ်ရေးလေ့ကျင့်မှု ပြုလုပ်ရခြင်းဟာလည်း ၂၀၂၇ ခုနှစ်နောက်ဆုံးထားပြီး တရုတ်နိုင်ငံမှ ထိုင်ဝမ်အပေါ် စစ်အင်အားသုံးပြီး ကျူးကျော်သိမ်းပိုက်မယ်ဆိုပြီး တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖင်က ခြိမ်းခြောက်ထားတဲ့အတွက် ကျူးကျော်ဝင်ရောက်နိုင်ခြေ ရှိတယ်လို့ ထိုင်ဝမ်အစိုးရမှယူဆကာ ကြိုတင်‌လေ့ကျင့်ပြင်ဆင်နေတာပဲ ဖြစ်ပါတယ်။

ဒီတစ်နှစ်ရဲ့ ဟန့်ကွမ်းစစ်ရေးလေ့ကျင့်မှုဧရိယာဟာ အရင်နှစ်တွေကထက် သိသိသာသာ ပိုများသလို စစ်ရေးလေ့ကျင့်မှုအတွင်းမှာ ထိုင်ဝမ်စစ်တပ်အပြင် အရပ်ဘက်ပြည်တွေတချို့နဲ့ပါ ပူးပေါင်းလေ့ကျင့်တဲ့ စစ်ရေးလေ့ကျင့်မှုတစ်ခုဖြစ်သလို နောက်ခံထောက်ပံ့ရေးစနစ်တွေကိုပါ ထည့်သွင်းလေ့ကျင့်သွားမှာ ဖြစ်ပါတယ်။ ထိုင်ဝမ်စစ်တပ်အနေနဲ့လည်း တရုတ်စစ်တပ်ဟာ ထိုင်ဝမ်ရဲ့ မြို့ကြီးတွေထဲကို ဝင်ရောက်လာတဲ့အခါ ဘယ်လိုတုန့်ပြန်ရမလဲဆိုတာကို လေ့ကျင့်နိုင်ဖို့အတွက် (အထူးသဖြင့် တန်ဆွေမြစ်ကြောင်းကနေတဆင့် ထိုင်ဝမ်ရဲ့ မြို့တော်ထိုင်ပေကို ဝင်ရောက်လာတာမျိုး မရှိအောင်) တန်ဆွေမြစ်တစ်လျှောက်မှာလည်း လေ့ကျင့်သွားမှာလည်း ဖြစ်ပါတယ်။

တန်ဆွေမြစ်တစ်လျှောက်မှာ ထိုင်ဝမ်စစ်တပ်မှ လာမယ့် ဇူလိုင် ၁၃ ရက်နေ့နဲ့ ၁၄ ရက်နေ့တွေမှာ တန်ဆွေမြစ်အနီးတဝိုက်မှာ မိုင်းဖောက်ခွဲမှု လေ့ကျင့်မှုတွေ လုပ်ဆောင်သွားမှာဖြစ်ပြီး ဒေသခံတွေကိုလည်း ဒီလေ့ကျင့်မှုနဲ့ဆိုင်တဲ့ သတင်ပေးကြေညာချက်တွေကို ထုတ်ပြန်ပေးထားပြီး ဖြစ်ပါတယ်။ ဒါကြောင့် တန်ဆွေမြစ် အနီးတဝိုက်က ဒေသခံပြည်သူတွေအနေနဲ့ မိုင်းပေါက်ကွဲသံတွေကို ကြားရတဲ့အခါ အရမ်းကြီး မလန့်သွားကြဖို့လည်း အစိုးရက သတိပေးထားပါသေးတယ်။

တရုတ်နိုင်ငံရဲ့ ဝင်ရောက်ကျူးကျော်မှုကြောင့် ထိုင်ဝမ်နဲ့ တရုတ်နှစ်နိုင်ငံအကြား စစ်ပွဲတွေ ဖြစ်လာခဲ့တဲ့အခါ အမေရိကန်ဝင်ရောက်ကူညီမှာလားဆိုတာကို တိတိကျကျ မပြောနိုင်ပေမယ့် ထိုင်ဝမ်နိုင်ငံအနေနဲ့ကတော့ မိမိဘာသာ ခုခံကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်မှုမျိုးစုံကို လုပ်ဆောင်ထားလျက်ရှိပြီး ကာကွယ်ရေးဆိုင်ရာစွမ်းရည်ကို တိုးတက်အောင် လုပ်ဆောင်လျက်ရှိပါတယ်။

Photo - အင်တာနက်
Thomas Chen မှ ရေးသားဖော်ပြသည်။ ဆက်လက်ကြိုးစားသွားပါဦးမည်။

Address

高雄市

Alerts

Be the first to know and let us send you an email when RtiMyanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share