09/10/2026
ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့နဲ့ မူးယစ်ဆေးဝါး မီးရှို့ဖျက်ဆီးခြင်း အခမ်းအနား ဒူးပလာယာခရိုင်မှာ ကျင်းပပြုလုပ်
စက်တင်ဘာ - ၁၀၊ ၂၀၂၆ / TawNaw FM
ဒူးပလာယာခရိုင်မှာ ကရင်အမျိုးသားရဲတပ်ဖွဲ့နေ့ အခမ်းအနားနဲ့ သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခြင်း အစီအစဉ်တွေကို စက်တင်ဘာ ၉ ရက်နေ့က ပြုလုပ်ကျင်းပခဲ့တယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင်၊ ပြည်သူ့ဆက်ဆံရေးနဲ့ သတင်းပြန်ကြားရေး လုပ်ငန်းကော်မတီက သတင်းထုတ်ပြန်ပါတယ်။
မနေ့ စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ ၃၅ ကြိမ်မြောက် ကရင်အမျိုးသားရဲတပ်ဖွဲ့(KNPF)နေ့ အခမ်းအနားကို ဒူးပလာယာခရိုင်မှာ ပြုလုပ်ကျင်းပခဲ့ပြီး အဲဒီအခမ်းအနားမှာ ကရင်အမျိုးသားအလံတော် အလေးပြုတာ၊ ရဲမှူးကြီးကို အလေးပြုတာ၊ KNPF ဗဟိုက ပေးပို့တဲ့ သဝဏ်လွှာကို ဖတ်ကြားတဲ့ အစီအစဉ်တွေ ပါဝင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
အဲဒီအခမ်းအနားမှာ သိမ်းဆည်းရမိ မူးယစ်ဆေးဝါးတွေကိုလည်း ဒူးပလာယာခရိုင် တရားသူကြီးက အမိန့်ပေးဖတ်ကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အဆိုပါသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးတွေကတော့ ဘိန်းဖြူ ၁၀၀ ဂရမ် ၂ ကဒ်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၆၉၃၅ ပြားနဲ့ ဆေးခြောက် ၂ ထုပ် စတာတွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
အဲဒီနောက် သင်တန်းခန်းမဆောင်အတွင်း တာဝန်ရှိလူကြီးတွေက ကရင်အမျိုးသားရဲတပ်ဖွဲ့ ဖြစ်ပေါ်လာပုံ အကျဉ်းချုပ်နဲ့ မိန့်ခွန်းတွေပြောကြားခဲ့ပြီး ကေအဲန်ယူ-ဗဟို၊ ကရင်လူငယ်အစည်းအရုံး၊ ကရင်အမျိုးသမီးအစည်းအရုံးတို့က ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားတဲ့အစီအစဉ်တွေ ကျင်းပခဲ့ပါတယ်။
အဆိုပါအခမ်းအနားကို ဗဟို ရဲစီမံရေးရာမှူးနဲ့ ခရိုင်တာဝန်ရှိ လူကြီးတွေ၊ ခရိုင် မြို့နယ် ရဲမှူးတွေနဲ့ ရဲတပ်ဖွဲ့တွေ၊ သင်တန်းသူသင်တန်းသားတွေ စုပေါင်းတက်ရောက်ဂုဏ်ပြုခဲ့ကြတယ်လို့ ကေအဲန်ယူ-ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ -ဒူးပလာယာခရိုင်