03/09/2026
SEMICON Taiwan 2026 ပွဲကို စတင်ကျင်းပ
SEMICON Taiwan 2026 နိုင်ငံတကာ ဆီမီးကွန်ဒက်တာပြပွဲကို စက်တင်ဘာလ ၂ ရက်နေ့မှာ စတင်ကျင်းပခဲ့ပြီး အုပ်ချုပ်ရေးဝန်ကြီးဌာန ဝန်ကြီးချုပ် ကျော်ရုံထိုက် (卓榮泰) က ထိုင်ဝမ်ရဲ့ ဆီမီးကွန်ဒက်တာလုပ်ငန်းတွေနဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ထိုင်ဝမ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တိုးမြှင့်နေခြင်းဟာ ကမ္ဘာ့ထောက်ပံ့ရေးကွင်းဆက်မှာ ထိုင်ဝမ်ရဲ့ အဓိကအခန်းကဏ္ဍကို ပိုမိုခိုင်မာစေတယ်လို့ ပြောကြားခဲ့ပါတယ်။
ကမ္ဘာ့ဆီမီးကွန်ဒက်တာကုန်သွယ်မှု စာရင်းအင်းအဖွဲ့ (WSTS) ရဲ့ ခန့်မှန်းချက်အရ ယခုနှစ် ကမ္ဘာ့ဆီမီးကွန်ဒက်တာဈေးကွက်ပမာဏဟာ အမေရိကန်ဒေါ်လာ ၁.၆၅၅ ထရီလီယံအထိ ရောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ထိုင်ဝမ်ရဲ့ ဆီမီးကွန်ဒက်တာလုပ်ငန်းကတော့ ၂၀၂၅ ခုနှစ်မှာ စုစုပေါင်းထုတ်လုပ်မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၂၀၉.၁ ဘီလီယံအထိ ရှိခဲ့ပြီး တိုးတက်မှုနှုန်း ၂၂.၇ ရာခိုင်နှုန်း ရှိခဲ့တာဖြစ်ပါတယ်။
ကျော်ရုံထိုက်က ဆီမီးကွန်ဒက်တာလုပ်ငန်းဟာ ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအပေါ် အလွန်မှီခိုနေတဲ့ လုပ်ငန်းတစ်ခုဖြစ်ပြီး နိုင်ငံအသီးသီးနဲ့ ဒေသအသီးသီးက ထောက်ပံ့ရေးကွင်းဆက်ရဲ့ မတူညီတဲ့ကဏ္ဍတွေမှာ မိမိတို့ရဲ့ အားသာချက်တွေကို အသုံးချကာ ပိုမိုကျွမ်းကျင်တဲ့ လုပ်ငန်းခွဲဝေမှုနဲ့ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်မှသာ တစ်ဖက်နဲ့တစ်ဖက် အားသာချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။
TSMC နဲ့ နိုင်ငံတကာကုမ္ပဏီကြီးအများအပြားဟာ ထိုင်ဝမ်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ဆက်လက်တိုးမြှင့်နေပြီး အဆင့်မြင့်ထုပ်ပိုးမှု (Advanced Packaging)၊ မန်မိုရီ (Memory)၊ စက်ပစ္စည်းနဲ့ ကုန်ကြမ်းပစ္စည်း စတဲ့ ထောက်ပံ့ရေးကွင်းဆက်ကဏ္ဍတွေမှာ အရေးကြီးတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ပြုလုပ်နေပါတယ်။ ဒါဟာ ကမ္ဘာ့ထုတ်လုပ်မှုနဲ့ ထောက်ပံ့ရေးကွင်းဆက်မှာ ထိုင်ဝမ်ရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို ပိုမိုကျယ်ပြန့်စေတယ်လို့ ကျော်ရုံထိုက်က ဆိုပါတယ်။
အစိုးရရဲ့ ပံ့ပိုးကူညီမှုအနေနဲ့ ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေ ထိုင်ဝမ်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်တဲ့ မြေနေရာ၊ စွမ်းအင်၊ လူသားအရင်းအမြစ်၊ လုပ်သားအင်အားနဲ့ ဘဏ္ဍာရေးဆိုင်ရာ ပံ့ပိုးမှုတွေကို ကြိုတင်ပြင်ဆင်ပေးသွားမှာ ဖြစ်ပါတယ်။ မြေနေရာအပိုင်းမှာလည်း ရှိပြီးသား သိပ္ပံဥယျာဉ်၊ စက်မှုဇုန်နဲ့ စက်မှုလုပ်ငန်းဥယျာဉ်တွေအပြင် စီးပွားရေးဝန်ကြီးဌာနနဲ့ အမျိုးသားသိပ္ပံနှင့်နည်းပညာကောင်စီတို့ကို သင့်တော်တဲ့ မြေနေရာတွေ ဆက်လက်ရှာဖွေဖို့ ညွှန်ကြားထားပြီး ကုမ္ပဏီတွေ စက်ရုံတည်ဆောက်ကာ အမြန်ဆုံး ဝင်ရောက်လုပ်ကိုင်နိုင်အောင် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
စွမ်းအင်အပိုင်းမှာတော့ AI နည်းပညာဖွံ့ဖြိုးတိုးတက်မှုကြောင့် အနာဂတ်မှာ တိုးလာမယ့် စွမ်းအင်လိုအပ်ချက်ကို ပိုမိုတိကျစွာ တွက်ချက်ပြီး လုပ်ငန်းကဏ္ဍရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်အောင် စွမ်းအင်ထောက်ပံ့မှုကို လိုအပ်သလို တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရက မြေနေရာ၊ စွမ်းအင်၊ လူသားအရင်းအမြစ်၊ လုပ်သားအင်အားနဲ့ ဘဏ္ဍာရေး စတဲ့ ကဏ္ဍအသီးသီးမှာ ကြိုတင်ပြင်ဆင်ထားပြီး ပြည်တွင်းနဲ့ နိုင်ငံတကာကုမ္ပဏီကြီးတွေရဲ့ ထိုင်ဝမ်မှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်ချက်တွေကို ပံ့ပိုးပေးသွားမှာဖြစ်ကြောင်း ကျော်ရုံထိုက်က ပြောကြားခဲ့တာပါ။
Photo: Rti
3 Sep 2026
Photo :Rti
3 Sep 2026